ဂျပန်ကင်ဒိုဓားတွေဟာ ဒိန်းမတ်တို့အသည်းကို ပြတ်ပြတ်သားသားနဲ့ လှလှပပကို ခွဲခဲ့ကြပါတယ်။ သရေကျခဲ့ရင်တောင် အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပေမယ့် ဂျပန်တို့က သရေရလဒ်ကို အလိုမရှိခဲ့ပါဘူး။ သူတို့ရဲ့ သမိုင်းဝင် ဒုတိယမြောက်အောင်ပွဲအတွက်ပဲ သူတို့တွေ စိတ်ပိုင်းဖြတ်ကစားခဲ့ကြပုံပါပဲ။ ဒါကြောင့်လည်း ရလဒ်ပိုင်းသာမကဘဲ ခြေစွမ်းပိုင်းမှာပါ ဒိန်းမတ်အပေါ် အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပွဲတွေ မစခင်က ဒီအုပ်စုအနေအထားကိုကြည့်ပြီး ဘယ်သူကများ အာရှအသင်းလေး ဂျပန်က ဒိန်းမတ်လိုအသင်းလို ဖြတ်ကျော်ပြီး နောက်တစ်ဆင့်ကို တက်ရောက်သွားမယ်လို့ မျှော်ခင့်ခဲ့ပါ့မလဲ။ ဒါပေမယ့်လည်း အာရှသားတို့အတွက် ဂျပန်အသင်း လုပ်ပြနိုင်ခဲ့ပါတယ်။ အာရှဘောလုံးအဆင့်အတန်းဟာ ပေမီဒေါက်မီ ဖြစ်နေပြီဆိုတာကို ဂျပန်အသင်းက အကောင်းဆုံး ပြသသွားနိုင်ခဲ့တယ်။ ပထမပိုင်းမှာ ပြစ်ဒဏ်ဘောအဖြစ် ရရှိခဲ့တဲ့ အလွတ်တည်ကန်ဘော (free kick) တွေကနေ ဟွန်ဒါနဲ့ အန်ဒိုတို့က ဂိုးအဖြစ် ဖန်တီးခဲ့ကြတာကလည်း တကယ့်ကို အံ့ဖွယ်စွမ်းဆောင်ချက်တွေပါပဲ။ ဒီနှစ်ကမ္ဘာ့ဖလားရဲ့ အလှဆုံးဂိုးတွေထဲမှာ အပါအ၀င်ဆိုပါတော့။ ဒုတိယပိုင်းမှာတော့ တစ်ပွဲလုံးခြေမပေါ်ဘဲ အစောကြီးကတည်းက လူစားလဲခဲ့သင့်တဲ့ တိုမတ်ဆင်က ပင်နယ်တီကို ၀င်အောင်မကန်သွင်းနိုင်ပေမယ့်လည်း ဂျပန်ဂိုးသမားပုတ်ထုတ်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ကန်သွင်းပြီး ဒိန်းမတ်အတွက် ချေပဂိုးတစ်ဂိုး ယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂျပန်အသင်းဟာ ကစားအားချမပစ်ဘဲ ဒိန်းမတ်အသင်းကို အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့ပါတယ်။ ဝေးကွာလှတဲ့ နေရာမှာရတဲ့ ပြစ်ဒဏ်ဘောတစ်လုံးကို အန်ဒိုကပဲ တိုက်ရိုက်ကန်သွင်းရာမှာ ဂိုးသမားလက်နဲ့ထိပြီး ဂိုးတိုင်ကိုထိကာ ပြန်ထွက်သွားရတာကလည်း ဒိန်းမတ်တို့ ကံကောင်းသွားခဲ့ပါတယ်။ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အင်္ဂလန်အသင်းကို ပြိုင်ပွဲကနေ ထွက်စေခဲ့တဲ့ ရော်နယ်လ်ဒင်ဟိုရဲ့ ဖရီးကစ်ကို ပြန်အမှတ်ရစရာပါ။ အဲဒီဖရီးကစ်ပုံစံနဲ့ တစ်ပုံစံတည်းနီးပါးကို တူညီခဲ့ပါတယ်။ ဒိန်းမတ်က နောက်ထပ်ချေပဂိုးသွင်းစေဦးတော့ သရေကျရင်တောင် နောက်တစ်ဆင့်တက်မယ့် နေ၀န်းနီတွေက ဒိန်းမတ်တို့ တစ်သက်လုံး အမှတ်ရစေမယ့် တတိယမြောက်အနိုင်ဂိုးကို ပွဲပြီးခါနီးမှာ ထပ်မံသွင်းယူသွားခဲ့ပါသေးတယ်။ ဒီဂိုးဟာ ဟွန်ဒါရဲ့ ကျွမ်းကျင်မှုနဲ့ တစ်ကိုယ်ကောင်းမဆန်မှုကြောင့် ရရှိခဲ့တာဖြစ်ပြီး အရမ်းကို အဆင့်အတန်းမြင့်လှပါတယ်။ ဒီညအတွက်တော့ ဟွန်ဒါဟာ ဒိန်းမတ်တို့အတွက် နတ်ဆိုးတစ်ကောင် ဖြစ်ခဲ့ပါတယ်။ အနိုင်သုံးမှတ်ကြောင့် ဂျပန်အသင်းဟာ ရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့တဲ့ ဒုတိယမြောက် အာရှအသင်းဖြစ်ခဲ့ပြီး ပါရာဂွေးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
Man of the Match - ဟွန်ဒါ (ဂျပန်)
တကယ်ဆိုရင် ဒီပွဲစဉ်ဟာ အုပ်စု (င)အတွက် ဘယ်လိုမှကို အရေးမပါတဲ့ ပွဲစဉ်တစ်ခုပါ။ ရှုံးထွက်အဆင့် တက်ရောက်ခွင့်ရပြီးသား ဟော်လန်အသင်းနဲ့ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ဘာမှမထူးခြားတော့တဲ့ ကင်မရွန်းတို့ ဆုံတွေ့ကြတာမို့ပါ။ ဒါပေမယ့်လည်း တကယ်တမ်း ကစားတဲ့အခါမှာတော့ အဲဒါတွေထက် ပိုခဲ့ပါတယ်။ ဟော်လန်အသင်းက ရာနှုန်းပြည့်နိုင်ပွဲအတွက် အလျှော့မပေးခဲ့သလို ကင်မရွန်းအသင်းကလည်း အာဖရိကမြေပေါ်မှာ နိုင်ပွဲတစ်ပွဲမှ မရခဲ့တဲ့အဖြစ်မျိုးကနေ ရှောင်လွှဲနိုင်ဖို့ ခြေကုန်ထုတ်ခဲ့ကြပါတယ်။ အဲဒါကြောင့် မထင်မှတ်ဘဲ ပွဲကောင်းပွဲကြမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆုံးသတ်သေချာတဲ့ ဟော်လန်အသင်းကပဲ အာဖရိကအသင်းကို အနိုင်ယူသွားခဲ့ပါတယ်။ အီတိုးတို့ လူသိုက်ခမျာတော့ သုံးပွဲလုံး ကောင်းရှုံးကြီး ရှုံးခဲ့ကြရပါတယ်။ ဟော်လန်အသင်းဟာ အုပ်စုပထမအဖြစ်နဲ့အတူ ရှုံးထွက်အဆင့်ကို တက်ရောက်သွားပြီး လက်ရှိချန်ပီယံ အီတလီအသင်းကို အလဲထိုးလာခဲ့တဲ့ စလိုဗက်ကီးယားအသင်းနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။
Man of the Match - ဗန်ပါစီ (ဟော်လန်)
အုပ်စု (စ)
ဒီပွဲကိုသာ ရုပ်ရှင်ဇာတ်ကားတစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် နောက်ဆုံးမိနစ် ၂၀ ဆိုတဲ့အချိန်ပမာဏဟာ ဒီတစ်ပွဲလုံးရဲ့ ဇာတ်လမ်းအထွဋ်အထိတ် ဖြစ်ပါတယ်။ အဲဒီ ၂၀ မိနစ်ကိုကြည့်ရုံနဲ့ ရှေ့ပိုင်း မိနစ် ၇၀ ကို မေ့ပစ်ထားလို့ ရပါတယ်။ ဘောလုံးပြိုင်ပွဲတစ်ခုရဲ့ ရသအစုံကို နောက်ဆုံး မိနစ် ၂၀ မှာ ခံစားလိုက်ရပါတယ်။ အဲဒါကိုကပဲ ဘောလုံးအပေါ် ကျွန်တော်တို့တတွေ ရူးသွပ်ရခြင်းအကြောင်း ဖြစ်ပါလိမ့်မယ်။ လက်ရှိချန်ပီယံ အီတလီအသင်းနဲ့ ဒီနှစ်မှသာ ကမ္ဘာ့ဖလားပြိုင်ပွဲကို စတင်ထိတွေ့ဖူးတဲ့ စလိုဗက်ကီးယားအသင်း ကစားကြမယ်ဆိုရင် ဘယ်သူနိုင်မလဲလို့ မေးကြည့်စမ်းပါ။ လမ်းဘေးက ကလေးကတောင် အီတလီနိုင်မှာပေါ့ဗျလို့ ဖြေပါလိမ့်မယ်။ တကယ်ဆိုရင်လည်း အဲဒီအတိုင်း ဖြစ်သင့်တာပေါ့လေ။ ဒါပေမယ့်လည်း ဘောလုံးမှာ ခန့်မှန်းတဲ့အတိုင်း မဖြစ်တတ်တာကိုက စွဲလန်းစေတဲ့ ရသတစ်ခုပါပဲ။ အီတလီအသင်းရဲ့ ကစားဟန်ကို မနှစ်သက်သူမို့ အီတလီအသင်းကို အုပ်စုကနေ လှည့်ပြန်သွားရတာကို ကျွန်တော်ကတော့ လုံးဝကို ၀မ်းမနည်းမိတာ အမှန်ပါ။ အနိုင်ရခဲ့ရင် နောက်တစ်ဆင့်တက်မယ့် မနေ့ညကပွဲမှာ လစ်ပီအတွက် အိပ်မက်ဆိုးတွေကို သယ်ဆောင်လာခဲ့သူက စလိုဗက်ကီးယား ကစားသမားတွေမဟုတ်ဘဲ အသင်းရဲ့ဂိုးသမားကိုယ်တိုင် ဖြစ်နေတယ်ဆိုတာ အခုလောက်ဆိုရင် လစ်ပီသိနေလောက်ပါပြီ။ တကယ်လို့သာ ဘူဖွန်ဖမ်းခဲ့မယ်ဆိုရင် ပွဲအဖြေများ ပြောင်းနိုင်မလားလို့ စိတ်ကူးထဲမှာ နောက်တစ်ပွဲ ကစားကြည့်နေမိပါရဲ့။ ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်ကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့တဲ့ စလိုဗက်ကီးယားတို့အတွက် အုပ်စုအဆင့်ကနေ ကျော်ဖြတ်နိုင်ခဲ့တာဟာ သမိုင်းဝင်အောင်မြင်မှုပဲ ဖြစ်ပါတယ်။ စလိုဗက်ကီးယားပြည်သူတွေ ဘယ်လောက်တောင် ပျော်နေမလဲဆိုတာကို တွေးကြည့်ပြီး ကြက်သီးမွေးညင်းများတောင် ထမိပါသေးရဲ့ဗျာ။ ဂုဏ်ယူပါတယ် စလိုဗက်ကီးယား။
Man of the Match - ဗစ်တက်(ခ) (စလိုဗက်ကီးယား)
နှစ်သင်းစလုံးအတွက် ဖြစ်သင့်တဲ့အဖြေပါပဲ။ ပါရာဂွေးအသင်းဟာ သူလိုချင်တဲ့ရလဒ်ကို သူရအောင် ယူသွားနိုင်ခဲ့ပါတယ်။ သရေတစ်မှတ်ဟာ ပါရာဂွေးအတွက် အုပ်စုပထမနေရာကို သေချာစေခဲ့ပြီး နယူးဇီလန်အတွက်လည်း မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။ နယူးဇီလန်အသင်းဟာ အုပ်စုပွဲစဉ်အားလုံးကို သရေကစားနိုင်ခဲ့တာဟာ အံ့သြစရာတစ်ခုပါ။ အဲဒီသရေပွဲတွေထဲမှာမှ အဖိုးအတန်ဆုံး သရေတစ်မှတ်ကတော့ လက်ရှိချန်ပီယံ အီတလီအသင်းဆီကနေ ခွဲယူခဲ့တဲ့ဟာပဲ ဖြစ်ပါလိမ့်မယ်။ ဒီအုပ်စုအတွက် နယူးဇီလန်ဟာ ဖျက်မြင်းဖြစ်ခဲ့တာ သေချာပါတယ်။ ပါရာဂွေးကတော့ အုပ်စုပထမအဖြစ်နဲ့ တက်ရောက်သွားပြီး ခြေတက်နေတဲ့ ဂျပန်နဲ့ စမ်းသပ်ခံရတော့မှာ ဖြစ်ပါတယ်။
Man of the Match - ဆန်တာခရု(ဇ်) (ပါရာဂွေး)
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၅ ရက်၊ သောကြာနေ့။
နံနက် ၈ နာရီ ၄၂ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၅ ရက်၊ သောကြာနေ့။
နံနက် ၈ နာရီ ၄၂ မိနစ်တွင်ပြီး၏။
No comments:
Post a Comment