Man of the Match - ရော်ဘင် (ဟော်လန်)
တောင်အမေရိကတိုက်က ငါးသင်းစလုံး အုပ်စုအဆင့်ကနေတက်တယ်။ အသင်းလေးသင်းက အုပ်စုပထမအဖြစ်နဲ့ တက်လာတယ်။ တစ်သင်းကတော့ အုပ်စုဒုတိယပဲ ရခဲ့တယ်။ အဲဒီအသင်းက ချီလီ။ အုပ်စုအဆင့်မှာသာ စပိန်ကို သရေကစားနိုင်ခဲ့မယ်ဆိုရင် အုပ်စုပထမအဖြစ်နဲ့ ပေါ်တူဂီနဲ့ ရင်ဆိုင်ရမှာ။ အဲသလိုသာဆိုရင် ဘရာဇီးလ်နဲ့ ထိပ်တိုက်တွေ့တာထက်တော့ အခြေအနေကောင်းနိုင်တယ်။ အခုတော့ အုပ်စုဒုတိယပဲ ရခဲ့တဲ့အတွက် မတွေ့ချင်တဲ့ အသင်းနဲ့ တွေ့ရတော့တာပေါ့။ ရှုံးထွက်အဆင့်မှာ တွေ့ရတဲ့အသင်းကလည်း တောင်အမေရိကရဲ့ ထိပ်သီးဘရာဇီးလ်။ ဒေသတွင်းမှာ ပြိုင်ဘက်ဖြစ်သလို၊ သမိုင်းမှတ်တမ်းအရလည်း ချီလီတို့ အသာစီးမရခဲ့ဘူး။ အဲဒါကြောင့် ချီလီတို့အတွက် ဒီပွဲဟာ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးလ်မို့ အလျှော့မပေးခဲ့ပါဘူး။ သူတင်ကိုယ်တင် ယှဉ်ကစားခဲ့တာကြောင့် အတော်လေးကို ကြည့်ကောင်းတဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အစောပွဲမှာ စိတ်တိုဒေါသထွက်ခဲ့ရတာတွေ ကြက်ပျောက်၊ ငှက်ပျောက် ဖြစ်သွားခဲ့ရတယ်။ မြန်လိုက်တဲ့ကစားပွဲ၊ လှလိုက်တဲ့ ကစားကွက်၊ ပြလိုက်တဲ့ ကျွမ်းကျင်မှု၊ သွင်းလိုက်တဲ့ဂိုးတွေဆိုတာ ပြောစရာကို မရှိဘူး။ ဘရာဇီးလ်အသင်းကို တစ်ကမ္ဘာလုံးက ဘာကြောင့်အထင်တကြီး ရှိနေရသလဲဆိုတာ မနေ့ညကပွဲမှာ ထင်ထင်ရှားရှား သိခွင့်ရလိုက်တယ်။ အင်္ဂလန်အသင်း ဘောလုံးရရင် ဘယ်လိုဖြန့်မယ်၊ ဘယ်လိုကန်မယ်ဆိုတာ ပရိသတ်တွေ ပုံဖော်နိုင်ကြတယ်၊ စပိန်အသင်း ဘောလုံးရရင်လည်း ဘယ်သူ့ကိုတည်ပြီး ကစားကွက်ဆင်မယ်၊ ဘယ်သူ့ဆီရောက်ရင် ဂိုးရနိုင်တယ်ဆိုတာကို ခန့်မှန်းနိုင်တယ်၊ ပေါ်တူဂီအသင်း ကစားဟန်ကလည်း ဘယ်လိုရှိတယ်၊ ဘယ်သူ့ကို အသေကပ်လိုက်ရင် ပွဲပြီးပြီဆိုတာကို ပရိသတ်တိုင်း သိပြီးသားဖြစ်တယ်။ ဟော... ဘရာဇီးလ်အသင်းကတော့ ဘယ်အသင်းနဲ့မှကို မတူဘူး။ သူတို့ကစားကွက်ကို ခန့်မှန်းလို့မရဘူး၊ သူတို့ကစားနေတဲ့ ပုံစံကို နာမည်တပ်လို့မရဘူး၊ ဘယ်သူက အဓိက,ကစားသမားလဲဆိုတာ မဝေခွဲနိုင်ဘူး၊ ဘယ်သူက ဂိုးသွင်းမယ့်လူလဲဆိုတာလည်း သတ်သတ်မှတ်မှတ် မရှိဘူး၊ ကြုံတဲ့လူက ဂိုးသွင်းတယ်၊ ကွင်းထဲက ဆယ်ယောက်လုံးက တစ်ယောက်တစ်မျိုးစီနဲ့ စကေးလ်ပြတယ်၊ ဘောလုံးပေးတာက ဘယ်လိုမှ နားမလည်နိုင်တဲ့ ပေးဟန်တွေနဲ့၊ ဂိုးသွင်းတော့မယ်လို့ ထင်တဲ့အချိန်မှာ ဘောလုံးက နောက်တန်းကို ပြန်ရောက်သွားတယ်၊ အေးအေးဆေးဆေး ဘောလုံးထိန်းနေပြီလို့ ထင်နေတဲ့အချိန်ကျတော့ ဂိုးသွင်းသွားတယ်၊ တိုက်စစ်မှူးတွေကို ထိန်းချုပ်နေတဲ့အချိန်မှာ နောက်တန်းကလူက ၁၈ ကိုက်ထိပ်မှာလာပြီး ဂိုးသွင်းတယ်။ ပြောလို့ကို မကုန်နိုင်ဘူး။ ရော်ဘင်ဟိုတို့၊ ကာကာတို့ ဘောလုံးရသွားရင် ဘောလုံးဆွဲပြေးတာလား၊ ဆမ်ဘာကနေတာလားတောင် ထင်မှတ်မှားရတယ်။ ညက်ညက်ညောညော၊ ပျော့ပျော့ပျောင်းပျောင်းနဲ့ ဘောလုံးဆွဲယူသွားပုံက ကြော်ငြာရိုက်ဖို့ သရုပ်ပြနေသလားတောင် ထင်ရတယ်။ ဘရာဇီးလ်အသင်းက အဲဒီလိုတွေ ကစားနေတဲ့အတွက် ချီလီအသင်းကိုလည်း လျှော့မတွက်လိုက်နဲ့ တောင်အမေရိကဟန်နဲ့ ဘောလုံးကျွမ်းကျင်မှုကို ဦးစားပေးပြီး အပြန်အလှန် ကစားသွားပုံက ချီးကျူးချင်စရာ။ ဒါပေမယ့်လည်း ဘရာဇီးလ်နဲ့ ချီလီကြားက ကွာခြားချက်ဟာ ကြီးမားလွန်းနေခဲ့တာ အမှန်ပါပဲ။ ဘရာဇီးလ်က ကန်နေတဲ့ ၁၀ ယောက်လုံးက တစ်ယောက်တစ်မျိုးစီ ဒုက္ခပေးနေတဲ့အချိန်မှာ ချီလီကတော့ အရေအတွက်နည်းနည်းနဲ့ အဓိက,ကစားသမားတွေကို အားပြုတဲ့ပုံစံနဲ့ ကစားခဲ့ရတာမို့ ဘယ်လိုမှ အသာစီးမရခဲ့ဘူး။ အဲဒါကြောင့်လည်း ဂျူအန်ရဲ့ ခေါင်းတိုက်ဂိုးကို ပထမဆုံး ခွင့်ပြုလိုက်ရတယ်။ တစ်ခါထပ်ပြီး ရော်ဘင်ဟို၊ ကာကာ၊ ဖေဘီယာနို တွဲလုံးကနေ ဂိုးသမားကိုပါလိမ်ပြီး ဂိုးသွင်းယူသွားလိုက်ပုံက ဘရာဇီးလ်ဟန်အစစ်။ အရင်တုန်းက ဘရာဇီးလ်ရဲ့ ဂိုးသွင်းစက်ကြီး ရိုနယ်လ်ဒို သွင်းယူတဲ့ပုံစံတွေနဲ့ တစ်ထပ်တည်းပဲ။ ရော်ဘင်ဟိုရဲ့ လျင်မြန်မှု၊ ကာကာရဲ့ အကွက်မြင်မှု၊ ဖေဘီယာနိုရဲ့ နေရာယူတတ်မှုနဲ့ အဆုံးသတ်သေချာမှုကို ချီလီတို့ မဟန့်တားနိုင်တာ အဆန်းတော့ မဟုတ်ပါဘူး။ နှစ်ဂိုးပြတ်နဲ့ ရှုံးနေပြီဖြစ်တဲ့အတွက် ချီလီတို့အတွက် အိမ်ပြန်ဖို့ သေချာနေပြီဆိုတာ ကြည့်နေတဲ့ပရိသတ်အားလုံး သိနေကြပြီ။ ဒါပေမယ့် ချီလီအသင်းကတော့ အလျှော့ပေးချင်သေးပုံ မရဘူး။ ဒုတိယပိုင်းမှာ လူစားလဲမှုတွေလုပ်၊ ကစားကွက်ပြောင်းပြီး ဘရာဇီးလ်ကို ဒုက္ခပေးဖို့ ကြိုးစားခဲ့သေးတယ်။ ပထမပိုင်းထက် ပိုကောင်းလာတာ မှန်ပေမယ့် ဘရာဇီးလ်အတွက်တော့ ရင်ခုန်စရာ မကောင်းခဲ့ပါဘူး။ မျှော်လင့်ချက်နဲ့ အားကုန်ကစားနေတဲ့ ချီလီအသင်းကို ငြိမ်ကျသွားစေမယ့် ဂိုးတစ်ဂိုးကို ရော်ဘင်ဟိုက ကျွမ်းကျင်မှုအပြည့်နဲ့ လှလှပပ သွင်းယူပြလိုက်တော့ ချီလီတို့ စိတ်ဓာတ်ကျသွားတယ်။ ဘရာဇီးလ်အသင်းအနေနဲ့ ဂိုးလိုချင်တယ်ဆိုရင် ဘယ်အချိန်မဆို သွင်းလို့ရတယ်ဆိုတာကို ပြလိုက်သလို ဖြစ်သွားခဲ့ရတယ်။ ဒွန်ဂါကြီးကလည်း ဂိုးတွေထပ်သွင်းမှာစိုးလို့ ထင်ပါရဲ့။ ကာကာတို့၊ ရော်ဘင်ဟိုတို့ကို လူစားလဲပစ်လိုက်တယ်။ အဲဒါတောင် ချီလီတို့ သိက္ခာဆည်ဂိုးရအောင် မသွင်းနိုင်ခဲ့ဘဲ လူစားဝင်လာတဲ့ လူငယ်ကစားသမားတွေရဲ့ ပညာပေးမှုတွေကို အလူးအလဲ ခံလိုက်ကြရသေးတယ်။ ဒီပွဲကတော့ သွင်းယူသွားတဲ့ ဂိုးသုံးဂိုးထက် ဘရာဇီးလ်ရဲ့ ဖျော်ဖြေမှုအပြည့်နဲ့ ကစားဟန်က ပိုပြီးအဖိုးတန်လွန်းနေတယ်။ အိပ်ရေးပျက်ခံပြီး ကြည့်ခဲ့ရတဲ့ ဒီပွဲအတွက် ကျေနပ်နေမိတာ အမှန်ပါပဲ။ ကွာတားဖိုင်နယ်လ်အဆင့်မှာ အ၀ါရောင် ဘရာဇီးလ်တွေနဲ့ လိမ္မော်ရောင် ဟော်လန်တို့ ထိပ်တိုက်တွေ့မှုကတော့ စိတ်ဝင်စားစရာ ကောင်းနေဦးမှာပါ။ စောင့်ကြည့်ကြသေးတာပေါ့။
Man of the Match - ရော်ဘင်ဟို (ဘရာဇီးလ်)
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၉ ရက်၊ အင်္ဂါနေ့။
နံနက် ၁၀ နာရီ ၁၁ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၉ ရက်၊ အင်္ဂါနေ့။
နံနက် ၁၀ နာရီ ၁၁ မိနစ်တွင်ပြီး၏။
No comments:
Post a Comment