အဆိုပါဆောင်းပါသည် မိတ်ဆွေသုံးဦးထံမှ အကြံပေးချက်သုံးခုကို စုစည်းထားခြင်းဖြစ်သော်လည်း စာရေးသူအနေဖြင့် ပေးလိုသော Message တစ်ခုရှိနေသောကြောင့် ခေါင်းစဉ်အဖြစ် ကွင်းထဲက ၂၅ ယောက် အရေးကြီးသည်ဆိုသော စကားစုကို ရွေးလိုက်မိသည်။
ဘောလုံးပွဲတစ်ခုတွင် ကွင်းထဲတွင်ရှိနေသော နှစ်ဖက်နှစ်သင်း၊ ၂၂ ယောက်နှင့် ဒိုင်လူကြီး ၃ ဦး၊ ပေါင်း ၂၅ ဦးက ကစားပွဲ၏ အဆုံးအဖြတ်ကိုပေးခြင်းဖြစ်ပြီး ကွင်းပြင်တွင်ရှိနေသည့် (ရုပ်သံကြည့် ပရိသတ်အပါအ၀င်) သန်းချီသော ပရိသတ်က ဆုံးဖြတ်ခြင်းမဟုတ်ကြောင်း မိတ်ဆွေဖြစ်သူ၏ မှတ်ချက်ကို ပြန်ရေးထားသော အပိုင်းကို ခေါင်းစဉ်အဖြစ် ရွေးလိုက်မိခြင်းဖြစ်ပါသည်။
စာရေးသူပေးချင်သော Message မှာ ရွေးကောက်ပွဲဝင်ရေး၊ မ၀င်ရေး တစ်နည်းအားဖြင့် Road Map နှင့်အတူ လိုက်ရေး၊ မလိုက်ရေး စဉ်းစားနေသူများကို ကွင်းထဲသို့ဝင်ကစားရန် တိုက်တွန်းလိုခြင်းဖြစ်ပါသည်။ စာရေးသူ၏ ဆောင်းပါးများကိုလည်း ကွင်းထဲသို့ ၀င်ကစားနေခြင်းပင်ဖြစ်သည်ဟု ခံယူပါသည်။ ဘောလုံးပွဲတွင် ပရိသတ်၏ အားပေးမှု အရေးကြီးသကဲ့သို့ နိုင်ငံရေးတွင် ပြည်သူလူထု၏ ထောက်ခံအားပေးမှု အရေးကြီးသည်မှာ ရှင်းနေသောကြောင့် အထူးအထွေ ရှင်းပြစရာလိုမည်မထင်၍ အသေးစိတ်မရေးတော့ဘဲ တိုက်ရိုက်ပြောလိုက်ခြင်း ဖြစ်ပါသည်။ ပြည်သူလူထု အရေးမကြီးကြောင်း ပြောလိုသည်မဟုတ်ဘဲ ကွင်းထဲကိုဝင်ကန်မှသာ ကစားပွဲ၏ရလဒ်ကို ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း ပြောခဲ့ခြင်းဖြစ်ပါသည်။ ကွင်းပြင်က ပရိသတ်သည် ကစားပွဲ၏ရလဒ်ကို ဆုံးဖြတ်နေခြင်းမဟုတ်ခြင်းကြောင့် ကွင်းထဲသို့ဝင်ကစားရန် တိုက်တွန်းမိခြင်းသည် ကွင်းပြင်ကပရိသတ်ကို ထိပါးခြင်းမဟုတ်ပေ။
မြန်မာ့သမိုင်းတွင် ကွင်းပြင်ထွက်ထိုင်သောကြောင့် တစ်သက်လုံးဘေးရောက်သွားသော Player အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ အထင်အရှားရှိခဲ့ပါသည်။ (ဥပမာ - ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)နှင့် ကေအင်ယူ) အရေးကြီးသော အဆုံးအဖြတ်ပြုလုပ်ရမည့် အချိန်အခါဖြစ်၍ လမ်းကြောင်းမလွဲစေရန်၊ ကွင်းထဲဝင်ကစားရန် အကြံပြုခြင်းဖြစ်ပါသည်။ စာရေးသူတို့သည်လည်း Stakeholder များကို ကွင်းထဲသို့ဝင်ကစားရန် တိုက်တွန်းနေသူများအဖြစ် ကွင်းထဲဝင်ကစားနေခြင်း ဖြစ်ပါသည်။
(The Voice Weekly ဂျာနယ် အတွဲ ၆၊ အမှတ် ၁ မှ ပြန်လည်ကူးယူဖော်ပြပါသည်)
No comments:
Post a Comment