* * * * * * * * * *
ပထမအကြိမ် သူ့အကြောင်းရေးတာ ကြာလှပါပြီ။ မဂ္ဂဇင်းနာမည်လည်း မေ့ပြီ။ အကြောင်းအရာကတော့ နတ်သီချင်းဆိုပွဲတစ်ခုသွားစဉ် တစ်နေ့သောနေ့လယ်၌ တည်းခိုအိမ်တွင် သူနှင့်ကျွန်တော် နှစ်ယောက်တည်း ကျန်ရစ်ခဲ့၏။ အခြားအဆိုတော်များ ဈေးဝယ်ထွက်သွားကြသည်။ ထိုစဉ် သူသည် မဆီမဆိုင် ကျွန်တော့်အား စကားတစ်ခွန်းကို မေး၏။ "ဟဲ့ကောင် ဗလ နင့်ကိုငါ လုံးဝပြစ်မှားလို့ မရဘူး" တဲ့။ ဘာကြောင့် ဒီစကားပြောသလဲ မသိပေမယ့် ကျွန်တော့်မှာ အူအူကြောင်ကြောင် ဖြစ်ခဲ့ရ၏။ ထိုအချိန်က ကျွန်တော်သည် (နောင်တစ်ချိန် ကျော်ဟိန်းနာမည်ကြီးသွားသော) အကြွေးဝတ္ထုရှည်လုံးချင်း ရေးနေတုန်းတန်းလန်း ဆိုတာတော့ မှတ်မိ၏။ ထိုနယ်ပွဲ ညဘက်သီဆို နေ့လယ်ဘက်အားတုန်း ၀တ္ထုရေး။ဒုတိယအကြိမ် သူ့အကြောင်းရေးတာကတော့ "အရက်သမား အမှားတစ်ခါ" ပျော်စရာဆောင်းပါး (သောကြာမဂ္ဂဇင်း၊ အမှတ်-၄၅၀၊ ဖေဖော်ဝါရီ၊ ၂၀၀၁) မှာ ဖြစ်၏။ "ဒေါင့်ကြီး" ဆိုသော ရွာကြီးတွင် မင်္ဂလာဆောင်ပွဲသွားကြရာ ကျွန်တော်အရက်မူးပြီး မမချို၏ ခြေသလုံးကို ကုန်းကိုက်သည့်အကြောင်း ဖြစ်၏။ "အရက်သမား အမှားတစ်ခါ" ပေါင်းချုပ်တွင် ပြန်လည်ဖော်ပြခဲ့ရာ "နှစ်ထပ်ရှိတော့ မှတ်မိ" ဆိုသလို ဖြစ်ရသည်။
ယခုရေးချင်ပြန်လာတာက ရိုးလွန်းတော့ "အ"ဆိုသလို မမချို "ရိုးအ"လွန်းသဖြင့် သူ့အစားကြားက စိတ်တိုရသောအကြောင်း ဖြစ်ပါသည်။ သို့မဟုတ်ပါက သူ၏ သန့်ရှင်းသော စေတနာ၊ ကရုဏာတရားကို အားမလို အားမရဖြစ်ရခြင်းဟု ဆိုရပါမည်။
တစ်နေ့သောအခါ သူ့အိမ်သို့ ကျွန်တော်နှင့်အေးဘုံ အလည်ရောက်၏။ သူကား ထုံးစံအတိုင်း ပျာယာခတ်နေ၏။ ကျွန်တော်တို့ရောက်လို့ ဧည့်ခန်းမှာထိုင်နေစဉ် သူ့တယ်လီဖုန်းက မြည်နေ၏။ အိမ်ရှေ့မှာလည်း ဘုန်းကြီးတစ်ပါးက ဆွမ်းခံရပ်နေ၏။ မမချိုသည် အိမ်ခန်းထဲမှ ပြေးထွက်လာပြီး တယ်လီဖုန်းကို အရင်မကိုင်ဘဲ ဆွမ်းရပ်ကိုယ်တော်ထံ ပြေးလေ၏။ လက်အုပ်ကလေးချီတဲ့ပြီး ပါးစပ်ကမူ ဘုန်းကြီးကို "ဟဲလို" တဲ့။ မှတ်ကရောပါပဲ။ ဆွမ်းကပ်ပြီးတော့မှ တယ်လီဖုန်းကိုင်ပြီး ရေးကြီးသုတ်ပြာ စကားတွေပြောလေ၏။ တယ်လီဖုန်းချပြီးသည်နှင့် "ဟဲ့... ဗလ... အေးဘုံ နင်တို့ အလည်လာတာ မဟုတ်လား"
"ဟုတ်ကဲ့"
"ဒါဆို ငါ့မှာ အရေးတကြီးကိစ္စရှိလို့ ငါ့ကားကလည်း သားယူသွားတယ်၊ နင်တို့ကားနဲ့ ငါ့ကို ဒဂုံရဲစခန်း လိုက်ပို့ကြစမ်းပါ"
သူဘာပြဿနာတက်နေပြီကို မသိသော်လည်း ရဲမှုရဲခင်းပင်ဖြစ်မှာ သေချာသောကြောင့် ချက်ချင်းလိုက်ပို့ရလေသည်။ လမ်းမှာ သူက ဇာတ်စုံခင်း၏။
"ညက ငါ့အိမ် သူခိုးဖောက်တယ်"
"ဟင် ဘာတွေ ပါသွားသလဲ"
"ရေစုပ်စက်မော်တာ"
"ပြန်ရပြီ မနက်အစောကြီးကတည်းက ပြန်ရတာ၊ ဒါပေမယ့် သူခိုးခမြာ ခုတော့ ရီမန်နဲ့ အချုပ်ထဲ ရောက်နေလေရဲ့... အဲဒါ ခုငါသွားပြီး အမှုပြန်ပိတ်မလို့"
"ဟာ မမကလည်း အမှုဖွင့်ပြီးပြီပဲ၊ ရဲမှုဆိုတော့ ပြန်ပိတ်လို့ ဘယ်ရတော့မလဲ၊ ဒါ ရာဇ၀တ်မှုဗျ"
"မတတ်နိုင်ဘူးကွာ၊ ကြိုးစားကြည့်ရမှာပဲ၊ သူ့ခမျာ ဒီတစ်ခါတည်း မတတ်သာလို့ ခိုးမိတာပါတဲ့၊ အိမ်ကမိန်းမကလည်း ကလေးမွေးပြီးစ သွေးနုနုသားနုနုနဲ့တဲ့"
သူ၏ ရိုးအပုံ၊ သနားပိုပုံတို့ကို သိရသဖြင့် ကျွန်တော်ဘာမှ ဆက်မပြောတော့ပေ။ လိုရာခရီးသို့ လိုက်ပို့ရတော့၏။ စခန်းသို့ ရောက်လေသော် "နင်တို့ ပြန်ကြတော့ ဘေးကလူမြင်ရင် မကောင်းဘူး" ဟု ပြောရင်း စခန်းတွင်း ပြေးဝင်သွားလေတော့သည်။ သူ့မျက်နှာတော့ သူအားမနာ။
နောင်သောအခါ စုံစမ်းသိရှိရသည်မှာ ချိုပြုံး၏ ငဲ့ညှာမှုကြောင့်လည်းကောင်း၊ ဥပဒေသဘောအရ လူမှုရေးရှုထောင့်အရလည်းကောင်း ထိုသူခိုးမှာ ထောင်ဒဏ်သက်သက်သာသာ ကျသွားလေသည်တဲ့။ အဲသူခိုးအတွက် ရှေ့နေကိုပင် ချိုပြုံးက ငှားပေးသတဲ့ဗျာ။ သူကိုယ်တိုင်တော့ မဟုတ်ဘူးပေါ့လေ။ အဲဒီသူခိုးရဲ့ ဆွေမျိုးသားချင်းတွေကို တစ်ဖက်လက်လှည့်ငှားခိုင်းပြီး သူက ရှေ့နေခပေးသည့် သဘောပါ။ ဒါ့ထက်ဆန်းကျယ်တာက သူခိုးထောင်ကျစဉ်ကာလမှာ ကျန်ရစ်သူမိသားစုကို လစဉ်ထောက်ပံ့ကြေးနှင့် ကလေးနို့မှုန့်ဖိုးအစ အနှီးဖိုးအစ ပေးပါသတဲ့။ သူခိုး၏ ထောင်ဝင်စာကိုလည်း ချိုပြုံး၏ အခြားတပည့်တစ်ယောက်က မှန်မှန်ကြီး သွားတွေ့ပြီး ငါးပိကြော်လေးအစ ဘီစကွတ်လေးအစ ပေးပါသတဲ့။ ကိုင်း ယုံရမခက်ပေဘူးလား။
နောက်များမကြာမီမှာပင် ချိုပြုံးအိမ် သူခိုးဖောက်တာ ကြားရပြန်ပါသည်။ သည်တစ်ခါတော့ သူခိုးက သူ့အိပ်ခန်းခေါင်းရင်း ပြတင်းပေါက်ကို ဖွင့်ပြီးခိုးတာဟု ဆိုပါသည်။ ခုတင်ခေါင်းရင်းနှင့် ကပ်လျက်မှာက သူ့မှန်တင်ခုံရှိသတဲ့။ သူခိုးက လူတစ်ကိုယ်လုံးမ၀င်ဘဲ လက်ချည်းတစ်ဆန့်ဝင်လျက် မှန်တင်ခုံပေါ်က လက်ပတ်နာရီကို လှမ်းဆွဲတာပါ။ မအိပ်သေးဘဲ မျက်စိမှေးပြီး တရားမှတ်နေဆဲမို့ ချိုပြုံးက သိလိုက်ပါသတဲ့။ သည်မှာပင် ချိုပြုံးသည် သူခိုးလက်ကိုဆွဲပြီး "ဟဲ့ မအော်နဲ့" ဟု သူကပင် ပြောင်းပြန် ပြန်ပြီးတားသတဲ့။ သူကိုယ်တိုင်လည်း မအော်ပါတဲ့။ အကြောင်းမှာ တစ်ဖက်ခန်းတွင် သူ့သားငယ်အိပ်နေသဖြင့် လူသံသူသံကြားလျှင် သူခိုးကိုရိုက်မှာ စိုးလို့ပါတဲ့။
ဤသို့ဖြင့် ချိုပြုံးသည် "သူခိုး လက်ပတ်နာရီကမ်း" လုပ်လိုက်ပါတော့သည်တဲ့။
"တဲ့" တွေ ထပ်ခါသုံးနေရသည်မှာ ထိုအကြောင်းကို သူက ပြန်ပြောပြသောကြောင့် ဖြစ်ပါသည်။ သို့သော် ကျွန်တော့်အတွေ့အကြုံအရဆိုလျှင် မမချိုသည် သည်လိုပဲ ဒါနပြုမှာပဲဟု ယုံကြည်ပါသည်။ တကယ့်ဖြစ်ရပ်မှန်ကိုတော့ သူသာသိပါလိမ့်မည်။
မမချိုက တစ်ခါတစ်လေ နည်းနည်းပိုသည်။
ရွှေအမြုတေမဂ္ဂဇင်း၊ ၂၀၀၄ ခုနှစ်။
မန္တလေးအက်ဖ်အမ်ရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ "သျှီနှင့် ရောက်တတ်ရာရာ" မှာ ချိုပြုံးနဲ့ တွေ့ဆုံတဲ့အကြောင်းကို သဘောကျလွန်းတဲ့အတွက် ပို့စ်တစ်ခုရေးပြီး တင်ပေးခဲ့ဖူးပါတယ်။ ဒီနေရာမှာ ပြန်ဖတ်နိုင်ပါတယ်။ ကျွန်တော့်အမေက ချိုပြုံးခရေဇီဆိုတော့ ကျွန်တော့်မသိစိတ်ထဲမှာလည်း ငယ်ငယ်ကတည်းက ချိုပြုံးကို ချစ်ခင်စိတ် ၀င်နေခဲ့တယ်ထင်ပါတယ်။ ဇာတ်ကားတွေထဲမှာလည်း ချိုပြုံးကို မြင်ရတဲ့အခါ သဘောကျမိတာပါပဲ။ တစ်ခါတစ်လေများ ကြည့်နေရင်းနဲ့ ချိုပြုံးနေရာမှာ အမေဖြစ်နေတဲ့အထိပေါ့။ အမေကလည်း ချိုပြုံးနဲ့တူလို့ ဖြစ်မယ်ထင်ပါတယ်။ (မယုံလျှင် ကြွားသည်ဟုမှတ်ရန် :P )ထားပါတော့။ အဲဒီပို့စ်ထဲမှာ သုမောင်ရေးခဲ့ဖူးတဲ့ ချိုပြုံးအကြောင်း စာတစ်ပုဒ်ကို ပြန်အမှတ်ရမိကြောင်း ပြောထားခဲ့တာ ရှိပါတယ်။ ပြန်ရှာပြီး တင်ပေးပါ့မယ်လို့လည်း ကျွန်တော်ပြောခဲ့ပါတယ်။ ဒီနေ့တော့ အဲဒီစကားကို ပြန်သတိရပြီး ကျွန်တော့်စာအုပ်ပုံတွေကို ဖွရတော့တာပေါ့။ အစက ရှာမတွေ့တော့ စိတ်ညစ်နေတယ်။ နောက်တော့မှ အဲဒီစာလေးကို သဘောကျလွန်းလို့ အမေ့အတွက် မိတ္တူကူးပြီး ပို့ပေးဖူးတာကို သတိရသွားတဲ့အတွက် မိတ္တူကူးထားတာတွေကို သီးသန့်တွဲထားတဲ့ ဖိုင်တွေထဲမှာ လိုက်ရှာတော့မှပဲ ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ပါတော့တယ်။ ကျွန်တော့်မှာ မိတ္တူလက်ခံတစ်စုံ ရှိနေတဲ့အတွက် မဆီမဆိုင် ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်နေမိတယ်။ ဟုတ်တယ်လေ.. နို့မို့ဆိုရင် ကျွန်တော့်စကားကြီးက အကြွေးတင်နေဦးမှာကိုး။ အခုတော့ ကျွန်တော်ပြောထားတဲ့အတိုင်း ပြန်ရှာပြီး တင်ပေးလိုက်ပါတယ်နော်။
အံ့သြစရာကောင်းတာက ရေးတဲ့စာရေးဆရာ သုမောင်ကိုရော၊ စာထဲမှာပါတဲ့ ချိုပြုံးကိုပါ ကျွန်တော် အရမ်းချစ်ခင် သဘောကျတာပါပဲ။ သူတို့ရဲ့သရုပ်ဆောင်မှုရော သီချင်းဆိုဟန်တွေကိုပါ သဘောကျတာကိုး။ အခုတော့ (ဦး)သုမောင်ကြီးကလည်း ဆုံးပါးသွားရှာပြီဆိုတော့ ဒီစာလေးက အလွမ်းပြေလေးတောင် ဖြစ်နေသေးသကိုး။ ချိုပြုံးအကြောင်းလည်းပြောရင် (ဦး)သုမောင်အလွမ်းပြေပေါ့ခင်ဗျာ။
ပျော်ရွှင်ကျေနပ်နိုင်ကြပါစေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၅ ရက်၊ စနေနေ့။
ည ၉ နာရီ ၃၇ မိနစ်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၅ ရက်၊ စနေနေ့။
ည ၉ နာရီ ၃၇ မိနစ်။
No comments:
Post a Comment