Monday, July 19, 2010

အာဇာနည်

"သေတိုင်း အာဇာနည် မဟုတ်၊ ဘယ်အတွက် အသက်ပေးသွားသလဲ ဆိုသည့်အပေါ် မူတည်၍သာ အာဇာနည် ဖြစ်ရ၏" ဟူသော စကားတစ်ခု ရှိသည်။

မိမိကိုယ်ကျိုးအတွက် မဟုတ်၊
မတရားသော လုပ်ရပ်မျိုးတွက် မဟုတ်၊
တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊
ကမ္ဘာလောကအတွက် ....
လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် အမှန်တရားအတွက် စသည့် ဂုဏ်ကျက်သရေရှိသော အရေးကိစ္စ တစ်စုံတစ်ရာအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ရင်း မိမိအသက်ကို စွန့်လွှတ်သွားခဲ့သူမျိုးကိုသာ အာဇာနည်ဟု ခေါ်ရ၏။

အသိပညာ သမိုင်းတစ်လျှောက် အမှောင်ထုကို ပယ်ခွင်းရန် ကြိုးပမ်းရင်း အသက်ပေးခဲ့သည့် အာဇာနည်အများအပြား ရှိခဲ့သည်။

အန္တရာယ်ကို ရင်ဆိုင်၍ အမှန်တရားကို ဖော်ထုတ်တင်ပြခဲ့ကြသူတွေ။

သူတို့မှာ ရဲဝံ့မှုရှိသည်။

ယုံကြည်ချက်အတွက် အသက်ကို စွန့်လွှတ်ရဲသည့် ၎င်းပုဂ္ဂိုလ်တို့၏ သတ္တိကို ထင်ဟပ်သော စကားတစ်ခု ဂရိပညာရှိ ဆော့ခရတီးစ် ပြောခဲ့တာရှိသည်။

သူ့အယူအဆ သူ့စကားများကို ပိတ်ပင်ဟန့်တားလိုသူတွေ ကြီးစိုးသည့် တရားရုံးရှေ့မှောက်တွင် ဆော့ခရတီးစ်က "အက်သင်းစ်သားတို့ သင်တို့ ငါ့ကို လွှတ်လိုက လွှတ်နိုင်၏။ မလွှတ်လျှင်လည်း ကိစ္စမရှိ။ သို့သော် သင်တို့ မည်သို့ပြုသည် ဖြစ်ပါစေ၊ အကြိမ်ကြိမ် အဖန်ဖန် ငါသေရမည်ဆိုသည့်တိုင် ငါကား ငါ၏ လမ်းကြောင်းကို ဘယ်သောအခါမှ ပြောင်းလဲလိမ့်မည် မဟုတ်ဟူသည်ကို သိထားစေချင်သည်" ဟူ၍ ပြောဆိုကာ ဂုဏ်သိက္ခာကင်းမဲ့စွာ အသက်ရှင်ရမည့်လမ်းကို စွန့်ပယ်လျက် ဟင်းမလော့ခ် အဆိပ်ရည်ဖြင့် သေဒဏ်စီရင်မည့်လမ်းကို ရွေးချယ်ခဲ့သည်။

လွတ်လပ်ရေး တန်းတူညီမျှရေးတို့အတွက် တိုက်ပွဲဝင်ကြသူတွေလည်း အလားတူ ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်ကြရသည်။

လူဖြူ လူမည်း ခွဲခြားမှုပြင်းထန်သည့်ကာလ အမေရိကမှာ တန်းတူညီမျှရေးအတွက် အကြမ်းမဖက်သောနည်းဖြင့် လှုပ်ရှားတောင်းဆိုသူတွေ ရက်ရက်စက်စက် အကြမ်းဖက်ခံကြရသည်။ သို့သော် သည်ကြားထဲက သူရဲကောင်း အများအပြား ထွက်ပေါ်ခဲ့သည်။

ယခုအခါ သမိုင်းဝင် ထင်ရှားနေပြီဖြစ်သည့် လူမည်း အာဇာနည် မာတင်လူသာကင်း (ဂျူနီယာ) ဆိုပါစို့။ အသက်ကို အကြိမ်ကြိမ် ရန်ရှာသော်လည်း နောက်မတွန့်၊ သေလုမြောပါး လုပ်ကြံခံရပြီးနောက်မှာလည်း ကြောက်ရွံ့မသွား။ နောက်ဆုံး အပြီးသတ် လုပ်ကြံခံရ၍ အသက်မဆုံးမီ တစ်ရက်အလိုမှာပင် ကြီးမားသော အသက်အန္တရာယ်ကို သိလျက်နှင့် မျက်ကွယ်ပြုကာ လူမည်းအခွင့်အရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည့်အကြောင်း ရဲဝံ့စွာ ကြေညာပြောဆိုသွားသေးသည်။

ကျွန်တော်တို့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည်လည်း ထိုနည်း၎င်း။

မောရစ်ကောလစ်ရေးသည့် Last and First in Burma အမည်ရှိ စာအုပ်တွင် ဘုရင်ခံ ဆာဒေါ်မန်စမစ်အား ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သည့် စကားတစ်ခု ဖော်ပြထားသည်။

"အမျိုးသားသူရဲကောင်းဆိုတဲ့ ပုဂ္ဂိုလ်တွေ ဘယ်လောက် အသက်ရှည်ကြသလဲ၊ ဒီတိုင်းပြည်မှာတော့ မရှည်ဘူး။ သူတို့မှာ ရန်သူတွေ များလွန်းတယ်။ အလွန်ဆုံး သုံးနှစ်လောက်ပဲ အသက်ရှင်ဖို့ မျှော်လင့်နိုင်ကြတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်တော့ နောက်ထပ် ဆယ့်ရှစ်လထက် ပိုတွက်မထားဘူး" ဟု သူဆိုခဲ့သည်။

တကယ်လည်း သည်စကားပြောပြီး တစ်နှစ်ခွဲခန့်အကြာတွင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသည်။

ကြီးမားသောအန္တရာယ်ကို သူမြင်သည်။

သို့သော် မရှောင်ဖယ်ခဲ့၊ နောက်မတွန့်ခဲ့။

လွပ်လပ်ရေးအတွက် မိမိအသက်ကို ပေးသွားခဲ့သည်။

ထို့ကြောင့် အာဇာနည်။
ပြည်သူ့ခေတ် အယ်ဒီတာ

No comments:

Post a Comment