ပညာရေးကဏ္ဍ၏ ၀န်ဆောင်မှုကို နှစ်ပေါင်း ၄၇ နှစ်ကြာ နိုင်ငံတော်ကသာ ထောက်ပံ့သည့် ပုံသဏ္ဍာန်ကို ကျင့်သုံးခဲ့ရာမှ ယခု ၂၀၀၉ နှစ်ကုန်ပိုင်းတွင် ပုဂ္ဂလိကကဏ္ဍ၏ ပါဝင်ဆောင်ရွက်ခွင့်ကို လမ်းဖွင့်ပေးခဲ့ရာ မကြာမီ ပုဂ္ဂလိကကဏ္ဍကလုပ်ကိုင်သည့် အထက်တန်းကျောင်းများ၊ တက္ကသိုလ်များ မြင်တွေ့ကြရတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လိုအပ်ချက်ဖြစ်နေသော ၁၁ တန်းနှင့် ၁၂ တန်းကိစ္စလည်း ပြေလည်သွားဖွယ်ရှိပါသည်။
အလားတူပင် ကျန်းမာရေးကဏ္ဍ၏ အတွင်းလူနာဝန်ဆောင်မှုကို နှစ်ပေါင်း ၄၇ နှစ်ကြာ နိုင်ငံတော်ကသာ လုပ်ကိုင်ခွင့်ရှိခဲ့ရာမှ ယခုအခါ ပုဂ္ဂလိကကဏ္ဍ၏ ပါဝင်ဆောင်ရွက်ခွင့်ကို လမ်းဖွင့်ပေးခဲ့သည်ကို တွေ့ရပါသည်။
ပညာရေးနှင့် ကျန်းမာရေးကဏ္ဍသည် ပုဂ္ဂလိကများသို့ လုံးဝဥဿုံ လွှဲအပ်လုပ်ကိုင်စေသင့်သော လုပ်ငန်းများမဟုတ်ရာ နိုင်ငံသားတို့၏ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အာမခံချက်အလို့ငှာ မည်သို့ကြီးကြပ်မည်ဆိုသော မူဝါဒသစ်များ ထွက်ပေါ်ရန် လိုအပ်နေပါသေးသည်။
အလားတူပင် သယ်ယူပို့ဆောင်ရေးနယ်ပယ်၏ စရိတ်စကများကို မြင့်တက်စေသည့် ဆင်ဖိုး (ကားတန်ဖိုး)နှင့် ချွန်းဖိုး (လောင်စာဆီတန်ဖိုး) ကိစ္စနှစ်ခုအနက် လောင်စာဆီကိစ္စကို ပုဂ္ဂလိကကဏ္ဍ၏ ပါဝင်လုပ်ဆောင်ခွင့် လမ်းဖွင့်ပေးခဲ့ရာ ဤကိစ္စသည်လည်း နှစ်ပေါင်း ၄၇ နှစ်အတွင်း ထူးခြားသော အပြောင်းအလဲတစ်ခု ဖြစ်ခဲ့ပါသည်။
မကြာမီ သယ်ယူပို့ဆောင်ရေးကဏ္ဍ၏ ဆင်ဖိုးကိစ္စဖြစ်သည့် ကားဈေးနှုန်းကိစ္စ၊ ဆက်သွယ်ရေးကဏ္ဍ၏ စရိတ်စကကို မြင့်တက်စေသည့် ဖုန်းဈေးနှုန်းကိစ္စများပါ ဆက်လက်ပြေလည်သွားလိမ့်မည်ဟု အထူးပင် ယုံကြည်ထားပါကြောင်း ဖော်ပြအပ်ပါသည်။
အယ်ဒီတာ (၃၀-၁၁-၂၀၀၉)
(The Voice Weekly ဂျာနယ် အတွဲ ၆၊ အမှတ် ၅ မှ Editorial ကို ပြန်လည်ကူးယူဖော်ပြပါသည်။)
No comments:
Post a Comment