အရုပ်လို မမြင်ကြစမ်းပါနဲ့
ဒီတော့ ပြောချင်တာက "ဘုရားကို ဘုရားလို မြင်ကြစမ်းပါ၊ ရုပ်တုတော်ပေမယ့် အသက်ရှိနေသလို မြင်ကြစမ်းပါ" လို့ ဆိုချင်ပါတယ်။ စိတ်က သက်တော်ထင်ရှား ဘုရားကိုယ်တော်မြတ်တိုင်အောင် အာရုံယူကြစမ်းပါလို့ ပြောချင်ပါတယ်။
အဲဒီလို မြင်လာနိုင်မှ ဆွမ်းကပ်တဲ့အခါ အသက်ရှိတဲ့ ဘုရားကို ကပ်လှူနေရသလို ပူဇော်နေရသလို မြင်လာနိုင်ပါမတဲ့။ ဒီအခါမှာ ပန်းကန်ပြားသေးသေးနဲ့ ဆွမ်းကလေး နည်းနည်းပေါ်မှာ ဟင်းဖတ်ကလေးတွေပုံပြီး နတ်တင်သလို ပြုတဲ့အလေ့ကို ဘယ်လိုဆိုတာ မြင်လာပါလိမ့်မယ်။
ဆွမ်းတော်တင်လျှင် နည်းနည်းကလေး မလုပ်ပါနဲ့။ တစ်ပါးစာ ၀လောက်အောင် ပန်းကန်ပြားထဲ မောက်မောက်ဖြိုးဖြိုး ထည့်ပါ။ ဟင်းကိုလည်း မစုံချင်နေပါစေ။ ၂ ခွက်၊ ၃ ခွက်လောက်နဲ့ ၀လောက်အောင် အနေအထားမျိုး လှလှပပ ပြင်ပါ။ ရေကိုလည်း ဖန်ခွက်အကြီးစားနဲ့ အပြည့်အလျှံ ထည့်၍ လှူပါ။ လက်တစ်ဆစ်လောက် ခွက်ကလေးနဲ့ မလုပ်ပါနဲ့။ လှူဒါန်းထားတဲ့ ဆွမ်းပွဲက များလွန်းလို့ မစွန့်ပစ်နိုင်လျှင် ဝေယျာဝစ္စပြုသူဟာ သုံးစွဲကောင်းတာပဲ။ အချိန်ကုန်တဲ့အခါ စွန့်ပြီး စားကြပေါ့။ စားနိုင်ပါတယ်။ စားကောင်းပါတယ်။ အဲဒီလို ဘုရားကို အသက်ရှိတဲ့ အနေမျိုးနဲ့ မြင်ကြစမ်းပါ။
ဘုရားကို ကိုးကွယ်တဲ့နေရာမှာ ရှေးရိုးကျတဲ့လူပဲဖြစ်စေ၊ ခေတ်အမြင် မြင်တဲ့လူပဲဖြစ်စေ အသက်ရှိသလို မြင်ပါစေ။ သဘာဝကျကျ မြင်ပါစေ၊ သက်တော်ထင်ရှား ဘုရားကိုတိုင်အောင် စိတ်ကရောက်မှ သဘာဝကျမယ်။ ဒီတော့မှလည်း လှူဒါန်းပူဇော်နေရတဲ့ ကုသိုလ်စေတနာတွေဟာ တကယ့်သက်တော်ထင်ရှား ဘုရားအစစ်ကို လှူနေရသလို ဖြစ်မယ်။
No comments:
Post a Comment