Wednesday, May 22, 2013

မူရာမာယာ များတတ်သူများ


ဒွိတရိ ပတိ နာရီ စ၊
ဝိဟာရဒွိတရိ ဘိက္ခု။
သကုဏော ဒွိတရိ ပါသဉ္စ၊
ကတမာယာ ဗဟုတရံ။

နှစ်လင် သုံးလင် ပြောင်းပြီးသော မိန်းမ။
နှစ်ကျောင်း သုံးကျောင်း ပြောင်းပြီးသော ရဟန်း။
ကျော့ကွင်းမှ နှစ်ကြိမ် သုံးကြိမ် လွတ်ပြီးသောငှက်။
ဤသူတို့ကား မူရာမာယာ များတတ်ကုန်၏။

Tuesday, May 21, 2013

မျောက်နှင့်လင်းယုန် ငိုပွဲဆင်၍ အမှိုက်ကောက်သူများ သင်္ကန်းဝတ်ပြီး ပြည်နယ်တောင်းသတဲ့လား


(က)
မျောက်ကလေးက လက်အငြိမ်မနေဘဲ ဟိုပစ်ဒီပစ် လျှောက်လုပ်တယ်။ လင်းယုန်ကြီးကလည်း ပါးစပ်က ပြောတော့သာ သံခင်းတမန်ခင်း၊ လက်တွေ့ကျတော့ ဒီလကုန်မှာ တိုက်ချင်းပစ် ပစ်ပြဦးမတဲ့။ အိမ်နီးချင်း ငှက်ကျားကလည်း မျောက်ကလေး အငြိမ်မနေတာသာ ကြည့်မရတယ်။ သူကိုယ်တိုင်ကျတော့ လင်းယုန်နဲ့ပေါင်းပြီး အတူပျံရတာနဲ့၊ အတူလေ့ကျင့်ရတာနဲ့၊ အတူရေငုပ်ရတာနဲ့....။ မျောက်ကလေး ဆွေ့ဆွေ့ခုန်မယ်ဆိုလည်း ခုန်လောက်ပါတယ်။ လင်းယုန်ကြီးရဲ့ ရန်သူတော်ဟောင်းကြီး ၀က်ဝံကြီးက အမျိုးတူ မျောက်ကလေးကို ဟန်ပြလောက်ပဲ အပြစ်တင်တယ်။ နဂါးကြီးကတော့ အကောင်းအဆိုး သိပ်ပြီးတော့ မပြောလှဘူး။ ဒါပေမယ့် မျောက်ကလေးအရေးမှာ ၀က်ဝံနဲ့ နဂါး သင့်သင့်မြတ်မြတ် ဖြစ်နေတာကတော့ အမှန်ပဲ။ မျောက်ကလေးရဲ့ရန်ဘက် ကြိုးကြာလေးခမျာလည်း မျောက်ကလေးကိုကြောက်ရ၊ လင်းယုန်နဲ့သင့်မြတ်အောင်လုပ်ရ၊ နဂါးကြီးနဲ့ ပဋိပက္ခတွေကလည်း သောင်တင်ရေမကျ။ အခုနောက်ဆုံး မျောက်ကလေး ဆော့လိုက်တဲ့ ခဲ ၄ လုံးကြောင့် ကမ္ဘာ့ရွာကြီးတစ်ခုလုံး အုတ်အော်သောင်းနင်း၊ စိုးရိမ်တကြီး၊ စိတ်ဝင်တစား ဖြစ်ခဲ့ကြရတယ်။ မျောက်ကလေးက အစာရဖို့ လက်ဆော့တာလား၊ တမင်ရန်စတာလား၊ ဘယ်သူမှ မသိနိုင်။ အနီးကပ်နေရတဲ့ ငှက်ကျားတို့ခမျာ မလုံခြုံ၊ မအေးချမ်းနိုင်တော့။ ကဲ... မျောက်ကလေးလက်ချက်နဲ့ လင်းယုန်ကြီးပဲ ကားယားကျမလား။ လင်းယုန်ကပဲ မျောက်ကလေးကို လက်သည်းနဲ့ ကုတ်သွားနိုင်မလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရုံမှတစ်ပါး။

(ခ)
ငိုတာတွေ သိပ်ခေတ်စားနေပါ့လား။ ကိုဉာဏ်တောင် ငိုချင်စိတ်တွေ ပေါက်သွားမိတယ်။ သူ့ဟာသူ ငိုတဲ့ကိစ္စကို ကိုရွှေမြန်မာတွေ ဘာသာပြန်ကောင်းလိုက်ပုံက ဖတ်ရသူရင်ထဲ နင့်ခနဲဖြစ်ပြီး မျက်ရည်တွေ ပေါက်ပေါက်ကျသွားရတယ်။ တစ်ချိန်က လက်ခုပ်လက်ဝါးတီးပြီး အားပေးခဲ့ရတဲ့၊ သူ့ရဲ့ဟန်ပန်၊ သူ့ရဲ့ ကစားဟန်တွေကို အသည်းစွဲနှစ်ကြိုက်ခဲ့ရတဲ့ ပရိသတ်တစ်ဦးအနေနဲ့ ကျွန်တော်လည်း စိတ်မကောင်းဖြစ်မိပါတယ်။ မြက်ခင်းစိမ်းစိမ်းတွေပေါ်မှာ သူ့ကို ကျွန်တော်တို့ မြင်တွေ့ခွင့်မရှိတော့ဘူး။ မြေပုံညွှန်းပေးပြီး ကန်လိုက်သလား အောက်မေ့ရတဲ့ တိကျတဲ့ သူ့ရဲ့ဖြတ်တင်ဘောတွေကို ထပ်မံပြီး မြင်တွေ့ခွင့်မရှိတော့ဘူး၊ ဒီဇိုင်းအမျိုးမျိုးပြောင်းပြီး မင်းသားရှုံးလောက်တဲ့ သူ့ရဲ့ကွင်းတွင်းပုံရိပ်တွေလည်း မြင်ရတော့မှာ မဟုတ်ပါဘူး။ သားသမီးတွေ တပြုံကြီးနဲ့ ပျော်ရွှင်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါရဲ့။

(ဂ)
အမှိုက်ကောက်ခွင့်မရတာကို ဘာကိစ္စ ရေးကြီးခွင်ကျယ်လုပ်ပြီး ရှဥ့်အ၀ှာကို အနာလုပ်နေကြသလဲ။ ကြားရတဲ့၊ ဖတ်ရတဲ့ သတင်းလေးအပေါ် သူများတွေ မှတ်ချက်ပြုတာတွေ၊ ဝေဖန်တာတွေလောက်ကို နားထောင်ပြီး ကိုယ်တိုင်စဉ်းစားသုံးသပ်မှုမရှိဘဲ ဝေလေလေ လိုက်လုပ်တဲ့လူ သိပ်များတယ်။ ကျွန်တော်ကိုဉာဏ်ဆိုတဲ့ ခပ်ညံ့ညံ့ကောင်ကလည်း ကျုပ်ကို အကြောင်းတစ်ခုခုပြပြီး မုန်းတဲ့လူတွေကို လေးစားတတ်တဲ့လူမျိုး။ အဲဒီအကြောင်းပြချက်က ဆီလျော်တာ၊ မဆီလျော်တာကို ကျုပ်က စိတ်ကိုမ၀င်စားတာ။ အဲဒါက တစ်ဖက်လူရဲ့ ကိစ္စကိုး။ အဲ... သူများမုန်းလို့ ကျုပ်ကို လိုက်မုန်းတဲ့လူများတော့ ရွံလွန်းလို့ တံတွေးတောင် လှည့်မထွေးချင်ဘူး။ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ပိုင်ခံယူချက်မဟုတ်ဘဲ သူများနှာခေါင်းပေါက်နဲ့ အသက်ရှူနေတဲ့လူတွေကို သိပ်မုန်းသပေါ့ဗျာ။ အမှိုက်ကောက်ခွင့်မရတာကို ဝေဖန်ကြတဲ့လူတွေကို မေးချင်တယ်။ သူများပြောတဲ့အတိုင်း ဝေလေလေ လိုက်ပြောတာလား၊ ကိုယ်တိုင်စဉ်းစားသုံးသပ်ပြီး ခံယူချက်အတိုင်း ဝေဖန်တာလား။ ဒီမယ်... ဦးကျော်သူ၊ ခင်ဗျားသာ အမှိုက်ကိစ္စကို တကယ်စေတနာရှိရင် ဘယ်သူ့ကိုမှ ပြောစရာမလိုဘူး၊ ဘယ်သူ့ဆီကိုမှလည်း စာတင်စရာမလိုဘူး၊ ဘယ်သူ့ခွင့်ပြုချက်မှလည်း ရှိစရာမလိုဘူး။ ကျုပ်တို့ အဘိုးတွေ၊ အဘွားတွေ၊ အဘေးတွေ၊ အဖေတွေ၊ အမေတွေ လက်ထက်ကတည်းက လမ်းပေါ်မှာ အမြင်မတော်တဲ့အမှိုက် ဒီလိုပဲ ကောက်ပြီး သင့်လျော်ရာကို ပစ်ခဲ့ကြတာပဲ မဟုတ်လား။ အခုမှပဲ အမှိုက်ကောက်တာကို အခမ်းအနားကြီး တစ်ခုလိုလုပ်၊ မီဒီယာတွေထက်မှာဖော်ပြ၊ နာမည်ကြီးလူတွေစု၊ အမလေးဗျာ... သေသွားတဲ့ ကျုပ်တို့ရဲ့ ဘိုးဘေးတွေ တမလွန်ကနေ ဒီသတင်းကြားရင် အူတက်ပြီး နှစ်ခါပြန် ထပ်သေကြကုန်ပါဦးမယ်။ ခင်ဗျားတို့ဟာက အမှိုက်ကောက်ချင်တာက နည်းနည်း၊ လူစုစုနဲ့ အင်အားပြချင်တာ၊ လှုပ်ရှားမှုလုပ်ပြချင်တာ၊ လူအာရုံစိုက်ခံချင်တာ၊ သူရဲကောင်းအထင်ခံချင်တာ၊ လက်ရှိအစိုးရကို ကျရာနေရာကနေ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ နှောင့်ယှက်ချင်တာ၊ အခက်ရစေချင်တာက ပိုနေတယ်လို့ ထင်တာပဲဗျာ။ ဦးကျော်သူတစ်ယောက် လမ်းလျှောက်ရင်း လမ်းပေါ်မှာတွေ့တဲ့ အမှိုက်တွေကိုကောက်၊ အမှိုက်ပုံးထဲမှာ လွှင့်ပစ်လိုက်လို့ တစ်ယောက်ယောက်က အရေးယူတယ်ဆိုရင် ခင်ဗျားအစား ကျုပ်အရေးယူခံမယ်ဗျာ။ ကျုပ်တို့လည်း ဒီလိုပဲ လမ်းပေါ်မှာ အမြင်မတော်တဲ့ အမှိုက်တွေ့ရင်၊ သစ်ကိုင်းခြောက်တွေ့ရင်၊ ခွေးသေကောင်တွေ့ရင် တတ်နိုင်သလောက် ဖယ်ရှားပစ်နေတာပါပဲ။ ဘယ်သူကမျှ ကျုပ်ကိုလာပြီး ခွင့်ပြုချက်မရဘဲ အမှိုက်ကောက်တယ်လို့ ပုဒ်မမတပ်ပါဘူး။ တစ်ခုတော့ ရှိတာပေါ့လေ။ ကျုပ်က ဘာအရောင်မှမပါဘဲ လုပ်ခဲ့တာကိုး။ ငယ်ငယ်ကတည်းက သဘောကျခဲ့ရတဲ့ မင်းသားတစ်ယောက်အနေနဲ့ အများကြီး ချစ်ခင်တယ်၊ လေးစားတယ်၊ သဘောကျတယ်။ နာရေးကူညီမှုအသင်းကို ဦးဆောင်သူတစ်ဦးအနေနဲ့ လုံးဝကို လေးစားတယ်၊ ဦးညွတ်တယ်၊ အားကျတယ်၊ သာဓုခေါ်တယ်၊ ချီးကျူးတယ်။ ကျွန်တော် အဲဒီလိုအလုပ်ကို မလုပ်ဝံ့ပါဘူး၊ မလုပ်ရဲသေးပါဘူး၊ မလုပ်နိုင်သေးပါဘူး။ ၀န်ခံပါတယ်။ သို့သော် ပရဟိတဘန်းပြပြီး နိုင်ငံရေးလှုံ့ဆော်တာလိုလို၊ အရောင်ဆိုးတာလိုလို လုပ်လာရင်တော့ ဆောရီးပဲ ဦးကျော်သူ။ ဝေဖန်စရာရှိတာ ဝေဖန်ရမှာပဲ။ ကောင်းမွန်တဲ့ ပရဟိတအလုပ်တွေနဲ့ပဲ ကုသိုလ်တွေယူစမ်းပါလို့ အကြံပေးပါရစေ ဦးကျော်သူ။ ကိုယ့်အမှိုက်ကိုယ်တောင် စနစ်တကျ မစွန့်ပစ်တတ်ဘဲ၊ လမ်းပေါ်မှာ အမှိုက်တွေ့ရင်တောင် အသိစိတ်နဲ့ မကောက်တတ်ဘဲ၊ လူအများကြီးစုပြီးမှ၊ ဆိုင်းဘုတ်ထောင်ပြီးမှ၊ ဂျာနယ်ထက်မှာသတင်းပါမှ၊ ဓာတ်ပုံတွေတဖျတ်ဖျတ်ရိုက်မှ အမှိုက်ကောက်တတ်တဲ့လူတွေကို ကျွန်တော်ကိုဉာဏ်က ထွေးပြီးသား တံတွေးထက်တောင် ရွံပါသေးသဗျာ။

(ဃ)
ဟိုသင်္ကန်းဝတ်ကလည်း အင်တာနက်မှာ သူ့အကြောင်းကို အမြဲတမ်းပြောစေချင်သလား မပြောတတ်ဘူး။ တစ်နေ့တစ်မျိုး လုံးဝကို မရိုးရဘူး။ သင်္ကန်းမ၀တ်ခိုင်းဘဲ တောင်ရှည်ပုဆိုး၊ တိုက်ပုံ၊ ခေါင်းပေါင်း ၀တ်ဆင်ပေးပြီး သမ္မတသာ တစ်ခါတည်း ခန့်လိုက်ချင်တော့တယ်။ သူများတွေ ကုလားနဲ့ပေါင်းရင် အဲဒါ ဆွဲဆောင်ခံရတာ၊ စည်းရုံးခံရတာ၊ ကိုယ်ခံအားမကောင်းတာ။ သူကိုယ်တိုင် ကုလားတွေနဲ့ ဖက်လဲတကင်း နေတယ်ဆိုတာ ပညာရှင်ပီသတာ၊ သံခင်းတမန်ခင်း ကျွမ်းကျင်တာ၊ လိုအပ်လို့လုပ်နေတာ၊ ဒီလိုမျိုးလား။ တင်သမျှသတင်းကလည်း မှုခင်းသတင်းဂျာနယ်တောင် လက်မှိုင်ချရလောက်တယ်။ သမ္မတကြီးဆီကိုတောင် သူ့ဆီလောက် တိုင်စာရောက်မယ်မထင်ဘူး။ အင်း... ကိုယ်တော်... ကိုယ်တော်... ကုလားတွေကို မြန်မာတွေလက်ခံတာ၊ လက်မခံတာတော့ တပည့်တော် သေချာမသိဘူး။ ကိုယ်တော့်ကိုကြည့်ပြီး ဗုဒ္ဓဘာသာကို အခြားလူတွေ အထင်အမြင်သေးကြရင်တော့ အင်း..... ရင်လေးဖွယ်ပါပဲဘုရား...။

(င)
ဝတွေက ပြည်နယ်တောင်းတယ်တဲ့။ တောင်းပေ့စေပေါ့။ တောင်းတာက သူတို့အလုပ်ပဲ။ မကျေနပ်ရင် အခြားတိုင်းရင်းသားတွေလည်း လိုက်တောင်းကြပေါ့။ တောင်းဆိုပိုင်ခွင့်ရှိပါတယ်။ ဖြစ်တာမဖြစ်တာကတော့ အဲဒီဒေသမှာနေတဲ့ ပြည်သူတွေနဲ့ဆိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၃ မှာ ပြဋ္ဌာန်းထားချက်တွေအရကိုး။ အခုဗျာ... ၀က ကိုယ်ပိုင်ပြည်နယ်အဖြစ် ထူထောင်ချင်တယ်မလား။ ရှမ်းပြည်နယ်မှာရှိတဲ့ ပြည်သူတွေရဲ့ အရေးကိစ္စဗျ။ ကျန်တဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေက ပြည်သူတွေမှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ ဒီလိုပြောလို့ မကျေနပ်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ဖတ်၊ ပြန်လေ့လာပေါ့။ ရှမ်းတွေကိုယ်တိုင်က လိုလိုလားလား ၀ပြည်နယ် ဖြစ်သင့်ပါတယ်ဆိုပြီး ဆန္ဒမဲပေးခဲ့ကြရင်တောင် ကိစ္စက မပြီးသေးဘူးဗျ။ ရှမ်းပြည်နယ်လွှတ်တော်မှာ ထပ်ပြီးတော့ မဲခွဲဆုံးဖြတ်ရဦးမယ်။ အဲဒီလို ဆုံးဖြတ်တဲ့အခါ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ လေးပုံသုံးပုံနှင့်အထက် ထောက်ခံဆန္ဒမဲရမှ သမ္မတက ပြင်ပေးမှာဗျ။ သေသေချာချာပြန်ဖတ်ကြည့်ပါဦး လေးပုံသုံးပုံနှင့်အထက်။ ကျွန်တော်ပြောပါတယ်ဗျာ... သူများယောင်တိုင်း လိုက်မယောင်ပါနဲ့လို့။ ရှင်းရှင်းလင်းလင်း တဲ့(ဒဲ့)ပြောရမလားဗျ။ ကြိုက်တဲ့ပြည်နယ်၊ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကြိုက်တဲ့လူတွေက ကိုယ်ပိုင်ပြည်နယ်တောင်းကြ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မဖြစ်သင့်ဘူးလို့ထင်ရင် (သဘောကတော့ ကာချုပ်သဘောမတူရင်) အဲဒီကိစ္စ ဖြစ်လာစရာအကြောင်း တစ်စက်မျှကို မရှိဘူးဗျို့။ လေးပုံသုံးပုံနှင့်အထက်ဆိုတာ တပ်မတော်သားကိုယ်စားလှယ် တစ်ဦးဖြစ်စေ ထောက်ခံဖို့ လိုအပ်တယ်လို့ ဆိုလိုတာဖြစ်ကြောင်း ကျွန်တော်ကိုဉာဏ်တော့ နားလည်မိပါသဗျို့။ တချို့ကိစ္စတွေမှာ ဂျာနယ်တွေဖွတိုင်း၊ ငါးစာချတဲ့လူတွေ မျှားတိုင်း သိပ်ပြီးတော့ လှုပ်လှုပ်ရှားရှား မဖြစ်စမ်းပါနဲ့ဗျာ။ ဒီခေတ်က ပညာခေတ်ဗျ။ အရာရာကို ပညာနဲ့စဉ်းစား၊ ပညာနဲ့ဆင်ခြင်၊ ပညာနဲ့...........။ ကျွန်တော့်သဘောလား။ ပြောစရာအကြောင်း တစ်စက်မျှကို မရှိဘူး။ ကျွန်တော်က ရှမ်းတိုင်းရင်းသားမဟုတ်သလို၊ ရှမ်းပြည်နယ်မှာလည်း နေတဲ့လူ မဟုတ်ဘူး။ အဲဒီတော့ နှာစေးနေလိုက်တာ ပိုမကောင်းဘူးလား။

စာကြွင်း
ခေါင်းစဉ်ကတော့ ဘယ်ရယ်မဟုတ်ဘူး။ စိတ်ရူးပေါက်ပြီး ပေးလိုက်တာ။ ဂျာနယ်တွေ အဖတ်များတော့ ခေါင်းစဉ်နဲ့ လုပ်စားတတ်ကြတာကို ဂုဏ်ပြုတဲ့အနေနဲ့ပေါ့။ အဓိပ္ပါယ်ရှိတာ၊ မရှိတာ၊ ဆီလျော်တာ၊ မဆီလျော်တာ အသာထား။ လောလောဆယ် ကျွန်တော်ရေးတဲ့ပို့စ်ကို လူစိတ်ဝင်စားပြီး ပေါက်ဖို့က အဓိက မဟုတ်လား။ ခက်တာက ကျွန်တော်က အကြော်လည်းမကြော်တတ်၊ လဲလဲလဲလဲလဲဆိုပြီး သီချင်းလည်း မဆိုတတ်၊ ဆိုင်းမပါဗုံမပါနဲ့ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုတာကို သီချင်းလုပ်ပြီးလည်း မဆိုတတ်။ အဲဒီတော့ ကျွန်တော် မတောက်တခေါက်တတ်တဲ့ ရေးသားနည်းလေးတွေနဲ့ ပေါက်အောင်လုပ်ရတာကို နားလည်ပေးဗျာ။ နားမလည်ပေးရင်လည်း ကိစ္စမရှိပါဘူး။ ကျွန်တော်က ခွင့်လွှတ်ပါတယ်။

အမှတ်တရ 
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ မေလ ၂၁ ရက်၊ အင်္ဂါနေ့။
မွန်းလွဲ ၂ နာရီ ၅၄ မိနစ်တွင်ပြီး၏။

အချိန်ရောက်မှ ချီးမွမ်းပါ


ဇိဏ္ဏမန္နံ ပသံသေယျ၊
ဒါရဉ္စ ဂတယောဗ္ဗနံ။
ရဏပုနာဂတာ သူရံ၊
သဿဉ္စ ဂေဟမာဂတံ။

အစားအစာကို အစာကျေသွားမှ ချီးမွမ်းရာ၏။
မယားကို အရွယ်ကျသွားမှ ချီးမွမ်းရာ၏။
စစ်သူရဲကောင်းကို တိုက်ပွဲမှ အောင်ပွဲရ၍ ပြန်လာခါမှ ချီးမွမ်းရာ၏။
ကောက်ပဲသီးနှံကို အိမ်ထဲကျီထဲရောက်မှ ချီးမွမ်းရာ၏။

Monday, May 20, 2013

မွေ့လျော်ခြင်း လေးမျိုး


ဟိံ ရမတိ ပင်၊
ဟင် ရမတိ ပေါက်။
ထီ ရမတိ ပု၊
ခု ရမတိ ဓံ။

ကျွဲသည် ရွှံ့ထဲ၌ မွေ့လျော်၏။
ဟင်္သာသည် ရေကန်၌ မွေ့လျော်၏။
အမျိုးသမီးသည် အမျိုးသား၌ မွေ့လျော်၏။
ရဟန်းသည် တရား၌ မွေ့လျော်၏။

Saturday, May 18, 2013

မီးဝေးလျှင် ချိတ်မာမည်


ပဉ္စ ရတျာ သုဂန္ဓဗ္ဗာ၊
သတ္တ ရတျာ ဓနုဂ္ဂဟာ။
ဧကမာသာ သုဘရိယာ၊
အဍ္ဎမာသံ သိဿာ မလာ။

တတ်လှစွာသော စောင်းသမားသည် ငါးရက်တာမျှ စောင်းနှင့် ကင်းကွာလျှင် ပျက်စီးသွား၏။
လက်ဖြောင့်လှသော လေးသမားသည် ခုနစ်ရက်တာမျှ လေးနှင့် ကင်းကွာလျှင် ပျက်စီးသွား၏။
သစ္စာရှိလှသော မယားသည် တစ်လတာမျှ လင်နှင့် ကင်းကွာသွားလျှင် ပျက်စီးသွား၏။
လိမ္မာလှသော တပည့်သည် လ၀က်တာမျှ ဆရာနှင့် ကင်းကွာလျှင် ပျက်စီး၏။

Friday, May 17, 2013

ရှဲရှဲနီ.... နံနက်ခင်း၊ ဦးဘုန်း (ဓာတု)



“ခီများကို ကီစွန်းတီခင်းပေးမယ်၊ ခီများ ဘာလုပ်မီလဲ”

“ရွှေပြည်မိုး” လက်ဖက်ရည်ဆိုင်၏ နံနက်ခင်းတစ်ခု။ ကျွန်တော်တစ်ယောက်တည်း ဂျာနယ်ကို သဲကြီးမဲကြီး ငုံ့ဖတ်နေသည်။ ကျွန်တော်ထိုင်နေသော စားပွဲသို့ လူနှစ်ယောက် လာပြီးထိုင်သည်။ စကားသံကြား၍ ဂျာနယ်ကို ဖတ်နေရင်း အကဲခတ်လိုက်သည်။ နှစ်ယောက်စလုံးက အားကစားဝတ်စုံကိုယ်စီနှင့် မန္တလေးကျုံးနံဘေး လမ်းလျှောက်ပြီး ပြန်လာကြသူများ ဖြစ်မည်ထင်သည်။

တစ်ယောက်က အသက်ကြီးကြီး မြန်မာအမျိုးသား၊ ကျန်တစ်ယောက်က တရုတ်လူမျိုး အဘိုးအို။

သူက “ကန်းစွန်းတစ်ခင်း ပေးမယ်၊ ဘာ လုပ်မလဲ”  ဟု မြန်မာသံ မပီမသဖြင့် မေးသည်။ သူ့မေးခွန်းကို ကျွန်တော် စိတ်ဝင်စားသွားသည်။ ကျန်တစ်ယောက်က ပြုံးပြီးဖြေသည်။

“ကန်စွန်းတစ်ခင်းပေးရင် … လွယ်လွယ်လေးပါ။ ကန်စွန်းရွက်ခူးပြီး ငါးစည်းကို တစ်ရာနဲ့ ဈေးမှာ ရောင်းစားမယ်ဗျာ၊ ဘာခက်တာမှတ်လို့”

အဖြေစကားကိုကြား၍ တရုတ်အဘိုးကြီးက ခေါင်းခါလိုက်သည်။

“အီဒါပဲဗျ၊ ခီများတို့က ကန်စွန်းရွက်ကို ခူးပြီးရောင်းစားမယ်၊ ဒါပဲသိလယ်။ ငေါ်ကတော့ အဲဒီကီစွန်းရွက်ကို ကီစွန်းရွက်ကြောလုပ်ပြီး ငွေရှာမယ်။ ခီများတို့က တက်တာဖို့ပဲ စဉ်းစားတယ်၊ တူးတက်ဖို့ မီစဉ်းစားဘူး”

ထိုသို့ အခြေအတင် စကားတွေပြောပြီး လက်ဖက်ရည်ဆိုင်မှ ထသွားကြသည်။

ကျွန်တော်ဖတ်နေသော ဂျာနယ်ထဲတွင် မန္တလေးမြို့အတွက် မင်္ဂလာအိမ်ရာစီမံကိန်းအကြောင်း၊ တံတားဦးလေဆိပ်ကို ဒီထက် အဆင့်မြှင့်တင်မည့်အကြောင်း၊ ဟိုတယ်ဇုန်များ တိုးချဲ့ဆောက်လုပ်မည့်အကြောင်း၊ ခရီးသွားလုပ်ငန်းမှ နိုင်ငံခြားငွေ တိုးချဲ့ရှာနိုင်မည့် နည်းလမ်းများအကြောင်းကို ဖတ်ရင်း လက်ဖက်ရည်ဆိုင်တွင် ဆက်ပြီးထိုင်နေမိသည်။

နာရီကို ငုံ့ကြည့်လိုက်သည်။ ၈နာရီကျော်ပြီ၊ ဆိုင်မှာလည်း လူစုံလာသည်။ ကျွန်တော့်သူငယ်ချင်း ကိုဝင်းမြင့် ရောက်လာသည်။ သူက Acid Man အမည်ဖြင့် စာရေးသည်။ Spider Man, Bat Man ကိုအားကျပြီး Acid Man ဟု အမည်ပေးထားခြင်း ဖြစ်သည်။ လွဲရင်ချော်ရင် သရော်မယ်ဆိုတဲ့ ကလောင်အမည်မျိုးပေါ့။ သူက သူ့သမီး “ပိစိ” ကို ဒေါ်မမနိုင်၏ အင်္ဂလိပ်စကားပြော သင်တန်းတွင် အပ်နှံထားသည်။ သင်တန်းက ၁၀နာရီမှ ဆင်းမည်။ သူ့သမီးကိုစောင့်ရင်း “ရွှေပြည်မိုး” လက်ဖက်ရည်ဆိုင်သို့ ရောက်လာခြင်းဖြစ်သည်။ သူ့ကို ကျွန်တော်နှင့် အတူထိုင်ဖို့ လှမ်းပြီးခေါ်လိုက်သည်။

“လာဗျာ။ လက်ဖက်ရည် သောက်ဦး၊ ဘာစားမလဲ”
“ဖန်ချိုတစ်ခွက်၊ ပေါက်စီချဟေ့”
သူစားနေစဉ် ကျွန်တော်က မေးခွန်းတစ်ခု မေးလိုက်သည်။
 “ခင်ဗျားကို ကန်စွန်းတစ်ခင်း ပေးထားမယ်။ ခင်ဗျား အဲဒီကန်စွန်းခင်းကို ဘာလုပ်မလဲ”
“ခင်ဗျားမေးခွန်းကလည်း ဘာခက်တာမှတ်လို့၊ ကန်စွန်းတစ်ခင်းပေးရင် ကန်စွန်းရွက်ကို ခူးမယ်၊ အစည်းလေးတွေလုပ်မယ်၊ ပြီးရင် တစ်စည်းကို တစ်ဆယ်ဗျာ၊ တစ်ရာဖိုးကို ဆယ့်ငါးစည်းပေးမယ်။ ဟဲ…ဟဲ…ဟဲ”
“ဒါဆိုရင်ဗျာ၊ ခင်ဗျားကို မန္တလေးမြို့ကြီးပေးမယ်၊ ခင်ဗျားဘာလုပ်မလဲ”
“ဒါလေးများ၊ ခက်တာမှတ်လို့၊ ကျုပ်ကို မန္တလေးမြို့ကြီး တကယ်ပေးမယ်ဆိုရင် မြေတွေကို တစ်ကွက်ပြီးတစ်ကွက် ရောင်းစားမှာပေါ့”

သူ့အဖြေကြောင့် ကျွန်တော်စိတ်ပျက်မိသည်။ ဒါမြန်မာ့အတွေးပဲ၊ ဒါမန္တလေးသား အတွေးပဲ၊ ကျွန်တော်တို့က ဖောက်ထွက်ပြီး မတွေးဘူး၊ ဖြန့်ထွက်ပြီး မတွေးဘူး၊ ပြောင်းပြန်မတွေးဘူး၊ အတွေးမရဲဘူး၊ အတွေးရိုးတယ်။
“အတွေးမဆန်း” တော့ “သွေးမလန်း” ဘူး။
“အတွေးရိုး” တော့ “သွေးမိုး” ခံရတာပေါ့။
“အတွေးမသစ်” တော့ “ခွေးဖြစ်” တော့တယ်။
“အတွေးရဲ” မှ “ခွေးဆွဲ” မခံရမှာဗျ။

“ကိုဝင်းမြင့်ရယ်၊ ကျုပ်ကို မန္တလေးမြို့ကြီး ပေးစမ်းပါ။ ကျုပ်ဘာလုပ်မယ်ထင်လဲ၊ ခင်ဗျားလိုတော့ မြေကွက်တွေကို ရောင်းစားမှာမဟုတ်ဘူး”

“ဆရာဘုန်း၊ ဒါဆို ခင်ဗျားက ဘာလုပ်မလဲ”

“ကဲ…. ဟိုမယ်ကြည့်၊ မန္တလေးကျုံးတော်ကြီး၊ ဘယ်လောက် လှသလဲ၊ ရေပြင်စိမ်းစိမ်း ရှိတယ်ဗျာ။ မြောက်ဘက်မှာ စိမ်းစိုနေတဲ့ မန္တလေးတောင်တော်ကြီး ရှိတယ်ဗျာ၊ အရှေ့ဘက်မှာဆိုရင်လည်း ရန်ကင်းတောင်ကြီး၊ သိပ်လှတဲ့ ကျုံးမြို့ရိုးနဲ့ မန္တလေးနန်းတော်ကြီးဗျ။ မြို့တစ်မြို့မှာ ရေတွေ၊ အင်းတွေ၊ အိုင်တွေ၊ တောင်တွေ၊ တောတွေပါတာ ကမ္ဘာပေါ်ရှားတယ်ဗျ၊ ကျုပ်တို့ မန္တလေးက အရှားအပါးဆုံး အလှအပကို ပိုင်ဆိုင်ထားတဲ့ နတ်မိမယ်ရဲ့ မျက်ဝန်းဗျ”

ကိုဝင်းမြင့်က ပြုံးသည်။

“ကျုပ် အိန္ဒိယနိုင်ငံက “တပ်ခ်ျမဟာ ဂူဗိမာန်” ရောက်ဖူးတယ်။ ဘာမှမဟုတ်တဲ့ အချစ်ဇာတ်လမ်းကို ဇာတ်အိမ်ဖွဲ့ပြီး သမိုင်းလုပ်ထားတယ်။ “တပ်ခ်ျမဟာ” နဲ့ ကပ်လျက်မှာ ရေမဲ့ သောင်ထွန်းနေတဲ့ “ယမုံနာ မြစ်သေကြီး” ရှိတယ်။ မနီးမဝေးမှာလည်း “အာဂရာ” ဆိုတဲ့ နန်းတော်ကြီးရှိတယ်။ ကျုပ်တို့ မန္တလေးကျုံးတော်ကြီးလောက် မလှဘူး၊ တောင်မရှိဘူး၊ တောမရှိဘူး၊ ရေမရှိဘူးဗျာ။ အဲဒီ “အာဂရာ” ဆိုတဲ့ နန်းတော်ကြီးထဲကို ပိုက်ဆံပေးပြီးမှ ဝင်ကြည့်ခွင့်ရတယ်၊ အိန္ဒိယနိုင်ငံသားဆိုရင်တော့ အိန္ဒိယ ၅ ရူပီး ပေးရတယ်။ ကျောင်းသားကျောင်းသူတွေဆိုရင် အခမဲ့၊ နိုင်ငံခြားသား ဆိုရင်တော့ အိန္ဒိယရူပီး ၁၀၀ ပေးရတယ်။ ကျုပ်တို့ရဲ့ မန္တလေးကျုံးတော်ကြီးနဲ့ နန်းတော်ကြီးကို ကျုပ်က သပ်သပ်ရပ်ရပ် မွမ်းမံပြင်ဆင်ပြီး နိုင်ငံခြားသားတွေရဲ့ အိတ်ထောင်ထဲက ပိုက်ဆံကို ရအောင်ယူချင်တာဗျ”

“ကဲ… ဆိုစမ်းပါဦးဗျာ။ ခင်ဗျားကို မန္တလေးမြို့ကြီး ပေးပါပြီတဲ့။ ဘာလုပ်မလဲ”

ကိုဝင်းမြင့်က မခို့တရို့ပြုံးပြီး ကျွန်တော့်ကို ရန်စသလို မေးခွန်းမေးသည်။

“ပထမဆုံးဗျာ၊ နန်းတော်ထဲမှာ ရှိတဲ့ စစ်တပ်ကြီးကို ရန်ကင်းတောင်ခြေ၊ ဒါမှမဟုတ် သင့်တော်တဲ့ တစ်နေရာကို ရွှေ့မယ်၊ တပ်မတော်သားတွေအတွက် နေစရာ လိုင်းခန်းတွေကိုလည်း သပ်သပ်ရပ်ရပ် ဆောက်ပေးမယ်။ နန်းတော်ထဲမှာ စစ်တပ်ကြီး မရှိတော့ဘူးဆိုရင် “ရတနာပုံ မင်းနေပြည်ခေတ်” အတိုင်း နန်းတော်အတွင်းကို ပြုပြင်မယ်။ မွမ်းမံမယ်၊ “မြနန်းစံကျော်ရွှေ နန်းတော်ကြီး” ကို ဒီထက် သန့်ရှင်းသပ်ရပ်အောင် လုပ်မယ်။ မြင်းတပ်တွေ၊ ဆင်တပ်တွေ ထားမယ်။ ရှေးတုန်းက မြန်မာအမျိုးသမီးကြီးများ၊ မြန်မာအမျိုးသားကြီးများ ဝတ်စားဆင်ယင်သလိုမျိုး ဖန်တီးထားမယ်။ သျှောင်ထုံးကြီးတွေ ထုံး၊ ထိုးကွင်းမင်ကြောင် ထိုးထားတဲ့ အမျိုးသားတွေ၊ ညနေပိုင်းဆိုရင် “ဝိုင်းခြင်း” တွေ ခတ်ကြမယ်ဗျာ။ ပြောင်းဖူးဖက် ဆေးလိပ်ကြီးကိုဖွာပြီး “ဝိုင်းခြင်း” ခတ်နေတာကို ကြည့်နေကြတဲ့ ပရိသတ်တွေ ဖန်တီးထားမယ်၊ ပြီးတော့ သစ်သားဘီးတပ် နွားလှည်းကြီးတွေ၊ ရထားလုံးတွေ လုပ်မယ်၊ နန်းတော်ထဲကိုလာတဲ့ နိုင်ငံခြားသားတွေကို ပြစားမယ်။ Taxi ဆွဲစားမယ်။ နန်းတော်ထဲကို အင်ဂျင်တပ် မီးခိုးထွက် ဘယ်မော်တော်ကားမှ ဝင်ခွင့်မပေးဘူး၊ ဒီနန်းတော်ကြီးထဲ ရောက်လိုက်တာနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ ကို ပြန်ရောက်သွားသလိုမျိုး ခံစားစေရမယ်။ အဲဒီခေတ် အခင်းအကျင်းမျိုးကို ပြထားမယ်ဗျာ”

ကိုဝင်းမြင့်က မဖြစ်နိုင်ဘူးဆိုသော အကြည့်ဖြင့် ကျွန်တော့်စကားကို သည်းခံပြီး နားထောင်ပေးနေသည်။

“ကဲ…. ဆိုစမ်းပါဦး ဆရာဘုန်းရဲ့၊ ဒါပဲလား”

“ဒါတင် ဘယ်ကမလဲဗျ၊ နန်းတော်ကြီးတစ်ခုလုံးကို ဥယျာဉ်ကြီး လုပ်ပစ်မယ်။ မြက်ခင်းစိမ်းစိမ်းတွေ စိုက်မယ်ဗျာ။ နန်းတော်ထဲမှာ အရိပ်ရတဲ့ မန်ကျည်းပင်တွေ၊ ကုက္ကိုပင်တွေဆိုတာ အများကြီးပဲ။ ပြီးတော့ နန်းတော်ရဲ့ သင့်တော်တဲ့ နေရာတွေမှာ တိုင်းရင်းသားလူမျိုးတွေရဲ့ ကျေးရွာပုံစံတွေ ဖန်တီးထားမယ်။ သူတို့ရဲ့ ရိုးရာအဝတ်အထည်တွေ၊ ပစ္စည်းတွေ ပြထားမယ်။ ရောင်းချမယ်။ ရိုးရာပစ္စည်းတွေ တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်ပြုလုပ်ပုံကိုလည်း လေ့လာနိုင်ဖို့ ဖန်တီးထားဦးမယ်။ ပြီးတော့ ရိုးရာအစားအစာတွေကိုလည်း ရောင်းချမယ်၊ စားသောက်စေမယ်”

ကျွန်တော်က မန္တလေးကျုံးတော်ကြီးကို ကြည့်ပြီး ခံစားချက်အပြည့်ဖြင့် ပြောသည်။ ကိုဝင်းမြင့်က စိတ်မဝင်စားပါ။

“ခင်းဗျားစိတ်ကူးက ဖြစ်နိုင်ပါ့မလား ဆရာဘုန်းရဲ့”

“စိတ်ကူးပဲဗျာ၊ တစ်ချိန်ချိန်တော့ ဖြစ်ရမှာပေါ့၊ အဲဒီ နန်းတော်ကြီးထဲမှာ ရှေးဟောင်းပစ္စည်းတွေ ရောင်းမယ်၊ ကျောက်ဆစ် ထုလုပ်တဲ့ ဈေးတန်းတွေထားမယ်၊ ကြေးသွန်းလုပ်တဲ့ ဈေးတန်းတွေထားမယ်၊ ရွှေချည်ထိုး ငွေချည်ထိုး၊ ပန်းချီ၊ ပန်းပု လုပ်ငန်းတွေကိုလည်း ပြထားမယ်။ စည်းကမ်းတကျပေါ့ဗျာ၊ နန်းတော်ကြီးထဲကို တစ်ရက်လောက် ဝင်ကြည့်ရုံနဲ့ ကြည့်လို့မဝအောင် လုပ်ထားမယ်။ အနည်းဆုံး မန္တလေးနန်းတော်ကြီးကို ၃၊ ၄ ရက်လောက် ဝင်ပြီးလေ့လာမှ ဖြစ်မယ်ဆိုတဲ့ အနေအထားတွေ ကျုပ်က လုပ်ချင်တာ၊ ပြီးတော့ဗျာ “မြေဝိုင်းဇာတ်” တွေ ကမယ်။ ရေနံချေး မီးတိုင်တွေရဲ့ အလယ်မှာ ဖျာချောကို ခင်းပြီး နားထောင်ကြမယ်။ ညဘက်ဆိုရင် လျှပ်စစ်မီးရောင် မှိန်မှိန် ထွန်းပေးထားမယ်။ စောင်းတီး ပညာရှင်တွေကို နေရာပေးမယ်။ ရှေးသီချင်းကြီး၊ သီချင်းခန့်တွေကို သီဆိုကြမယ်။ “ဦးပုည” တို့၊ “အချုပ်တန်း ဆရာဖေ” တို့ရဲ့ စာတွေ၊ ကဗျာတွေကို ပြန်လည်ဖော်ထုတ်မယ်၊ သူတို့စာပေတွေကို အင်္ဂလိပ်လို၊ ပြင်သစ်လို၊ ဂျပန်လို ဘာသာပြန်ပြမယ်။ နိုင်ငံခြားသားတွေ အလွန်အင်မတန် စိတ်ဝင်စားမှာဗျ”

ကိုဝင်းမြင့်က ပြုံးဖြီးဖြီးကြီးလုပ်သည်။

“ဒီလောက်ပဲလားဗျ”

“ဒါတင် ဘယ်ကမလဲဗျာ၊ Special Day တွေ၊ Special Month တွေ၊ Special Season တွေ လုပ်မယ်။ နိုင်ငံခြားသားတွေကို ဆွဲဆောင်မယ်။ နန်းဝတ်နန်းစားနဲ့ ဓာတ်ပုံရိုက်ရင် ပိုက်ဆံပေးရမယ်၊ ဓာတ်ပုံတွဲရိုက်ရင်လည်း ပိုက်ဆံယူမယ်။ ပြီးတော့ “မြန်မာ့ဆိုင်းဝိုင်းကြီး” တွေ ထားမယ်။ နတ်ဖိုသံတွေ တီးမယ်။ မှုတ်မယ်။ နိုင်ငံခြားသားတွေဆိုတော့ လမ်းကျယ်ကျယ်ကြီးတွေ၊ တိုက်မြင့်မြင့်ကြီးတွေ၊ အုတ်နဲ့ ဘိလပ်မြေနဲ့ တည်ဆောက်ထားတဲ့ မြို့ပြဆန်ဆန် မြင်ကွင်းတွေကို မကြည့်ချင်ကြဘူး၊ သူတို့ မျက်စိထဲမှာ ရိုးအီနေပြီ၊ မထူးဆန်းတော့ဘူး၊ မြန်မာဆိုတာ ဒီလို နေခဲ့တယ်။ ဒီလိုယဉ်ကျေးမှု ရှိခဲ့တယ်၊ ရှိနေတယ်ဆိုတာ သူတို့ကို ပြလိုက်ချင်တယ်။ သူတို့က အဲဒါမျိုးမှ စိတ်ဝင်စားတာ၊ နိုင်ငံခြားသားတွေနဲ့တွေ့တိုင်း သူတို့ အမြဲပြောတဲ့ သူတို့ အမြင်တွေ ရှိတယ်ဗျ”

“ဆိုစမ်းပါဦး ဆရာဘုန်းရဲ့”

“မင်းတို့ဆီက ဟိုတယ်ကြီးတွေဆိုတာ နိုင်ငံတိုင်းမှာ ရှိတယ်ကွ၊ ငါတို့ မျက်လုံးထဲမှာ သိပ်မဆန်းဘူး။ ငါတို့ မျက်လုံးထဲကို မင်းတို့ဝင်ကြည့်။ ငါတို့က ဒေသတစ်ခုကိုရောက်ရင် အဲဒီဒေသရဲ့ မူရင်းအတိုင်း မပျက်စီးသေးတဲ့ သဘာဝကို ကြည့်ချင်တာ။ မင်းတို့ နန်းတော်ကြီးကို ရှေးမူအတိုင်း လုပ်လိုက်စမ်းပါကွာ။ မင်းတို့ပဲ စဉ်းစားကြည့်၊ နိုင်ငံခြားသား တစ်ယောက်က နိုင်ငံတစ်ခုကို အလည်အပတ်သွားရင် ဒေါ်လာ ၃၀၀၀ လောက် အနည်းဆုံး သုံးရတယ်။ နိုင်ငံခြားသား တစ်သန်း အလည်အပတ်လာရင် ဒေါ်လာ သန်း ၃၀၀၀ ရမယ်ကွာ။ ယိုးဒယားကိုလာတဲ့ နိုင်ငံခြားဧည့်သည်တိုင်း မြန်မာပြည်ကို လာချင်ကြတဲ့ သူတွေချည်းပဲ။ ယိုးဒယားမှာဆိုရင် ယိုးဒယားပြည်ဝင်ခွင့် နိုင်ငံခြားသားတစ်ယောက်ကို ဒေါ်လာ ၄၀ ကောက်ခံတယ်။ တစ်နှစ်ကို နိုင်ငံခြားသား ၁၅သန်း လာပြီး လည်ပတ်သတဲ့။ အဲဒီဝင်ငွေကိုက မနည်းမနောပဲ။ သူတို့တိုင်းပြည် သယံဇာတ အရင်းအမြစ်တွေ မပျက်စီးဘဲ တိုးတက်နေတာ အဲဒါကြောင့်ကွ။ သူတို့ထက် မင်းတို့တိုင်းပြည်က အများကြီး သာပါတယ်။ သူတို့ ဧည့်သည်တွေကို မင်းတို့ ဆွဲဆောင်နိုင်ရင် သဘာဝသယံဇာတ အရင်းအမြစ်တွေကို ထိန်းသိမ်းရာရောက်မယ်။ ဝင်ငွေလည်းရမယ်။ အခုလက်ရှိ မပျက်စီးဘဲ ကျန်ရှိနေတဲ့ သဘာဝအရင်းအမြစ်နဲ့ သမိုင်းဆိုင်ရာ နေရာတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်မယ်။ နိုင်ငံခြားဝင်ငွေ တိုးလာနိုင်တယ်။ မင်းတို့က ရွှေခွက်နဲ့ ခြေဆေးနေတဲ့လူမျိုး”

“ဘယ်လိုပြောလိုက်တယ်။ ရွှေခွက်နဲ့ ခြေဆေးနေတယ် ဟုတ်လား။ ဘာသဘောလဲဗျ”

“ရွှေခွက်နဲ့ ခြေဆေးတယ်ဆိုလို့ အထင်ကြီးပြီး ပြောတာမထင်နဲ့၊ ရွှေခွက်ကို တန်ဖိုးမထားတတ်ဘူးလို့ ပြောတာဗျ၊ ခြေဆေးတဲ့ခွက်ကို ဘယ်သူက တန်ဖိုးထားလို့လဲ။ ကိုယ့်တန်ဖိုး ကိုယ်မသိတဲ့ လူမျိုးလို့ ပြောတာဗျ”

“တော်တော်မြင်တတ်တဲ့ နိုင်ငံခြားသားတွေပဲ”

“သူတို့ကပြောတယ်။ မင်းတို့နိုင်ငံမှာ နိုင်ငံခြားဝင်ငွေ ရှာလို့ရနိုင်တဲ့ သမိုင်းဆိုင်ရာ သဘာဝဆိုင်ရာ အရင်းအမြစ်တွေ အများကြီးပဲတဲ့၊ စနစ်တကျ ထိန်းသိမ်းပြီး သပ်သပ်ရပ်ရပ် ပြုပြင်လိုက်ရင် အာရှမှာ နိုင်ငံခြားသားဧည့်သည် အလာဆုံးနိုင်ငံ ဖြစ်သွားနိုင်တယ်။ နိုင်ငံခြားသား ဆယ်သန်းလောက် လာလို့ကတော့ မင်းတို့ နိုင်ငံရဲ့ဝင်ငွေ မင်းတို့ တွက်ကြည့်ကွာတဲ့၊ မင်းတို့လုပ်ရင် ဖြစ်မှာပါတဲ့”

ကိုဝင်းမြင့်က သူ့ထုံးစံအတိုင်း သရော်တော်တော် မျက်လုံးပြူးကြီးဖြင့် ကျွန်တော့်ကို ကြည့်သည်။

“နန်းမြို့ရိုးနဲ့ ကျုံးတော်ကြီးရဲ့အကြားမှာလည်း ပန်းခြံတွေ လုပ်မယ်ဗျာ။ ကျွန်တာ့်တို့ မန္တလေးမြို့ရဲ့ အထင်ကရ ပုဂ္ဂိုလ်တွေရဲ့ ရုပ်ထုတွေ ထားမယ်ဗျာ။ “နန်းတော်ရှေ့ဆရာတင်” တို့၊ “မြို့မငြိမ်း” တို့၊ "စိန်ဗေဒါ” တို့၊ “လေဘာတီမမြရင်” တို့၊ ပြီးတော့ စားသောက်ဆိုင် ဖွင့်မယ်ဗျာ၊ ရိုးရာနဲ့ အနောက်တိုင်း တူရိယာကို လိုက်ဖက်ညီအောင် တွဲဖက်ပြီး တီးခတ်နိုင်တဲ့ “မြို့မ” တေးဂီတကို ဂီတဖျော်ဖြေပွဲတွေ ညတိုင်း ကျင်းပမယ်ဗျာ။ ပြီးတော့ နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်တဲ့ ညဈေးတန်းကြီးတွေ၊ Night Bazaar တွေ၊ မန္တလေးမြို့ပေါ်မှာ သုံးလေးနေရာလောက် ဖန်တီးမယ်ဗျာ”

နားထောင်နေသော ကိုဝင်းမြင့် ပျော်မပျော်တော့ ကျွန်တော်မသိ၊ ကျွန်တော်ကတော့ ကိုယ့်စိတ်ကူးဖြင့် ကိုယ်ပြောနေရင်း ပျော်လာမိသည်။

“နန်းတော်ကြီးထဲမှာလည်းဗျာ ….. “ယောမင်းကြီးဦးဖိုးလှိုင်” ရဲ့ပြတိုက်၊ “ကင်းဝန်မင်းကြီး” ရဲ့ပြတိုက်၊ “တိုင်တားမင်းကြီး” ရဲ့ပြတိုက်၊ “လှေသင်း အတွင်းဝန်မင်းကြီး” ရဲ့ပြတိုက်၊ “စာဆိုဦးပုည” ရဲ့ပြတိုက်၊ “မင်းတုန်းမင်း” တို့၊ “ကနောင်မင်း” တို့၊ “သီပေါမင်း” တို့ရဲ့ပြတိုက်တွေ လုပ်ချင်တယ်ဗျာ။ မန္တလေးနန်းတော်ကြီး တည်ဆောက်တုန်းက သမိုင်း အထောက်အထားတွေ၊ အင်ဂျင်နီယာဆိုင်ရာ ဆောက်လုပ်ရေး အယူအဆတွေကို မှတ်တမ်းတင်ထားတဲ့ ပြတိုက်တွေလည်း လုပ်ချင်တယ်ဗျာ။ မန္တလေးနန်းတော်ကြီးကို တည်ဆောက်ခဲ့တဲ့ လူသိနည်းတဲ့ အင်ဂျင်နီယာ ပညာရှင်ကြီး “ပန်းပဲမင်းကြီး ဦးမှို”… သူတို့ သူတို့ရဲ့ ဘဝဇာတ်ကြောင်းတွေကို ခေတ်မီ ဆော့ဖ်ဝဲတွေနဲ့ ဆလိုက်ထိုးပြီး ပြမယ်။ နန်းတော်ကြီးရဲ့ အပြင်ဘက်မှာလည်း စင်္ကာပူလို ရေပန်းဆလိုက်ထိုး ဥယျာဉ်ကြီး လုပ်မယ်။”

“ဆရာဘုန်း.... ခင်ဗျား တော်တော် စိတ်ကူးယဉ်တဲ့လူပဲ”

“ဘာပဲဖြစ်ဖြစ်ဗျာ၊ ကျုပ် စိတ်ကူးထားတာ ရှိသေးတယ်။ သီပေါမင်းနဲ့ ဒိုင်းခင်ခင်တို့ရဲ့ အချစ်ဇာတ်လမ်းကို အင်္ဂလိပ် အသံထွက်ပြဇာတ် ကမယ်ဗျာ။ ကနောင်မင်းသားကြီးနဲ့ လှိုင်ထိပ်ခေါင်တင်တို့ရဲ့ နှလုံးသား ပုံရိပ်ကိုလည်း ဇာတ်အိမ်ဖွဲ့ပြီး ဖျော်ဖြေတင်ဆက်မယ်ဗျာ။ ဒီလိုပဲဗျ၊ ရတနာပုံခေတ်က အဖြစ်အပျက်တွေကို ဇာတ်လမ်းဇာတ်ကွက်တွေလုပ်ပြီး ဂန္တဝင်မြောက် တင်ဆက်ပွဲတွေ ကျင်းပမယ်ဗျာ”

“ဆရာဘုန်း၊ ခင်ဗျားစိတ်ကူးက ဖြစ်နိုင်ပါ့မလားဗျ၊ မဖြစ်နိုင်တဲ့စိတ်ကူးကို ရူးတယ်လို့ခေါ်တယ်နော်”

ကိုဝင်းမြင့်က ကျွန်တော်ကို သာသာနှင့်နာနာ နှက်သည်။

“ဘာပဲဖြစ်ဖြစ် ကိုဝင်းမြင့်ရာ၊ ခင်ဗျားပဲ စဉ်းစားကြည့်၊ ခိုင်မာတဲ့ သမိုင်းကြောင်းလည်း မရှိ၊ မြေကျယ်ကျယ်လည်း မရှိ၊ လူသားအရင်းအမြစ်လည်း မရှိ၊ အင်္ဂတေနဲ့ တည်ဆောက်ထားတဲ့ အရုပ်တွေကို ပြပြီး ဝင်ငွေရှာတတ်တဲ့ စင်္ကာပူကို ကျုပ်တို့ အတုယူသင့်တယ်။ သူတို့ခေါင်းဆောင်တွေက စိတ်ကူးကောင်းတယ်ဗျ။ တိုင်းပြည်အပေါ်မှာလည်း စေတနာ ရှိတယ်။ အနာဂတ်ကိုလည်း လှပအောင် အသိပညာနဲ့ ဆေးခြယ်တတ်တယ်၊ ပြီးတော့ ကိုယ့်လူမျိုးနဲ့ ကိုယ့်နိုင်ငံကို တကယ်ချစ်တယ်ဗျ”

“နို့ …. နေပါဦး ဆရာဘုန်းရဲ့၊ ကျုပ်တို့ ခေါင်းဆောင်တွေကရော ကိုယ့်လူမျိုးကိုကိုယ် မချစ်လို့လား”

"မချစ်ဘူးလို့တော့ မပြောရဲပါဘူးဗျာ၊ မချစ်တတ်ဘူးလို့တော့ ပြောရဲတယ်။ ဉာဏ်သွင်းပြီးတော့ မချစ်တတ်ဘူးဗျ၊ စိုးရိမ်စိတ်နဲ့တော့ ချစ်တတ်တယ်။ လုံခြုံရေးအမြင်နဲ့ပဲ ချစ်တတ်တယ်။ ကျုပ်တို့တိုင်းပြည်က တိုးတက်ဖို့အတွက် အခွင့်အလမ်းတွေ အများကြီးပါ။"

“ဒါတောင်မှ နန်းတော်ကြီးနဲ့ ကျုံးမြို့ရိုးပေါ်မှာ တွေးမိတဲ့ စိတ်ကူးနော်၊ ဧရာဝတီတာရိုးပေါ်က ကားလမ်းမကြီးကို ကောင်းအောင် ပြုပြင်မယ်။ ပြီးတော့ ဧရာဝတီမြစ်အလှကို ပြစားမယ်ဆိုရင်လည်း ရသေးတယ်။ “ဦးပိန်တံတား” တို့၊ “မဟာဂန္ဓာရုံ” တို့၊ “မစိုးရိမ်တိုက်ဟောင်း” တို့၊ “မဟာမုနိဘုရားကြီး”တို့၊ “အိမ်တော်ရာဘုရား”တို့ စုံလို့ပါပဲ။ သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီး ဝင်ငွေရှာလို့ရတယ်။ “ပုဂံ”၊ “အင်းလေး”၊ “ကျိုက်ထီးရိုး”၊ “ပုပ္ပါးတောင်”၊ “ငပလီ”တို့ မပါသေးဘူးနော်။ သေချာ တွေးကြည့်ရင် ကျုပ်တို့တိုင်းပြည် ဖွံ့ဖြိုးဖို့ သိပ်ပြီး မခက်ပါဘူးဗျ”

ကိုဝင်းမြင့်က ဖင်တကြွကြွ ဖြစ်နေသည်။ ကျွန်တော့်စကား မဆုံးသေးပါ။

“ကဲဗျာ … ကန်စွန်းတစ်ခင်းပေးရင် ကန်စွန်းရွက် ရောင်းစားဖို့လောက်သာသိတဲ့ ကျွန်တော်တို့ရဲ့ ဉာဏ်မပါတဲ့ စိတ်ကူးတွေ စွန့်လွှတ်သင့်ပြီဗျ။ မန္တလေးမြို့ကြီးကို ကျုပ်တို့ပိုင်တယ်။ မန္တလေးနန်းတော်ကြီးကို ကျုပ်တို့ပိုင်တယ်။ အဘိုးတို့၊ အဘေးတို့ ပေးထားခဲ့တဲ့ သမိုင်းတွေ ကျုပ်တို့ပိုင်တယ်၊ သယံဇာတတွေ ကျုပ်တို့ပိုင်တယ်၊ ရေချိုမြစ်ကြီးတွေ ကျုပ်တို့ပိုင်တယ်။ တောင်တန်းပြာပြာကြီးတွေ ကျုပ်တို့ပိုင်တယ်။ လူမျိုးစုံ၊ ယဉ်ကျေးမှုမျိုးစုံ၊ ဓလေ့မျိုးစုံ ကျုပ်တို့ပိုင်တယ်။ မတူညီခြင်း၊ ခြားနားခြင်းဆိုတဲ့ အလှတရားတွေ ကျုပ်တို့ပိုင်တယ်။ မတူညီခြင်း၊ ခြားနားခြင်းတွေကို အလှတရားလို့ ကျုပ်တို့က မမြင်ဘူး။ မတူညီခြင်း၊ ခြားနားခြင်းကို ပြဿနာလို့ မြင်တယ်။ ဒီလိုနဲ့ပဲ ကျုပ်တို့တိုင်းပြည် ဆင်းရဲတွင်း နက်လာတော့တယ်။ ဒီမယ် ကိုဝင်းမြင့်ရ…. စိုးရိမ်စိတ်အပေါ် အခြေခံတဲ့ စီမံခန့်ခွဲခြင်းဟာ တိုင်းပြည်ဆင်းရဲရခြင်းရဲ့ အဓိကအကြောင်းတရားပဲ။ ယုံကြည်မှုအပေါ် အခြေခံပြီး အနစ်နာခံတဲ့စိတ်နဲ့ စေတနာသွင်းပါ။ ဉာဏ်သွင်းပါ။ ဒါဆိုရင် ကျုပ်တို့တိုင်းပြည် တိုးတက်လာပြီဗျ”

ကိုဝင်းမြင့်က သူ့လက်ပတ်နာရီကို ငုံ့ကြည့်လိုက်သည်။ ဆယ်နာရီ ထိုးခါနီးပြီ။

ကျွန်တော့်ကို အားနာ၍၊ ဒါမှမဟုတ် … သူ့သမီးကို စောင့်ကြိုရင်း အပျင်းဖြေလို၍၊ ဒါမှမဟုတ်… လက်ဖက်ရည်ဆိုင်ထိုင်ပြီး အချိန်ဖြုန်းလို၍ ..... ၍...... ၍...... ၍။ မိတ်ဆွေသဘောအရ စိတ်မပါဘဲ နားထောင်ပေးသွားသည်ကို ကျွန်တော် သိပါသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရင်ထဲက အတွေးတွေ၊ စိတ်ကူးတွေကို ပြောလိုက်ရသဖြင့် စိတ်ထဲတွင် တော်တော် ပေါ့ပါးသွားသည်။

တကယ်တော့ လက်ဖက်ရည်ဆိုင်ဆိုတာ၊ လူတွေရဲ့ ခံစားချက်နဲ့ စိတ်ကူးကို လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ပြောဆိုလို့ရတဲ့ “လူမှုဒီမိုကရေစီ ဘုံဗိမာန်”  တွေပဲလေ။

ကိုဝင်းမြင့်ကပြောသည်။

“ဒီမယ် ဆရာဘုန်း၊ ကျုပ်ကိုလည်း ကန်စွန်းတစ်ခင်း မပေးနဲ့၊ ခင်ဗျားကိုလည်း ဘယ်သူကမှ မန္တလေးမြို့ကြီး ပေးမှာမဟုတ်ဘူး၊ ဆက်ပြီး စိတ်ကူးယဉ်လိုက်ဦး၊ ကျုပ် ပြန်တော့မယ်”

ကိုဝင်းမြင့်
တရုတ်ပြည်မှ လာသော လက်ပတ်နာရီကို ငုံ့ကြည့်။
တရုတ်ပြည်မှ လာသော နေကာမျက်မှန်ကို တပ်။
တရုတ်ပြည်မှ လာသော ဟန်းဆက်ကို ကိုင်။
တရုတ်ပြည်မှ လာသော မိုးကာကို ဝတ်။
တရုတ်ပြည်မှ လာသော ဆိုင်ကယ်စီးဦးထုပ်ကို ဆောင်း။
တရုတ်ပြည်မှ လာသော ဆိုင်ကယ်ကို စီးပြီး …
ကျွန်တော့်အပါးမှ နှုတ်ဆက် ထွက်ခွာသွားသည်။

သူ ကျွန်တော်ကို နှုတ်ဆက်သွားတဲ့ စကားလုံးက
“ရှဲ ရှဲ နီ ….” တဲ့။

တင့်တယ်ခြင်း လေးမျိုး


ကိသာ သောဘာဝ တာပသာ၊
ထူလာ သောဘာ စတုပ္ပဒါ။
ပုရိသာ စ ၀ိဇ္ဇာ သောဘာ၊
ဣတ္ထီ သောဘာ စ သာမိကာ။

ရသေ့ရဟန်းတို့သည် ပိန်ပိန်လေးနေမှ တင့်တယ်ကုန်၏။
အခြေလေးချောင်းရှိသော သားကောင်တို့သည် ၀ဖြိုးနေမှ တင့်တယ်ကြကုန်၏။
ယောက်ျားတို့သည် အတတ်ပညာရှိမှ တင့်တယ်ကြကုန်၏။
အမျိုးသမီးတို့သည် လင်ရှိမှ တင့်တယ်ကြကုန်၏။

Thursday, May 16, 2013

ရေပန်းအစားဆုံး သတင်းများ၊ ဓာတ်ပုံများ


(က)
အင်တာနက်ကြီးတစ်ခုလုံးကို ဆင်းရဲအောင်လုပ်နိုင်ခဲ့သူ

အပြင်ကမုန့်တွေ ၀ယ်မစားဖြစ်ပါဘူး... အိမ်မှာရောင်းတဲ့ အကြော်လေးရယ်... ရေနွေးကြမ်း ပူပူလေးရယ်... စားရင်းသောက်ရင်း စိတ်ကူးလေးယဉ်ရင်းနဲ့...
မီမီတို့အိမ်က ထမင်းစားဝိုင်းလေးမှာ အမှတ်တရပေါ့...
အိမ်ကဆင်းရဲတော့ မီမီကိုကြည့်ပြီး မျက်နှာရှုံ့သွားကြမှာပဲနော်....


ကျွန်တော်တို့မြန်မာတွေရဲ့ အင်တာနက်ရပ်ဝန်းဟာ အင်မတန်မှကို အပျင်းပြေရပါတယ်။ ကျွန်တော်မှတ်မိသလောက် အင်တာနက်ပေါ်မှာ ပြောဖို့၊ ဆိုဖို့၊ ဆဲဖို့၊ ဖြဲဖို့၊ ဖွဖို့၊ ဆွဖို့ အကြောင်းအရာ မရှိဘူးဆိုတဲ့ရက် မရှိသလောက်ပါပဲ။ အကြောင်းအရာ တစ်ခုမဟုတ်တစ်ခု အမြဲလိုလို ရေပန်းစားပြီး ပြောစရာ ဖြစ်နေတတ်ပါတယ်။ အကြောင်းအရာတွေကလည်း တစ်မျိုးပြီးတစ်မျိုး မရိုးရပါဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ အနုပညာ၊ ပုဂ္ဂိုလ်ရေး စသည်စသည်ဖြင့် နယ်ပယ်စုံလှပါတယ်။ တချို့တွေက အရည်မရ၊ အဖတ်မရတွေ ဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် လူအမျိုးမျိုးရဲ့ အမြင်အမျိုးမျိုး၊ အတွေးအမျိုးမျိုးကို ဖတ်ခွင့်ရတာဟာ စိတ်ဝင်စားဖို့ အကောင်းဆုံးပါ။ တစ်ဦးချင်းကိုယ်စီ ဘယ်လောက်တောင် အမြင်မတူတာတွေ ရှိသလဲဆိုတာ သိချင်ရင် အင်တာနက်ပေါ်မှာ ကွန်းမန့်တွေ လိုက်ဖတ်ပါလို့တောင် ညွှန်းရမယ်ထင်ပါရဲ့။

အခုလည်း မြန်မာ Facebook ရပ်ဝန်းကြီး တစ်ခုလုံးကို လှုပ်ခတ်သွားအောင် လုပ်ဆောင်နိုင်ခဲ့တဲ့ အမျိုးသမီးငယ်တစ်ဦး ပေါ်ထွန်းလာပြန်ပါပြီ။ အားလုံးနီးပါး သိပြီးသား ဖြစ်ကြပါလိမ့်မယ်။ သို့သော် မှတ်တမ်းတစ်ခုအနေနဲ့လည်းကောင်း၊ မသိသေးတဲ့လူတွေ သိစေခြင်းငှာလည်းကောင်း သူနဲ့ မိတ်ဆက်ပေးပါရစေ။ သူကတော့ နန်းမီမီမိုးစက် ပါတဲ့။ နစ်ကီ တစ်ယောက် မြန်မာကျော် ဖြစ်ပြီးတဲ့နောက် အခုလောလောဆယ်မှာ မြန်မာအင်တာနက်သုံးသူတွေအတွက် ပြောစရာအဖြစ်ဆုံး Internet Celebrity ဆိုပါတော့။ သူ့အကြောင်းနဲ့ပတ်သက်ပြီး အမျိုးမျိုးသော သမိုင်းတွေကို အင်တာနက်ပေါ်မှာ အလွယ်တကူပဲ ရှာဖွေဖတ်ရှုနိုင်ပါတယ်။ နန်းမီမီမိုးစက်ဆိုတာ အင်တာနက်သုံးဖို့အတွက် သီးသန့်ပေးထားတဲ့ နာမည်ဝှက်တစ်ခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဓာတ်ပုံပြိုင်ပွဲတစ်ခုမှာ ၀င်ရောက်ယှဉ်ပြိုင်ဖူးတဲ့ နာမည်က အခြားတစ်မျိုး ဖြစ်နေလို့ပါ။ အဲဒီလိုပါပဲ... သူ့ရဲ့ ဘ၀ဇာတ်ကြောင်းနဲ့ ပတ်သက်လို့လည်း အမျိုးမျိုးပြောကြဆိုကြပါတယ်။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ အင်တာနက်ပေါ်မှာ ဆင်းရဲခြင်းစကားလုံးတွေ လှိုင်လှိုင်ဝေအောင် စွမ်းအောင်နိုင်ခဲ့သူလေးပါ။ နစ်ကီက အင်တာနက်တစ်ခုလုံး လဲလဲလဲလဲလဲလဲလဲ ဖြစ်သွားအောင် လုပ်ပစ်ခဲ့သလို၊ နန်းမီမီမိုးစက်ကလည်း အင်တာနက်တစ်ခုလုံး အကြော်သည်ဖြစ်အောင်၊ ဆင်းရဲသားဖြစ်အောင် လုပ်ပစ်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ မှတ်ချက်ပြုစရာ ဘာစကားမျှ မရှိပါဘူး။ သူ့ဟာသူ လူမှုကွန်ရက်မှာ သူရေးချင်သမျှ ရေးထားတာကို ဝေဖန်လောက်အောင် လုပ်ဖို့မလိုဘူးလို့ ယူဆလို့ပါ။ သို့သော် အင်တာနက်သုံးသူတွေအကြားမှာ လှုပ်ခတ်သွားအောင် လုပ်နိုင်တာကိုတော့ အသိအမှတ်ပြုပါတယ်။ မှတ်တမ်းတင်ထားလိုက်ပါတယ်ဗျာ။

(ခ)
လေးပစ်သူ ဘုရားကျွန်တော် ဖြစ်ခဲ့ရလေသူ
ဝါရင့်ဇာတ်ပို့သရုပ်ဆောင် ဇော်ဝင်းနိုင်တစ်ယောက် အမှတ်တမဲ့၊ သို့မဟုတ် အမှတ်တရ ဓာတ်ပုံတစ်ခုကြောင့် အင်တာနက်ပေါ်မှာ မေတ္တာတွေ အပြည့်အ၀ ခံယူလို့ နေပါရောလား။ ရုပ်ရှင်၊ သို့မဟုတ် ဗီဒီယို ရိုက်ကွင်းတစ်ခုမှာ အမှတ်တရအဖြစ် ရိုက်ကူးထားမှန်း အသိသာကြီးပါ။ သို့သော် အဲဒီဓာတ်ပုံက အင်တာနက်ပေါ် ရောက်သွားတဲ့အခါမှာ ဇော်ဝင်းနိုင်တစ်ယောက် သမိုင်းတရားခံ ဖြစ်သွားရှာပါရောလား။ ဇာတ်ဝင်ခန်းထဲမှာ အသုံးပြုဖို့ပဲဖြစ်ဖြစ်၊ တမင်ရည်ရွယ်တာပဲဖြစ်ဖြစ် ဒီဓာတ်ပုံဟာလည်း အင်တာနက်ပေါ်မှာ အပေါက်ဆုံးပုံတစ်ပုံ ဖြစ်ခဲ့တာပါပဲ။ တကယ်နစ်နာလို့၊ တကယ်ကို ဆန္ဒဖော်ထုတ်တဲ့လူတွေကို မပြောလိုပါဘူး။ သို့သော် ဒီနေ့မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲ အငှားလိုက်တဲ့လူ မရှိပါဘူးလို့ ဘယ်သူက အာမခံလို့လဲ။ လူတိုင်းသိနေတဲ့ ကိစ္စရပ်တစ်ခုကို ဘာဖြစ်လို့ အပြောမခံနိုင်၊ အဝေဖန်မခံနိုင် ဖြစ်နေရသလဲဆိုတာ နားကိုမလည်နိုင်ဘူး။ ဆန္ဒပြပွဲတွေကို စော်ကားတာ၊ ဝေဖန်တာ၊ သရော်တာဟာ ဒီမိုကရေစီကို စော်ကားတာလို့ ခံယူထားတဲ့လူတွေကို ပြောစရာစကား မရှိပါဘူး။ ဖော်ကာ ရယ်သလိုပဲ ရယ်လိုက်ချင်တယ်။ ဟားဟားဟားဟား။ နစ်ကီ့လေသံလေးနဲ့လည်း ပြောလိုက်ချင်သေးတယ်။ ခင်ဗျားတို့ သိပ်ရူးတာပဲပဲပဲပဲပဲပဲပဲပဲပဲပဲပဲပဲပဲ...။ :D

(ဂ)
နာမည်ကြီးတွေနဲ့ တွေ့ခွင့်ရခဲ့တဲ့ ဖူးဖူး
မီးလောင်ခံထားရတဲ့ ကလေးလေးက နာမည်ကြီးတွေနဲ့ တွေ့ချင်တယ်လို့ ပြောတဲ့အတွက် နန်းခင်ဇေယျာတို့၊ စိုင်းစိုင်းခမ်းလှိုင်တို့ သွားတွေ့ကြပြီး အားပေးစကားပြောကြတာ၊ လက်ဆောင်ပစ္စည်းတွေ ပေးကြတာ၊ ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ကြတာကို မြင်ရတွေ့ရတဲ့အတွက် ၀မ်းသာဂုဏ်ယူမိပါတယ်။ သို့သော်လည်း မြန်မာအင်တာနက်လောကရဲ့ ထုံးစံအတိုင်းပေါ့လေ... ကလေးကို ခုတုံးလုပ်ပြီး အဲဒီနာမည်ကြီးတွေက သူတို့ကိုယ်သူတို့ Promotion လုပ်နေကြတယ်လို့ မြင်နေတဲ့သူတွေ၊ ကလေးပုံကို ဖော်ပြလိုက်တဲ့အတွက် နောင်တစ်ချိန်မှာ အဲဒီကလေးက ဘယ်လိုလုပ်မလဲဆိုပြီး ဝေဖန်တဲ့လူနဲ့၊ ကလေးကို ခုတုံးလုပ်ပြီး သူ့မိသားစုက လုပ်စားနေကြတယ်လို့ အမနာပ ပြောတဲ့လူနဲ့၊ အို... စုံလို့ စုံလို့ပါပဲ။ စိုင်းစိုင်းတို့၊ နန်းခင်ဇေယျာတို့က သိမသိတော့ မသိဘူး။ ကျွန်တော့်မှာတော့ အင်တာနက်ပေါ်က စာစုတွေ၊ ကွန်းမန့်တွေကို လိုက်ဖတ်ပြီး အတော်ကြီးကို အံ့သြရတယ်။ သြော်... တို့မြန်မာတွေများ တယ်တွေး၊ တယ်ပြောတတ်ပါလား ဆိုပြီးတော့ပေါ့။ တော်သေးတာပေါ့... ဖူးဖူးလေးက ကလေးဆိုတော့ ရုပ်ရှင်တို့၊ ဗီဒီယိုတို့လောက်ပဲ စိတ်ဝင်စားသေးတယ် ထင်ပါရဲ့။ တော်ကြာနေ.. ဖူးဖူးက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်ပါတယ်ဆိုရင်တော့ ဇာတ်လမ်းက လှလိုက်မယ့်ဖြစ်ခြင်း။ ဟားဟားဟားဟား... တွေးကြည့်ရင်းနဲ့တောင် အတော်သဘောကျမိတယ်။ ကျွန်တော်သာ ဖူးဖူးရဲ့ ဦးလေးဆိုရင် အဲဒီလို တကယ်မြှောက်ပေးလိုက်ပါတယ်။ အင်တာနက်ပေါ်မှာ ပြောစရာအကြောင်းအရာတစ်ခု ထပ်ရတာပေါ့ဗျာ။ မဟုတ်ဘူးလား။ အခု အဲဒီကလေးကို ဓာတ်ပုံအရိုက်မခံတော့ဘူးတို့၊ ဧည့်တွေ့ခွင့် မပေးတော့ဘူးတို့ သတင်းတွေ ထွက်နေတာကိုလည်း ဖတ်ရတယ်။ ကလေးကလည်း အသက်သာ ငယ်ငယ်လေး ရှိသေးတယ်၊ သတင်းထုတ်ပြန်ရေးအဖွဲ့တို့၊ ပြောရေးဆိုခွင့်ရှိသူတို့နဲ့ အတော်တော့ ဘုန်းကြီးတဲ့ကလေးပဲ။ အမယ်.. အဲဒီလိုတွေသာ သတင်းထွက်ပေမယ့် နောက်ဆက်တွဲပါလာတဲ့ စကားရပ်တွေ ရှိသေးတယ်ဗျ။ ဓာတ်ပုံအရိုက်မခံဘူး၊ ဧည့်တွေ့မခံဘူး၊ သို့သော် ထောက်ပံ့ကူညီမှုတွေတော့ လုပ်လို့ရပါတယ်တဲ့။ အဟမ်း... ထားလိုက်ပါတော့ဗျာ...။ အလကားနေရင်း ကျွန်တော်ကိုဉာဏ် မြို့မေတ္တာကို မခံယူတော့ပါဘူး။ :D

(ဃ)
အရှိန်အ၀ါမသေးတဲ့ တစ်ကျော့ပြန်မင်းသားကြီး
တစ်ချိန်တုန်းက အစိုးရအဖွဲ့မှာ ၀န်ကြီးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က သူ့အိမ်မှာ အနုပညာပန်းဥယျာဉ် တည်ထောင်လိုက်တဲ့ သတင်းကလည်း ဟော်လေတကြိုး ဟိုးလေးတကြော် ဖြစ်လို့နေပြန်ပါရောလား။ ရယ်စရာတော့ အကောင်းသားဗျ။ ၀ဋ်လည်တယ်လို့ပဲ ပြောရမလား မသိပါဘူး။ တစ်ချိန်တုန်းက အရာရာကို၊ လူတိုင်းကို မသင်္ကာစိတ်နဲ့ ကြည့်ရှုရတဲ့တာဝန်ကို ထမ်းဆောင်ရတဲ့ လူတစ်ယောက်ဟာ အခုတော့ သူလုပ်သမျှကို လူတိုင်းက သံသယစိတ်၊ မသင်္ကာစိတ်နဲ့ ပြန်ကြည့်တာကို ခံနေရရှာတယ်။ ဦးခင်ညွန့် စကားတစ်ခွန်းပြောရင် အဲဒီစကားတစ်ခွန်းကို အဓိပ္ပါယ်တွေ ဖွင့်ကြတယ်၊ စိုးရိမ်စိတ်တွေ ဖြစ်ကြတယ်။ ဟော... အခု အနုပညာပန်းဥယျာဉ် ဖွင့်ပြန်တော့လည်း တွေးတတ်လိုက်ကြတာများ FBI တို့၊ CIA တို့က စုံထောက်တွေတောင် ထိုင်ကန်တော့ရလောက်တယ်။ ကွန်းမန့်တွေကို လိုက်ဖတ်ကြည့်.... ကျွန်တော်တို့ မတွေးမိတဲ့ အကြောင်းအရာတွေချည်းပဲ။ ကျွန်တော်ဖြင့် လေးစားလွန်းလို့ ဘယ်သူမှန်းမသိတဲ့ အဲဒီကွန်းမန့်ရေးသူတွေကို အကြိမ်ကြိမ်အခါခါ ဦးညွတ်မိသားခင်ဗျ။ ကျွန်တော်သာ သမ္မတဆိုရင် အဲဒီလူတွေကို လုံခြုံရေးဆိုင်ရာ အကြံပေးအဖွဲ့အဖြစ် အကုန်ခန့်ပစ်လိုက်မယ်။ ဘယ်... ထောင့်ကိုစေ့နေတာပဲ၊ ဘယ်နေရာမှာမျှ ဟာကွက်မရှိဘူး။ မြန်မာနိုင်ငံရဲတပ်ဖွဲ့တောင် အဲဒီလောက် စဉ်းစားမိရဲ့လား မသိဘူး။ ကျွန်တော့်ဘလော့ဂ်ကို ဖတ်သူတွေထဲမှာ ရဲတပ်ဖွဲ့ကလူတွေများ ပါခဲ့ရင် ကွန်းမန့်တွေ လိုက်ရှာဖတ်စမ်းပါလို့ အကြံပေးပါရစေ။ အင်တာနက်ပေါ်မှာ ဆားပုလင်း(နှင်းမောင်)တွေ၊ အိုင်အို(မင်းအောင်)တွေ အများသားခင်ဗျ။ လိုအပ်ရင် ရဲတပ်ဖွဲ့မှာ အကြံပေးခေါ်လို့ရတယ်။ ဧရာဝတီနဲ့ အင်တာဗျူးမှာတော့ ဦးခင်ညွန့်တစ်ယောက် အတော်ကြီးကို ပြတ်ပြတ်သားသား ပြောလိုက်တယ်ဗျ။ သူလည်း ဟိုအထင်ခံရ၊ ဒီအထင်ခံရဒဏ်ကို မခံနိုင်ရှာတော့ဘူး ထင်ပါရဲ့ဗျာ။ နိုင်ငံရေးလုံးဝမလုပ်ဘူးလို့ ၃ ကြိမ်၊ ၃ ခါတိတိ ဖြေသွားပါသတဲ့။ စိုးရိမ်လွန်းသူများ၊ စိုးရိမ်နေသူများ စိတ်သက်သာရာ ရလောက်ပြီထင်ပါရဲ့။ :D

(င)
ဦးသိန်းစိန်ကို ပြောပေးပါ
ရန်ကုန်စည်ပင်နဲ့ လမ်းဘေးဈေးသည်ဆိုတာ ကြောင်နဲ့ကြွက်၊ ခွေးနဲ့ကြောင်၊ မြွေနဲ့ဖား၊ ကျားနဲ့ဆင်၊ လင်နဲ့မယား ဖြစ်ပါတယ်။ ကြက်ဥနဲ့ ကြက်မ ဘယ်ကစသလဲဆိုတာကို သုတေသန လုပ်တာကမျှ လွယ်လိမ့်ဦးမယ်။ ရန်ကုန်စည်ပင်နဲ့ လမ်းဘေးဈေးသည်ရဲ့ ပြဿနာကို ဘယ်လိုပြေလည်အောင် ဖြေရှင်းမလဲဆိုတာကတော့ ဘန်ကီမွန်းလည်း တတ်နိုင်မယ်မထင်ဘူး။ ဟင်နရီကစ်ဆင်းဂျားလည်း စွမ်းနိုင်မယ်မထင်ဘူး။ ရောင်း၊ ဖမ်း၊ ပြေး၊ လွတ်၊ ရောင်း၊ ပေး၊ လွှတ် စတဲ့ သံသရာနဲ့ပဲ လည်နေဦးမှာပါပဲ။ လမ်းဘေးဈေးသည်ဆိုလို့ သွားတော့ အထင်မသေးနဲ့ဗျို့၊ ကျုပ်တို့ တောမြို့လေးက စတိုးဆိုင်ထက်၊ စားသောက်ဆိုင်ထက် အများကြီးသာတယ်၊ အများကြီးစုံတယ်။ ကဲ... အခုလည်း လမ်းဘေးဈေးသည်တွေရဲ့ ဆန္ဒဖော်ထုတ်မှုကို ရှုစားကြပါဦး။ သဘောကျမှာ အသေအချာပါဗျာ။ တမင်ရေးထားတာလား၊ ဘာလားဆိုတာတော့ ကျွန်တော်ကိုဉာဏ် သေချာမသိဘူး။ ဒါပေမယ့် လူစိတ်ဝင်စားအောင် ရေးတတ်တာကိုတော့ အမှတ်ပေးလိုက်တယ်ဗျာ။ သမ္မတကြီးနဲ့ နီးစပ်သူများရှိရင် ပြောပေးလိုက်ကြပါဦး။ :D

(စ)
မရိုးနိုင်တဲ့ စပိုင်ဇာတ်လမ်း
အမေရိကန်စီအိုင်အေက စပိုင်ကိုကိုက ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှာ အမှုထမ်းရင်းနဲ့ စပိုင်အလုပ် လုပ်ပါသတဲ့။ ဖြစ်ချင်တော့ ကျေးဇူးရှင် စီအိုင်အေစပိုင်က ရုရှားတစ်ယောက်ကို စည်းရုံးသိမ်းသွင်းပါသတဲ့။ ဖြစ်ချင်တော့ သူစည်းရုံးတဲ့ ရုရှားက ရုရှားတန်ပြန်ထောက်လှမ်းရေး ဖြစ်နေပါလေရော။ အဲဒီတော့... ကွိပြီပေါ့ဗျာ။ အမေရိကန် စီအိုင်အေဆိုရင် မှော်ဆရာလောက် ထင်မှတ်နေသူတွေအတွက် အံ့သြစရာ ဖြစ်နေမှာပါပဲ။ ရုရှားကလည်း မြွေမြွေချင်း ခြေမြင်သပေါ့ဗျာ။ သူတို့လုပ်တဲ့ နည်းလမ်းတွေနဲ့ သူတို့ကို လာလုပ်လို့ ဘယ်ရလိမ့်မလဲ။ ကဲ... အမေရိကန်ငပွကြီးက ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး လိမ်လည်လီဆယ်ပြီး ငြင်းချက်ထုတ်ဦးမလဲဆိုတာ စိတ်ဝင်စားမိပါတယ်။ တစ်ခု တွေးကြည့်မိတယ်။ အဲဒီ အမေရိကန်ငနဲသာ မြန်မာထောက်လှမ်းရေး ဆိုလို့ကတော့ ကြည့်လှပြီ။ တစ်ကမ္ဘာလုံး အုတ်အော်သောင်းနင်း ဖြစ်သွားနိုင်သလို အဲဒီသူလျှိုကို ပြည်နှင်ဒဏ်ပေးရင်လည်း မြန်မာပြည်က ပြန်ပြီးတော့ လက်ခံပါ့မလားလို့ သံသယဖြစ်မိတယ်။ အမေရိကန်ကတော့ သူတို့သူသျှိုကို အခမ်းအနားနဲ့များ ကြိုဆိုဦးမလား မပြောတတ်ဘူး။ ဒါမှမဟုတ် အဲဒီလောက်တောင် အသုံးမကျရကောင်းလားဆိုပြီး .........။

(ဆ)
အနီရောင်မှော်ဆရာ၏ နိဂုံးအောင်ပွဲ
ဘောလုံးလောကမှာ မသိသူမရှိအောင် ထင်ရှားကျော်ကြားခဲ့တဲ့ မှော်ဆရာတစ်ယောက် သူ့ရဲ့ နိဂုံးကို အနိုင်နဲ့ပိုင်းပြီး လှလှပပ အဆုံးသတ်သွားခဲ့ပါပြီ။ ဒီနှစ်ဘောလုံးရာသီရဲ့ နောက်ဆုံးအိမ်ကွင်းပွဲစဉ်အဖြစ် ကစားခဲ့တဲ့ပွဲမှာ သူ့ရဲ့ သူရဲနီတပ်သားတွေက အနိုင်ရလဒ်နဲ့ မှော်ဆရာကို ဂုဏ်ပြုခဲ့ကြပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ်မှာ သက်တမ်းအရှည်ဆုံးနည်းပြ၊ ဆုဖလားအများဆုံး ယူပေးနိုင်ခဲ့တဲ့နည်းပြအဖြစ် အနိုင်နဲ့ပိုင်းပြီး ဘောလုံးနည်းပြကနေ အနားယူပြီး ဂန္ထ၀င်တစ်ဦးဘ၀ကို ခံယူသွားခဲ့ပါပြီ။ မန်ယူအသင်းကို အားပေးတဲ့သူတွေတင် မဟုတ်ဘဲ အခြားပရိသတ်တွေရဲ့ လေးစားမှုကိုပါ ရယူထားနိုင်ခဲ့တဲ့ နည်းပြတစ်ဦးကို ကျွန်တော်တို့တွေ အမြဲတမ်း အမှတ်ရနေမှာ အသေအချာပါပဲ။ ဖာဂူဆန် ကျန်းမာပါစေ... ပျော်ရွှင်ပါစေ... အသက်ရှည်ပါစေ....။

(ဇ)
အသက်အတွက် အနှမြောမရှိ ဖြတ်ထုတ်ပစ်ဝံ့သူ
အသက်အန္တရာယ်ကို ထိခိုက်စေမယ့် ကင်ဆာရောဂါကနေ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရင်သားတွေကို ဖြတ်ထုတ်လိုက်တယ်ဆိုတဲ့ ဂျိုလီတစ်ယောက်လည်း ပြောစရာအဖြစ်ဆုံး နာမည်ကျော်တစ်ဦး ဖြစ်နေပါလေရဲ့။ ကျွန်တော်တို့မြန်မာတွေကလည်း သိပ်ခေတ်မီတယ်ဗျ။ ဘရက်ပစ်နဲ့ထပ်တူ ၀မ်းနည်းကြေကွဲရတဲ့လူနဲ့၊ နှမြောတသစွာနဲ့ ၀မ်းနည်းပူဆွေးကြသူနဲ့၊ အတုကပိုကောင်းမှာပေါ့ဆိုပြီး မျှော်တလင့်လင့် ဖြစ်နေတဲ့သူနဲ့ စုံနေတာပါပဲ။ အင်း... ဂျိုလီဖက်ရှင်ဆိုပြီး နာမည်ကြီးဦးတော့မယ် ထင်ပါရဲ့။ ကျွန်တော်တို့ဆီက မော်ဒယ်တွေ၊ မင်းသမီးငယ်တွေလည်း အားကျမခံ ကျွန်မလည်း ကင်ဆာရောဂါကြောက်လို့ ဖြတ်ထုတ်ပစ်မယ်လို့ ဘယ်သူကများ ပထမဆုံး ထုတ်ဖော်ပြောကြား လာလေမလဲလို့ စောင့်မျှော်နေမိကြောင်းပါ။ :D တောက်... နာမည်ကြီးတဲ့လူများ ဘာလုပ်လုပ် ပြောစရာကို ဖြစ်နေတော့တာကိုး။ အင်း... ဒါလည်း သူ့ကုသိုလ်ပဲ ဆိုရမှာပ...။

စာကြွင်း
ဖတ်ရသမျှ၊ မှတ်ထားသမျှကို ခံစားမိသလို ရေးသားလိုက်ပါသည်။ သဘောတော်မငြိ၍ စိတ်ငြိုငြင်စရာ ဖြစ်ခဲ့လျှင်ဖြင့် ခွင့်လွှတ်သနား မေတ္တာထားကြစေလိုကြောင်း ကျွန်တော်ကိုဉာဏ် တောင်းပန်လိုက်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ မေလ ၁၆ ရက်၊ ကြာသပတေးနေ့။
မွန်းလွဲ ၁ နာရီ ၄၁ မိနစ်တွင်ပြီး၏။

အားကိုးရာ လေးမျိုး (၁)


ဣတ္ထီနဉ္စ ဓနံ ရူပံ၊
ပုရိသာနံ ၀ိဇ္ဇာ ဓနံ။
ဘိက္ခူနဉ္စ ဓနံ သီလံ၊
ရာဇာနဉ္စ ဓနံ ဗလံ။

အမျိုးသမီးတို့၏ ဥစ္စာသည်ကား အဆင်းလှခြင်းတည်း။
ယောက်ျားတို့၏ ဥစ္စာသည်ကား အတတ်ပညာတည်း။
ရဟန်းတို့၏ ဥစ္စာသည်ကား အကျင့်သီလတည်း။
မင်းတို့၏ ဥစ္စာသည်ကား စစ်အင်အားတည်း။

Wednesday, May 15, 2013

Fight ဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးဖွ ရောဂါရခြင်း



Fight ဂျာနယ်အယ်ဒီတာကြီး ဦးဖွသည် ချောင်းဆိုးသဖြင့် ဓာတ်မှန်ရိုက်ရာမှ အဆုတ်တွင် အလုံးသေးသေးလေး တစ်လုံး တွေ့သဖြင့် ကင်ဆာအထူးကု ဆရာဝန်တစ်ဦး၏ ဆေးခန်းသို့ ရောက်လာလေသည်။

“လာဗျာ… ဦးဖွထိုင်ပါ။ လူကိုတော့ မမြင်ဖူးသေးဘူး။ နာမည်ကတော့ ကြားဖူးနေတာကြာပါပြီ” ဟု ကင်ဆာဆရာဝန်က ကြိုဆိုလေ၏။ ရောဂါရာဇ၀င်ကို မေးမြန်း၍ ဓာတ်မှန်နှင့် လိုအပ်သည်များကို ကြည့်ရှူစစ်ဆေးပြီးသည့်အခါ ဆရာဝန်က ဦးဖွကို ပြောလေသည်။

“ကဲ..ဦးဖွ။ ရင်ဘတ်ထဲက အကျိတ်လေးကိုတော့ ကင်ဆာလို့ထင်တယ်။ ကင်ဆာလို့ ကျွန်တော်မပြောသေးဘူးနော် ဦးဖွ။ အသားစ ယူဖို့လိုတယ်။ ကွန်ပြူတာဓာတ်မှန် ရိုက်ဖို့လိုတယ်။ ကျွန်တော့်အတွေ့အကြုံအရ ကင်ဆာထင်ပေမယ့် နောက် ကင်ဆာမဟုတ်ဘူး အဖြေထွက်လာရင် ကျွန်တော့်နာမည်ကြီး ဂျာနယ်ထဲ ပါလာဦးမယ်။ ကင်ဆာလို့ ညာကုတဲ့ ကင်ဆာဆရာဝန်ဆိုပြီး။ ဒီတော့ ခင်ဗျား အသားစယူဖို့ ဓာတ်မှန်ဆရာဝန်တစ်ယောက်ဆီလွှဲလိုက်မယ်။ သူက ကွန်ပြူတာဓာတ်မှန် အကူအညီနဲ့ ခင်ဗျားရင်ဘတ်ထဲက အကျိတ်ကို အပ်ကလေးနဲ့ စုပ်ပြီး အသားစယူပေးလိမ့်မယ်။” ဟုပြောဆိုလျက် လွှတ်လိုက်လေသည်။

ဦးဖွသည် ဓာတ်မှန်ဆရာဝန်ဆီ ရောက်လာသည်။ ဓာတ်မှန်ဆရာဝန်က “ကဲ..ဦးဖွ။ ခင်ဗျားရင်ဘတ်ထဲက အကျိတ် ကလေးကို ကွန်ပြူတာဓာတ်မှန် အကူအညီနဲ့ အပ်နဲ့စုပ်ပြီး အသားစယူပေးမယ်။ ဒီမှာ ဖြစ်တတ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဖတ်ပါ။ ပြီးရင် လက်မှတ်ထိုးပါ။ ဒီထဲမှာရေးထားတဲ့အတိုင်း အဆုတ်ထဲကအကျိတ်ကို အပ်နဲ့ထိုးပြီး အသားစယူရင် ၂% က အဆုတ်ထဲ သွေးယိုတတ်တယ်။ ကျွန်တော့်ဓာတ်မှန်ဆရာဝန် သက်တမ်းတစ်လျှောက်တော့ ၉၈ ယောက် အသားစ ယူပေးခဲ့ပြီးပြီ။ ဘာမှမဖြစ်ခဲ့ဖူး။ ကဲ.. ဒီအန္တရာယ်ကို သိရှိကြောင်း လက်မှတ်ထိုးပါ” ဦးဖွသည် ရင်ဘတ်ကအောင့်သလို၊ ကျောက အောင့်သလို အောင့်သက်သက်ဖြင့် စာကိုဖတ်ရှုပြီး လက်မှတ်ထိုးလိုက်ရလေသည်။

အသားစယူခြင်းသည် အဆင်ပြေချောမောစွာ ပြီးဆုံးသွားလေသည်။ နောက်အပတ် အသားစ အဖြေရသည့်အခါ ဦးဖွသည် ကင်ဆာဆရာဝန်ထံ ပြန်သွားသည်။ ကင်ဆာဆရာဝန်က တစ်ရက်ကို လူနာ ၃၀ သာ လက်ခံသည်ဆိုသည်။ ဦးရာလူစနစ်၊ ကြိုတင်ဘွတ်ကင်စနစ် မရှိသဖြင့် ဦးဖွသည် နှစ်နာရီ၊ သုံးနာရီခန့် ကြိုသွားရလေသည်။ ဦးဖွ မ၀င်ခင် မိသားစုအိမ်သားများက ဆရာဝန်နှင့် အရင်တွေ့ရန် ၀င်သွားကြလေသည်။

ကင်ဆာဆရာဝန်က ပြန်ဖြေသည်။ “တခြားသူဆိုရင်တော့ ရမယ်။ ဦးဖွ ဆိုရင်တော့ မညာနိုင်ဘူးဗျ။ တော်ကြာ သူ့မှာ ကင်ဆာဖြစ်နေတာကို ဆရာဝန်က ထိန်ချန်တယ်ဆိုပြီး တရားစွဲ၊ ဂျာနယ်ထဲ ထည့်တဲ့အခါကျတော့ ခင်ဗျားတို့ တာဝန်ယူမှာလား။”

ဆရာဝန်သည် ဦးဖွကို ပြောလေသည်။ “ဦးဖွ ..ခင်ဗျားဆီမှာ အဆုတ်ကင်ဆာတော့ ဖြစ်နေပြီ။ အသားစအဖြေက ကင်ဆာပဲ။ ဘယ်လောက်နေရမလဲ ခင်ဗျားသိချင်နေပြီ မဟုတ်လား။  ရှင်းပြမယ်။ ဆေးဘယ်လို ကုရမယ်။ ဘယ်လောက် နေရမယ်ဆိုတာ သိချင်ရင် ကင်ဆာပျံ့နှံ့မှုနှုန်းကို သိအောင်လုပ်ရတယ်။ ခင်ဗျား တစ်ကိုယ်လုံးကို ကွန်ပျူတာဓာတ်မှန် ရိုက်မယ်။ အဲ.. ခေါင်းတော့ မပါသေးဘူး။ အဲ.. ခင်ဗျား ခေါင်းကိုက်တယ်ဆိုတာနဲ့ ခေါင်းကိုပါ ရိုက်မယ်။ အဲဒီကွန်ပျူတာဓာတ်မှန် အဖြေထွက်မှ ခင်ဗျားသိချင်တာတွေ ပြောနိုင်မယ်။ ကဲ.. ဘာမေးဖို့ ရှိသေးလဲ။”

“ဆရာ ဘာလို့ လူနာအများကြီး မကြည့်တာလဲဆရာ။ ပြချင်တဲ့ လူနာတွေက အများကြီး။ ဆေးခန်းကလည်း ဒီတစ်ခုတည်း ထိုင်တယ်ဆိုတော့”

“အထူးကုဆရာဝန်တစ်ယောက် ဆေးခန်းတစ်ခုပဲ ထိုင်ရမယ်လို့ ခင်ဗျားတို့ပဲ ရေးခဲ့တာမဟုတ်လား။ ကျွန်တော်က ဆေးရုံမှာလည်း လူနာတွေ ကြည့်ရသေးတယ်ဗျ။ အခွန်ဆောင်ရလွန်းလို့ ဆရာဝန်အလုပ်ကို ဘယ်သူမှ မလုပ်ချင်လို့ ဆေးရုံမှာ ဆရာဝန်အင်အား မပြည့်စုံဘူး။ ပြီးတော့ ဆရာဝန်ကြီးလူတန်းစား ဖျောက်ဖျက်ရေးဆိုပြီး ခင်ဗျားတို့ ဦးဆောင် ဆန္ဒဖော်ထုတ်ခဲ့ကြလို့ အထူးကုဆရာဝန်မှန်သမျှ ဆရာဝန်ကြီး မဖြစ်တော့ဘူးလေ။ ကျေနပ်တယ်မဟုတ်လား။ ကျွန်တော့်ကိုကြည့်၊ နိုင်ငံခြားပြန် ကင်ဆာအထူးကု ဆရာဝန်ကလေးပဲ။ ဆရာဝန်ကြီး မဟုတ်ဘူး”

ဦးဖွသည် ထိုဆရာဝန် ဘာတွေပြောနေပါလိမ့်ဟု တွေးတောပြီး အိမ်ပြန်လာခဲ့သည်။ နောက်နေ့ ကွန်ပျူတာဓာတ်မှန် ပြန်ရိုက်တော့လည်း လက်မှတ်ထိုးခိုင်းတာ ၀ါသနာပါသည့် ဓာတ်မှန်ဆရာဝန်နှင့် ပြန်တွေ့ရပြန်သည်။

“ကဲ..ဦးဖွ။ ထုံးစံအတိုင်းပဲ။ တစ်ကိုယ်လုံး ကွန်ပျူတာဓာတ်မှန် ရိုက်ရမှာဆိုတော့ ဓာတ်မှန်ပုံထွက်ကောင်းအောင် Contrast ဆိုတဲ့ ဆေးတစ်မျိုးထိုးပြီး ရိုက်ရမယ်။ အဲဒီဆေးနဲ့ မတည့်တဲ့နှုန်းက ၀.၅ % ရှိတယ်။ ခင်ဗျားကို မထိုးခင်မှာ တည့်၊ မတည့် အရင်စမ်းမှာပါ။ ဒါပေမယ့် အဲဒီဆေးတွေ ထိုးပြီးရင် ကျောက်ကပ်ပျက်စီးသွားတတ်တာ ရှိသေးတယ်။ သူလည်း ရာခိုင်နှုန်း နည်းနည်းပါပဲ။ ကဲ.. သိရှိကြောင်း လက်မှတ်ထိုးပါဦး။ ကျွန်တော့်မှာ ခင်ဗျားလက်မှတ်တွေ အကုန်ရှိတယ်နော်။ နောက်… ဆေးထိုးပြီး ကျောက်ကပ်ဒဏ်ရာရတော့မှ ကင်ဆာကြောင့် ဘာမှမဖြစ်ဘဲ ဓာတ်မှန်ဆရာဝန်လုပ်လို့ ဓာတ်မှန်ရိုက်ပြီး ဒုက္ခရောက်ရတယ် အပြောခံနေရဦးမယ်”

ဦးဖွသည် လက်မှတ်ထိုး အတော်ဝါသနာကြီးတဲ့ ဆရာဝန်ဟု သုံးသပ်လျက် လက်မှတ်ထိုးရပြန်လေသည်။

နောက်တစ်ရက်မှာ ကင်ဆာဆရာဝန်ဆီ ပြန်ရောက်လာသည်။ ထုံးစံအတိုင်း အစောကြီး ကြိုသွားရသည်။ အထူးကု ဆရာဝန်ကြီးတွေ ဆေးခန်းပေါင်းများစွာမှာ လူနာတွေ တိုးကျိပ်စောင့်ရသလို အခု အထူးကုဆရာဝန်ကြီးလူတန်းစား မရှိတော့သော်လည်း အခြေအနေက ပိုဆိုးနေပါလားဟု တွေးနေမိသည်။
ကင်ဆာဆရာဝန်သည် ဦးဖွ၏ ကွန်ပျူတာဓာတ်မှန်ကိုကြည့်ပြီး ပြောသည်။ “ပုံမှန်လူနာဆိုရင်တော့ ဒီလိုအဆင့်မျိုးက ခွဲစိတ်ဆရာဝန်ဆီလွှဲ၊ အဆုတ်က အလုံးလေးကို ခွဲထုတ်လိုက်ရင် လုံလောက်ပြီ။ ဒါပေမယ့် အခုက ခင်ဗျားဆိုတော့။ PET scan ဆိုတဲ့ဟာ နိုင်ငံခြားမှာ သွားရိုက်လိုက်ဦးဗျာ။ ဖြစ်နိုင်ချေ နည်းသော်လည်းပဲ မသင်္ကာစရာ အကျိတ်လေးတွေ ဗိုက်ထဲမှာ တွေ့နေရတယ်။ PET scan ဆိုရင်တော့ ပိုရှင်းတယ်။ မရိုက်လို့တော့ မရဘူး။ တော်ကြာ… ခွဲစိတ်ပြီးနောက် နှစ်လ၊ သုံးလ အဲဒီအကျိတ်တွေကြီးလာရင် ကင်ဆာအဆင့်(၄) ဖြစ်သွားမယ်။ အဲဒီအခါကျရင် အဆုတ်ကင်ဆာ အဆင့်(၄)ကြီးကို ငွေလိုချင်လို့ ခွဲစိတ်ဆရာဝန်နဲ့ ကင်ဆာဆရာဝန် ပေါင်းခွဲတယ် ဖြစ်နေမယ်။ ဒီတော့ နိုင်ငံခြားမသွားနိုင်ရင် ဒီမှာ လက်မှတ်ထိုး။ ဆရာဝန်က PET scan လိုအပ်ကြောင်း ရှင်းပြသော်လဲပဲ မိမိဆန္ဒအလျောက် မသွားခဲ့ပါလို့ရေး” ဟုဆိုလျက် ကင်ဆာဆရာဝန်က ရှည်လျားစွာရှင်းပြသည်။

ဒီလိုနှင့် ဦးဖွသည် ခွဲစိတ်ဆရာဝန်ထံ ရောက်လာရပြန်သည်။ ခွဲစိတ်ဆရာဝန်က “ကဲလာ ဦးဖွ၊ ကျွန်တော့်သူငယ်ချင်း ကင်ဆာအထူးကုကတော့ ခင်ဗျားမျက်နှာမြင်တိုင်း သူ့စာတွေ မေ့မေ့သွားတယ်ပြောတယ်။ ခင်ဗျားကို ခွဲစိတ်မှုအကြောင်း ရှင်းပြမယ်”

သဘောကောင်းပုံရသည့် ခွဲစိတ်ဆရာဝန်သည် ခွဲစိတ်မှုအကြောင်း ဦးဖွကို ရှင်းပြလေသည်။
“အရင်တုန်းကတော့ ဦးဖွရယ်… ဒီလို အကျိတ်အရွယ်လောက်ဆို ရင်ဘတ်ဖွင့်ပြီး ခွဲစရာမလိုဘူး။ Video-assisted Thorascopic Surgery (VATS) ခေါ်တဲ့ မှန်ပြောင်းလေးထည့်ပြီး အကျိတ်လေးကို ခွဲထုတ်လိုက်လို့ရတယ်။ အခုတော့ အဲဒီလိုခွဲတတ်တဲ့ ဆရာဝန်က တစ်နှစ်ကို အခွန်သိန်းတစ်ရာဆိုတော့ ပြေးပြီဗျ။ ဟိုမှာက ဒီထက် လစ ၁၀ ဆ၊ အဆ ၂၀ ပိုများပေမယ့် အခွန်က ဒီလောက်မများဘူးလေ။ ပြီးတော့ လူနာတစ်ယောက်ခွဲပြီး ထွက်လာပြီဆို မီဒီယာတွေက လူနာနားမှာ ဘာဖြစ်လေမလဲဆိုပြီး ၀ိုင်းအုံနေကြတော့ သူလည်း မခံနိုင်တော့ဘူး ထင်ပါရဲ့ဗျာ”

ခွဲစိတ်ဆရာဝန်က ဆက်ပြောသည်။ “ကျွန်တော်လား… ဟဲဟဲ… ကျွန်တော့်ကိုတော့ ဘယ်သူမှ မတိုင်ကြဘူးဗျ။ တိုင်လည်း အရေးမယူရဘူးလို့ အထက်လူကြီးများက အမိန့်ထုတ်ထားတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာ ကျွန်တော် တစ်ယောက်တည်း အဆုတ်ခွဲတတ်တဲ့ဆရာဝန် ရှိတော့တာကိုး။ ကျွန်တော့်သူငယ်ချင်း  ကင်ဆာဆရာဝန်ကတော့ ခင်ဗျားကိုတွေ့ရင် စာတွေ မေ့မေ့ကုန်တယ်ဆိုလား။ ကျွန်တော်ကတော့ ဘာမှမဖြစ်ပါဘူးဗျာ။ အခြေအနေတွေက ဒီလိုရှိတာကိုး။ ကျွန်တော်က ကြောက်စရာ မလိုဘူးလေ”

နောက်တစ်နေ့တွင် အယ်ဒီတာကြီး ဦးဖွကို သူ့အခန်းထဲတွင်ပင် ဆွဲကြိုးချလျက် သေဆုံးနေသည်ကို တွေ့ရသည်။ သူရေးထားခဲ့သည့် စာထဲတွင် အကျိတ်သေးသေးလေးအတွက် ရင်ဘတ်တစ်ခုလုံး ဖွင့်ပြီးခံရမှာ အလွန်ကြောက်မိကြောင်း၊ သွားတိုင်း လက်မှတ်ထိုးနေရသည့် ဓာတ်မှန်ဆရာဝန်နှင့်လည်း ထပ်မတွေ့ချင်တော့ကြောင်း၊ သေစကားချည်း လွှတ်ပြောတတ်ပြီး သူ့ကိုမြင်လျှင် ဂျာနယ်ထဲအထည့်ခံရမှာ အလွန်ကြောက်သော ကင်ဆာဆရာဝန်နှင့်လည်း စကားမပြောချင်တော့ကြောင်း စသည်ဖြင့် ရေးသားထားလေသည်။

ဦးဖွ၏ ရေးသားထားချက်များကို သူ၏ ဂျာနယ်တိုက်က အထူးသတင်းအဖြစ် (ထည့်စရာသတင်းမရှိသောကြောင့်) ခေါင်းစီဆောင်းပါးအဖြစ် ထည့်လိုက်လေရာ Fight ဂျာနယ်ကြီး ရောင်းမလောက်အောင် ပေါက်သွားပါကြောင်း။

(တာဝန်သိ စေတနာရှင် ဆရာဝန်တစ်ဦး၏ ပြောပြမှုကို အခြေခံလျက် ပျော်ရွှင်ရယ်မောနိုင်ကြစေရန် ရေးပါသည်)
ဒေါက်တာ လွှမ်းမိုးဟန် 
၂၈/၄/၂၀၁၃

အလှအပ လေးမျိုး


ကောကိလာနံ သဒ္ဒံ ရူပံ၊
နာရီရူပံ ပတိဗ္ဗတာ။
ဝိဇ္ဇာ ရူပံ အရူပါနံ၊
ခမာ ရူပံ တပဿီနံ။

ဥသြငှက်တို့၏ အလှသည်ကား အသံတည်း။
အမျိုးသမီးတို့၏ အလှသည်ကား လင်ကို မြတ်နိုးစွာ ပြုစုလုပ်ကျွေးခြင်းတည်း။
ရုပ်ဆင်းအင်္ဂါ မလှပသော သူတို့၏ အလှသည်ကား အတတ်ပညာတည်း။
ရသေ့ရဟန်း သူတော်စင်တို့၏ အလှသည်ကား သည်းခံခြင်းတည်း။

 
Web Statistics