လိုချင်တဲ့ရမှတ်နဲ့ လိုချင်တဲ့ရလဒ်အတွက် ဒီနှစ်သင်းကစားသွားပုံက နည်းနည်းတော့ စိတ်တိုချင်စရာကောင်းတယ်။ တစ်ချက်တစ်ချက် အင်တိုက်အားတိုက် ကစားပြတာလေးတွေသာ မရှိခဲ့ရင်၊ စီရော်နယ်လ်ဒိုသာ အလှအပ၊ အလိမ်အခေါက်လေးတွေနဲ့ မကစားခဲ့ရင် ပွဲကြည့်ပရိသတ်တွေကို စော်ကားလိုက်လေခြင်းလို့ နာမည်တပ်မိမှာ အမှန်ပါပဲ။ ဘရာဇီးလ်ကလည်း နိုင်စရာမလိုမှန်းသိနေတယ်၊ ပေါ်တူဂီကလည်း အနိုင်ရဖို့ မလွယ်မှန်း၊ နောက်တစ်ဆင့်ကို အေးအေးဆေးဆေး တက်နိုင်နေမှန်း သိနေတယ်။ အဲဒီတော့ ကစားပွဲဟာ ပရိသတ်တွေ မျှော်လင့်ထားသလို ရသပေါင်းစုံနဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတစ်ခု ဖြစ်မလာခဲ့တာ ဆန်းတော့မဆန်းပါဘူး။ ကျွန်တော့်အမြင်ကတော့ ဘရာဇီးလ်နဲ့ ပေါ်တူဂီပေါင်းပြီး အိုင်ဗရီကို့စ်ကို အသေသတ်သွားတယ် ထင်တာပါပဲ။ အဲလိုဆိုရပေမယ့် အိုင်ဗရီကို့စ်ကလည်း ပုံမလာပါဘူးဗျာ။ သူကသာ မြောက်ကိုရီးယားကို ဂိုးတွေအများကြီးသွင်း၊ ဂိုးပြတ်နဲ့နိုင်ပြီး မျှော်လင့်ချက်တွေကို ထွေးပိုက်နေတဲ့အချိန် ဘရာဇီးလ်နဲ့ ပေါ်တူဂီက သရေကစားတယ်ဆိုရင် ဇာတ်နာအောင် ပြောလို့ကောင်းသား။ အခုတော့ သူကလည်း ပုံမလာ၊ ဟိုနှစ်သင်းကလည်း အာပလာ၊ ကြည့်လိုက်ရတဲ့ ကျွန်တော်တို့ကပဲ ယောင်ချာချာ ဖြစ်သွားခဲ့ရတယ်။ ပြောကို မပြောချင်တော့ဘူး။
Man of the Match - စီရော်နယ်လ်ဒို (ပေါ်တူဂီ)
တကယ်လို့များ အုပ်စုအဖွင့်ပွဲစဉ်မှာသာ အခုပွဲကို ကစားခဲ့ရမယ်ဆိုရင် အတော်လေးကို စိတ်ဝင်စားဖို့ ကောင်းမယ်ထင်ပါရဲ့။ အခုတော့ စိတ်ဓာတ်ကျနေတဲ့ မြောက်ကိုရီးယားကို အိုင်ဗရီကို့စ်တို့ အလွယ်တကူပဲ အနိုင်ရခဲ့ပါတယ်။ စိတ်လျှော့လိုက်တဲ့ မြောက်ကိုရီးယားရဲ့ ကစားပုံဟာ အရမ်းကို သိသာလွန်းပါတယ်။ မျှော်လင့်ချက်တွေများစွာနဲ့ ရောက်လာခဲ့ပေမယ့် မရဏအုပ်စုမှာ ရောက်ခဲ့ရတဲ့အတွက် သူတို့တွေအတွက် အစစအရာရာဟာ အရမ်းကို ခက်ခဲလွန်းခဲ့တာ အားလုံးမြင်ခဲ့ရပြီးပါပြီ။ တကယ်ဆိုရင် သူတို့ရဲ့ ကြိုးစားအားထုတ်မှုအရ အမှတ်အနည်းငယ်ပိုက်ပြီး အိမ်ပြန်သင့်ကြတာပါ။ အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရပေမယ့် သူတို့တွေရဲ့ စိတ်ဓာတ်ပြင်းပြမှုနဲ့ ကြိုးစားအားထုတ်မှုကို တစ်ကမ္ဘာလုံးက အံ့သြတကြီး စောင့်ကြည့်မြင်တွေ့ခွင့် ရခဲ့ပြီးပါပြီ။ အဲဒါကပဲ သူတို့အတွက် အမြတ်လို့ မှတ်ယူသင့်ပါတယ်။ ကြံ့ခိုင်မှုနဲ့ ဘောလုံးကျွမ်းကျင်မှု၊ အဆုံးသတ်သေချာမှုတွေမှာ အိုင်ဗရီကို့စ်ကို ဘယ်လိုမှ မယှဉ်နိုင်တဲ့အတွက် သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရတာဟာ ဖြစ်သင့်တယ်လို့ ယူဆပါတယ်။ နောင်ကမ္ဘာ့ဖလားတွေအတွက် မြောက်ကိုရီးယားမှာ အတွေ့အကြုံကောင်းတွေ အများကြီးရသွားခဲ့ပါတယ်။ တောင်အမေရိကတိုက်ရဲ့ အကောင်းဆုံး ဘရာဇီးလ်၊ ဥရောပထိပ်သီး ပေါ်တူဂီနဲ့ အာဖရိကရဲ့ နာမည်ကြီး အိုင်ဗရီကို့စ် စသည်ဖြင့် တိုက်အသီးသီးရဲ့ အသင်းကြီးတွေနဲ့ ကစားခဲ့ရတဲ့ အတွေ့အကြုံတွေဟာ မြောက်ကိုရီးရီးယားအတွက် ကျေနပ်စရာပါ။ အုပ်စုကထွက်ခဲ့ရတဲ့ နှစ်သင်းရဲ့ နောက်ဆုံးပွဲစဉ်ဟာ ကြည့်လို့ကောင်းခဲ့တာတော့ အမှန်ပါပဲ။
Man of the Match - ဒရော့ဘာ (အိုင်ဗရီကို့စ်)
အုပ်စု (ဇ)
စိတ်ဝင်စားစရာ သိပ်ကောင်းတဲ့ပွဲပါ။ ပွဲရလဒ်ကလည်း သိပ်အံ့သြဖို့ ကောင်းပါတယ်။ ပွဲမတိုင်မီ အခြေအနေက စပိန်အသင်းဟာ သေမြေကြီး ရှင်ရွှေထီးဆိုတဲ့ အနေအထားပါ။ နောက်ဆုံးတော့လည်း ရွှေထီးဆောင်းသွားခဲ့ပါတယ်။ လူအပြောင်းအလဲ ကြီးကြီးမားမား မရှိခဲ့ပေမယ့် ပြောစရာဖြစ်ခဲ့တာက အင်နီယေစတာပါလာတဲ့ စပိန်အလယ်တန်းပါ။ ဇာဗီနဲ့ အင်နီယေစတာကိုတွဲပြီး ဘာစီလိုနာပုံစံအတိုင်း အထိုင်ချကစားခဲ့တဲ့ နည်းပြရဲ့လုပ်ရပ် မှန်ကန်ခဲ့ပါတယ်။ အံ့သြစရာကောင်းတာက အလွန်ဆိုကလည်း ဒီနေ့ပွဲကျမှ ခြေစွမ်းပြနိုင်နေခဲ့တာပါပဲ။ ကွင်းလယ်အဖျက်ပိုင်းမှာ အလွန်ဆိုဟာ အလုပ်ဖြစ်ခဲ့ပြီး နောက်တန်းအထိဆင်းကာ ခေါင်းတိုက်ဖျက်ထုတ်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။ နာမည်ကြီးတွေ မပါဝင်တဲ့ ချီလီအသင်းရဲ့ ကစားပုံကလည်း အံ့သြစရာဖြစ်ပြီး စွဲဆောင်မှုရှိခဲ့ပါတယ်။ တကယ်လို့သာ တစ်ယောက်အထုတ်မခံရဘဲ ဆယ့်တစ်ယောက်စီသာ ကစားရမယ်ဆိုရင် စပိန်အသင်း အုပ်စုကနေ လှည့်ပြန်သွားရနိုင်ပါတယ်။ ဒါပေမယ့်လည်း စပိန်အသင်းမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားကောင်းတွေ ရှိနေတာဟာ ကံကောင်းစေခဲ့ပါတယ်။ ဒေးဗစ်ဗီလာရဲ့ ပထမဂိုးနဲ့ အင်နီယေစတာရဲ့ ဒုတိယဂိုးတွေဟာ သူတို့တွေရဲ့ ကျွမ်းကျင်မှုကို မျက်ဝါးထင်ထင် မြင်တွေ့စေခဲ့ရပါတယ်။ နှစ်ဂိုးပြတ်ရှုံးနိမ့်နေမှုဟာ ချီလီအသင်းအတွက် အန္တရာယ်မျဉ်းပေါ်ကို ရောက်သွားစေခဲ့ပါတယ်။ တစ်ဖက်ပွဲစဉ်မှာသာ ဆွစ်ဇာလန်အသင်းက ဟွန်းဒူးရပ်စ်ကို အနိုင်ရခဲ့ပြီဆိုတာနဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ ချီလီတို့ အုပ်စုကနေ လက်ပြကြရမှာပါ။ အဲဒီအတွက် ချေပဂိုးတစ်ဂိုး မဖြစ်မနေ လိုအပ်ခဲ့ပါတယ်။ လိုအပ်တဲ့ချေပဂိုးကိုလည်း ဒုတိယပိုင်းမှာ ချီလီတို့ ဖန်တီးနိုင်ခဲ့ပါတယ်။ ချေပဂိုးရသွားတဲ့အတွက် ချီလီတို့ စိတ်အေးသွားရပြီး နှစ်သင်းစလုံးက ပွဲကိုထိန်းကစားသွားခဲ့ပါတယ်။ အဲဒါကြောင့်လည်း နှစ်သင်းလုံး အုပ်စုအဆင့်ကနေ တက်ရောက်သွားခဲ့ကြပါတယ်။ အုပ်စုကထွက်ရမယ်လို့ ထင်ခဲ့ကြတဲ့ စပိန်အသင်းဟာ အုပ်စုပထမအဖြစ်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပြီး ဘရာဇီးလ်အသင်းကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။
Man of the Match - အင်နီယေစတာ (စပိန်)
အနိုင်ကစားဖို့ လိုအပ်နေခဲ့တာ ဘယ်အသင်းလဲဆိုတာတောင် ဇဝေဇ၀ါ ဖြစ်စေခဲ့ပါတယ်။ တစ်ဖက်ပွဲစဉ်မှာ ချီလီအသင်း ရှုံးနိမ့်နေတယ်ဆိုတာကို ဆွစ်တို့ မသိခဲ့ဘဲတော့ နေမှာမဟုတ်ပါဘူး။ စပိန်အသင်းကို အနိုင်ယူခဲ့တဲ့ ခြေစွမ်းတွေ ဘယ်များပျောက်ဆုံးနေခဲ့သလဲလို့ မေးရလောက်အောင်ကို ဆွစ်ဇာလန်တို့ ညံ့ဖျင်းခဲ့ပါတယ်။ သူတို့ညံ့ဖျင်းခဲ့တယ်ဆိုပေမယ့် ဟွန်ဒူးရပ်စ်ကလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ သိက္ခာအတွက် အကောင်းဆုံး ကြိုးစားခဲ့ကြပါတယ်။ ရှေ့တန်းတိုက်စစ်မှူးတွေသာ ဂိုးသွင်းသေချာခဲ့မယ်ဆိုရင် ဆွစ်ဇာလန် ရှုံးနိမ့်သွားနိုင်တဲ့ အနေအထားပါ။ ဟွန်ဒူးရပ်ဂိုးသမား ကောင်းနေခဲ့တာကလည်း ဆွစ်တို့အတွက် ဒုက္ခများစေခဲ့တာပါ။ အဲဒါကြောင့်လည်း ဟွန်ဒူးရပ်စ်နဲ့အတူ တစ်မှတ်စီခွဲဝေယူပြီး နှစ်သင်းလုံးပဲ အုပ်စုကနေ လက်ပြသွားခဲ့ကြပါပြီ။
Man of the Match - ဗယ်လာဒါးရပ်စ် (ဟွန်ဒူးရပ်စ်)
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်၊ စနေနေ့။
နေ့လည် ၁ နာရီ ၄၈ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်၊ စနေနေ့။
နေ့လည် ၁ နာရီ ၄၈ မိနစ်တွင်ပြီး၏။
No comments:
Post a Comment