Saturday, October 09, 2010

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်

ရေထုတ်မြောင်းက ထုတ်ပစ်ခြင်း
ဘုရားကိုယ်တော်မြတ်ကြီးကတော့ လောကရော သံသရာပါ နှစ်ဖြာစလုံး ကြီးပွားဖို့ ဟောကြားထားတာ။ ဒါကို လက်ခံမယူနိုင်ကြဘူးဆိုတော့ နာတာပေါ့။ ရေကန်ကြီးတစ်ခုမှာ ရေ၀င်ပေါက်တွေများပြီး ရေထွက်ပေါက် နည်းနေရင် ဒီကန်ကြီး ကြာကြာမခံနိုင်ဘူး။ မကြာခင် ပျက်စီးမယ်။ တစ်ဖန် ရေ၀င်ပေါက်က နည်းနေပြီး ရေထွက်ပေါက်က များနေပြန်ရင်လည်း ရေတွေ အကုန်ထွက်ကုန်လို့ ဒီကန်ကြီး ခြောက်ကပ်ကပ် နေပြန်ဦးမယ်။ ဒီအတိုင်းပဲတဲ့၊ လူ့လောကမှာ စီးပွားရေးတွေ အ၀င်များပြီး မသုံးမစွဲဘဲ လှောင်သိမ်းထားလို့ရှိရင် ရန်သူမျိုးငါးပါး ဖျက်ဆီးခံကြရမယ်။ အထွက်များပြီး အ၀င်မရှိပြန်ရင်လည်း မွဲနိုင်တယ်။ ဒါကြောင့် ရှာဖွေထားတဲ့ စီးပွားရေးဆိုတာ ထိုက်သင့်သလောက်လည်း သုံးစွဲစားသောက်ရမယ်။ လှူသင့်သလောက်လည်း လှူရမယ်။ ဒါဟာ ရေထုတ်မြောင်းက ထုတ်ပစ်ခြင်းပဲ။

ဖို့နှစ်ဖို့
စီးပွားရှာတဲ့အခါ အကုသိုလ်တွေ မများဘဲ ရှာနိုင်ရင် အကောင်းဆုံးပဲ။ တစ်ဖက်သားကို မတန်တဆ နှိမ်ပြီး ရောင်းတယ်၊ ၀ယ်တယ် မလုပ်ကြပါနဲ့။ စေတနာနဲ့ မေတ္တာ ရှေ့ထားပြီးတော့ ရောင်းကြ၊ ၀ယ်ကြရပါမယ်။ သူဖို့ ကိုယ့်ဖို့ဆိုတဲ့ ဖို့နှစ်ဖို့ ထားကြရပါတယ်။ ကိုယ်ကြမ်း နှုတ်ကြမ်းနဲ့ အမူအရာတွေလည်း မကြမ်းစေကြရပါဘူး။

No comments:

Post a Comment