အနက်နှစ်မျိုး
စာရေးသူတို့ဇနီးမောင်နှံ နယူးယောက်မြို့သို့ ရောက်ရှိနေစဉ်၌ သားနှင့်သမီးတို့က စနေ၊ တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်တွင် မြို့ကြီးအသီးသီးသို့ လိုက်ပို့သည်။ ထိုအထဲ ဘော့စတွန်မြို့လည်းပါသည်။ ဘောစတွန်မြို့၌ ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ် ရှိလေရာ စာရေးသူတို့ ၀င်လည်သည်။ ဟားဗတ်တက္ကသိုလ်နှင့် မက်ဆာချူးဆက်တက္ကသိုလ်တို့သည် တစ်မြို့တည်း၌ ရှိသည်။ ဟားဗတ်တက္ကသိုလ် စာအုပ်ဆိုင်၌ စာအုပ်များဝယ်ပြီးနောက် မက်ဆာချူးဆက်တက္ကသိုလ် ကျောင်းသားများအတွက် ဖွင့်လှစ်ထားသော စားသောက်ဆိုင်၌ ထမင်းဝင်စားကြသည်။
ရန်ကုန်ပြန်ရောက်သောအခါ ဟားဗတ်မှဝယ်လာသော ဒီမိုကရေစီအကြောင်း စာအုပ်ကို ဖတ်ကြည့်သည်။ မြန်မာ့ဒီမိုကရေစီနှင့် အညွှန်းချင်း ဘာခြားနားသနည်းဟု စူးစမ်းကြည့်သည်။ ဟားဗတ်တက္ကသိုလ် နိုင်ငံရေးသိပ္ပံပညာရှင် ဘားနပ်ကရစ်က ဒီမိုကရေစီကို အခြေခံအားဖြင့် နှစ်မျိုးအကဲဖြတ်သည်။ ပထမအပိုင်းအခြား၌ ဒီမိုကရေစီသည် ပြည်သူ့ရေးရာတို့၌ လူထု၏ ပါဝင်ပတ်သက်မှုဖြစ်၍ ဒီမိုကရေစီသည် အစိုးရပုံသဏ္ဌာန်တစ်ရပ်ကို ညွှန်းသည်။ ဒုတိယလက္ခဏာမှာ အခွင့်အရေးပိုင်း ဖြစ်သည်။
လက္ခဏာခြောက်ပါး
အထူးသဖြင့် ဒီမိုကရေစီကို အင်စတီကျူးရှင်းဆိုင်ရာ လက္ခဏာတို့ဖြင့် အောက်ပါအတိုင်း ဖော်ပြထားသည်ကို တွေ့ရသည်။
(၁) အရွေးချယ်ခံကိုယ်စားလှယ်စနစ်၊ အစိုးရကို လွှတ်တော်က ထိန်းချုပ်ရမည်ဟု ရည်ညွှန်းသည်။
(၂) လွတ်လပ်၍ တရားမျှတပြီး မကြာခဏကျင်းပပြုလုပ်သော ရွေးကောက်ပွဲများ၊
(၃) လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊
(၄) သီးခြားလွတ်လပ်သော သတင်းအချက်အလက် ရင်းမြစ်တို့ထံမှ သတင်းအချက်အလက် ရပိုင်ခွင့်၊
(၅) လွတ်လပ်စွာ စည်းရုံးဖွဲ့စည်းခွင့်နှင့်
(၆) အခွင့်အရေးရပိုင်ခွင့်ရှိသော နိုင်ငံသား၊ ဥပမာ- မဲဆန္ဒပေးပိုင်ခွင့် ဟူ၍ဖြစ်သည်။
ဟားဗတ်တက္ကသိုလ် ဒီမိုကရေစီ အချေအတင်ဆွေးနွေးမှု၌ သီးခြားလွတ်လပ်သော တရားစီရင်ရေးကို ပဝေသဏီကပင် လက်ခံထားပြီးဖြစ်၍ မော်ဒန်ဒီမိုကရေစီရေးရာတွင် သီးခြားရှင်းလင်းရန်မလိုဟု ပညာရှင်တစ်ဦးက ဆိုသည်။ အခြားပညာရှင်တစ်ဦးကမူ သီးခြားလွတ်လပ်သော တရားစီရင်ရေးစနစ်ကို အစိုးရကောင်း ပေါ်ထွန်းရေးနှင့် စပ်ဟပ်စဉ်းစားကြည့်ရန် လိုသည်ဟုပြောကာ အချက်တစ်ချက်ကို ရည်ညွှန်းပြသည်။
မရှိအပ်
၂၁ ရာစုနှစ်ကို ကိုင်လှုပ်မည့် "အိုင်ဒီယာများ" စာအုပ်ကိုလည်း ၀ယ်မိသည်။ ထိုအထဲမှ အညွှန်းတစ်ခုသည် စိတ်ဝင်စားစရာကောင်း၍ မြန်မာနိုင်ငံနှင့် စပ်ဟပ်ဆီလျော်သည်ကို တွေ့ရသည်။ ဤအချက်မှာ လူပုဂ္ဂိုလ်ဖြစ်စေ၊ ပါတီခေါင်းဆောင်ဖြစ်စေ၊ စစ်ခေါင်းဆောင်ဖြစ်စေ မိမိတို့အာဏာရလျှင် မိမိယုံကြည်သောဝါဒကို နိုင်ငံတော်ဝါဒဖြစ်အောင် ကြိုးပမ်းသောဓလေ့ဖြစ်သည်။ ၂၁ ရာစုခေတ်၌ အာဏာရသူက မိမိဝါဒကို နိုင်ငံတော်ဝါဒ သို့မဟုတ် တစ်မျိုးသားလုံးက အကြွင်းမဲ့လိုက်နာရမည့် ၀ါဒအဖြစ် သွတ်သွင်းခြင်းကို အာဏာရှင်စနစ်အဖြစ် သတ်မှတ်သည်။ ဤခေတ်ကုန်ပြီ။ လာမည့် မြန်မာ့ဒီမိုကရေစီ၌ လွှတ်တော်သုံးရပ်နိုင်ငံရေး ပေါ်ထွန်းလာမည်ဖြစ်၍ ဆိုခဲ့ပါအတိုင်း ၀ါဒ သို့မဟုတ် အတွေးအခေါ်တစ်ရပ်ကို အာဏာချုပ်ကိုင်သူက နိုင်ငံတော်ဝါဒအဖြစ် သွတ်သွင်းရန် အခွင့်အလမ်း ရှိမည်မဟုတ်ပေ။ ဤသို့ ကြိုးစားရန်လည်း မသင့်ပြီ။ ပါတီစုံဒီမိုကရေစီသည် သဘောတရားစုံ ဒီမိုကရေစီဖြစ်အပ်သည်။ ယခုခေတ်စကားနှင့်ပြောလျှင် ပလက်ဖောင်းစုံဒီမိုကရေစီ Multi-platform democracy ဖြစ်မည်။ အစကတည်းက အငြင်းပွားမှုကို အားပေးရမည်။
No comments:
Post a Comment