ဘာမျှမရှိဘူး
လောကကြီးက ဟန်သမားမှ ကြည်ညိုကြတာ၊ ဟန်သမားမှ အထင်ကြီးကြတာ။ ဟန်သမားတွေ လုပ်တာကို ၀ိုင်းပြီး အဟုတ်မှတ်၊ ပြီးတော့ ဘာမျှလည်း မဟုတ်ဘူး။ ဟန်ပဲ ကျန်ရစ်တယ်။
ရှေးသရောအခါ ဗာရာဏသီပြည်မှာ ဘာစေ့ကြီးကို စိုက်တော့ ဘာပင်ကြီးပေါက်လာ၊ ဘာသီးကြီးတွေ သီး၊ ဘယ်က လူမှန်းမသိဘူး ရောက်လာပြီး ဘာသီးကြီးတွေကို ခွဲကြည့်တော့ အတွင်းမှာ ဘာမျှမရှိဘူးတဲ့ ဆိုတာလိုပဲ။ အခုလည်း ဘယ်လိုဟန်သမားတွေက ဘယ် ဘာတွေ လုပ်ပြနေကြမှန်း မသိဘူး။ ဘာလုပ်လုပ် အဟုတ်ထင်ကြတယ်။ ပြီးတော့လည်း ဘာမျှ မဟုတ်ကြဘူး။ ဘာမျှ မကျန်ရစ်ဘူး။
သီလကို မမေ့ကြနဲ့
ကိယ့်နည်းနဲ့ကိုယ် ကုသိုလ်ရအောင် ကြိုးစားကြပါ။ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ကုသိုလ်ရဖို့ လိုရင်း။ မလှူနိုင်လို့ရှိရင် သီလကိုသာ အားပြုပြီး ထိန်းပေးကြပါ။ အဖိုးအခ တစ်ပြားသားမျှ မကုန်ဘဲနဲ့ တန်ဖိုးအကြီးဆုံးရတဲ့ ကုသိုလ်ဆိုတာ ဒီသီလပဲ။ အခုခေတ်မှာ ဒါနတော့ ပြုကြပါရဲ့၊ သီလကို မေ့နေကြတယ်။ သီလကို မမေ့ကြနဲ့။ သီလကို အခြေခံပြီး ဘာဝနာတစ်ခုခုနဲ့ စိတ်ကိုကြီးမားအောင် ပြုပြင်ပေးကြ။
ခင်ခင်မင်မင် ကြင်ကြင်နာနာ
ဘုရားကိုယ်တော်မြတ်က အိမ်ရာတည်ထောင် လူ့ဘောင်မှာ မနေရဘူးလို့ မမိန့်ပါဘူး။ လူဖြစ်လျှင် လူ့သီလ လုံခြုံဖို့တော့ မိန့်တယ်။ ဇနီးမောင်နှံဖြစ်ကြလျှင် တစ်ဦးအပေါ်တစ်ဦး ခင်ခင်မင်မင် ကြင်ကြင်နာနာ ရှိကြဖို့၊ မေတ္တာနဲ့ ကရုဏာနဲ့ နေကြဖို့၊ တရားမျှတဖို့ အမိန့်ရှိတယ်။
No comments:
Post a Comment