Monday, July 20, 2009

ဘာသာရေးသတိရှိစေချင်

ဆရာအောင်သင်းရဲ့ မျိုးဆက်သစ်အတွက် ပိဋကတ်မိတ်ဆက်ဆိုတဲ့ စာအုပ်လေးကို ပြန်ဖတ်ရင်း အတွေးနယ်ချဲ့မိတဲ့ အကြောင်းအရာလေးတွေကို ပြန်ဝေမျှလိုက်တာပါ။ ထေရ၀ါဒ ဗုဒ္ဓဘာသာ ကမ္ဘာပျံ့အောင် ဆရာတော်ကြီးတွေ၊ ရဟန်းရှင်လူတွေ ကြိုးစားနေကြတာတော့ မှန်ပါတယ်။ ကမ္ဘာက ဗုဒ္ဓဘာသာကို ရေရေလည်လည် သိနားလည်သွား၊ ယုံကြည်သွားကြပြီး ဗုဒ္ဓဘာသာဝင်ဆိုတဲ့ ကျွန်တော်တို့တွေက မိရိုးဖလာဆိုတဲ့ ဥခွံထဲမှာ ကျန်ခဲ့ရင်ဆိုတဲ့ အတွေးတွေလည်း တွေးမိပါရဲ့။
ဆရာအောင်သင်းရဲ့ မိတ်ဆက်ဆိုတဲ့ အခန်းကနေ ကောက်နုတ်ပြထားတာပါ။

ကွယ်သုံးကွယ်
( စာ ၁၂ မှ စာ ၁၄ )
တို့တစ်တွေဟာ ဗုဒ္ဓဘာသာဝင် ဖြစ်နေတာတော့မှန်ပါရဲ့။ ဒါပေမယ့် မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေသာ ဖြစ်နေတယ်။ ဘုရားသွား ကျောင်းတက် မလုပ်ဘူးလားဆိုတော့လည်း လုပ်သားပါပဲ။ ဒါပေမယ့် `ကွယ်သုံးကွယ်´ မိနေခဲ့ကြတယ်။ `ကွယ်သုံးကွယ်´ ဆိုတာက
ဘုရားကို စေတီကွယ်တယ်တဲ့။
တရားကို ပိဋကတ်ကွယ်တယ်တဲ့။
သံဃာကို ဘုန်းကြီးကွယ်တယ်တဲ့။
ရှေးဆရာတော်ကြီးများ မိန့်ကြားခဲ့တဲ့ စကားတွေပါပဲ။ အလွန်ကို လေးနက်တာမို့ သေသေချာချာ စဉ်းစားဖို့ ကောင်းပါတယ်။
တို့တစ်တွေ ဘုရားကို မသွားကြဘူးလား၊ သွားကြတာပါပဲ။ ရွှေတိဂုံကို မဖူးကြဘူးလား။ ဖူးကြတာပါပဲ။ တို့တစ်တွေက ဘုရားရှင်ရဲ့ ဂုဏ်တော်၊ ကျေးဇူးတော်ကို ရည်မှန်းမိသလား၊ ပြန်ပြီး စဉ်းစားကြည့်ပါလား။ ရွှေရောင်တ၀င်းဝင်း ဖြစ်နေတဲ့ စေတီတော်ကြီးကိုသာ အာရုံပြုနေတာပဲ။ ဘုရားဆီကို ရောက်မသွားတော့ဘူး။ တို့များငယ်ငယ်ကတော့ ဘုရားပေါ် တက်လိုက်တယ်ဆိုရင် ကောင်မလေးတွေကိုသာ လိုက်ကြည့်နေတော့တာ။ ဒီတော့ ဘုရားကို စေတီကွယ်တာ မကတော့ဘဲ ကောင်မလေးတွေပါ ကွယ်သွားတယ်လို့ ဆိုရမယ်ထင်တယ်။ ပဓာနထားပြီး ပြောချင်တာကတော့ တို့တတွေဟာ လုပ်နေရင်း ကိုင်နေရင်းကကိုပဲ ကိုယ်ဘာလုပ်နေတယ်၊ ဘာကြောင့် လုပ်နေတယ်ဆိုတာ မျက်ခြည်ပြတ်လာတတ်တဲ့သဘောကို ရှေးဆရာတော်ကြီးများက ထောက်ပြလိုက်တာပဲလို့ ဆိုရမှာပေါ့။
တရားကို ပိဋကတ်ကွယ်တယ် ဆိုတာကတော့ ဘုရားဟောဒေသနာ ပိဋကတ်တွေကို ကျက်မှတ်ရွတ်အံနေပြီး ပိဋကတ်နှံ့စပ်တာလောက်နဲ့ ကျေနပ်နှစ်သိမ့်နေလို့ တရားတော်အတိုင်း မဂ်ပေါက် ဖိုလ်ပေါက် ဖြစ်အောင် အားထုတ်ဖို့ မေ့နေတာမျိုးကို ပြောတာပါ။ အက္ခရာများပေါ်မှာ ပျော်မွေ့မိန်းမူးနေတာမျိုးလို့ပဲ ဆိုကြပါစို့။
သံဃာကို ဘုန်းကြီးကွယ်တယ် ဆိုတာကတော့ သံဃာဆိုတာဟာ ဘုရားတပည့် သားတော်များ၊ ဘုရားရှင်ရဲ့ အဆုံးအမကို လိုက်နာပြီး တရားအားထုတ်ခြင်း၊ တရားပြခြင်းစတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်နေတဲ့ ရဟန်းတော်အားလုံးကို ခြုံပြီးပြောတာ။ သို့သော်လည်း ကိုယ့်ဘုန်းကြီး၊သူ့ဘုန်းကြီး ဆိုတာမျိုးတွေ ဘယ်ဘုန်းကြီးက အဆောင်ပေးလိုက်တယ်။ ဘယ်ဘုန်းကြီးကဖြင့် ချဲနံပါတ် အပေးကောင်းတယ် ဆိုတာမျိုးတွေ ဖြစ်လာတတ်တာကို အားလုံးသိကြတဲ့ အတိုင်းပါပဲ။ ဗေဒင် အဟောကောင်းတဲ့ဘုန်းကြီး၊ ယတြာ အပေးကောင်းတဲ့ဘုန်းကြီး စသည်အားဖြင့် မူလသဘောကြီး ပျောက်သွားတတ်တာကို ပြောတာပါ။

No comments:

Post a Comment