Sunday, June 13, 2010

နိုင်ငံရေးအပြောင်း၊ စီးပွားရေးအပြောင်းနှင့် လူလတ်တန်းစားပေါ်ထွန်းခွင့် - အောင်ထွဋ်

မြန်မာနိုင်ငံတွင် အသစ်ရေးဆွဲထားသော အခြေခံဥပဒေသစ်အရ စနစ်သစ်တစ်ခုသို့ ကူးပြောင်းမည်ဖြစ်ပြီး ကနဦးအသွင်ကူးပြောင်းရေး ကာလတွင် စနစ်ပြောင်း အုပ်ချုပ်သူမပြောင်းဆိုသော ပုံသဏ္ဌာန် ဖြစ်လိမ့်မည်ဟု ခန့်မှန်းရေးသားခဲ့ဖူးပါသည်။ ဆိုလိုသည်မှာ နိုင်ငံရေးစနစ်ပုံသဏ္ဌာန် ပြောင်းလဲသွားမည်ဆိုသော အချက်ဖြစ်ပေသည်။ တစ်ဖက်တွင်လည်း နိုင်ငံရေးနှင့် စီးပွားရေးတို့မည်သည် ခွဲခွာ၍မရသောကြောင့် နိုင်ငံရေးစနစ်ပုံသဏ္ဌာန် ပြောင်းလဲသည်နှင့်အမျှ စီးပွားရေးပုံသဏ္ဌာန် ပြောင်းလဲသွားသည်ကိုလည်း အသေအချာ တွေ့မြင်ရတော့မည် ဖြစ်သည်။

နိုင်ငံရေးပြောင်းလဲမှု
နိုင်ငံရေးပြောင်းလဲမှုကို ယခုအခါ စာဖတ်သူများကိုယ်တိုင် စတင်တွေ့မြင်နေရပြီ ဖြစ်ပါသည်။ ပြောင်းလဲမှု၏ အတိုင်းအဆကို မခန့်မှန်းနိုင်သော်လည်း တစ်ပါတီစနစ်၊ အချုပ်အခြာအာဏာ အားလုံးပေါင်း၍ တစ်ပေါင်းတည်းကျင့်သုံးသောစနစ်မှ ပါတီစုံစနစ်သို့ ကူးပြောင်းရန် နိုင်ငံရေးပါတီများ ထူထောင်ခွင့်ပြုခဲ့သောကြောင့် ယခုအခါ နိုင်ငံရေးပါတီသစ် ၄၀ ကျော် ပေါ်လာခဲ့သည်ကို တွေ့ရသည်။ အကန့်အသတ်များစွာရှိသည့်တိုင် အောက်ထစ်ဆုံ လာမည့်ရွေးကောက်ပွဲနေ့တွင် ထိုပါတီများ ယှဉ်ပြိုင်ခွင့်ရပါလိမ့်မည်။

အသစ်ပေါ်လာသော နိုင်ငံရေးစနစ်တွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်အားလုံးကို လူတစ်ဦး၊ ကော်မတီတစ်ခုခု၊ ကောင်စီတစ်ခုခုက ထုတ်ပြန်ခွင့်မရှိတော့ဘဲ လွှတ်တော်ပေါ်မှ မဲခွဲဆုံးဖြတ် အတည်ပြုသည့် စနစ်ဖြစ်ရာ နိုင်ငံရေးပြောင်းလဲမှုတွင် ဤအချက်က များစွာ အခရာကျသည်ကို တွေ့ကြရမည်ဖြစ်သည်။

ရွေးကောက်ပွဲရလဒ်များကို မသိရနိုင်သေးသောကြောင့် လွှတ်တော်ပေါ်မှ ဥပဒေပြုလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ခန့်မှန်းရန် ခက်ခဲနေသေးသော်လည်း ၄၉၈ ဦး ရွေးချယ်တင်မြှောက်ရမည့် လွှတ်တော်နှစ်ရပ်ပေါ်တွင် ပြည်သူလူထုအကျိုးစီးပွားကို လိုလားသူ ၃၃၃ ဦး ရှိနေရုံဖြင့် စီးပွားရေးဆိုင်ရာ အခက်အခဲများ ပြေလည်သွားနိုင်ပါလိမ့်မည်။ အခက်အခဲများအနက် Man Made Obstacles များက အရေးကြီးပါသည်။

စီးပွားရေးပြောင်းလဲမှု
ဈေးကွက်စီးပွားရေးစနစ်တွင် နိုင်ငံတော်များ၏ တာဝန်ဆိုသည်မှာ နိုင်ငံသားတိုင်းကို မက်လုံးများ၊ လုပ်ပိုင်ခွင့်များ တန်းတူရည်တူ ပေးအပ်၍ နိုင်ငံသားတိုင်းကို အလုပ်လုပ်စေကာ နိုင်ငံသားတိုင်းလည်း ပန်းတိုင်ရောက်စေ၍ နိုင်ငံတော်ကိုလည်း ပန်းတိုင်ရောက်စေသည့် စနစ်ဖြစ်သည်။

မူအုပ်ချုပ်သော စနစ်ဆိုသည်မှာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်အားလုံး လွှတ်တော်၏ အတည်ပြုချက်လိုသော စနစ်တွင် လူတစ်ဦးဦးက အမိန့်ထုတ်၍ မရတော့သောကြောင့် လူကြောင့်ဖြစ်သော အခက်အခဲများ ပြေလည်သွားမည်ဟု ဆိုလိုခြင်းဖြစ်ပေသည်။

မြန်မာနိုင်ငံဈေးကွက်ကြီးအတွင်း ယုလောလောဆယ် ဖြစ်ပျက်နေသော ပြောင်းလဲမှုများစွာတို့ကိုကြည့်လျှင် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုများစွာကို မြင်တွေ့နေရပေသည်။ စီးပွားရေးအခွင့်အလမ်းသစ်များ ဖော်ထုတ်လာခြင်း၊ နေရာချထားခြင်း စသည်များ ပြုလုပ်နေပုံကိုကြည့်လျှင် အနာဂတ်တွင် မည်သို့ဖြစ်တော့မည်ကို ခန့်မှန်းနိုင်ပါသည်။ များစွာသေချာသည်မှာ အနာဂတ်တွင် လူဆုံးဖြတ်ခွင့် မရှိတော့ဘဲ မူဆုံးဖြတ်သည့်စနစ်သို့ ကူးပြောင်းတော့မည်ဖြစ်၍ ယနေ့ ကြိုတင်ဆုံးဖြတ်ခြင်းများကို မြင်တွေ့နေရခြင်း ဖြစ်ပါသည်။ စီးပွားရေးစနစ် အသေအချာ ပြောင်းလဲသွားတော့မည်ဆိုသည့် သဘောဖြစ်ပါသည်။

လွန်ခဲ့သောလက ဆုံးဖြတ်ခဲ့သည့် ဆိုက်ရောက်ဗီဇာ ထုတ်ပေးသောစနစ်သည် မြန်မာနိုင်ငံ၏ ကမ္ဘာ့လှည့်ခရီးသွား လုပ်ငန်းနယ်ပယ် အကြီးအကျယ်ပြောင်းလဲရန် အဆုံးအဖြတ်တစ်ခု ဖြစ်ခဲ့ပါသည်။ မကြာမီ အလားတူထင်ရှားသော အခြေခံပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်ဖွယ်ရှိပြီး လူလတ်တန်းစားဖြစ်ခွင့်သာသော အခြေအနေတစ်ရပ် ဖြစ်ထွန်းလာလိမ့်မည်ဟု မျှော်လင့်ရပါသည်။

No comments:

Post a Comment