အမိုးနီးယားဓာတ်ငွေ့
ဂျိုးဇက်ပရိုင်းစတက်လေလို့ခေါ်တဲ့ အင်္ဂလိပ်ဓာတုဗေဒပညာရှင်က ၁၇၇၄ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အမိုးနီးယားကို အယ်ကာလီလေလို့ ခေါ်ခဲ့တယ်။ အနံ့အလွန်ပြင်းပြီး အရောင်အဆင်း ကင်းမဲ့တဲ့ ဓာတ်ငွေ့ဖြစ်တယ်။ နိုက်ထရိုဂျင် တစ်ဆနဲ့ ဟိုဒရိုဂျင် သုံးဆ ပါဝင်တယ်။
အလိုအလျောက်စက်
ပထမဆုံး အလိုအလျောက်စက်ကတော့ ယက္ကန်းစက်ပဲ ဖြစ်ပါတယ်။ အဆင်အသွေးမျိုးစုံ၊ အထည်မျိုးစုံကို ယက်နိုင်တဲ့စက်ပါ။ ၁၈၀၁ ခုနှစ်မှာ ပြင်သစ်လူမျိုး ဂျိုးဇက် မာရိန်း ဂျက်ကွက် ဆိုသူက တီထွင်ခဲ့တာဖြစ်ပါတယ်။ အပေါက်ကလေးတွေပါပြီး ဖိညှစ်ထားတဲ့ ကတ်ပြားတွေရဲ့ အကူအညီနဲ့ စက်ထဲမှာ အထည်တွေကို မျိုးစုံ ယက်လုပ်နိုင်ပါတယ်။ အပ်တွေက အပေါက်တွေကိုဖြတ်ပြီး ရွေ့လျားနေကြတယ်။ အပ်တွေက ရစ်ထုံးကချည်မျှင်တွေကို ဆွဲမ,လာပြီး သတ်မှတ်ထားတဲ့ အဆင်မျိုးကို ယက်တော့တာပါပဲ။ နောက်ပုံစံသစ်အဆင်မျိုး ယက်ချင်တယ်ဆိုရင်တော့ ဖိညှစ်ထားတဲ့ ကတ်ပြားသစ်ကို ယက္ကန်းစင်ထဲမှာ အသစ်လဲပေးရပါတယ်။
စာအုပ်
စာအုပ်တွေကို ပထမဆုံး ပုံနှိပ်ခဲ့တဲ့ နိုင်ငံတွေကတော့ တရုတ်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံတွေ ဖြစ်ကြပါတယ်။ ၈ ရာစုအတွင်းမှာ ပုံနှိပ်ခဲ့တာ ဖြစ်ပါတယ်။ လူတွေသိထားကြတဲ့ ပထမဆုံး စာအုပ်တွေဟာ အလိပ်လိုက် ဖြစ်ပါတယ်။ အတွင်းစာမျက်နှာပေါ်မှာ သစ်သားဘလောက်တုံး ပုံစံလေးတွေနဲ့ စာတွေကို ရိုက်နှိပ်ထားပါတယ်။ သိုးရေတွေ၊ ဆိတ်ရေတွေကို အသုံးပြုပြီးတော့လည်း စာချွန်လွှာလိပ် ရေးခဲ့ပါတယ်။ စာပုံနှိပ်ထားတဲ့ စက္ကူတွေကို အရွယ်တူ စာရွက်ကလေးတွေ ဖြတ်တောက်ပြီး ပုံနှိပ်ထားတဲ့ စာမျက်နှာကို တစ်ဖက်သတ် အစဉ်လိုက်စီပြီး သားရေကြိုးပြားနဲ့ ချုပ်ထားတဲ့ စာအုပ်တွေဟာ ပထမဆုံး ပေါ်ပေါက်လာတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်။ စက္ကူနဲ့ မင်ကို တီထွင်ခဲ့တာလည်း တရုတ်တွေပဲ ဖြစ်ကြပါတယ်။ ကြွေရည်သွန်း ပုံနှိပ်စာလုံးကို ၁၀၅၀ ခုနှစ်က တရုတ်ပြည်မှာ တီထွင်အသုံးပြုခဲ့ပါတယ်။ အဲဒီနောက် ကိုရီးယားတွေက သတ္တုပုံနှိပ်စာလုံးတွေကို အသုံးပြုခဲ့ကြပါတယ်။ ၁၄၅၀ ခုနှစ်လောက်က ဂျာမနီနိုင်ငံမှာ ဒီလို ပထမဆုံး စာအုပ်တွေကို ပုံနှိပ်ခဲ့ကြပါတယ်။
ဂဏန်းတွက်စက်
လူတွေ လွယ်လွယ်ကူကူ တွက်ချက်နိုင်ဖို့ ပထမဆုံး တီထွင်ခဲ့တဲ့ ဂဏန်းတွက်စက်ကတော့ ပေသီးဂဏန်းတွက်စက် ဖြစ်ပါတယ်။ ကြိုးလေးတွေနဲ့ ပုတီးစေ့လေးတွေသီထားပြီး နေရာရွှေ့ပြီး ကိန်းဂဏန်းတွေကို တွက်ချက်ရတာ ဖြစ်ပါတယ်။ ဘီစီ ၃၀၀၀ လောက်က ဘေဘီလုံနိုင်ငံသားတွေက စတင်တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ဂဏန်းတွက်စက်ကို စတင်တီထွင်ခဲ့သူကတော့ ဘလိုင်းစ် ပက်စ် စယ်လ်ဆိုသူ ပြင်သစ်သိပ္ပံပညာရှင် ဖြစ်ပါတယ်။ သူ ၁၉ နှစ်သား အရွယ်တုန်းက တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး ကိန်းဂဏန်းတွေကို မြှောက်နိုင်၊ စားနိုင်တဲ့ ဂဏန်းတွက်စက်ကိုတော့ ၁၆၉၄ ခုနှစ်မှာ ဂျာမန်သိပ္ပံပညာရှင် ဂေါ့ဒ်ဖရိုင်း လိုင်းဘနစ်ထ်ဇ် ဆိုသူက စတင်တီထွင်ခဲ့ပါတယ်။
ပထမဆုံး ကွန်ပျူတာ
ကိုလိုဆပ်စ်လို့ခေါ်တဲ့စက်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက အင်္ဂလန်နိုင်ငံမှာ တီထွင်ထုတ်လုပ်ခဲ့ပါတယ်။ ၁၉၄၃ ခုနှစ်ထဲမှာ ဖြစ်ပါတယ်။ ဒီကွန်ပျူတာဟာ ယနေ့ခေတ် ကွန်ပျူတာနဲ့ အလွန်အမင်းတူလှတဲ့ လျှပ်စစ်သုံး ကွန်ပျူတာဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့ခေတ်သုံး ကွန်ပျူတာတွေမှာပါတဲ့ chips ကလေးတွေအစား လျှပ်စစ်အဆို့ရှင်ပေါင်း ၂၀၀၀ ကို အသုံးပြုထားပါတယ်။ ဒီအဆို့ရှင်လေးတွေက အလွန်တရာ ရှုပ်ထွေးတဲ့ တွက်ချက်မှုတွေကို ကွန်ပျူတာက ထိရောက်စွာ ဆောင်ရွက်ပေးနေစေဖို့ စွမ်းဆောင်စေနိုင်ပါတယ်။ အထွေထွေလုပ်ငန်းသုံး ကွန်ပျူတာတွေကိုတော့ အမေရိကန်က ပြုလုပ်ခဲ့ပါတယ်။ အဲဒီကွန်ပျူတာတွေမှာ လျှပ်စစ်အစို့ရှင်ပေါင်း ၁၉၀၀၀ ပါဝင်ပြီး လုပ်ငန်းအမျိုးမျိုးမှာ သုံးစွဲနိုင်ခဲ့ပါတယ်။
Ref: တီထွင်မှုများ၊ ခင်မောင်ဇော်၊ ပထမအကြိမ်၊ အောက်တိုဘာ၊ ၂၀၀၄။
No comments:
Post a Comment