Wednesday, August 04, 2010

အမြတ်မယူတဲ့သူတွေဆီက အမြတ်ထုတ်ခြင်း - ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်

aunghtunthet.gif
ဆရာဟာ စီမံခန့်ခွဲမှုပညာကို လိုက်စားတဲ့သူ ဖြစ်ပါတယ်။ လုပ်ငန်းအဖွဲ့အစည်း အမျိုးမျိုးနဲ့လည်း ရင်းနှီးပါတယ်။ အမြတ်ကို ဦးစားပေးတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အမြတ်ကို ပဓာနမထားဘဲ လူမှုရေးလုပ်ငန်းတွေလုပ်နေတဲ့ လူမှုရေးအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အဖွဲ့အစည်းပုံစံအမျိုးမျိုးနဲ့ မတူညီကြတဲ့အတွက် တစ်မျိုးက အားသာချက်တွေကို အတုယူပြီး ကျန်တဲ့တစ်မျိုးမှာ အကျိုးရှိရှိ အသုံးချနိုင်မယ်ဆိုတဲ့ အချက်တွေကို အမြဲပြောပြခဲ့သူ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ လူမှုရေးလုပ်ငန်းတွေ လုပ်နေကြတဲ့ အဖွဲ့အစည်းများအနေနဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေကို အတုခိုးသင့်ကြောင်းကိုလည်း ပြောမိပါတယ်။ တစ်ဖက်ကလည်း စီးပွားရေးအဖွဲ့အစည်းတွေ အနေနဲ့ စီးပွားရေးမလုပ်တဲ့ အဖွဲ့အစည်းတွေကလည်း အတုယူနိုင်တာကိုလည်း သတိပြုသင့်ပါတယ်။

လူမှုရေးအဖွဲ့အစည်းတွေအပေါ် မှားယွင်းတဲ့ အယူအဆတွေ ရှိနေတာ တွေ့ရပါတယ်။ သူတို့ဟာ စီးပွားရေးလုပ်ငန်းတွေလောက် စွမ်းရည်မရှိဘူး။ လေးတယ်၊ နှေးတယ်၊ စရိတ်စကကြီးမားတယ်၊ ဖောင်းပွတယ်၊ ဗျူရိုကရက်ဆန်တယ် စသဖြင့် ဝေဖန်မှုတွေ မျိုးစုံပေးကြတာ တွေ့ရပါတယ်။ အမှန်တကယ်တော့ ဒီလိုမဟုတ်တာ သုံးသပ်မိပါတယ်။ အမြတ်ကို ပဓာနမထားတဲ့ လူမှုရေးလုပ်ငန်းတွေရဲ့ အဓိကအားသာချက် နှစ်ရပ်ရှိတာ တွေ့ပါတယ်။ ဒီအားသာချက် နှစ်ရပ်ကို အမြတ်ကို ဦးစားပေးတဲ့ လုပ်ငန်းတွေ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

ပထမအချက်အနေနဲ့ လူမှုရေးလုပ်ငန်းလုပ်တဲ့ အဖွဲ့အစည်းတွေဟာ ၀န်ထမ်းတွေကို လှုံ့ဆော်အားပေးရာမှာ အင်မတန်ထက်မြက်တာ တွေ့ရပါတယ်။ လူမှုရေးလုပ်ငန်းမှာ လုပ်ကြတဲ့သူတွေဟာ ၀င်ငွေကို အဓိကမထားဘဲ လုပ်စရာရှိတဲ့အလုပ်ကို လူမှုရေးတာဝန်အသိနဲ့ ၀င်လုပ်နေကြတာ တွေ့ရပါတယ်။ လုပ်ငန်းရဲ့ ဦးတည်ချက် ရည်ရွယ်ချက်ကို ယုံကြည်လက်ခံတာမို့ လခကောင်းတာ မကောင်းတာကို အဓိကမထားဘဲ စိတ်ဓာတ်မြင့်မြင့်မားမားနဲ့ ၀င်ရောက်လုပ်ကိုင်နေကြတာ တွေ့ရပါတယ်။

ဝန်ထမ်းတွေကို လှုံ့ဆော်မှုပေးနိုင်အောင် အုပ်ချုပ်မှုပုံသဏ္ဌာန်ဟာလည်း သွက်လက်တယ်၊ ပွင့်လင်းတယ်။ ရာထူးအဆင့်အတန်းတွေ၊ အလွှာတွေ အမျိုးမျိုး မခွဲခြားနေဘဲ အဆင့်အတန်းကို တတ်နိုင်သမျှ လျော့ပါးအောင် လုပ်တတ်ကြပါတယ်။ ၀န်ထမ်းတွေ ကြိုက်နှစ်သက်မယ့် ရာထူးမျိုးစုံ၊ အခေါ်အဝေါ်မျိုးစုံကိုလည်း လွတ်လွတ်လပ်လပ် ဖန်တီးမှု ခွင့်ပြုထားပါတယ်။ ဒီလိုလုပ်တဲ့အတွက် ၀န်ထမ်းတွေဟာ မိမိအလုပ်ကို ပိုစိတ်ဝင်စားလာတယ် ပိုပြီး အလုပ်အကျွေးပြုဖို့ အဆင်သင့် ရှိလာမှာ ဖြစ်ပါတယ်။

ဒုတိယအားသာချက်ကတော့ လူမှုရေးလုပ်ငန်းတွေဟာ Marketing အလုပ်ကို အထူးကျွမ်းကျင်တာ တွေ့ရပါတယ်။ သူတို့ဟာ အလှူခံတွေအပေါ် ရပ်တည်နေရတဲ့အတွက် မိမိလုပ်နေတဲ့ အလုပ်ကို စိတ်ဝင်တစားနဲ့ ထောက်ပံ့ပေးနိုင်မယ့် သူတွေကို ဆွဲဆောင်နိုင်အောင် အစုံကြိုးစားနေရတာ ဖြစ်တယ်။ ဒီလို ဆောင်ရွက်ရာမှာလည်း အလှူရရုံနဲ့ မပြီးဘဲ ရေရှည်မှာ အလှူထည့်ဝင်သူတွေနဲ့ အဆက်မပြတ် ဆက်ဆံကြတာ တွေ့ရပါတယ်။ သူတို့ပေးတဲ့ငွေကို ဘယ်ပုံဘယ်နည်း သုံးစွဲနေသလဲ။ ဒီလိုလုပ်တဲ့အတွက် ဘယ်သူတွေအတွက် ဘယ်လိုအကျိုးတွေ ရနေသလဲဆိုတာကို အစဉ်အမြဲ ပြောနိုင်အောင် လုပ်နေကြပါတယ်။

ဆရာ့အနေနဲ့ကတော့ စီးပွားရေးလုပ်ငန်း လုပ်သည်ဖြစ်စေ၊ လူမှုရေးလုပ်ငန်း လုပ်သည်ဖြစ်စေ တစ်ဦးနဲ့တစ်ဦး ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပြီး တစ်ဦးရဲ့ အားသာချက်ကို ကျန်တဲ့တစ်ဦးက အတုယူနိုင်ပါစေလို့ ဆန္ဒပြုမိပါတယ်။

No comments:

Post a Comment