အစွန်းသုံးပါးရှိသည်။ နှစ်ပါးမှာ ကျယ်ပြန့်စွာသိကြသော အစွန်းများဖြစ်ပြီး ကျန်တစ်ပါးမှာ သိမ်မွေ့လွန်းသည်ဖြစ်၍ ရုတ်တရက် မသိနိုင်ကြ။ ပူလွန်းခြင်း၊ အေးလွန်းခြင်း၊ ပျော့လွန်းခြင်း၊ မာလွန်းခြင်းများသည် အစွန်းနှစ်ပါးဖြစ်၏။ ကျန်အစွန်းတစ်ပါးသည် ထိုအစွန်းနှစ်ပါး၏ "အလယ်တည့်တည့်" တွင် ရှိသည်။ ဗုဒ္ဓဟောသော မဇ္ဈိမပဋိပဒါသည် "အလယ်" မဟုတ်၊ "အလယ်အလတ်" သာဖြစ်သည်။ မျှတသောသဘောကို ဆောင်သည်။ မျှတခြင်းသည် "အလယ်တည့်တည့်"၊ "တစ်ဝက်တိတိ" ဟု အဓိပ္ပါယ်မထွက်ချေ။ ဗုဒ္ဓဟူသည့် အနက်ကပင် "အတုမရှိသော ပညာကြီးသူ" ဖြစ်သဖြင့် ဗုဒ္ဓသည် လူတိုင်းကို သဘာဝက ပေးထားသောပညာကို သုံးစေလိုခဲ့သည်။ ကိုယ်ပိုင်ဉာဏ်၊ အဆင်အခြင်ဖြင့် ဆုံးဖြတ်စေလိုသည်။ ကာလာမရွာသားများကို ဟောကြားခဲ့သော "ကာလာမသုတ်" သည် ကိုယ်ပိုင်အဆင်အခြင်ကို ကောင်းစွာသုံးတတ်ရန် မီးမောင်းထိုးပေးထား၏။
အလယ်စွန်း
အလယ်စွန်းသည် သိမ်မွေ့၏။ မဇ္ဈိမပဋိပဒါကို အနက်ကောက်လွဲပြီး ပညာမသုံးဘဲ အရာရာကို "တစ်ဝက်" "အလယ်တည့်တည့်" ချပစ်ခြင်းသည် အစွန်းဖြစ်သည်။ ဥပမာပေးရလျှင် တစ်ဦးက အရက်လုံးဝမသောက်၊ တစ်ဦးက ခြောက်ပက်မျှသောက်တတ်သည်။ တတိယလူက အရက်ကို မကြိုက်၊ ဧည့်ခံပွဲများတွင် မဇ္ဈိမပဋိပဒါဟူ၍ အလယ်ဖြစ်သော "သုံးပက်"ကို သောက်သင့်ပါသည်လား။ နေရာဒေသ၊ အခြေအနေအရ အရက်ခွက်ကိုင်ဖို့ကလည်း ဖြစ်လာသည်။ သို့ဆိုလျှင် "တစ်စုပ်မျှသောက်ခြင်း" "နှုတ်ခမ်းပိတ်၍ ဟန်ပြသောက်ခြင်း" သည် ဤအခြေအနေတွင် မဇ္ဈိမပဋိပဒါ သဘောရောက်ပါသည်။ တစ်ဦးက လုံးဝ အလုပ်မလုပ်၊ တစ်ဦးက တစ်နေ့ ၁၂ နာရီလုပ်သည်။ ဤတွင် မဇ္ဈိမပဋိပဒါသဘောမှာ တစ်သမတ် တစ်နေ့ ခြောက်နာရီ အလုပ်လုပ်ရန်မဟုတ်။ မိမိကျန်းမာရေး၊ လုပ်ခွင့်ကိုင်ခွင့်သာမှု စသည်တို့ဖြင့်ချိန်ဆ၍ တစ်ခါတစ်ရံ ပိုသည်၊ လျော့သည်ဖြင့် သင့်တင့်လျောက်ပတ်စွာ ဆောင်ရွက်ခြင်းမျိုးကသာ အလယ်စွန်းကို လွတ်စေသည်။
သိမ်မွေ့တဲ့ အနာဂတ်အရေး
အကူးအပြောင်းကာလသည် ယေဘုယျအားဖြင့် သိမ်မွေ့တတ်၏။ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရတတ်၏။ အခက်အခဲများကိုလည်း ကျော်ဖြတ်ရတတ်သည်။ "စိန်ခေါ်မှုသက်သက်" ဟု ယူဆလျှင် အစွန်းတစ်ပါးရောက်၏။ စိန်ခေါ်မှုနှင့်အတူ ပါလာတတ်သော အခွင့်အလမ်းများအပေါ် စိတ်ထားတတ်၊ ရှာဖွေတတ်လျှင် မဇ္ဈိမပဋိပဒါ သဘောရောက်နိုင်သည်။ "အလယ်အလတ်" ဟူသော မဇ္ဈိမပဋိပဒါသဘောသည် သင်္ချာသဘော မသက်ရောက်ချေ။ "ကိန်းဂဏန်း" တို့လည်း မဟုတ်၊ အခြေအနေ၊ အချိန်အခါ၊ အနာဂတ်တို့ကို ထည့်သွင်းစဉ်းစားရသည်။
အချို့က မြန်မာ့နိုင်ငံရေးအခြေအနေကို လှုပ်ရှားမရသော Deadlock ဟု သုံးသပ်သည်။ အနည်းငယ်လှုပ်ရှားနိုင်သေးသော Stalemate အခြေအနေဟုသာ မြင်ပါသည်။ စစ်တုရင်ကစားပွဲတွင် Deadlock ဖြစ်လျှင် ထွက်ပေါက်မရှိတော့။ Stalemate သည်ကား ရွှေ့ကွက်တို့ ထပ်တလဲလဲဖြစ်သည့် အခြေအနေဖြစ်၏။ အဖြေတစ်ခုရရန် တစ်ဖက်ဖက်က ကစားပွဲကို တစ်ကွက်၊ နှစ်ကွက်မျှ ဖြန့်ကြက်လိုက်လျှင် ကစားပွဲအခြေအနေသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲနိုင်၏။ ဥပမာမျှသာဖြစ်၍ စစ်တုရင်နှင့် နိုင်ငံရေးသည် တစ်ထပ်တည်းသော အခြေအနေတို့ မရှိနိုင်။ သဘောတရားကားတူ၏။ စစ်တုရင်က အရုပ်သက်သက်သာ ကစားရ၏။ အခြေအနေနှင့် ပတ်ဝန်းကျင်တို့၏ ရိုက်ခတ်မှုမရှိ။ နိုင်ငံရေးတွင်ကား အခြေအနေ၊ ပတ်ဝန်းကျင်ရိုက်ခတ်မှု အကျိုးဆက်တို့ ရှိကြသည်။
Stalemate အခြေအနေမှ ကစားကွက်တို့ကို ချဲ့ထွင်နိုင်ရန် Post Condition တို့ လိုအပ်သည်ဟု မြင်သည်။ ကာလလွန်အခြေအနေဖြစ်သော Post Condition ကို မဖန်တီးနိုင်သရွေ့ Stalemate မှ ထွက်ပေါက်ရှာနိုင်မည်မဟုတ်။ လက်ရှိအခြေအနေတွင် Pre Condition ဟူသော "ကာလကြိုအခြေအနေ"ထက် ကာလလွန်အခြေအနေကို ပို၍ ပီပြင်စွာ ဖန်တီးနိုင်ရန် အရေးကြီးသည်ဟု ယူဆရသည်။
ဤခရီးနီးနေပြီ
မကြာမီသော ကာလတစ်ခုတွင် ပါတီများဖွဲ့စည်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတို့ ထွက်လာနိုင်သည်။ ရွေးကောက်ပွဲကို ၂၀၁၀ တွင် ပြုလုပ်ပေးမည်ဖြစ်၍ စည်းရုံးရေးဆိုင်ရာအချိန်၊ ဖွဲ့စည်းရေးဆိုင်ရာအချိန်၊ ပြင်ဆင်ရေးဆိုင်ရာအချိန်တို့ကို နုတ်လျှင် လုပ်ထုံးလုပ်နည်းဆိုင်ရာတို့ ထွက်မည့်အချိန်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်ပါသည်။
မူဝါဒအခြေခံများ မည်သို့ရှိကြမည်နည်း၊ ပါတီသဘောထားများကို မည်သို့ထုတ်ဖော်ကြမည်နည်း၊ ကိုယ်စားလှယ်လောင်းတို့၏ အရည်အချင်းကို မည်သို့ ကန့်သတ်ကြမည်နည်း။ သေချာသည်က သတင်းခေတ်၊ အင်တာနက်ခေတ်ဖြစ်၍ ကိုယ်စားလှယ်လောင်းတို့ကို ဗီလိန် (Villian) များဖြင့် ရှေ့ထုတ်သုံးကြတော့မည်ဟု မမြင်၊ အများလက်ခံနိုင်သော အရည်အချင်း ရှိသူများကိုသာ အသုံးပြုကြလိမ့်မည်ဟု မြင်သည်။
မည်သည့်ပါတီနိုင်ငံရေးကမျှ နိုင်ငံအုပ်ချုပ်ရေးတွင် အတွေ့အကြုံမရှိခဲ့ကြသေး၍ အကောင်းအဆိုးရလဒ်တို့အပေါ် မဲဆန္ဒရှင်များက ဆုံးဖြတ်နိုင်မည်မဟုတ်။ ကိုယ်စားလှယ်လောင်းတို့၏ အရည်အသွေးပေါ် မဲအရေအတွက် အနည်းအများတို့ ဖြစ်လာနိုင်ဖွယ်ရာရှိသည်။
လောလာဆယ်ကာလအထိ ပုံမှန်ရွေးကောက်ပွဲတို့ မရှိတတ်သေး၍ အခြေအနေက တစ်မျိုးတစ်ဖုံလည်း ဖြစ်သည်။ Referee ၏ အနေအထားသည် ရင့်ကျက်ပြီးသော အခြားနိုင်ငံများနှင့် ထက်ကြပ်တူနိုင်မည် မဟုတ်နိုင်။ စည်းမျဉ်းနှင့် ကပ်ဝါ၊ ကပ်နီတို့ ရှိလာနိုင်သည်။ ပါတီများ၏ မူဝါဒကဲ့သို့ ဆောင်ရွက်နိုင်ကောင်းမှ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အတိတ်က အမှားအမှန်တို့ကို သင်ခန်းစာရယူကာ ရွေးကောက်ပွဲများ ချောချောမွေ့မွေ့ ပြီးဆုံးသည်အထိ တိုင်းပြည်နှင့် လူမျိုးအတွက်၊ မျိုးဆက်သစ်ရင်သွေးတို့အတွက်၊ မြန်မာ့သမိုင်းအတွက်ဟူသော စိတ်မျိုးဖြင့် ခရီးနှင်နိုင်ကြမည်ဟု မျှော်လင့်ရသည်။
ရေချိန်မြှင့်ဖို့လို
တစ်ချိန် လွန်ခဲ့သော နှစ် ၂၀၀ ကျော် အမေရိကန်နိုင်ငံဟူ၍ ထူထောင်စဉ်ကလည်း တောင်ပိုင်းနှင့် မြောက်ပိုင်းပြည်သူတို့၏ အသိရေချိန် ကွာဟခဲ့ဖူးပါသည်။ နိုင်ငံတိုင်း ဤသို့ဤနှယ် ဖြစ်လေ့ရှိ၏။ အမေရိကန်မြောက်ပိုင်းက စက်မှုလက်မှုထွန်းကားခဲ့ပြီး တောင်ပိုင်းက လယ်ယာကဏ္ဍပေါ်တွင်သာ မှီတည်နေရသဖြင့် မြောက်ပိုင်းသားများနှင့် တောင်ပိုင်းသားတို့၏ အသိရေချိန် အကွာအဟ ရှိခဲ့ဖူးသည်။ နောက်ပိုင်း ပြန်ညှိခဲ့ရသည်။ သမ္မတ Henry Clay လက်ထက် ပြုပြင်ပြောင်းလဲရေးများစွာကို နေ့၊ ညမအိပ် ဆောင်ရွက်ခဲ့သည်ဟု မှတ်သားခဲ့ဖူး၏။
မြန်မာပြည်တွင်လည်း မြို့နေလူတန်းစားတို့၏ လက်လှမ်းမီမှုနှင့် ကျေးရွာလူတန်းစားတို့၏ လက်လှမ်းမီမှု အခြေအနေမတူနိုင်။ ရေချိန်ညှိရန်လိုသည်။ အသက်ပြည့်လျှင်ကား လူတိုင်း မဲတစ်ပြားထည့်နိုင်ခွင့် ရှိနေ၏။
အမေရိကန်တို့ လွတ်လပ်ရေးရပြီး ပထမ နှစ် ၅၀ အတွင်း (၁၈၅၂) သမ္မတ Andrew Jackson မတိုင်မီအထိ Non-party Politics ဟူသော ပါတီစွဲမထား နိုင်ငံရေးဖြင့် ခရီးနှင်ခဲ့ကြပါသည်။ မြန်မာနိုင်ငံ၏ အနာဂတ်ခရီးတွင်လည်း မည်သည့်ပါတီကမျှ နိုင်ငံအုပ်ချုပ်စီမံခန့်ခွဲမှု အတွေ့အကြုံ မရှိခဲ့ကြသေး၍ အဆိုးအကောင်းတို့အပေါ် ရလဒ်ကြည့်နိုင်မည် မဟုတ်သေးချေ။ ဆိုလိုသည်မှာ ပါတီများ ပေါ်ပေါက်လာကြမည် ဖြစ်သော်လည်း ပါတီစွဲပြင်းထန်စွာ ရှိကြဦးမည် မဟုတ်သေးချေ။ ပါတီဦးဆောင်သူတို့၏ အရည်အချင်း၊ ပုဂ္ဂိုလ်ရေးကြည်ညိုမှုအပေါ် သက်ရောက်မှုများကား အတော်အတန် ရှိနိုင်ပါသည်။
အသိပညာမြော်မြင်မှု စသောရေချိန်များကို တော၊ မြို့ပါမက ပါတီများတွင်းမှာပင် တစ်စုံတစ်ရာ အခြေအနေသို့ ရောက်ရှိရန်လိုအပ်သည်ဟု ယူဆသည်။ အသိရေချိန် ကွာဟမှုကြောင့် အိမ်နီးချင်းနိုင်ငံတစ်ခုတွင် နောင်အခါမှ တက်ခဲ့ရသော ပြဿနာများကို သတိရသင့်သည်။
စည်းရုံးလှုံ့ဆော်
ရွေးကောက်ပွဲတို့၏ သဘာဝအတိုင်း မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ကြရသည်မှာ ဓမ္မတာဖြစ်၏။ အချို့နိုင်ငံများတွင် အစွန်းသုံးပါးတို့ဖြင့် ဆောင်ရွက်တတ်လေ့ရှိ၏။ အချို့နိုင်ငံတို့တွင်ကား ဆိုးဆိုးရွားရွားမရှိ။ ကိုယ့်ဝါဒ၊ ကိုယ့်လမ်းစဉ်၊ ကိုယ့်မဟာဗျူဟာတို့ကို ချပြစည်းရုံးလျှင် ပြဿနာမရှိသော်လည်း အစွန်းတစ်ပါးပါး နင်းမိလျှင် မလိုလားအပ်သော ပြဿနာတို့ကို ဖိတ်ခေါ်သလို ရှိနိုင်သည်။ တလောက အမတ်များအစည်းအဝေးအတွင်း ရန်ဖြစ်နေကြပုံကို E-mail ဖြင့် မိတ်ဆွေတစ်ယောက် ပို့ပေးသည်ကို သတိရမိသည်။ အထူးသဖြင့် တရုတ် (တိုင်ပေ)တွင် မကြာခဏ ခိုက်ရန်ဖြစ်လေ့ရှိသည်။ အမတ်မင်းဘ၀ဖြင့် ကိုယ်ထိလက်ရောက် ဖြစ်ကြသေးလျှင် စည်းရုံးရေးခရီးများ၌ ဖြစ်နိုင်ခြေတို့ ပိုနိုင်ပါသည်။
သန္ဓေကြာသား၊ ပိုမွေးသလို
ရွေးကောက်ပွဲတို့သည် ရှောင်လွှဲမရသည့် အခြေအနေတစ်ရပ် ဖြစ်လာသည်။ ပါတီတော်တော်များများကပင် ပြင်ဆင်ထားကြပြီဟု ကြားနေရသည်။ ရွေးကောက်ပွဲတို့ နီးကပ်လာပြီဖြစ်၍ သန္ဓေကြာသားကို ဂရုတစိုက် ဖွားသန့်စင်နိုင်ရန် လိုသည်။ ရှောမွေး-မွေး၍ မဖြစ်၊ ကြံ့ခိုင်သန်စွမ်းသော သားကောင်းဖြစ်ရန်လိုသည်။ မိခင်ရော ကလေးပါ ကျန်းမာရန်လည်းလိုသည်။ ကိုယ်ဝန်ဆောင်ကာလ ကြာမြင့်ခဲ့သဖြင့် မွေးရ၊ ဖွားရ ခက်ခဲနိုင်သည်။ အစားအသောက်၊ အပူအအေး၊ အချိန်အခါတို့ကို မျှတရန်လိုသည်။ သဘာဝသဘောတရား တချို့ပါသော်လည်း အရာရာမျှတမှုရှိရန် လူတို့၏ ဖန်တီးနိုင်မှုက အဓိကဖြစ်နေပါသည်။
ကာလရှည်ကြာစွာ လွယ်ထားခဲ့ရသော သန္ဓေသည် မွေးချိန်သို့ ရောက်လာသည်။ အကြောင်းအမျိုးမျိုးကြောင့် မဖွားသန့်စင်နိုင်ပါလျှင် ကောင်းကျိုးထက်၊ ဆိုးကျိုးတို့ ပိုများလာနိုင်ဖွယ်ရာရှိသည်။ လွယ်ကူချောမွေ့စွာ မွေးဖွားနိုင်ရန် လက်သည်ရော ကာယကံရှင်တို့ကပါ မျှတသောနေထိုင်၊ ကြံ့ခိုင်မှုဖြင့် ပြင်ဆင်သင့်၏။
အစွန်းသုံးပါးသည် လမ်းမှန်မဟုတ်၊ ခရီးတစ်ခုသို့ မရောက်စေသော အဟန့်အတားများလည်း ဖြစ်၏။ တစ်ချိန်က အစွန်းတစ်ပါးပါးတို့ဖြင့် ကံအကြောင်းမလှ၍ ပေါင်းဖက်ခဲ့ရသော မြန်မာနိုင်ငံ၏ အတိတ်ကို သင်ခန်းစာအဖြစ် ရယူကြပြီး အနာဂတ်တွင် အားလုံးသောသူများ မဇ္ဈိမပဋိပဒါဖြင့် တည်ဆောက်နိုင်ကြစေရန် ဆန္ဒပြုပါသည်။
No comments:
Post a Comment