ထားပါလေ၊ အမေနေ့ပဲဆိုဆို၊ ကမ္ဘာ့အမေများနေ့ပဲသုံးသုံး ဒီနေ့ကို အမေများနေ့အဖြစ် နိုင်ငံအတော်များများမှာ အထိမ်းအမှတ်နေ့တွေ ကျင်းပပြုလုပ်ကြပါတယ်။ မေလရဲ့ ဒုတိယမြောက် တနင်္ဂနွေနေ့ပေါ့လေ။ ၀ီကီပီဒီးယားမှာရှာကြည့်တော့ အခုလိုနေ့မှာ အမေများနေ့အဖြစ် သတ်မှတ်ကျင်းပကြတဲ့ နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံတောင် ပါနေသေးတယ်။ အံ့သြသွားမိတယ်။ အရင်တုန်းက ကျွန်တော်တကယ်ကို မသိခဲ့တာ ၀န်ခံပါတယ်။ တစ်ခါမှလည်း မေလရဲ့ ဒုတိယမြောက် တနင်္ဂနွေနေ့ဟာ အမေနေ့ဖြစ်တယ်လို့ အမှတ်ထင်ထင် မရှိခဲ့ဖူးပါဘူး။ ကျွန်တော်သိတာက ဆရာကြီးဦးသုခ ဦးဆောင်ဦးရွက်ပြုပြီး အမေနေ့ဖြစ်လာအောင် သတ်မှတ်ဆောင်ရွက်ခဲ့တဲ့ နေ့တစ်နေ့ကိုပဲ စွဲထင်နေခဲ့တာပါ။ ဒါပေမယ့်လည်း ဒီနေ့မှာ ကျင်းပတဲ့ အမေနေ့ကိုလည်း ကျွန်တော်သဘောကျပါတယ်၊ ကြည်နူးပါတယ်။ အဲဒါကြောင့်လည်း အမေနေ့အတွက် ဒီပို့စ်ကို ရေးဖြစ်တာပါ။
လူတိုင်းမှာ အမေဆိုတာ ရှိကြပါတယ်။ လောကကြီးထဲမှာ ဘာတစ်ခုမှ မပိုင်ဆိုင်ဘူးဆိုရင်တောင် သဘာတရားကြီးက အမေတစ်ယောက်ကိုတော့ လက်ဆောင်အဖြစ် ပေးထားပါသေးတယ်။ အမေဆိုတဲ့ အဓိပ္ပါယ်ကို ဘယ်လိုဖွင့်ရမလဲလို့ မကြာခဏ စဉ်းစားကြည့်ဖူးကြမှာပါ။ ကျွန်တော်လည်း ထို့နည်းအတူပါပဲ။ ဒါပေမယ့် အမေဆိုတဲ့ စကားလုံးအတွက် အပြည့်စုံဆုံး၊ အကောင်းမွန်ဆုံးဆိုတဲ့ အဓိပ္ပါယ်တွေ ကျွန်တော်ရှာမတွေ့ခဲ့ဘူး။ လူတိုင်းအတွက် အမေဆိုတာ သူ့အဓိပ္ပါယ်နဲ့သူပါ။ အဲဒီအဓိပ္ပါယ်တိုင်းကလည်း သူတို့ရဲ့ အကောင်းဆုံး၊ အမွန်မြတ်ဆုံး၊ အဖိုးအတန်ဆုံးဆိုတဲ့ စကားလုံးတွေ၊ ခံစားချက်တွေနဲ့ ထုံးမွှမ်းထားကြတာပါ။
အချို့တွေအတွက် အမေဆိုတာ လမင်းကြီးပါ။
အချို့တွေအတွက်ကတော့ အမေဆိုတာ ပင်လယ်ပြင်ကျယ်ကြီး ဖြစ်မှာပေါ့။
အချို့အတွက်ကျတော့ အမေဆိုတာ အေးမြတဲ့ စမ်းချောင်းလေး ဖြစ်နေမှာပါ။
အချို့အချို့တွေကတော့ အမေဆိုတာ အနွေးဓာတ်ပေးတဲ့ မီးပုံလေးတစ်ခုလို့ ပြောကြပါလိမ့်မယ်။
အချို့တွေကတော့ အမေဆိုတာ သူတို့အတွက် ကမ္ဘာ၊ သူတို့ရဲ့ စကြာဝဠာ ဖြစ်ပါလိမ့်မယ်။
အချို့တွေအတွက်က အမေဆိုတာ သူတို့ဘ၀တွေရဲ့ လမ်းပြကြယ်လေးတွေ ဖြစ်ကြပါလိမ့်မယ်။
မိတ်ဆွေအတွက်ရော... အမေဆိုတာ ဘယ်လိုအဓိပ္ပါယ်များပါလိမ့်။
ကျွန်တော့်အတွက်ကတော့ အမေဆိုတဲ့စကားလုံးအတိုင်းနဲ့တင် လုံလောက်ပါတယ်။ အမေဆိုတာကို ထပ်ပြီးတော့ အဓိပ္ပါယ်တွေ ဖွင့်ဆိုနေစရာ၊ ရှင်းပြနေစရာ မလိုဘူးထင်ပါရဲ့။
အမေဆိုတဲ့ စကားလုံးထဲမှာ ကျွန်တော့်ရဲ့ ယုံကြည်ချက်တွေ၊ ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေ၊ ကျွန်တော့်အတွက် ခွန်အားတွေ၊ ကျွန်တော့်အတွက် ပျော်ရွှင်မှုတွေ၊ ကျွန်တော့်ရဲ့အနာဂတ်တွေ၊ ကျွန်တော့်ရဲ့ ခံစားချက်တွေ စတဲ့ မရေမတွက်နိုင်တဲ့ အရာတွေအားလုံး ပေါင်းစုပျော်ဝင်နေကြတာပါ။ ဘာနဲ့များ ဥပမာပြရပါ့မလဲ။ သိပ်ကောင်းတဲ့ သီးစုံဖျော်ရည်တစ်ခုထဲမှာ အသီးမျိုးစုံ၊ အာဟာရဓာတ်မျိုးစုံ၊ အရသာမျိုးစုံ ပေါင်းစုပျော်ဝင်နေသလို ထင်ပါရဲ့နော်။ အဲဒီလိုပါပဲ... ကျွန်တော့်အတွက် ကောင်းမွန်ခြင်းတွေအားလုံး ပေါင်းစုပျော်ဝင်နေတဲ့အရာကတော့ အမေပါပဲလေ။
အပေါ်မှာပြောခဲ့သလို ဒီနေ့ဟာ အမေနေ့ဆိုပေမယ့် စိတ်ထဲမှာ သိပ်ပြီးတော့ ဟက်ဟက်ပက်ပက် မဖြစ်လှပါဘူး။ ငါတို့မြန်မာတွေမှာလည်း အမေနေ့ဆိုတာ ရှိတာပဲလို့ တွေးမိပြီး ဘာကိုမှန်းမသိ အလိုမကျဖြစ်မိပါတယ်။ ဒီနေ့ခေတ်ကာလကြီးကိုက ကမ္ဘာလုံးချီခေတ်၊ အင်တာနက်ခေတ် ဖြစ်နေပြီဆိုတော့ ဂလိုဘယ်ယဉ်ကျေးမှုတွေကိုပဲ ငါတို့တွေက အသာအယာ လိုက်ပါစီးမြော နေမိတာလားလို့လည်း တွေးနေမိတယ်။ သူများတွေက အမေနေ့မို့ လိုက်ပြီးတော့ အမေနေ့ကြတာလား မမေးလိုတော့ပါဘူး။ ကိုယ့်မှာလည်း ကိုယ်ပိုင်အမေနေ့လေး ရှိတယ်ဆိုတာကိုတော့ သိစေချင်ပါသေးတယ်။ တိုင်းတစ်ပါးသူငယ်ချင်းတွေနဲ့များ စကားပြောတဲ့အခါ ဒီနေ့ဟာ အမေနေ့ဖြစ်ကြောင်း သူတို့တွေက ပြောကြမှာပါပဲ၊ အဲဒီအခါ ငါတို့မြန်မာတွေမှာလည်း အမေနေ့ဆိုပြီး သီးသန့်သတ်မှတ်ပြီး ကျင်းပကြတဲ့နေ့ ရှိတယ်ကွလို့ ဂုဏ်ယူဝံ့ကြွားစွာပြောတဲ့သူ ဘယ်လောက်များများ ရှိနေမလဲလို့ မ၀ံ့ရဲရဲနဲ့ စိတ်ထဲကနေ စဉ်းစားရေတွက်နေမိပြန်ပါသေးတယ်။
သြော်... ဘာပဲဖြစ်ဖြစ်ပါလေ။ အမေတွေကို ဂုဏ်ပြုတာ၊ အမေတွေရဲ့ ကျေးဇူးကို အသိအမှတ်ပြုတာ၊ အမေတွေအတွက် အထိမ်းအမှတ်နေ့လေး လုပ်ပေးတယ်ဆိုတာ ကောင်းတဲ့အရာပါပဲ။ လူတိုင်းအတွက် အစားထိုးမရတဲ့ အနှိုင်းမဲ့မိခင်တွေအတွက် အမေနေ့ဆိုတာ မင်္ဂလာရှိတဲ့နေ့ပါပဲ။ မေလရဲ့ ဒုတိယမြောက် တနင်္ဂနွေနေ့ပဲဖြစ်ဖြစ်၊ ဖေဖော်ဝါရီလရဲ့ ဒုတိယမြောက် တနင်္ဂနွေနေ့ပဲဖြစ်ဖြစ်၊ မတ်လ ၈ ရက်နေ့ပဲဖြစ်ဖြစ်၊ သူ့သက်ဆိုင်ရာ နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ နေ့တစ်နေ့ပဲဖြစ်ဖြစ်၊ ဘယ်နေ့ပဲဖြစ်ဖြစ်ပေါ့။ ဟုတ်တယ်... ဘယ်သူတွေပဲ အမေနေ့ကို ဆင်နွှဲဆင်နွှဲ အဲဒီလိုဆင်နွှဲနေနိုင်တာဟာ အမေဆိုတဲ့ မိခင်တွေက မွေးဖွားပေးလိုက်လို့ ဖြစ်တယ်ဆိုတာ လုံးဝကိုမလွဲမှားတဲ့ အမှန်တရားပဲ။ ဒါကြောင့် အမေနေ့ဆိုပြီး နေ့စဉ်နေ့တိုင်းတောင် ကျင်းပပြုလုပ်သင့်ကြသေးတယ်။ နေ့တိုင်း အမေ့ရဲ့ဂုဏ်ကျေးဇူးတွေ၊ အမေ့ရဲ့ ချစ်မေတ္တာတွေကို ချီးကျူးဂုဏ်ပြုတယ်ဆိုတာ ဘယ်လောက်များ ကောင်းမွန်လိုက်တဲ့ လုပ်ရပ်လဲ။
အမေ
အပေါ်ကစာလုံးလေးတွေကို မိတ်ဆွေဖတ်ဖြစ်လိုက်တယ်မလား၊ စိတ်ထဲကနေ ရွတ်ဆိုလိုက်မိတယ်လေ။ ပါးစပ်ကနေ အသံထွက်ပြီး ဖတ်ကြည့်လိုက်စမ်းပါ။ အမေဆိုတဲ့ စကားလုံးကို ရွတ်ဆိုလိုက်တဲ့အချိန်မှာ စာဖတ်သူမိတ်ဆွေရဲ့ရင်ထဲမှာ နွေးထွေးလုံခြုံပြီး အားအင်တွေ ပြည့်ဝသွားမယ်ဆိုတာ သံသယမရှိပါဘူး။ မိတ်ဆွေရဲ့အမေဟာ သက်ရှိထင်ရှား ရှိနေသေးလျှင်ဖြစ်စေ၊ မရှိတော့လျှင်ဖြစ်စေ အရေးမကြီးပါဘူး။ အမေဆိုတဲ့ စကားလုံးကို ရွတ်ဆိုလိုက်တာနဲ့တင် မိတ်ဆွေအတွက် ဘယ်လောက်ပြည့်စုံသွားသလဲဆိုတာ ကိုယ်တိုင်အသိဆုံး ဖြစ်မှာပါ။ နောက်တစ်ခေါက်လောက် ရွတ်ဆိုကြည့်လိုက်စမ်းပါ။ အသံအကျယ်ကြီးမဟုတ်ရင်တောင် လေသံတိုးတိုးလေးနဲ့ဖြစ်ဖြစ်ပေါ့။အမေ
ကမ္ဘာပေါ်မှ ပုခက်လွှဲသော လက်များပိုင်ရှင် မိခင်များသို့ ဂုဏ်ပြုလျက်....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၉ ရက်၊ တနင်္ဂနွေနေ့။
ကမ္ဘာ့အမေနေ့။
ည ၇ နာရီ ၄၉ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၉ ရက်၊ တနင်္ဂနွေနေ့။
ကမ္ဘာ့အမေနေ့။
ည ၇ နာရီ ၄၉ မိနစ်တွင်ပြီး၏။
No comments:
Post a Comment