ဘုရားက ကြိုက်မတဲ့လား
လူတွေက ခက်တယ်၊ ဘုရားပန်း ညှိုးတာထက် နတ်ပန်းညှိုးမှာ ကြောက်ကြတယ်။ နတ်က ယခုလက်ငင်း မဟုတ်လုပ်မှာကိုး။ ဒီလိုပဲ သူတို့ ယုံကြည်နေကြတယ်။ ဗုဒ္ဓဘာသာတွေလို့ အမည်ခံကြပေမယ့် မိရိုးဖလာစွဲလာခဲ့တဲ့ နတ်အစွဲက မကျွတ်ကြဘူး။ အခုခေတ် ရှင်လောင်းဆင်တာ တွေကလည်း ဘယ်လိုတွေမှန်း မသိဘူး၊ လူစင်စစ်က နတ်လိုလို သိကြားလိုလို ဖြစ်အောင် ဆင်နေကြတယ်။ သူတို့ အထင်ကြီးကြတာကိုး။ ပြီးတော့ ကိုးကွယ်တဲ့ ဘုရားဆင်းတုကိုလည်း နတ်ရုပ်လိုပဲ အချွန်တွေ အတက်တွေနဲ့ လုပ်ထားကြတယ်။ ဘုရားက ကြိုက်မတဲ့လားလို့ စဉ်းစားကြည့်ကြပါ။
ယခု လူတွေက ဘုရားဆင်းတုကို အရုပ်လောက်သာ မြင်နေကြတော့ ခက်တာပေါ့။
တညံညံ တကျက်ကျက်
ဘုရားရှင်ကိုယ်တော်မြတ်က တိတ်ဆိတ်ငြိမ်သက်မှုကို ကြိုက်ပါတယ်ဆိုမှ အခုခေတ် ကျောင်းဝင်းထဲ ပွဲအမျိုးမျိုး ခံ၊ တညံညံ တကျက်ကျက် လုပ်နေကြတယ်။ ဒါဟာ တို့နိုင်ငံထဲ သာသနာတော်မရောက်ခင်က လုပ်ကြတဲ့ နတ်ပူဇော်တဲ့ ပွဲမျိုးပဲ။
ဘယ် ဒါနစစ်လိမ့်မလဲ
"ပေးတယ်" ဆိုပေမယ့်လည်း သမီးရည်းစားပေးတဲ့ အပေးမျိုးတော့ မဟုတ်စေရဘူး။ သမီးရည်းစားပေးတာက ဒါနဆိုပေမယ့် ဒါနအစစ် မဟုတ်ဘူး။ သူ့အတွက်တော့ မချစ်တဲ့သူ ချစ်ခင်လာစေနိုင်တာပေါ့။ အဲဒီအကျိုးတော့ ရမှာပဲ။ ဒါပေမယ့် ကုသိုလ်တော့ ရချင်မှ ရမယ်။ သူ့စိတ်ကမှ မရိုးဘဲကိုး။ ပေးကမ်းတိုင်း အလှူမထင်လိုက်လေနဲ့။ တွန့်ဆုတ်တွန့်ဆုတ် ဒါနမျိုးကျတော့ အကျိုးပေးတဲ့အခါ မထက်သန်ဘူး။ ပေးကမ်းတုန်းကလို ထက်ထက်သန်သန်နဲ့ ပေးကမ်းခဲ့မှ အကျိုးပေးတော့လည်း ထက်သန်တယ်။ တချို့ ကြောက်လို့ ပေးရတာမျိုးလည်း ရှိသေးတယ်။ ဒါတွေကျတော့ ဘယ် ဒါနစစ်လိမ့်မလဲ။
No comments:
Post a Comment