The Voice Weekly အနေဖြင့် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအပြီး အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ကို အသေအချာ သိရှိပါသော်လည်း မည်ရွေ့မည်မျှ ပြောင်းလဲသွားမည်ကို မသိပါဟု ဖြေချင်ပါသည်။
ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံတွင် မည်ရွေ့မည်မျှ အပြောင်းအလဲများ ဖြစ်ပေါ်လာမည်နည်း ဆိုသောအချက်သည် ယနေ့မှစ၍ လာမည့်သုံးလေးလအတွင်း နိုင်ငံသားများက မည်ရွေ့မည်မျှ စိုက်ထည့်ခဲ့သည်ဆိုသော ပမာဏနှင့် အချိုးညီသာ ရိတ်သိမ်းရရှိမည်ဖြစ်၍ မည်သည့်အတိုင်းအတာအထိ ပြောင်းလဲမည်ကို မသိရှိပါဟု ပြောခဲ့ခြင်းဖြစ်ပါသည်။
များစွာသော နိုင်ငံသားများသည် အပြောင်းအလဲများကိစ္စကို မယုံမရဲရှိကြသော်လည်း မိမိတို့ဘက်က တတ်စွမ်းသမျှ ထည့်ဝင်ခြင်းဖြင့် အပြောင်းအလဲများ၏ အတိုင်းအဆကို ပိုမိုဖြစ်ပေါ်စေရန် ဆောင်ကြဉ်းနိုင်ခွင့်ရှိသည် ဆိုသောအချက်ကို သိရှိကြခြင်းမရှိသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပြောင်းအလဲများ ဖြစ်ပေါ်စေရေးအတွက် ပြည်သူလူထု၏ ပါဝင်ခွင့်ကို မရရှိနိုင်ဘဲ ရှိခဲ့သည်မှာ နှစ်ပေါင်း ၂၂ နှစ်ကျော်ခဲ့ပြီ ဖြစ်ပါသည်။ မည်သည်မျှ ဖြစ်ပေါ်လာမည်မဟုတ်၍ မည်သို့မျှ ထည့်ဝင်ပေးရန် ဆန္ဒမရှိပါဆိုသော ပြည်သူများအား ထိုသို့ သဘောထားရှိခဲ့လျှင် အပြောင်းအလဲများကိုလည်း မျှော်မနေပါနှင့်ဟူ၍သာ ပြောလိုပါတော့သည်။
ဖြစ်နိုင်ချေမရှိဘူး ဆိုသောအထင်နှင့် မည်သို့မျှ ထည့်ဝင်လုပ်ဆောင်ခြင်း မရှိပါဟုဆိုလျှင် လေယာဉ်ပျံများ ကောင်းကင်တွင် ပျံနေလိမ့်မည်မဟုတ်ပါ။ မြန်မာနိုင်ငံ၏ အပြောင်းအလဲများအတွက် လူထုဘက်မှ ထည့်ဝင်သင့်သော ကိစ္စများသည် ဥပဒေအရ အရေးယူခံရနိုင်သော လမ်ပေါ်တွင် ဆန္ဒပြသည့် ကိစ္စရပ်များ မပါဝင်ပါ။ ဂြိုဟ်တုလွှတ်တင်သော နည်းပညာလည်း လိုအပ်သည်မဟုတ်ပါ။ တစ်ယောက်တစ်ထောင် လူငါးရာစုပေးခြင်း၊ မဲရုံကိုယ်စားလှယ်အဖြစ် စေတနာ့ဝန်ထမ်း လုပ်ပေးခြင်းများသာဖြစ်ရာ ဤကိစ္စများအတွက် စေတနာနည်းခဲ့လျှင် စေတနာအလျောက် အကျိုးပေးကြမည်သာ ဖြစ်ပေသည်။
နိုင်ငံသားများအားလုံးက မိမိတို့စေတနာနှင့် ထိုက်တန်သောဘ၀ကိုသာ ရကြမည်ဆိုသောကိစ္စကို ယနေ့မှစသော သုံးလေးလကာလအတွင်း သဘောပေါက်ကြလျှင် မိမိတို့နှင့် ထိုက်တန်သော မြန်မာနိုင်ငံသစ်ကို အသေအချာ ရရှိကြလိမ့်မည်ဖြစ်ကြောင်း မီးမောင်းထိုးဖော်ပြလိုက်ရပါသည်။
အယ်ဒီတာ (၂၁-၆-၂၀၁၀)
No comments:
Post a Comment