အထူးသဖြင့် ၎င်းတို့ထက် အစစအရာရာ သာလွန်နေသည့်အပြင် ဗိုလ်စွဲရန်ပါ ရေပန်းစားနေသော ဘရာဇီးအသင်းကို သူတင်ကိုယ်တင် ကစားကာ နှစ်ဂိုး တစ်ဂိုးဖြင့် ပွတ်ခါသီကာ ရှုံးနိမ့်ခဲ့ပြီး ဂိုးပြတ်အသွင်းခံရသော်လည်း ပွဲပြီးချိန်အထိ ပေါ်တူဂီအသင်းအား မဆုတ်မနစ် အားထုတ်ယှဉ်ပြိုင်သွားသော မြောက်ကိုရီးယားအသင်း၏ စိတ်ဓာတ်မှာ များစွာလေးစားစရာ ကောင်းလှပေသည်။ ပြိုင်ပွဲတိုင်း ရှုံးနိမ့်လင့်ကစား ကမ္ဘာတစ်ဝန်းလုံးမှနေ၍ အားပေးကြည့်ရှုနေကြသူ ပရိသတ်အားလုံး၏ လေးလေးစားစား အသိအမှတ်ပြုမှုကို ခံရခြင်းမှာ မြောက်ကိုရီးယားနိုင်ငံနှင့် နိုင်ငံသားအားလုံး၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ခြင်းပင် ဖြစ်ပါသည်။
ဘောလုံးအားကစားသည် တစ်ဦးကောင်းတစ်ယောက်ကောင်းဖြင့် ယှဉ်ပြိုင်၍ မရသည့်အလျှောက် နည်းပြအပါအ၀င် အသင်းသားအားလုံး တစ်စိတ်တစ်ဝမ်းတည်း တက်ညီလက်ညီရှိနေရန် များစွာအရေးကြီးပါသည်။ အထူးသဖြင့် နိုင်ငံနှင့် ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြု ပြိုင်ပွဲဝင်ရသည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အသင်းသားအားလုံး၏ ဂုဏ်သိက္ခာသာမက နိုင်ငံနှင့် နိုင်ငံသားအားလုံး၏ ဂုဏ်သိက္ခာကိုလည်း ကိုယ်စားပြုနေပါသည်။ ထို့အတွက် အနိုင်ရရှိရေး၊ မိမိအသင်းနှင့် မိမိနိုင်ငံဂုဏ်ကို မြှင့်တင်ရေးဆိုသော စိတ်ဆန္ဒဖြင့် အားထုတ်ယှဉ်ပြိုင်ကြရခြင်း ဖြစ်ပေသည်။
မည်သို့သော ပြိုင်ပွဲမဆို ချန်ပီယံဆုရရှိရေးသည် ပြိုင်ပွဲဝင် အသင်းတိုင်းအတွက် အမြင့်မားဆုံး မျှော်လင့်ချက်ဖြစ်ပါသည်။ ဤနေရာတွင် ချန်ပီယံဆု ရခြင်းမရခြင်းထက် မိမိတို့ကို မျှော်လင့်ချက်ကြီးမားစွာ စောင့်စားကြည့်ရှု အားပေးနေကြသည့် မိမိတို့ နိုင်ငံသားများအတွက်ဟူသော စိတ်ဖြင့် ပြိုင်ပွဲတိုင်းကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ခြေကုန်ထုတ် ယှဉ်ပြိုင်ရေးက အရေးအကြီးဆုံးဟု ဆိုချင်ပါသည်။ နောက်ဆုံး မိမိတို့အသင်းအပေါ် မမျှမတ ဆက်ဆံနေစေကာမူ မိမိတို့ကိုယ်စားပြုနေသော နိုင်ငံနှင့် ပြည်သူလူထုအတွက် အကောင်းဆုံးယှဉ်ပြိုင် ကစားကြမည့် တာဝန်ရှိပေသည်။ သို့မဟုတ်ပါပဲ မိမိတို့အတ္တ၊ လောဘ၊ မကျေနပ်ချက်၊ ဒေါသ၊ စိတ်ခံစားမှုများဖြင့် ယှဉ်ပြိုင်ပါက ရလဒ်ကောင်းများ မည်သို့မျှ မြင်တွေ့ရမည် မဟုတ်ပေ။
ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင်လည်း ဘောလုံးပွဲများနှင့် အလားသဏ္ဌာန်တူသော ပြိုင်ပွဲများကို အမြဲတစေ ယှဉ်ပြိုင်နေကြရပါသည်။ တစ်နည်းအားဖြင့်ဆိုရသော် ကျွန်ုပ်တို့ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းတစ်ရပ်လုံး အကျိုးအလို့ငှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအစရှိသော နယ်ပယ်အသီးသီးအလိုက် နေ့စဉ်နှင့်အမျှ ပြိုင်ပွဲများ ယှဉ်ပြိုင်နေရခြင်း ဖြစ်ပါသည်။ ထိုပြိုင်ပွဲများသည်လည်း ပြိုင်ပွဲတည်ရှိရာ နေရာဒေသ၏ နောက်ခံသမိုင်းကြောင်းနှင့် ထိုလူ့အဖွဲ့အစည်းရှိ လူအများစု၏ အသိပညာရေချိန်အပေါ် မူတည်ကာ အခြေအနေအမျိုးမျိုး၊ အကွေ့အ၀ိုက်၊ အလှည့်အပြောင်း အဖုံဖုံ ရှိတတ်ပါသည်။ ထို့အပြင် ပြိုင်ပွဲတိုင်းသည် ရေတိုခဏတာအတွင်း ပြီးဆုံးသွားမည်မဟုတ်ဘဲ ရေရှည်ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲများဖြစ်ပါသည်။ ထို့အတွက် မည်သို့သော အခြေအနေများ ရှိနေစေကာမူ ပြိုင်ပွဲတိုင်းကို မိမိတို့ ကိုယ်စားပြုနေသော ပြည်သူလူထုနှင့် လူ့အဖွဲ့အစည်းတစ်ရပ်အတွက် ဦးတည်ယှဉ်ပြိုင်ကြစေလိုကြောင်း အထူးဖော်ပြလိုရင်း ဖြစ်ပါသည်။
အယ်ဒီတာ (၂၄-၆-၂၀၁၀)
No comments:
Post a Comment