ဒီနေ့ခေတ်ဟာ နည်းပညာတွေ ခုန်ပျံကျော်လွှား တိုးတက်နေတဲ့ခေတ်ဖြစ်လို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ငေးမောကြည့်နေရုံမှလွဲပြီး ဘာမှမတတ်နိုင်ဘဲ လက်မှိုင်ချနေကြရတော့တယ်။ စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေက ဖွံ့ဖြိုးသထက် ဖွံ့ဖြိုးတိုးတက်သွားကြပြီး မဖွံ့ဖြိုးသေးတဲ့ ဆင်းရဲနိုင်ငံတွေက ဆင်းရဲတွင်း ပိုနက်သထက် နက်နေကြတယ်။
ဆင်းရဲခြင်းရဲ့ ကောင်းကွက်
ကုန်လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခေတ်အထိ ဒီအခြေအနေက လွန်မြောက်နိုင်ဖွယ် မမြင်ခဲ့ကြရဘူး။ ဒါပေမယ့် အခုဆယ်စုနှစ်အတွင်းမှာတော့ ဆင်းရဲခြင်းနဲ့ ဖွံ့ဖြိုးမှုနောက်ကျခြင်းမှာလည်း ကောင်းကွက်တွေ ရှိနေပါလားဆိုတာ သိမြင်လာခဲ့ကြရတယ်။ သိသာထင်ရှားတဲ့ ပထမဆုံးကောင်းကွက်ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စက်ရုံ၊ အလုပ်ရုံကြီးတွေက လွှင့်ထုတ်တဲ့ အဆိပ်ဓာတ်ငွေ့ နည်းပါးခြင်းနဲ့ မြစ်ချောင်းအင်းအိုင်တွေ အဆိပ်သင့်မှု မရှိခြင်းဖြစ်တယ်။ မြို့ကြီးပြကြီးတွေမှာ မီးခိုးတွေ၊ မြူတွေ အုံ့မှိုင်းနေပြီး နေ့ခင်းကြောင်တောင် ကားမီးထိုး မောင်းရတာမျိုးနဲ့ လမ်းထောင့်တွေမှာ အောက်စီဂျင်ဘူးတွေ ထားပေးထားပြီး ရှူနေကြရတာမျိုး မရှိခြင်းဖြစ်တယ်။
တောင်းခံရသူအဖြစ်က ပေးကမ်းသူဖြစ်
တစ်နေ့က သတင်းစာတွေမှာ အိန္ဒိယနိုင်ငံဟာ အလှူခံဘ၀ကနေ အလှူရှင်ဘ၀ ကူးပြောင်းတော့မယ်ဆိုတဲ့သတင်း ဖတ်လိုက်ရတယ်။ ဆယ်စုနှစ်ပေါင်းများစွာ အိန္ဒိယနိုင်ငံမှာ အငတ်ဘေးပြဿနာကြောင့် နှစ်စဉ် လူတွေထောင်သောင်းချီပြီး သေခဲ့ကြရတယ်။ နိုင်ငံတကာက ကူညီထောက်ပံ့မှုတွေကို လက်ဖြန့်ပြီး တောင်းခံခဲ့ရတယ်။ ဒီဆယ်စုနှစ်အတွင်းမှာ အိန္ဒိယစီးပွားရေးဟာ အံ့မခန်းတိုးတက်လာပြီး စားနပ်ရိက္ခာဖူလုံရုံမက တခြားနိုင်ငံများကိုတောင် ကူညီထောက်ပံ့နိုင်တဲ့ အခြေအနေကို ရောက်လာခဲ့တယ်။ တယ်လီဖုန်းဆက်သွယ်ရေးတောင် မြို့တိုင်း၊ နယ်တိုင်း အနှံ့မထားနိုင်တဲံ အခြေအနေက အခုဆိုရင် လက်ကိုင်ဖုန်းကို ဖောဖာသီသီကြီး ကိုင်တွယ်သုံးစွဲနေနိုင်ကြပြီ ဖြစ်တယ်။ ဝေးလံခေါင်ဖျားတဲ့ ကျေးရွာတွေအရောက် တယ်လီဖုန်းလိုင်း ဆက်သွယ်ရတာ နည်းတဲ့ကုန်ကျစရိတ် မဟုတ်ဘူး။ အခုတော့ ကြိုးတွေဆက်သွယ်စရာ မလိုတော့ဘူး။ ရွာတိုင်း လက်ကိုင်ဖုန်းနဲ့ ဟန်ကျနေကြပြီ။
ကြိုးဖုန်းထက် လက်ကိုင်ဖုန်းက ပိုများ
အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့မှာ ကြိုးတယ်လီဖုန်းအရေအတွက်ထက် လက်ကိုင်ဖုန်းသုံးစွဲသူ အရေအတွက်က အများကြီးပိုနေပြီလို့ သိရတယ်။ ဒါ ဖွံ့ဖြိုးမှုနောက်ကျမှုရဲ့ ကောင်းကွက်တစ်ခုပဲ။ ကြိုးဖုန်းဆက်သွယ်ရတဲ့ စရိတ်တွေ အများကြီးသက်သာသွားတာပေါ့။ အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာ ရောင်စုံရုပ်မြင်သံကြားစနစ် ပထမဆုံးသုံးတဲ့ နိုင်ငံဖြစ်တယ်။ အခုတော့ အမေရိကန် ရုပ်မြင်သံကြားစနစ်ဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေအနက် အညံ့ဆုံးဖြစ်နေတာ တွေ့နိုင်ကြတယ်။ မြန်မာနိုင်ငံမှာ ရုပ်မြင်သံကြားသုံးနိုင်တာ သူများနိုင်ငံတွေထက် နှစ်ပေါင်းများစွာကို နောက်ကျတယ်။ ဒါပေမယ့် သုံးနိုင်တဲ့အခါကျတော့ ရောင်စုံစနစ်ကို တိုက်ရိုက်သုံးစွဲနိုင်ခဲ့တယ်။ အဲဒီအချိန်က မြန်မာထက်စောပြီး ရုပ်မြင်သံကြား သုံးနိုင်ခဲ့တဲ့ နိုင်ငံတွေက ရှေးဦးပေါ် အဖြူအမည်းစနစ်ကိုသာ သုံးနေကြရဆဲဖြစ်တယ်။
လိုရာသုံးလက်ကိုင်ဖုန်း
ဒီနေ့ ကမ္ဘာတစ်ခုလုံးက အိန္ဒိယနဲ့ တရုတ်နိုင်ငံရဲ့ မြန်ဆန်လွန်းတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို အံ့သြတကြီးနဲ့ ငေးကြည့်နေကြရတယ်။ ဒါလည်း ဖွံ့ဖြိုးမှုနောက်ကျခြင်းရဲ့ ကောင်းကွက်တစ်ခုလို့ ဆိုနိုင်တယ်။ ကွန်ပျူတာကို အစောဆုံးသုံးနိုင်တဲ့ နိုင်ငံကြီးတွေ အိမ်ခန်းတစ်ခန်းစာလောက်ကြီးတဲ့ ကွန်ပျူတာကြီးတွေ သုံးခဲ့ကြရတယ်။ နောက်ကျပြီးမှ သုံးနိုင်တဲ့ နိုင်ငံတွေကျတော့ ခပ်သေးသေး စားပွဲတင် (Desktop)ကို သုံးနိုင်ကြတယ်။ သူ့ထက်တောင် နောက်ကျပြီးမှ သုံးနိုင်တဲ့နိုင်ငံတွေက သွားလာရာ သယ်သွားလို့ရတဲ့ Laptop တွေ သုံးနိုင်ကြတယ်လေ။ ဟော.. အခု ကလေးတွေလက်ထက်ကျတော့ လက်ကိုင်ဖုန်းတစ်လုံးပဲ လိုတော့တယ်။ လက်ကိုင်ဖုန်းက ကွန်ပျူတာလည်း ဖြစ်တယ်။ ကင်မရာလည်းဖြစ်တယ်။ ဗီဒီယိုလည်း ရိုက်နိုင်တယ်။
ခုန်ပျံကျော်လွှားတိုးတက်ရေး
အစ္စရေး၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ဟာ လယ်ယာစိုက်ပျိုးရေးနိုင်ငံအဖြစ်ကနေပြီး တခြားစက်မှုလုပ်ငန်း အဆင့်တွေကို မကူးကြတော့ဘဲ တစ်ခါတည်း ခုန်ပျံကျော်လွှား (Leapfrogged) လုပ်ပြီး (hightech) အဆင့်မြင့်နည်းပညာ လုပ်ငန်းဖြစ်တဲ့ ကွန်ပျူတာ Microchip နဲ့ Software လုပ်ငန်းတွေကို ကူးခဲ့ကြတယ်။ ဒီနေ့ Software လုပ်ငန်းမှာ အိန္ဒိယဟာ ကမ္ဘာမှာအကြီးမားဆုံး နိုင်ငံကြီးတစ်ခု ဖြစ်နေပါပြီ။ ဒါ့အပြင် ဒီနိုင်ငံတွေမှာ နောက်မှပေါ်ထွက်လာတဲ့ စက်မှုလုပ်ငန်းတွေဟာ သဘာ၀၀န်းကျင်ထိခိုက်မှု ကင်းဝေးရေးကို ဦးစားပေးတဲ့ green technology စက်ရုံကြီးတွေအဖြစ် ပေါ်ထွန်းလာကြပါတယ်။ အဲဒါကြောင့် ဆင်းရဲခြင်းမှာလည်း ကောင်းကွက်တွေရှိတယ်လို့ ဆိုလိုက်ချင်ပါတယ်။
No comments:
Post a Comment