လိုအပ်နိဒါန်း
စာရေးသူသည် (၁၉၇၁ မှ ၁၉၇၄) ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကင်းတပ်၌ တပ်သားအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။ ၁၉၆၃ မှ ၁၉၆၉ အထိ ကျောင်းသား (တက္ကသိုလ် စတုတ္ထနှစ် ဒဿနိကဗေဒ)။ ၁၉၈၉ ဒီဇင်ဘာမှ ၁၉၇၁ ဇူလိုင်အထိ အင်းစိန်ထောင်။ ထိုမှ စည်းရုံးသူကြောင့် ဗကပအတွေးအခေါ် ၀င်ဖြစ်ခဲ့ (ဖြုတ်ထုတ်သတ်လမ်းစဉ်)။ ထိုမှ လက်နက်ကိုင်သူပုန်ဘ၀။ ထိုမှ တပ်မတော်စစ်ကြောင်းမှ ဖမ်းမိ၊ လက်နက်ချ အလင်းရောက်၊ စာအုပ်ဟောင်း လမ်းဘေးရောင်း၊ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းမှာမှ မပါတော့။ ဗုဒ္ဓသာသနာရောင်၌ ခိုလှုံ။ မိသားစုနှင့် အတူနေရင်း ဓမ္မ၊ နိုင်ငံရေးစာပေ၊ အနုပညာ၊ ကဗျာ၊ ဆောင်းပါး မဆိုစလောက်ရေးသားသူ။ အညတြသာ နေချင်သူ။
သို့သော် ဆိုရေးရှိကဆိုဟု စကားရှိရာ တောင်ပေါ် ၁၄ ရွာ ဗကပလယ်ယာ မြေဘုံဝါဒ ကျင့်သုံးပုံ။ တွေ့ရတဲ့ လူထုတုံ့ပြန်မှု၊ ကျဆုံးမှု၊ ဥက္ကဋ္ဌ သခင်ဇင်ကိုယ်တိုင် "မှားပါတယ်" ဟု ၀န်ခံ နိဂုံးချုပ် မိန့်ခွန်းစာလွှာ ရေးသားရတဲ့အဖြစ်။ ဒါတွေက ကိုရွှေရန်ကုန် ကွန်မြူနစ်တွေ လုံးဝမသိနိုင်၊ ဆရာ့ဆရာ မောင်စူးစမ်း၊ သခင်တင်မြ၊ ဗိုလ်တင်ရှိန်တို့လည်း မသိနိုင်။ စာရေးသူသာ ဂျူနီယာတန်းမှ မျက်ဝါးထင်ထင် မြင်ခဲ့ရသော ကွန်မြူနစ်ရုပ်ရှင်ပိတ်ကား (တကယ့်ဖြစ်ရပ်မှန်)။
ကနေ့တော့ အန်ချမှ ဖြစ်တောမ့ယ်။
စာသား Text မူရင်းများ
တကယ်တော့ ပဲခူးရိုးမ တောင်ပေါ် ၁၄ ရွာသည် ဆရာစံတော်လှန်ရေးတုန်းကလည်း ကူညီတဲ့ အစဉ်အလာရှိဖူးပြီး ဗကပတို့ဆင်နွှဲတဲ့ ပစ္စည်းမဲ့တော်လှန်ရေးမှာလည်း အမာခံနယ်မြေအဖြစ် ပါဝင်နေရသည်ဆိုလျှင် မမှားပါ။ အသိရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အနေအထား ပထ၀ီနိုင်ငံရေးအရ အခြေခံနယ်မြေ ဖြစ်နေရသည်။ တပ်မတော်က ရွာကြီးတစ်ရွာတွင် တပ်စွဲထားသည်။ သို့သော် ဘေးပတ်ပတ်လည် ဆင်၊ ကျား၊ မျောက်၊ ၀က်ဝံ၊ မြွေ၊ ဖား၊ ဖွတ်၊ ဂျီ၊ ဒရယ်၊ စိုင်၊ ဆတ်၊ တောခွေး၊ တောကြောင်တို့၏ နယ်မြေကြီးတစ်ခုလုံး၌ ဗကပတပ်သားများ သွားလာတပ်စွဲ ကျင်လည်ကျက်စားနေကြမြဲ။ ၁၉၄၈ မှ ၁၉၇၅ ထိ။
တပ်မတော်က တပ်ဝန်းထဲမှာပဲ အခိုင်အမာနေသည်။ အပြင်ထွက်လေ့ သိပ်မရှိ။ ဗကပတပ်တွေ (အင်အား ၃၀၀ ကျော်ပဲ ရှိပါမည်) ကလည်း ၀င်မတိုက်ရဲ။ တစ်ခါတစ်ရံတော့လည်း ကြားဖြတ်ချုံခို မိုင်းထောင်ချေမှုန်း လက်နက်ယူပြေး/ စစ်ရေးဆင်လေ့ရှိသည်။ သို့နှင့် ၁၉၇၃ ခန့်တွင် တပ်မတော်မှ တောင်ပေါ် ၁၄ ရွာကို ဖျက်သိမ်းပြီး ကွင်းထဲရွှေ့ပစ်သော စစ်ဆင်ရေးကြီး လုပ်တော့သည်။ ဗကပအမာခံနယ်မြေကို အပြီးအပိုင် ရုပ်သိမ်းပယ်ဖျက်ခြင်း။ လူကြီး၊ လူလတ်၊ လူငယ်၊ ကလေး၊ အိမ်မွေးတိရစ္ဆာန်နှင့် လုပ်ငန်းသုံး ကျွဲနွားများပါ ကွင်းထဲ ရွှေ့ကြရသည်။ ရွာသားအချို့ (လူကြီးလူငယ် ဗိုက်ကြီးသည် တချို့ပါ) ဗကပတပ်နှင့် နေခဲ့သည်။ သူပုန်တစ်ပိုင်း ဖြစ်သွားသည်။ အများစုက တပ်မတော်ခေါ်ရာ ညောင်လေးပင်ကွင်းထဲ ဆင်းသွားကြသည်။ လူထုနဲ့ဖြတ်၊ ရိက္ခာဖြတ်၊ ဘဏ္ဍာဖြတ်တဲ့ စစ်ဆင်ရေး။ စစ်မှာတော့ လုပ်ရမယ့်ကိစ္စ။
အဲဒီမှာ ဘုံဝါဒ၊ လယ်ယာမြေဘုံစနစ်ဝါဒ ပေါ်လာသည်။ တပ်မတော်စစ်ဆင်ရေးက မိုးလယ်ခေါင် ၀ါဆိုဝါခေါင်မှာ လုပ်တာ။ စိုက်ပြီး လယ်မြေစိမ်းစိမ်း စပါးစိမ်းစိမ်းတွေ တစ်မျှော်တစ်ခေါ်ကြီး ကျန်ခဲ့သည်။ တောင်ကြီးတောကြီးအလယ် ကွင်းပြန့်ပြန့် ရှင်းရှင်းသန့်သန့် ရှားရှားပါးပါး။ ဗမာပြည်ကွန်မြူနစ်ပါတီက သိမ်းယူလိုက်သည်။ အားလုံး။ ရွာသားတွေကို အစည်းအဝေးခေါ်ပြီး ဘုံပိုင် အများပိုင် (တကယ်က ပါတီပိုင်) လုပ်လိုက်ပြီ။ စပါးမှည့်ချိန် သီတင်းကျွတ် တန်ဆောင်မုန်းရောက်ရင် ရိတ်သိမ်းချိန်တန်လျှင် အိမ်ရှိလူကုန်ထွက်ပြီး လယ်ကွင်းအားလုံးကို ရိတ်ကြရမည်။ ရတဲ့စပါး ဆန်အားလုံး အများပိုင်ဘုံပိုင်၊ ဘုံခွဲတမ်းနှင့် ဆန်ရမည်၊ စပါးရမည်။ ဒီလိုစီမံကိန်း (ဆိုရှယ်လစ် ကွန်မြူနစ် "မူ"ပေါ့) အဲဒီမှာ လူထုက တုံ့ပြန်ပုံသင်းသည်။ လုံးဝစိတ်မ၀င်စား (ဘုံစပါးစနစ်) မယုံကြည် (ဘုံဝါဒ) မကြိုက် (ပါတီလုပ်ရပ်) လက်မခံ။
စပါးရိတ်ချိန်ရောက်တော့ ဆင့်ခေါ်တော့ လူသုံးယောက် အလုပ်လုပ်နိုင်တဲ့အိမ်က ကလေးငယ်လေးတစ်ယောက်သာ လွှတ်ပေးသည်။ ကျန်နှစ်ယောက်က သားငါးရှာဖမ်းစားတဲ့ အလုပ်ပဲ လုပ်တော့သည်။ ဘုံစပါး ဘုံဆန်ပေးတာပဲ ရတော့မည်။ များများပိုင်တဲ့လူလည်း နည်းနည်းပဲ ရတော့မည်။ ပုဂ္ဂလိကပိုင် လုံးဝမရှိတော့။ ကိုယ့်လယ်ကိုယ့်ယာ မရှိတော့။ အဲဒီမှာ မတက်ကြွချင်ကြတော့။ တကယ်တော့ ဘုံဝါဒကို လူထုက မနှစ်မြို့ပါ (ကြည့်ပါလား ရုရှား၊ တရုတ်၊ အရှေ့ဥရောပ ဆိုရှယ်လစ်နိုင်ငံတွေ) (ကြည့်ပါလား မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပြည်သူပိုင်သိမ်းတဲ့စနစ် ဘယ်မှာအောင်မြင်လို့လဲ...)
အဲဒီမှာ စပါးခင်းတွေ ရိတ်သိမ်းမယ့် လူမရှိ (ရှိလျက်သားနဲ့မထွက်) မှည့်ရွဲ အိတွဲ ပျော့ပြဲကျ ပျက်စီးလေလွင့်သွား။
အဲဒီမှာ ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌကြီး သခင်ဇင်က ပါတီတစ်ရပ်လုံး၊ တပ်တစ်ခုလုံး (ဗဟိုကင်းတပ်၊ တိုက်တိုင်းအောင် ၁/၂/၃၊ အောင်နိုင်ထွန်း ပြောက်ကျားတပ်) ကို အစည်းအဝေးကြီး ဆင့်ခေါ်ပြီး....
ပါတီက ပါတီပိုင လယ်တွေသိမ်းပစ်ခဲ့တာ၊ ဘုံဝါဒ၊ ဘုံလယ်မြေစနစ် ကျင့်သုံးခဲ့တာ မအောင်မြင်ဘူး။ မှားသွားတယ်။ မှားသွားပြီဟု ၀န်ခံနိဂုံးချုပ်၊ ကိုယ့်ကိုယ်ဝေဖန်ရေးကြီး ပေးရတဲ့အဖြစ် ဆိုက်သွားသည်။ အဲဒီဖြစ်စဉ် အစ/အဆုံး စာရေးသူက ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကင်းတပ် (ရုံးအဖွဲ့ရုံး)မှာ တာဝန်ကျတပ်သားအဖြစ် မြင်တွေ့ကြားသိနေရသည်။ ၁၀၀ ရာခိုင်နှုန်းပြည့် လုံးဝဥဿုံ အကုန်။ အတွေ့အကြုံရခဲ့၏။
ဟော့- မြေပေါ်အလင်းထဲရောက်လို့ ဘာကြာလဲ။ မြန်မာ့ဆိုရှယ်လစ်ဘုံဝါဒ ကမ္ဘာ့ဆိုရှယ်လစ်ဘုံဝါဒတွေလည်း ဘုန်းဘုန်းလဲ ကံကုန်သွားကြသည်မှာ ပရိသတ်များ ထင်ရှားစွာ သိမြင်ပြီး ဖြစ်ပါပြီ။
အတင်းအဓမ္မ ဇွတ်လုပ်တဲ့ စနစ်တစ်ခု (ကမ္ဘာမှာ အားလုံး) ကျဆုံးခန်း။
အီရတ်၊ အာဖဂန်နစ္စတန် အမေရိကန်ဝါဒ
၁၉၈၅ မှ ၁၉၉၅ (၁၀)နှစ်အတွင်း ဒီမိုကရေစီစန်းပွင့် စန်းထခဲ့သည်။ ကမ္ဘာနှင့်အ၀ှမ်း ဒီမိုကရေစီ အနာဂတ် တောက်ပခဲ့သည်။ ရွှင်လန်းခဲ့သည်။ သို့သော်-
နောက်တော့ ဘင်္ဂလားဒေ့ရှ်၊ နိုင်ဂျီးရီးယား၊ ဖိလစ်ပိုင်၊ ရုရှား၊ ထိုင်း၊ ဗင်နီဇွဲလားနိုင်ငံများတွင် ဒီမိုကရေစီဆုတ်ခွာဇာတ် ကခဲ့ရသည်။ ဤသို့ ဆုတ်ခွာရခြင်းမှာ ဘုရှ်အစိုးရ၏ ဇွတ်အဓမ္မ ဒီမိုကရေစီတင်ပို့ဝါဒ၊ ရိုက်သွင်းဝါဒ၊ ဘူးသွင်းဝါဒကြောင့် ဖြစ်သည်။ အထူးသဖြင့် အာဖဂန်နစ္စတန်နှင့် အီရတ်တွင် ဒီမိုကရေစီကို စစ်ပါဝါဖြင့် တင်ပို့ဖို့ ကြိုးစားခဲ့ရာတွင် ထိုနိုင်ငံ နှစ်ခုလုံး ကသောင်းကနင်း အခြေအနေဆိုးများဆီသို့ (ယနေ့ထိ) တွန်းပို့လိုက်ဘိသို့ ဖြစ်ခဲ့သည်။ (ထိုစဉ် ဒီမိုကရေစီ စည်းဝိုင်းအပြင်မှ တရုတ်နှင့် ရုရှားမှာ သိသိသာသာ အင်အားကြီးထွားလာတော့၏။ ဤကား စကားချပ်)
ဒီမိုကရေစီ မွန်းတည့်ချိန်ရောက်ပြီ။ ပြီးလျှင် နေ၀င်မိုးချုပ်သာ ရှိမည်ဟု နိုင်ငံတကာမှ ပညာရှင်တို့က ကောက်ချက်ဆွဲလာကြသည်အထိ။ ယင်းကောက်ချက် မှန်သလော။ ရှုပ်ထွေးလျက်ရှိ၏။ ဒီမိုကရေစီ အင်စတီကျူးရှင်းများ အလွယ်တကူ တည်ဆောက်လို့ မရနိုင်တာတော့ သေချာသည်။ နတ်ရေကန်ထဲချ ဥုံဖွ ဒီမိုကရေစီမရနိုင်။ အခိုင်အမာ (စီးပွားရေးအခင်းအကျင်း) ယဉ်ကျေးမှုဓလေ့ဆိုင်ရာ ရေခံမြေခံ နေသားတကျကိစ္စတွေ အောင်မြင်ပြီးမှသာ ဒီမိုကရေစီတစ်ရပ် ရေရှည်တည်တံ့စရာ ရှိသည်ဟု အရှိတရား Real Truth သစ္စာက ဆိုနေသည်။
ယင်း အရှိသစ္စာတရားကို ဘုရှ်တို့ လျစ်လျူရှုခဲ့ခြင်းသည် ယင်းတို့၏ ဒီမိုကရေစီ ဇွတ်ဝါဒ ကျဆုံးခြင်း၏ အဓိကအချက် ဖြစ်နေသည်။ ပြည်တွင်းလုံခြုံရေး၊ တည်ငြိမ်ရေးကို မဖန်တီး မတည်ဆောက်နိုင်ခြင်း။ ယဉ်ကျေးမှု အခြေခံ အတူခြားနားမှုများကို ဥပေက္ခာ ပြုထားခြင်း။ Institutionalization အဖွဲ့အစည်းဘောင် ထားရှိရေး၊ စည်းရုံးရေး လုံလောက်စွာ အလေးထား အချိန်မယူခဲ့ခြင်း။
သို့သော် သမိုင်းရေစီးကတော့ (၁၈)ရာစု စက်မှုတော်လှန်ရေးမှသည် ခေတ်မီရေး modernization စက်မှုထူထောင်ရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုလမ်းကြောင်း ဖောက်လုပ်တည်ဆောက်ရေး၊ ဘ၀စာမျက်နှာအားလုံး (ဒီမိုကရေစီရေး-အထိ) ပြောင်းလဲဆန်းသစ်ရေးပင် ဖြစ်ပါသည်။ မြို့ပြစနစ် တောက်ပလာခြင်း၊ အလုပ်အကိုင်များ ပွင့်လန်းလာခြင်း၊ လူနေမှုအဆင့် မြင့်လာခြင်း၊ လူတို့၏ တွေးခေါ်စဉ်းစားနိုင်အား မြင့်မားတိုးတက် ကျယ်ပြန့်လာခြင်း၊ အီလစ်များ အပါအ၀င် လူ့အဖွဲ့အစည်း တစ်ခုလုံး အမြင်ပြောင်းလာခြင်းရှိလာမှ နိုင်ငံတော်ကြီးတစ်ခုလုံး ခေတ်မီ ဒီမိုကရေစီ ဦးတည်သွားနိုင်မည်ဟု မျက်မှောက်ခေတ် သမိုင်းရေစီးက ဘာသာပြန်ပေးနေပါသည်။ အနာဂတ်ဒီမိုကရေစီရေးကတော့ ရှင်သန်ဆဲပါကို... ဧကန်ဟုတော့ မမှတ်ယူသင့်။ အနေကန် ဖြစ်နိုင်ခြေဟုသာ မှတ်ယူသင့်ပါသည်။
မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ တံချူနှင့် ချူလို့တော့ ရမည်မဟုတ်။ ဒီတက်ဒီကျ လှိုင်းလေရှိမည်။ နိမ့်တုံမြင့်တုံ လောကဓံအုံကျင်း ရှိမည်။ အဆိုးချည်း အမှောင်ချည်းတော့မဟုတ်။ ငွေနားကွပ် လရောင်ထိန်ထိန်သာလည်း ရှိမည်။ ပိတောက်ပွင့်ဦးလှပလည်း ရှိမည်။ နှစ်ပေါင်း ၁၀၀ သမိုင်းမှာ (၂၁)ရာစုခေတ်သစ်မှာ နိုင်ငံကျော် ၉၀ ဒီမိုကရေစီ အရေးတော်လှနေပြီ။ အကောင်းများလည်း ရေရှည်သဘောဆောင်အံ့သည်။
၁၉၈၉ ဘာလင်တံတိုင်း ပြိုကျပြီးတဲ့နောက် ပုဂ္ဂလိကပိုင်ဖျက်သိမ်း၊ ဘုံဘ၀ဘုံစနစ်သို့ ချီတက်ရေး၊ ပစ္စည်းမဲ့တော်လှန်ရေးလမ်းစဉ်ကို ဘယ်သူမှ မယုံကြည်တော့။ ယုံစရာလည်း မလို၊ မရှိတော့။ စောစောက စာရေးသူတို့ဆီက စောစောကတောင်ပေါ် ၁၄ ရွာ ဗမာပြည်ကွန်မြူနစ်ပါတီ ဦးဆောင်သော ဘုံလယ်မြေစနစ်ဝါဒကို လူထု (ရွာသူရွာသားတွေက) မယုံကြသလိုမျိုး၊ ယနေ့ ကမ္ဘာ့ပြည်သူက ဘာတွေယုံနေသလဲ၊ ဂလိုဘယ်ရေရှည်စီးပွားတိုးတက်မှု၊ အဆင့်မြင့် နည်းပညာသစ်များ၊ ပညာတတ်အလွှာ၊ လူလတ်တန်းစားကောင်းစားရေး၊ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ လမ်းပွင့် (လမ်းဖွင့်)ရေး၊ အဆိုပါ ပညာအလွှာဖြင့် ဒီမိုကရေစီပန်းတိုင် ၂၁ ရာစု တူရူချက်ကို လှမ်းကိုင်ရေး။
လူမှုဗေဒပညာရှင် "မာတင်လစ်(ပ)ဆက်" က ထောက်ပြဖူးသည့် အဆိုတစ်ရပ်ရှိသည်။ ချမ်းသာသော နိုင်ငံများမှာ ဆင်းရဲသောနိုင်ငံများထက် ဒီမိုကရေစီနှင့် ပိုနီးသည်-တဲ့။ နှစ် ၅၀ လုံးလုံး အတိုက်ခံရသော အယူအဆ။ ခုတော့ မာတင်လစ်(ပ)ဆက်ကို အလေးပြုရပြီ။ ငြင်းမရတော့။
ရွေးကောက်ပွဲဒီမိုကရေစီ Electoral Democracy ကလည်း အလွန်အရေးပါလာခဲ့။ ထို့ထက် အရေးကြီးသည်မှာ state building နိုင်ငံတည်ဆောက်ရေး။ ယနေ့နိုင်ငံရေးဆိုတာ ဘာလဲဟု တစ်စုံတစ်ယောက်က မေးလာငြားအံ့။ နိုင်ငံရေးဟာ နိုင်ငံတည်ဆောက်ရေးပဲဟု အပြတ်ပြောလို့ရသည်။ တည်ဆောက်ရေးကောင်းမှ၊ အောင်မြင်မှ ဒီမိုကရေစီကောင်းမည်၊ အောင်မြင်မည်။ စီးပွားဖွံ့ဖြိုးရေး၊ နိုင်ငံတည်ဆောက်ရေး၊ အမြင်များပြောင်းလဲရေး၊ ရွေးကောက်ပွဲမှတစ်ဆင့် အခြေအနေဟောင်းများ ချုပ်ငြိမ်း၍ အခြေအနေသစ် (အုပ်ချုပ်ရေး အခြေအနေသစ်) ပေါ်ထွက်ရေး၊ လူထုပညာရေး၊ နိုင်ငံပြုနိုင်ငံရေး၊ statesmanship အားပြုရေး၊ ပညာရေးဖြင့်သာ ပဲ့ကိုင်ထိန်းကျောင်း၍ အနာဂတ်သို့ သွားရေးတို့သည် တစ်စတစ်စ အလွန်အရေးကြီးလာသော ဖြစ်စဉ်ခရီးစဉ် ဖြစ်ပါလိမ့်မည်။
နိဂုံးစကားနှင့် ဆက်စပ်လေ့လာသင့်သော စာအုပ်စာတမ်းများ
ပဲခူးရိုးမတောင်ပေါ် ၁၄ ရွာ ဘုံဝါဒ ဗကပ၀ါဒ ဘာကြောင့် ကျဆုံးရသလဲ။ လူထုမထောက်ခံဘဲ၊ လူထုဆန္ဒမပါဘဲ (ဆန္ဒမယူဘဲ) ဇွတ်အတင်းရော အဓမ္မစနစ်ကြောင့် ကျဆုံးရသည်။ ဘုရားက လူဆိုတာ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးဟု ဟောပြီးသား။ မှန်လိုက်လေ။ ကိုယ့်ဥစ္စာ ကိုယ်လယ်ယာကို ပါတီပိုင် နိုင်ငံပိုင် ဘုံပိုင် ပေးလိုက်ရတော့ ဓားပြအတိုက်ခံရသလိုဖြစ်ပြီး သဒ္ဓါမပေါက်တော့ဘဲ လုပ်အား/ အားကုန်မပေးတော့ဘဲ/ ကလေးနှင့်လွှတ်ပေး/ စိတ်မပါ့တပါ အလုပ်လုပ်တော့ (ကိုယ်ပိုင်ကြီးပွားချမ်းသာရေး လက်လွှတ်လိုက်ရလို့) စိတ်အချဉ်ကြောင့် အဲဒီစနစ် မအောင်မြင် / ကျဆုံးရတာပဲ။
အမေရိကန်ရဲ့ တော်လှန်ရေးတင်ပို့မှု၊ စစ်ပါဝါ ခြိမ်းခြောက်မှု၊ အဓမ္မဇွတ်ဝါဒ ဒီမိုကရေစီ (ဒီမိုကရေစီ ပင်ကိုယ်အားကောင်းချက် စံမှုန်းများနှင့် သွေဖည်ချက်) သွတ်သွင်းခြင်း၊ ကျူးကျော်ဝင်ရောက် နယ်ချဲ့ကိုလိုနီသစ် အုပ်စိုးခြင်းတို့ကြောင့်၊ ဘာသာရေး၊ လူမျိုးရေး၊ ယဉ်ကျေးမှုရေးတို့ကို လျစ်လျူရှု ဥပေက္ခာပြုခဲ့သောကြောင့် အီရတ်၊ အာဖဂန်နစ္စတန် ကျဆုံးခန်းကို မြင်နေရသည်။
သခင်ဇင် နိဂုံးချုပ်သလို "မှားပါတယ်" ဟု ဘုရှ်တို့၊ အိုဘားမားတို့ နိဂုံးချုပ်ကြဖို့ လိုနေပြီ။
လောကမှာ မှားပါတယ်ဟု ပညာအရ ကိုယ့်ကိုယ်ကိုယ်သိဖို့ အရေးအကြီးဆုံး။ အခြားဗကပလုပ်ရပ်များ၊ တပ်မတော်မှ စစ်ဆင်ရေးအတွေ့အကြုံ စာအုပ်ကြီးများ၊ ဗိုလ်ချုပ်ကြီးများ စစ်ဆင်ရေးမှူးများ ကိုယ်တိုင်ရေးသား ထုတ်ဝေပေးနေသော စစ်မှတ်တမ်းစာအုပ်များ၊ သမိုင်းစာအုပ်စာပေများ၊ State Building (Francis Fukuyama)၊ Future of Freedom (Fareed Zakaria)၊ Third Wave (Samuel Huntington) Development and under development... စသော စာအုပ်များနှင့် ဆက်စပ်ဖတ်ရှုသင့်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
No comments:
Post a Comment