ယခုတလော နိုင်ငံတော်အကြီးအကဲများကရော၊ နိုင်ငံတော်မှာ အကျယ်တ၀င့် ထုတ်ဝေနေကြတဲ့ ဂျာနယ်၊ မဂ္ဂဇင်းများကပါ စတုတ္ထမဏ္ဍိုင် ဟူသော စဟကားကို ခပ်များများ သုံးစွဲလာကြသည်။ စတုတ္ထမဏ္ဍိုင် ဟူသည် စာနယ်ဇင်းများ၊ စာနယ်ဇင်းသမားများကို အင်အားစုတစ်ရပ်အဖြစ် ခေါ်ဝေါ်သော အမည်ဖြစ်ပြီး အာဏာသုံးရပ် (အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး) တို့အပြင် ၎င်းအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များကို တည့်မတ်နေစေရန် သီးခြားအင်အားစု အထိန်းအထေအင်အားစု စာနယ်ဇင်းတို့အား "စတုတ္ထုမဏ္ဍိုင်" အဖြစ် ကင်ပွန်းတပ်ကြခြင်း ဖြစ်သည်။
ထိုအခါ နိုင်ငံရေးအဓိပ္ပါယ်တစ်မျိုး ပေါ်ထွက်လာသည်။ တိုင်းပြည်၏ နိုင်ငံရေး အဆောက်အအုံ၊ နိုင်ငံရေးယန္တရား မိမိတို့ ဘယ်လောက်လှုပ်ရှားနိုင်ခွင့် ရသလဲ၊ တကယ့်ကြံ့ခိုင်သော အင်အားအဖြစ် မိမိတို့ ရပ်တည်နိုင်ဖို့ မိမိတို့မှာ ဘာတွေလိုအပ်သလဲ၊ ဘယ်လိုအားထုတ်မလဲ စာနယ်ဇင်းဆရာတို့ စဉ်းစားရမည့်၊ ဝေဖန်သုံးသပ်ရမည့် အပိုင်း။
စာရေးဆရာကြီး ဒေါ်ခင်နှင်းယုကတော့ စတုတ္ထမဏ္ဍိုင်သည် အစိုးရနှင့် အတိုက်အခံကြားမှာ မျက်နှာမလိုက်စတမ်း မှန်ရာ/မှားရာကို ထောက်ပြနိုင်သော လွတ်လပ်သော သတ္တိရှိရမည်ဟု ပြောခဲ့ ရေးခဲ့သည်။ သတင်းစာဆရာကြီး လူထုစိန်ဝင်းကတော့ မျက်နှာနာသူ၊ ချစ်ခင်ရင်းနှီးသူဖြစ်လို့၊ မုန်းလို့ကြောက်လို့ နှာစေးနေလို့ မဖြစ်ဘူး။ အမှား/အမှန်၊ ဓမ္မ/အဓမ္မကြားမှာ ပြတ်ပြတ်သားသား ဘက်လိုက်သွားရမယ်။ ဘက်မလိုက်ချင်လို့ မရဘူး။ မှန်တဲ့ဘက်က နာသွားမယ်လို့ ၉/၄/၂၀၁၀ ရက်စွဲနဲ့ ရွက်နုဝေမဂ္ဂဇင်းမှာ ရေးသားသည်။
ရွေးကောက်ပွဲရဲ့ အကောင်းဆုံး စောင့်ကြပ်ကြည့်ရှုသူတွေဟာလည်း သတင်းသမားတွေ (စတုတ္ထမဏ္ဍိုင်)သာ ဖြစ်ပါတယ်လို့ လူထုစိန်ဝင်းက ဆက်လက်ပြောကြားပါသည်။ စူးရှတဲ့မျက်စိနှင့် စောင့်ကြည့်၊ ပြည်သူတွေသိအောင် လုပ်ပေးလို့လည်း အကြံပြုပါသည်။ ငါ ကလောင်တစ်ချောင်း ပိုင်တာပဲ၊ ငါရေးချင်တာ ရေးမယ်ဆိုရင်တော့ ပြည်သူလူထုက ဒဏ်ခတ်တာ ခံရမှာပဲလို့လည်း ဆက်လက် ပြောပါ၏။
သတင်းစာဆရာ မောင်ဝံသကလည်း စာနယ်ဇင်းကျင့်ဝတ်မှာ နဂိုမူလပါရှိပြီးဖြစ်တဲ့ မုန်းသူနာစေ ချစ်သူသာစေ မလုပ်ရဘူး။ ဆန္ဒစွဲ ပုဂ္ဂိုလ်စွဲ မလိုက်မိဖို့ သတိပေးပါသည်။ လူထုမကြိုက်တဲ့ အဖွဲ့အစည်းကို ကောင်းလှချည်ရဲ့၊ မှန်လှချည်ရဲ့ လုပ်နေရင် အဲဒီမီဒီယာဟာ မီဒီယာဘ၀က လျောကျသွားမယ်။
သတင်းမီဒီယာသမားဟာ ကိုယ်ပိုင် အမြင်/ အထင်/ အကြိုက်ထက် မီဒီယာ ကျင့်ဝတ်တာဝန်ကိုသာ ဦးစားပေးရမည်ဟု သတင်းဆရာတစ်ဦးက ပြောတာလည်း ဖတ်ရသည်။
ဒီကြားထဲ ကမ္ဘာ့သတင်းစာဆရာကြီး ဂျိုးဇက်ပူလစ်ဇာ (၁၈၄၇-၁၉၁၁) ၏ အယူအဆကိုလည်း သတိပြုမိသည်။ သူက သတင်းစာဆရာသည် လူမှုရေးအခြေအနေများကို အာရုံစိုက်ရမည်။ လူထု၏ ခံစားချက်အတွက် တိုက်ပွဲဝင်ရဲသော စိတ်ဓာတ် Crusading Spirit ရှိရမည်ဟု ဆိုခဲ့သည်။ ကမ္ဘာကျော် သြစတြေးလျ သတင်းထောက်ကြီး ၀ီဖရက်ဘားချက်ကလည်း လူ့အဖွဲ့အစည်းဝင် သတင်းသမားသည် လူ့အဖွဲ့အစည်းတာဝန်ကိုလည်း လက်တွေ့ထမ်းဆောင်ရမည်၊ ကလေးတစ်ယောက်ကို လူကြီးတစ်ဦးက ရိုက်နှက်ညှဉ်းပန်းနေလျှင် ဓာတ်ပုံရိုက် သတင်းယူရုံမက ကိုယ်တိုင် ထိုလူကြီးကို တွန်းဖယ်ပြီး ကလေးကို ကယ်ဆယ်ရမည် - ဟူလို။
စတုတ္ထမဏ္ဍိုင် ဒဿနတွေကြားမှာ ခင်ဗျားတို့မလုပ်နိုင်တဲ့ dirty (ညစ်ပတ်သော)၊ dangerous (အန္တရာယ်များသော)၊ difficult (ခက်ခဲသော) အလုပ်တွေကို သူတို့လုပ်တယ်။ သူတို့ကို ခင်ဗျားတို့က မနှိမ်ပါနဲ့၊ ခေါင်းပုံမဖြတ်ပါနဲ့၊ လေးစားပါဗျာ။ ကြီးသူငယ်သူ ရွယ်တူအားလုံးကို လူသားဆန်ဆန် လေးစားပါဗျာ။ လစ်ရင်တွယ်မယ်ဆိုတဲ့ ပုံစံမျိုးဟာ အင်မတန် ကြောက်ဖို့ကောင်းပါတယ်။ မလေးစားရင် မေတ္တာထားဖို့ မလွယ်လှဘူးလို့ ဒေါက်တာခင်မောင်ညိုက ၂၅-၂-၂၀၁၀ ရက်စွဲနဲ့ ရွက်နုဝေမဂ္ဂဇင်းမှာ ရေးတာလည်း ဖတ်ရသည်။
ပညာတတ်တစ်ယောက်၏ မိမိပညာရပ်အပေါ် သစ္စာရှိခြင်း၊ ရဲဝံ့စွာ ရပ်ခံခြင်း၊ ဖြန့်ဖြူးဖော်ထုတ်ခြင်း၊ လက်တွေ့ပေါင်းစပ် လုပ်ကိုင်ခြင်းများကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်သည် သူတို့ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ လူ့အဖွဲ့အစည်းအားလည်းကောင်း၊ လူသားများအားလည်းကောင်း ကြီးမားစွာ အကျိုးပြုလေ့ရှိပြီး ပြည်သူ၏ လေးစားအသိအမှတ်ပြုမှုကို ခံကြရသည်ဆိုတဲ့ မောင်မောင်စိုး၏ ၁၈-၂-၂၀၁၀ ရက်စွဲနှင့် စာကောင်းတစ်ပုဒ်ကိုလည်း ဖတ်မိသည်။
ဘောင်ဆိုတာ အခါခပ်သိမ်း မရှိဘူး။ ကိုယ်တိုင်က ဘောင်ထဲမှာ စဉ်းစားတာ အကျင့်ပါနေလို့ပါဆိုပြီး ကိုလံဘတ်စ်၏ ကြက်ဥစားပွဲပေါ်ထောင်နည်း (ခွပ်ကနဲ ချလိုက်ပြီး အခွံနည်းနည်းအက်သွားမှ အောက်ခြေပြားပြားလေးဖြစ်ပြီး ကြက်ဥက စားပွဲပေါ် ထောင်လျက်သားဖြစ်သွား)ကို စာရေးဆရာဖေမြင့်က ပေးထားသည်။ ပြီးမှ ဒီလိုတော့ ငါတို့လည်း ထောင်လို့ရတာပေါ့ဗျဟု ၀ိုင်းအော်နေလို့ အလကားပဲ ဟူ၏။
ဒီတစ်ပတ်တော့ စဉ်းစားစရာများ ခပ်တိုတိုပေးရင်း စာမူတိုတို ဖြစ်သွားသည်ကို အယ်ဒီတာနှင့် စာဖတ်ပရိသတ်များ နားလည်ပေးပါရန်၊ "စာ" ဆိုသည်မှာ တိုသည်/ရှည်သည် ပဓာနမဟုတ်မူဘဲ စဉ်းစားစရာ တွေးကွက် ထောက်ကွက် ဖျပ်ခနဲ အလင်းရောင်ကွက်များ ပါရှိဖို့သာလိုရင် ဘာမှတွေးစရာ မပေးနိုင်တဲ့ စာသေများ မဖြစ်ဖို့လိုရင်းဟု ကျွန်တော်တစ်သက်တာ ခံယူထားပါကြောင်း။
No comments:
Post a Comment