ဒီဆောင်းပါးကိုရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ဘူး။ ခေါင်းစဉ်ကတော့ ပြင်လိုက်တယ်။ အကြောင်းအရာတွေကတော့ ရေးချင်နေတာ (၃၊ ၄)လလောက် ရှိပါပြီ။ MNL ပြိုင်ပွဲကြီး အောင်အောင်မြင်မြင် တာထွက်လာပြီး အရှိန်အဟုန်တွေ ရနေတဲ့အချိန်မှာ ကျွန်တော်လည်း ကိုယ်နဲ့မဆိုင်တဲ့ပွဲတွေ၊ Dinner တွေတက်၊ စားလိုက်၊ သောက်လိုက်၊ ရေးစရာရှိတာတွေမေ့လိုက်၊ သံယောဇဉ်အစွဲတွေဖုံးလို့ ဘောပင်ကိုဘေးမှာချထားလိုက်၊ အဘဦးခင်မောင်ထွေးခမျာလည်း အသက်ကြီးမှ စည်းကမ်းထိန်းသိမ်းရတော့ အမြင်ကမတော်၊ တခြားအားကစားဂျာနယ်လစ်တွေကလည်း အသင်းတွေရဲ့ ပြန်ကြားရေးတာဝန်ခံတွေဖြစ်ကြ၊ Media Officer တွေ ဖြစ်ကြ၊ ကွင်းထဲမှာ ထိုးထိုးထောင်ထောင်မြင်ရ၊ အသင်းတွေက ဂျာနယ်စာမျက်နှာတွေကို ၀ယ်နေတာတွေလည်းမြင်ရ၊ တစ်မိုးလုံးဖျောက်ဆိပ်ဖြစ်လာတဲ့ ဆုကြေးတွေ၊ လစာတွေအများကြီးရလာတဲ့ အာဖရိကန်ဘောလုံးသမားတွေနဲ့ မြန်မာမလေးတွေကလည်း ရန်ကုန်မြို့ရဲ့ ဟိုနေရာတွေ့၊ ဒီနေရာတွေ့၊ ဘယ်အရာမဆို အကောင်းတွေချည်း မဟုတ်တာကတော့ သေချာပါတယ်။ အခု SEA Games နီးလာမှ ကျွန်တော်လည်း အိပ်မက်တွေက လန့်နိုးလာတယ်။
ကိုဇော်နိုင်ဦးရေ…
MNL ပြိုင်ပွဲစကာစက အသင်းတစ်သင်းကို ကျပ်သိန်း(၂၀၀၀-၃၀၀၀)လောက် သုံးမယ်ဆိုတုန်းကတောင် ကျွန်တော် ဒီငွေကို ဘယ်လိုရှာလို့ရမလဲလို့ စိုးရိမ်မိသေးတယ်။ အခု အသင်းတိုင်း သိန်း(၅၀၀၀)ကနေ သိန်း(၁၅၀၀၀၀)လောက်အထိ သုံးစွဲမယ်ဆိုတော့ ကျွန်တော် အရမ်းစိုးရိမ်လာတယ်။ ကျပ်ငွေဘီလီယံရာပေါင်းများစွာ (တနည်းအားဖြင့်) ဒေါ်လာသန်းရာပေါင်းများစွာ ချမ်းသာတယ်ဆိုရင် ခံသာပေမယ့် သာမန်လုပ်ငန်းရှင်ကြီးတွေအဖို့ နောက်(၃)နှစ်ဆိုရင် လက်ပန်းကျသွားမလား။ Blessing မရတဲ့အခါ အဖျားရှူးသွားတဲ့ အခြားလုပ်ငန်း၊ စီမံကိန်းကြီးတွေလို ပွဲပြီးမီးသေဖြစ်သွားမလား။ (အချိန်အခါတွေကလည်း အမြဲပြောင်းနေတယ်လေ။ ကျွန်တော်တို့ရဲ့ MFF ဥက္ကဋ္ဌကလည်း သူတစ်နှစ်၊ နှစ်နှစ်ပဲ လုပ်မယ်ဆိုတော့ သူလည်းဘယ်သွားမလဲမသိ) ကျွန်တော်တို့ မြန်မာဘောလုံးအတွက် စိုးရိမ်စရာပါပဲ။ ဒီလုပ်ငန်းရှင်ကြီးတွေ၊ အရင်က ပရီးမီးယားလိဂ်လောက်ပဲရေးတဲ့ အားကစားသတင်းမီဒီယာတွေ ဖုတ်ဖတ်ခါထသွားရင် မြန်မာဘောလုံးကို တစိုက်မတ်မတ်အားပေးတဲ့ ကျွန်တော်တို့ ပရိသတ်နဲ့ ငွေများများရပြီး မရရင် မကစားတော့မယ့် ကစားသမားတွေပဲ ကျန်ရစ်ခဲ့တော့မလား…။ ဘောလုံးသမားတွေကို စာချုပ်ချုပ်သလို လုပ်ငန်းရှင်ကြီး (၉)ဦးနဲ့ ကျွန်တော်တို့ မြန်မာဘောလုံးပရိသတ်တွေ (၅)နှစ်စာချုပ် ချုပ်လိုက်ရင် ကောင်းမလားလို့ စဉ်းစားမိတာ အမှန်ပါပဲ။ ပြီးတော့မှ သက်တမ်းတိုးတာပေါ့။
ကိုဇော်နိုင်ဦးရေ…
ဘောလုံးပွဲတစ်ပွဲကြည့်တဲ့အခါ ကျွန်တော်တို့အနေနဲ့ နှစ်ဖက်ကစားသမား (၂၂)ယောက်ရယ်၊ ဒိုင်(၃)ယောက်ရယ်ကိုပဲ အဓိကကြည့်ရှု ဝေဖန်ကြပေမယ့် ဒီ(၂၅)ယောက်နောက်ကရှိနေတဲ့သူတွေ၊ ပရိသတ်ရဲ့အနေအထား၊ နောက်ပြီး နောက်ခံဝန်းကျင်အခြေအနေတွေကို မေ့လျော့နေတတ်ကြပါတယ်။ MNL ပြိုင်ပွဲကြီး တစ်စတစ်စ အရှိန်ရလာတဲ့အချိန်မှာ ပရိသတ်တွေရဲ့ ဒေသစွဲတွေ ပြင်းထန်လာသလို၊ လုပ်ငန်းရှင်ကြီး(၈)ဦး (အခု ၉ ဦး) ရဲ့ ပြိုင်ဆိုင်လိုစိတ်တွေ ဖွံ့ဖြိုးလာတာကလည်း ငြင်းလို့မရပါဘူး။ ဘောလုံးသမားကောင်းတွေဝယ်၊ နည်းပြကောင်းတွေငှား၊ ကိုယ့်ပရိသတ်တွေ ကွင်းထဲဝင်လာအောင် နည်းမျိုးစုံနဲ့စည်းရုံး၊ အားကစားဂျာနယ်တွေဝယ်၊ သတင်းပြန်ကြားရေးကို စနစ်တကျပြင်ဆင်၊ ဒါတွေဟာ ကောင်းတဲ့အလုပ်တွေပါပဲ။ ဒါပေမယ့် ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေးဆိုတာ သတိပြုကြဖို့တော့ လိုပါတယ်။ အပြိုင်အဆိုင် ငွေကြေးသုံးစွဲကြတဲ့အတွက် မြန်မာဘောလုံးလောကကို ရုတ်တရက်ဆွဲတင်လိုက်သလို ဖြစ်ပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့ လူအများစုရဲ့ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ငွေကြေးသုံးစွဲမှုမျိုး ဖြစ်သင့်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ ကြာမြင့်ရုံပဲရှိပြီး ရေဟာမြင့်မလာဘူးဆိုရင် ရေနည်းတဲ့ကန်မှာ ဒီကြာပင်ဟာ မရှင်သန်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ တခြား Infrastructure တွေ၊ တစ်ဦးချင်းဝင်ငွေတွေ မြင့်မနေဘဲ MNL တစ်ခုတည်းကို ငွေပုံအောပြီး မြှင့်လို့မရပါဘူး။ တစ်နိုင်ငံလုံးရဲ့ ယုံကြည်အားပေးမှုကို ရချင်တယ်ဆိုရင် ရိုးသားဖြောင့်မတ်ပြီး စေတနာပါတဲ့ ငွေကြေးသုံးစွဲမှုတွေ၊ မြန်မာဘောလုံးကို အမှန်တကယ်မြတ်နိုးပြီး နိုင်ငံနဲ့လူမျိုးအတွက် တတ်နိုင်သမျှ ပါဝင်ဆောင်ရွက်လိုတဲ့ စိတ်ကောင်းနှလုံးကောင်းတွေ ပြသရမှာဖြစ်ပါတယ်။ ကိုယ့်အသင်းအောင်မြင်ဖို့ထက် လူထုပရိသတ်ပျော်ရွှင်မှု၊ နိုင်ငံအတွက်ဂုဏ်ယူစရာ ဖြစ်စေဖို့အတွက် ဒီငွေတွေသုံးစွဲခဲ့တာဖြစ်တယ်ဆိုတာ ပြသဖို့လိုပါတယ်။
ကိုဇော်နိုင်ဦးရေ…
ဘောလုံးပွဲဆိုတာ လူ(၂၅)ယောက်ကပဲ အဓိကဆုံးဖြတ်တာမမှန်ပါဘူး။ ဒီ(၂၅)ယောက် နောက်မှာရှိတဲ့သူတွေ အထူးသဖြင့် ပရိသတ်၊ ပြည်သူလူထုရှိနေတယ်ဆိုတာ လုံးဝမမေ့ကြပါနဲ့။ မြန်မာဘောလုံးဆိုတာ အများနဲ့သက်ဆိုင်တယ်။ အများနဲ့သက်ဆိုင်တဲ့အရာမှာ အရေးအကြီးဆုံးက လူထု ပဲ။
(PS: SEA Games မှာ မြန်မာဘောလုံးအသင်းတွေ `ရွှေ`ရအောင် အားလုံးညီညီညွတ်ညွတ်နဲ့ အားပေးကြပါစို့)
(First Eleven Sports Journal အတွဲ ၁၀၊ အမှတ် ၂၄ မှ ပြန်လည်ကူးယူဖော်ပြပါသည်)
No comments:
Post a Comment