Thursday, October 29, 2009

ခေတ်ရှေ့ကပြေးပါ - လူထုစိန်ဝင်း


"ခေတ်မီအောင် လုပ်ပါ"
ဒီစကားဟာ ယေဘုယျအားဖြင့် လူတိုင်းပြောလေ့ရှိတဲ့စကား ဖြစ်ပါတယ်။ တိုးတက်နေတဲ့ အတွေးအခေါ်၊ အယူအဆတွေ၊ တိုးတက်နေတဲ့ နည်းပညာတွေ၊ တိုးတက်နေတဲ့ နေထိုင်မှုပုံစံတွေကို လေ့လာအတုယူဖို့ တိုက်တွန်းနှိုးဆော်တာဖြစ်တယ်။

သူများနောက်လိုက်ဖြစ်အောင်
တကယ်တော့ ဒီစကားကိုမကြိုက်ပါဘူး။ ဒီစကားရဲ့သဘောက လူငယ်တွေကို ထူးချွန်တိုးတက်လာအောင် နှိုးဆော်တိုက်တွန်းရာမကျဘဲ သူများနောက်လိုက်ဖြစ်အောင် တွန်းပို့တဲ့စကားလို ဖြစ်နေပါတယ်။ ဒီစကားအစား လူငယ်တွေကို "ခေတ်ရှေ့ကပြေးပါ"လို့သာ ပြောသင့်တယ်လို့ ယူဆပါတယ်။ ရှေ့ကသွားသူရဲ့နောက်က မီအောင်လိုက်တာဟာ နောက်လိုက်လုပ်တာပဲဖြစ်ပါတယ်။ ဒီစိတ်ဓာတ်ဟာ မကောင်းပါဘူး။ ရှေးက လူကြီးတွေ ပြောခဲ့ကြတဲ့ "ကျွန်စိတ်" ဆိုတာမျိုးဖြစ်တယ်။ ခေတ်မီအောင် လိုက်တာ။ နိုင်ငံတကာ အဆင့်မီအောင် လိုက်တာဆိုတာ တကယ်တမ်းပြောရရင် အဲဒီ "ကျွန်စိတ်" သာဖြစ်ပါတယ်။

ကျွန်စိတ်တွေဖျောက်
လူငယ်တွေကို နေရာတိုင်းမှာ ရှေ့ဆောင်ရှေ့ရွက်ပြုနိုင်တဲ့သူတွေ ဖြစ်အောင် တပ်လှန့်နှိုးဆော်ပေးသင့်ပါတယ်။ သူများနောက်ကလိုက်ဖို့ မလှုံ့ဆော်သင့်ဘူး။ သူများနိုင်ငံက လူငယ်တွေလည်း လူငယ်ပဲ။ ဘာကွာခြားမှုရှိလို့လဲ။ ဘာကြောင့် သူတို့နောက်လိုက်လုပ်မှာလဲ။ သူတို့ထက်သာအောင် ဘာ့ကြောင့် မလုပ်နိုင်ရမှာလဲ။ အရေးကြီးတာက "ကျွန်စိတ်"တွေ ဖျောက်ပစ်ပြီး "သခင်စိတ်" မွေးဖို့သာဖြစ်တယ်။

လမ်းကြောင်းထွင်သူဖြစ်ပါစေ
လူငယ်ဆိုတာ လန်းဆန်းတယ်၊ တက်ကြွတယ်၊ အးမာန်ရှိတယ်၊ ဦးနှောက်ထဲမှာ မှတ်ထားတဲ့ပမာဏ သိပ်များလွန်းတာမဟုတ်လို့ အားကောင်းတဲ့ကာလဖြစ်တယ်။ ဒီတော့ အသစ်အသစ်တွေ တွေးခေါ်ကြံဆ တီထွင်နိုင်စွမ်းရှိတယ်။ ခေတ်ရေစီးကြောင်းအတိုင်း လိုက်ပါစီးမျောမနေဘဲ ရှေ့ကဦးဆောင်ပြီး လမ်းကြောင်းထွင်သူ Trend Setter ဖြစ်အောင် လုပ်ချင်စိတ်သာရှိ၊ ဖြစ်အောင်လုပ်နိုင်တယ်။ လုပ်ချင်စိတ်ရှိအောင်၊ လုပ်ရဲအောင် နှိုးဆော်ပေးဖို့ပဲလိုပါတယ်။

လူကြီးတွေရဲ့တာဝန်
လူငယ်တွေကို နှိုးဆော်ပေးဖို့က လူကြီးများရဲ့ တာဝန်ဖြစ်တယ်။ လူကြီးတွေကိုယ်တိုင်က သူများနောက်ကလိုက်တဲ့ "ကျွန်စိတ်"တွေ ကြီးမားနေဆဲဆိုရင် လူငယ်တွေကို ဘယ်လိုလုပ်ပြီး လမ်းညွှန်နိုင်မှာလဲ။ ဒါကြောင့် ပထမဆုံး အရေးကြီးဆုံးလိုအပ်ချက်က ကျွန်တော်တို့ လူကြီးတွေရဲ့ ခေါင်းထဲက "ကျွန်စိတ်"တွေ ဖျောက်ပစ်ဖို့ ဖြစ်ပါတယ်။

ကော်ပီလုပ် ကျေနပ်နေကြ
"သခင်စိတ်"ရှိတဲ့ လူကြီးတွေကသာ လူငယ်တွေကို "သခင်စိတ်" အမွေပေးနိုင်မှာဖြစ်တယ်။ သခင်စိတ်ရှိတဲ့ လူငယ်တွေကသာ နိုင်ငံကို တိုးတက်ထွန်းကားအောင် ဆောင်ရွက်နိုင်ကြမှာဖြစ်တယ်။ ဒီနေ့ စာပေလောက၊ ဂီတအနုပညာလောက၊ ပန်းချီလောက၊ ရုပ်ရှင်လောက စတဲ့ ယဉ်ကျေးမှုမျက်နှာစာ ဘယ်လောကပဲ ကြည့်လိုက်ကြည့်လိုက် သူများဆီက "ကော်ပီလုပ်"ပြီး နောက်ကလိုက်နေကြတာပဲ တွေ့ရတယ်။ ဘာ့ကြောင့် ဦးဆောင်ဖို့ စိတ်ကူးမရှိကြတာလဲ။ စဉ်းစားလို့ကို မရဘူး။

ရှိတာတွေနဲ့ပဲ ရောင့်ရဲနေကြ
ဥပမာ-ပန်းချီဆွဲတာဆိုပါစို့။ ဆေး၊ စုတ်တံနဲ့၊ ကင်းဗတ်နဲ့ ဆွဲကြရတာချည်းပါပဲ။ ဒါပေမယ့်လို့ ဒါတွေက အဓိကမဟုတ်ဘူး။ အရေးကြီးဆုံးက "ခေါင်း"ပဲ။ စက်ပစ္စည်းကိရိယာတွေ သုံးတဲ့နေရာမှာဆို ထားပါတော့။ "ခေါင်း"တစ်ခုပဲသုံးရတဲ့ ပန်းချီဆွဲတဲ့ကိစ္စမျိုးမျာ ဘာ့ကြောင့် သူတို့ကို ပုံတူကူးချနေကြရတာလဲ။ ကိုယ့်ယဉ်ကျေးမှု အခြေခံ၊ ကိုယ့်အတွေးအခေါ် အခြေခံနဲ့ ကိုယ်က နည်းတစ်ခု၊ "အစ်ဇင်" တစ်ခု တီထွင်နိုင်အောင် ဘာ့ကြောင့် မကြိုးစားကြတာလဲ။ ဘာ့ကြောင့် ရှိပြီးသား "အစ်ဇင်"တွေနဲ့ ရောင့်ရဲနေကြတာလဲ။

ကျွန်စိတ်
မညှာမတာပြောရရင် ဒါ သူများနောက်က နောက်မြီးဆွဲပြီး လိုက်ချင်တဲ့ "ကျွန်စိတ်" မပျောက်တာပဲဖြစ်တယ်။ ဂီတ၊ ရုပ်ရှင်၊ စာပေတွေမှာလည်း အလားတူပါပဲ။ ကိုယ်က တီထွင်ဆန်းသစ်နိုင်ဖို့ ကြိုးစားအားထုတ်တာ မတွေ့ရပါဘူး။ သူများခင်းထားတဲ့လမ်းပေါ် လျှောက်နေကြတာပဲ တွေ့ရတယ်။ ဒီစိတ်မျိုးတွေနဲ့တော့ မဖြစ်သေးဘူးလို့ပဲ ပြောလိုက်ပါရစေတော့။

ဘေးဆိုး၊ ကပ်ဆိုး ကင်းဝေးတဲ့နိုင်ငံ
နဖူးပေါ်လက်တင်ပြီး စဉ်းစားကြည့်စမ်းပါ။ မြန်မာပြည်လောက် သာယာလှပတဲ့နိုင်ငံ အတော်ရှားတယ်။ တချို့နိုင်ငံတွေလို အပူလွန်ကဲလို့ လူတွေထောင်ချီ သေဆုံးရတာမျိုး၊ တားမနိုင် ဆီးမရတဲ့ တောမီးကြီးတွေလောင်လို့ ကိုယ့်နိုင်ငံသာမက ဘေးပတ်ဝန်းကျင်က နိုင်ငံတွေပါ မီးခိုးမှိုင်းတွေ ဖုံးလွှမ်းသွားတာမျိုး ဘယ်ခေတ်ဘယ်အခါကမှ မကြားဖူးပါဘူး။ အေးလွန်းလို့ မနက်မိုးမလင်းခင်မှာ မြူနီစပယ်က ပလက်ဖောင်းပေါ် တောင့်တင်းသေဆုံးနေသူတွေ လိုက်ကောက်ရတယ်ဆိုတာမျိုးလည်း မရှိပါဘူး။ မိုးကြီးမားလွန်းလို့ လူတွေထောင်သောင်းချီ သေကုန်ကြတယ်ဆိုတာမျိုးလည်း မရှိပါဘူး။ မိုးခေါင်လွန်းလို့ သရောကြီးခိုင်းပြီး လူသူ၊ ကျွဲ၊ နွား တိရစ္ဆာန်တွေ သောင်းနဲ့ချီ သေကြရတယ်ဆိုတာမျိုးလည်း မရှိပါဘူး။ ခြုံပြောရရင် ဘေးဆိုး၊ ကပ်ဆိုးကြီးတွေ ကင်းဝေးတဲ့နိုင်ငံလို့တောင် ဆိုနိုင်မယ်ထင်ပါရဲ့။

မရှိဘူး၊ ဒါပေမယ့် ရှိတယ်
အပူလွန်တာမရှိဘူး။ ဒါပေမယ့် သဲကန္တာရသဘာဝကို ခံစားကြည့်ရှုနိုင်တဲ့ သဲကန္တာရဆန်ဆန်ဒေသမျိုး ရှိတယ်။ အအေးလွန်တာမရှိဘူး။ ဒါပေမယ့် နှင်းတွေဖုံးတဲ့ အလှအပကို ခံစားကြည့်ရှုနိုင်တဲ့ တောင်တန်းမြင့်မြင့်ကြီးတွေ ရှိတယ်။ ထင်းရှူးပင်တွေနဲ့ ယူကလစ်ပင်တွေရှိတယ်။ အမေဇုန်လို မုတ်သုံသစ်တော စိမ်းစိမ်းညှို့ညှို့ကြီးတွေရှိတယ်။ လမုတောတွေနဲ့ လတာပြင်တွေရှိတယ်။ ပန်းစုံပွင့်တယ်။ ကျေးငှက်သာရကာမျိုးစုံ ပျော်မြူးကျက်စားတယ်။ ဘာလိုသေးလဲ။

သုံးပန်လှနိုင်ငံ
မြန်မာနိုင်ငံဟာ နွေ၊ မိုး၊ ဆောင်း သုံးမျိုးစလုံးလှတဲ့ "သုံးပန်လှ"နိုင်ငံဖြစ်တယ်။ ရာသီသုံးမျိုးစလုံးမှာ အရောင်တွေစုံလှတယ်။ ဒီလောက်လှတဲ့ အရောင်တွေ၊ ဒီလောက်လှတဲ့ ရေမြေတောတောင်တွေဟာ ပန်းချီဆွဲချင်စရာ၊ ကဗျာစပ်ချင်စရာတွေ မဟုတ်ဘူးလား။ ဒါတွေကို အခြေခံတဲ့ "အစ်ဇင်"တွေ ဘာ့ကြောင့် ပေါ်ထွက်မလာကြတာလဲ။ ကိုယ်မမြင်ဖူးတဲ့ "ဂူအာနီကာ" ပန်းချီကားကြီးအကြောင်း လူအထင်ကြီးအောင် လေလုံးထွားနေမယ့်အစား "ရွှေစက်တော်သွားတောလား" ထဲက ရှုခင်းသာတွေကို ပန်းချီကားကြီးတွေဖြစ်လာအောင် စိတ်ကူးကြသင့်တယ်ထင်တယ်။ ဒါမှမဟုတ်လည်း ကာဠုဒါယီထေရ်ရဲ့ တပေါင်းလဖွဲ့တွေကို ပန်းချီကားကြီးတွေဖြစ်အောင် ဖန်တီးသင့်ကြတယ် ထင်ပါတယ်။

ချွေးတပ်စခန်းနဲ့ သေမင်းတမန်ရထားလမ်း
အလှကိုမကြိုက်လို့ "အနိဋ္ဌာရုံ"တွေနဲ့ ဘာဝနာပွားစေချင်ရင်လည်း "သံဖြူဇရပ် ချွေးတပ်စခန်း"လို၊ "သေမင်းတမန် မီးရထားလမ်း"လို သမိုင်းဝင် ကမ္ဘာကျော်ဖြစ်ရပ်မှန် ကိစ္စကြီးတွေ မနည်းလှပါဘူး။ ဆရာကြီး ရွှေဥဒေါင်းရဲ့ "တစ်သက်တာမှတ်တမ်း" စာအုပ်ကြီးထဲမှာပါတဲ့ ရန်ကုန်မြို့ကြီးကို ဂျပန်တွေက ခရစ္စမတ်လက်ဆောင် ဗုံးကြဲခဲ့တဲ့ အဖြစ်အပျက်တွေဟာလည်း "ဂူအာနီကာ"လိုပဲ ပန်းချီဆွဲဖို့ အင်မတန်ကောင်းတဲ့ အဖြစ်အပျက်တွေပါပဲ။ သေမင်းတမန် မီးရထားလမ်းအကြောင်း၊ သံဖြူဇရပ်ချွေးတပ်စခန်းအကြောင်းတာ့ လျစ်လျူရှုပြီး ကိုယ်မမြင်ဖူးတဲ့ "ဂူအာနီကာ"အကြောင်း ဘာ့ကြောင့် စာဖွဲ့ပြီးပြောနေကြ၊ ရေးနေကြတာလဲ။ တော်တော်ရယ်စရာကောင်းတယ်။

တကယ်တော့ ဒါ "ကျွန်စိတ်"ပဲ။ သူများနောက်ကလိုက်တဲ့စိတ်ပဲ။ လူကြီးတွေမှာ ဒီစိတ်မျိုးတွေရှိနေသေးရင် လူငယ်တွေကို ဘယ်လိုလုပ်ပြီး မှန်မှန်ကန်ကန် လမ်းညွှန်နိုင်မှာလဲ။ အဲဒီစိတ်က "ခေတ်မီအောင်လုပ်ကြ" ဆိုတဲ့ ဆုံးမစကး ထွက်လာတာပဲဖြစ်တယ်။ "ခေတ်ရှေ့ကပြေးကြ"၊ "လမ်းဖောက်သူဖြစ်အောင်လုပ်ကြ"ဆိုတဲ့ လှုံ့ဆော်စကားတွေ များများကြားရဖို့ လိုနေပါပြီ။

စတီဖင်ဟော့ပ်ကင်းနေရာကို ဆက်ခံမည့်သူ


အင်္ဂလန်နိုင်ငံ ကန်းဘရစ်ခ်ျတက္ကသိုလ်သည် ၎င်းတို့၏ကျောင်းမှ နာမည်ကျော် ရူပဗေဒပညာရှင် စတီဖင်ဟော့ပ်ကင်းလူကပ်ဆီယန်သင်္ချာ ပါမောက္ခရာထူးကို ဆက်ခံမည့် ၁၈ ယောက်မြောက် ပညာရှင်အဖြစ် ပါမောက္ခ မိုက်ကယ်ဂရင်းအား ရွေးချယ်လိုက်ကြောင်း သိရသည်။
စတီဖင်ဟော့ပ်ကင်းသည် လူကပ်ဆီယန်သင်္ချာ ပါမောက္ခရာထူးကို ပြီးခဲ့သည့် စက်တင်ဘာ ၃၀ အထိ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် တက္ကသိုလ်တွင် သုတေသနဒါရိုက်တာအဖြစ် ဆက်လက်တာဝန်ယူသွားမည် ဖြစ်သည်။
ပါမောက္ခဂရင်းမှာမူ ၎င်း၏ရာထူးသစ်ကို လာမည့်နိုဝင်ဘာ ၁ ရက်မှ စတင်တာဝန်ယူမည်ဖြစ်သည်။ ၎င်းသည် လက်ရှိတွင်လည်း တက္ကသိုလ်ရှိ ဂျွန်ဟမ်ဖရေဖလမ်းမား ပါမောက္ခရာထူးကို သီအိုရီဆိုင်ရာရူပဗေဒပညာရပ်ဖြင့် ရယူထားသည်။ ပါမောက္ခဂရင်းသည် String Theory(ကြိုးမျှင် သီအိုရီ) ဟုခေါ်ဆိုသော အယူအဆကို ဖော်ထုတ်သည့် ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်သည်။ ယင်းသီအိုရီက ကာလနှင့် အာကာသတို့၏ အခြေခံဖွဲ့စည်းထားမှုသည် အလွန်သေးငယ်သည့် ကြိုးမျှင်များဖြစ်ကြောင်း ယူဆထားသည်။ ယခုပါမောက္ခ ဂရင်းဆက်ခံမည့် လူကပ်ဆီယန်သင်္ချာ ပါမောက္ခရာထူးကို ၁၆၆၃ ခုနှစ်မှ စတင်ခန့်ထားခဲ့ခြင်းဖြစ်ပြီး ဤရာထူးရဖူးသူများတွင် အိုင်းဆက်နယူတန်မှ စတီဖင်ဟော့ပ်ကင်းအထိ ကမ္ဘာကျော်သိပ္ပံပညာရှင်များ ပါဝင်သည်။

Photos of Stephen Hawking & Michael Green
stephenhawking.jpg michaelgreen.jpg

( မူရင်းသတင်းကို 7 Day News ဂျာနယ် အတွဲ ၈၊ အမှတ် ၃၃ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

အဖေနှင့်သမီးများ (ဗီဒီယိုဇာတ်ကားအညွှန်း)


ဇာတ်ကားအမည် - အဖေနှင့် သမီးများ
ဇာတ်လမ်း၊ ဇာတ်ညွှန်း - ကိုကျော်
ဒါရိုက်တာ - ကျော်ဇောလင်း ၏ အတွေးပုံရိပ်
သရုပ်ဆောင်များ - လူမင်း၊ န၀ရတ်၊ ပြည့်ဖူးခိုင်၊ အေးမြတ်သူ၊ မေသက်ခိုင်၊ ဧရာ၊ ကိုပေါက်၊ တက္ကသိုလ်ဂွမ်းပုံ

ဇာတ်လမ်းအကျဉ်း
ဇနီးသည်ဖြစ်သူ ဆုံးပါးသွားပြီးနောက် သမီးသုံးယောက်နဲ့အတူ သူငယ်ချင်းပေါင်း ပေါင်းသင်းကာ ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်လာခဲ့သည့် ကလေးအဖေမုဆိုးဖို ကြည်မင်းခန့်တစ်ယောက် နုငယ်သွေးဆိုသည့် ပရိဘောဂလုပ်ငန်းပိုင်ရှင် မဟာဆန်ဆန်ချောမောလှပသည့် အပျိုကြီးတစ်ဦးနှင့် မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ပြီးနောက် ချစ်ခင်နှစ်သက် စွဲလန်းသွားမိခဲ့သည်။ တစ်ဖက်က ချစ်သူ၊ အခြားတစ်ဖက်က သမီးများအကြား ညှိမရပြုမရဖြစ်ကာ အခက်ကြုံရပုံကို ရိုက်ကူးတင်ပြထားခြင်းဖြစ်သည်။

သုံးသပ်ချက်
စိတ်အပန်းပြေ ပေါ့ပေါ့ပါးပါးဇာတ်လမ်းမျိုး ကြည့်ချင်သည့် ပရိသတ်များအတွက် ကြည့်သင့်သည့် ဇာတ်ကားတစ်ကားဖြစ်သည်။ လူငယ်အကြိုက်၊ လူကြီးအကြိုက် စိတ်ဝမ်းကွဲစရာမလိုဘဲ မိသားစုလိုက်လည်း စုစည်းကြည့်ရှုနိုင်သည့် ဇာတ်လမ်းကောင်းလေးဖြစ်သည်။ ဗီဒီယိုဇာတ်လမ်းကို ဗီဒီယိုဇာတ်လမ်းအဖြစ်သာ ကြည့်ကြမည့်ပရိသတ်အတွက် ကြည့်၍အဆင်ပြေမည့် ဇာတ်ကားတစ်ကားဖြစ်ကြောင်း ဆိုပါရစေ။

သူငယ်ချင်းပေါင်းပေါင်းကာ ချစ်ချစ်ခင်ခင်နေထိုင်ကြသည့် အဖေနှင့် သမီးများဇာတ်ရုပ်ကို လူမင်း၊ အေးမြတ်သူ၊ ပြည့်ဖူးခိုင်နှင့် မေသက်ခိုင်တို့ ပီပြင်အောင် သရုပ်ဆောင်သွားနိုင်သည်ကို တွေ့ရသည်။ အထူးသဖြင့် မေသက်ခိုင်သည် ဤဇာတ်ကားမှ ဇာတ်ရုပ်နှင့် အံဝင်ဂွင်ကျဖြစ်သည်ကို တွေ့ရသည်။ လူမင်းသည်လည်း သမီးများကိုချစ်သော ဖခင်တစ်ဦးအဖြစ်၊ နုငယ်သွေးကို ချစ်သော ချစ်သူတစ်ဦးအဖြစ် ပီပြင်အောင် သရုပ်ဆောင်သွားနိုင်သည်ကို တွေ့ရသည်။

အတင်းကလိထိုးပြီး ရယ်ခိုင်းသည့်ဟာသများမပါဘဲ သဘာဝကျကျ ရယ်မောပျော်ရွှင်စေမည့် ဟာသများ အများအပြားကိုလည်း ဒီဇာတ်ကားမှာ တွေ့ရသည်။ သဘာဝမကျသည့် စိတ်ကူးယဉ်အပေါစား ဇာတ်လမ်းများထက်စာလျှင်တော့ ဇာတ်အိမ်ခိုင်သည်ဟု ပြောနိုင်ကာ အချိန်ပေးကြည့်ရကျိုးနပ်သည့် ဇာတ်လမ်းတစ်ခုဖြစ်ကြောင်း ညွှန်းဆိုပါရစေ။

သြော်…. ဒါနဲ့၊ အဲဒီဇာတ်လမ်းထဲမှာ သူတို့အဖေကို လာပြီးပတ်သက်ဖို့ကြိုးစားတဲ့ အမျိုးသမီးတွေကို ပညာပေးနှိပ်ကွပ်ပြီး ကာကွယ်တတ်တဲ့ သမီးသုံးယောက်ဆိုတဲ့ သီချင်းတစ်ပိုင်းတစ်စလေးကိုတော့ အတော်လေးကို သဘောကျနေမိကြောင်းပါ။
"တို့အဖေကြီးကို ကာကွယ်မလေ၊ တို့အဖေကြီးကို ကာကွယ်မလေ" တဲ့။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၂၉ ရက်၊ ကြာသပတေးနေ့။
နံနက် ၁ နာရီ ၅၆ မိနစ်တွင် ပြီး၏။

Wednesday, October 28, 2009

ဒုတိယ တကောင်းခေတ်


ထိုအချိန်လောက်တွင် အိန္ဒိယနိုင်ငံ၌ သာဝတ္ထိပြည်ရှင် ပေဿနဒီကောသလမင်းက ကပိလ၀တ်ပြည်ရှင် မဟာနာမမင်းထံ မျိုးရိုးဆက်ရန် သမီးကညာတောင်းရာ သာကီဝင်မင်းတို့က မျိုးရိုးပျက်မည်စိုးသဖြင့် မင်းသမီးစစ်ကို မပေးဘဲ ကျွန်မ၏သမီး ဇာတ်နိမ့်ဖြစ်သော ၀ါသဘခတ္တိယမင်းသမီးကို ပေးလိုက်၍ မဟာနာမမင်းမိဖုရား မြှောက်လေသဖြင့် ၀ိဋဋူပမင်းသားကို ဖွားမြင်လေသည်။ အရွယ်ရောက်လျှင် ၀ိဋဋူပမင်းသားက ကပိလ၀တ်ပြည်သို့သွား၍ ဆွေတော်မျိုးတော်တို့အား ကန်တော့လေသည်။ မင်းသားပြန်သောအခါ ကျွန်မသားနေရာဟု မင်းသားထိုင်သောနေရာကို နို့ရည်ဖြင့် ဆေးကြောလေသည်။ ၀ိဋဋူပမင်းသား ကြားသိလျှင် ရှက်နိုး၍ အငြိုးဖွဲ့လေရာ မင်းဖြစ်သောအခါ သာကီဝင်မင်းတို့ကို စစ်ထိုးသဖြင့် ဒုတိယအကြိမ် သာကီဝင်မင်းဆက် ပျက်စီးရပြန်လေသည်။

သာကီဝင်မင်းမျိုးဖြစ်သော ဓဇရာဇာသည် ပင်လယ်ကမ်းခြေခရီးဖြင့် ရခိုင်ပြည်သို့လာရောက်၍ မောရိယမြို့ကို တည်ထောင်ပြီးနောက် ရိုးမတောင်ကို ကျော်ဖြတ်၍ အထက်အညာသို့ ဆန်တက်လေရာ မလည်အရပ်တွင်ရှိနေသော နတ်ရွာစံ ဘိန္နကရာဇာမင်း၏ မိဖုရား နာဂဆိန်နှင့်တွေ့လျှင် သာကီဝင်အဆက်အနွယ်ချင်းဖြစ်သဖြင့် စုံဖက်ကာ အညာပုဂံပြည်ကို တည်ထောင်စံနေကြလေသည်။ မကြာမီ သားတော် ၀ိရာဂကို ဖွားမြင်ပြီးနောက် တကောင်းပြည်အရပ်၌ ပဉ္စာလရာဇ် (ပဉ္စာတကောင်း)မြို့ကို ထပ်မံတည်ထောင်ကာ သတိုးဇမ္ဗူဒီပဓဇရာဇာဘွဲ့ဖြင့် ထီးနန်းစိုးအုပ်ခဲ့ပြန်လေသည်။

ထိုမင်း နတ်ရွာစံလျှင် အစဉ်အဆက်အားဖြင့် မင်း ၁၇ ဆက် ဆက်လက်အုပ်စိုးခဲ့ကြရာ ဒုတိယ တကောင်းဆက်မင်းများမှာ အောက်ပါအတိုင်း ဖြစ်လေသည် -
၁။ သတိုးဇမ္ဗူဒီပဓဇ
၂။ သတိုးတိုင်းရရာဇာ
၃။ သတိုးရထားရ
၎။ သတိုးတမ်းခွန်ရ
၅။ သတိုးလှံရ
၆။ သတိုးလှေရ (သတိုးရွှေ)
၇။ သတိုးဂဠုန်ရ
၈။ သတိုးနဂါးရ
၉။ သတိုးနဂါးနိုင်
၁၀။ သတိုးရလောဟာ
၁၁။ သတိုးပေါင်ရှည်
၁၂။ သတိုးကျောက်ရှည်
၁၃။ သတိုးဆင်လောက်
၁၄။ သတိုးဆင်ထိန်း
၁၅။ သတိုးတိုင်းချစ်
၁၆။ သတိုးမင်းကြီး
၁၇။ သတိုးမဟာရာဇာ

သတိုးမဟာရာဇာမင်းကြီးတွင် သားတော် မထွန်းကားသဖြင့် မိဖုရားကြီး ကိန္နရာဝတီ၏ မောင်တော် ခေပဒူတကို အိမ်ရှေ့ပေးလေသည်။ ထိုအချိန်ကား အိန္ဒိယနိုင်ငံ၌ မြတ်စွာဘုရား ပွင့်တော်မူပြီးရုံမျှမက ပရိနိဗ္ဗာန်စံလွန်ပြီး၍ စတင်ရေတွက်သည့် သာသနာနှစ် ၄၀ ခန့် ရှိပြီဖြစ်လေသည်။

တစ်နေ့သ၌ တကောင်းပြည်တွင် တောဝက်ကြီးတစ်ကောင် သောင်းကျန်းဖျက်ဆီးလေရော ခေပဒူတသည် လက်နက်ငါးပါးကိုယူ၍ ၀က်ကြီးရန်ကို ဖြိုခွင်းရန် လိုက်လေသည်။ ၀က်ကြီးကို မရမိသမျှ နေပြည်တော်သို့မပြန်ဟူ၍ နေ့ရက်မပြတ် လိုက်လေသော် ကာလကြာလျှင် သရေခေတ္တရာပြည်တည်ရာအနီးရှိ ကျွန်းတစ်ကျွန်းသို့ရောက်လျှင် ၀က်ကြီးကို ထိုးသတ်နိုင်လေတော့သည်။ ထိုအခါ ခေပဒူတသည် နေပြည်တော်သို့ ပြန်လိုစိတ်မရှိတော့သဖြင့် ထိုအရပ်၌ ရသေ့ပြု၍ နေထိုင်လေရာ သကျအင်းအရပ်ရှိ ပျူအမျိုးသားတို့က ဆည်းကပ်ကိုးကွယ်ကြလေသည်။ တကောင်းပြည်တွင် ခေပဒူတ ထွက်ခွာသွားသောနှစ်၌ မင်းကြီး၏ မိဖုရားမှ မဟာသမ္ဘ၀နှင့် စူဠာသမ္ဘ၀ဟူသော မျက်မမြင်သားတော် အမြွှာနှစ်ပါးကို ဖွားမြင်လေသည်။

မင်းကြီးသည် ရှက်သောကြောင့် သားတော်များကို ဖျောက်ဖျက်စေရာ မယ်တော်ကသနားသဖြင့် ၀ှက်ထားလေသဖြင့် အရွယ်ရောက်မှ မင်းကြီး သိရပြန်လေသည်။ တစ်ဖန် မင်းသားတို့အား သတ်စေရာ မယ်တော်က မသတ်ရက်သဖြင့် ဧရာဝတီမြစ်အတိုင်း ဖောင်နှင့်မျှောလိုက်လေသည်။ လမ်းခရီး စလင်းအရပ်သို့ ရောက်လျှင် မင်းသားများလည်း ဆေးဝါးအစွမ်းဖြင့် မျက်စိအလင်းရလေသည်။ ဆက်လက်စုန်ဆင်းကြရာ ဦးရီးရသေ့ စံမြန်းသော သရေခေတ္တရာ ဆိပ်ကမ်းသို့ရောက်လျှင် ရသေ့မွေးစားသော သမီးဗေဒါရီနှင့်တွေ့၍ ဦးရီးရသေ့ထံသို့ လိုက်ပါကြရာမှ ဆွေမျိုးတော်စပ်ကြောင်း မိန့်ကြားကာ သာသနာနှစ် ၆၀ ပြည့်နှစ်တွင် ဗေဒါရီနှင့် မဟာသမ္ဘ၀အား လက်ထပ်ပေးလေသည်။

စာကြွင်း
ဆရာလှသမိန် ၏ မြန်မာရာဇ၀င်အကျဉ်း စာအုပ်မှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ မြန်မာစကား၊ မြန်မာစာကို ပြောဆိုရေးသားအသုံးပြုနေသည့် မြန်မာလူမျိုးတစ်ယောက်အနေဖြင့် မြန်မာပြည်တွင်မှ မဟုတ်ဘဲ မည်သည့်နေရာဒေသတွင် ရောက်ရှိအခြေချနေထိုင်နေသည်ဖြစ်စေ မြန်မာ့အကြောင်း၊ မြန်မာ့ရာဇ၀င်ကို သိသင့်သည်ဟု ယူဆသည့်အတွက် ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ယခင်ပို့စ်အဟောင်းများ
၁။ မြန်မာနိုင်ငံရာဇ၀င်အကျဉ်း
၂။ ပထမ တကောင်းခေတ်

Tuesday, October 27, 2009

ပထမတကောင်းခေတ်


မြတ်စွာဘုရားပွင့်တော်မမူမီ လွန်ခဲ့သောနှစ်ပေါင်း ၂၈၀၀ကျော် ကာလလောက်တွင် အိန္ဒိယနိုင်ငံ ကပိလ၀တ်ပြည် သာကီဝင်မင်းမျိုးတို့နှင့် ပဉ္စလရာဇ်မင်းမျိုးတို့သည် မျိုးချင်းဆက်နွယ်ရန်ကိစ္စတွင် သာကီဝင်ဖြစ်သော ကောလိယမင်းက မျိုးရိုးဇာတိမာန်ဖြင့် မချေမငံပြောဆိုရာမှ စစ်ဖြစ်ကြရာ ပဉ္စလရာဇ်မင်း စစ်နိုင်၍ သာကီဝင်တို့ သုံးစုကွဲပြားလေသည်။ ထိုအခါ ကပိလ၀တ်ပြည်မှ သာကီဝင်မင်းတစ်ပါးဖြစ်သော အဘိရာဇာသည် မြန်မာနိုင်ငံမြောက်ပိုင်းသို့ ကုန်းလမ်းခရီးဖြင့် စစ်သည်ဗိုလ်ခြေတို့ကိုပါ ခေါ်ဆောင်လာရောက်ကာ တကောင်းမြို့တည်ရာ၌ မြို့ပြတည်ထောင်လျက် ရှိရင်းစွဲ မြန်မာနိုင်ငံသားတို့ကို အုပ်ချုပ်စည်းရုံးနေထိုင်လေသည်။

အဘိရာဇာ နတ်ရွာစံလျှင် သားတော်ကံရာဇာကြီးနှင့် ကံရာဇာငယ်တို့သည် ထီးနန်းကိုလုကြရာ မှူးမတ်တို့၏ အကြံပေးချက်အရ ညဥ့်ချင်းပြီးအောင် ကောင်းမှုအဆောက်အဦ ပြုကြသည်တွင် ကံရာဇာငယ်သည် သစ်ပင်၊ ၀ါးငယ်တို့ဖြင့် ဆောက်တည်သောကြောင့် ညဥ့်ချင်းပြီးသဖြင့် ထီးနန်းကို ဆက်ခံရလေသည်။

ကံရာဇာကြီးမူကား ချင်းတွင်းမြစ်ကိုဆန်၍ ကလေးတောင်ညိုအရပ်၌ မြို့တည်ကာ ခြောက်လခန့် စစ်သည်ဗိုလ်ပါ စုဆောင်းလေသည်။ ထိုအချိန်၌ ပျူလူမျိုးတို့မှာ ဟံလင်း၊ သရေခေတ္တရာ စသောဒေသများ၌ စုပေါင်းနေထိုင်လျက်ရှိရာ ပျူတို့က မင်းပြုအုပ်ချုပ်ပါရန် တောင်းပန်ချက်အရ သားတော် မုဒုစိတ္တကို စေလွှတ်အုပ်ချုပ်စေလေသည်။

ကံရာဇာကြီးသည် ရခိုင်ပြည်နယ်မြောက်ပိုင်း ကုလားတန်မြစ်၊ ကစ္ဆပနဒီ အရှေ့ဘက်ရှိ ကျောက်ပန်တောင် (ကျောက်ပန်းတောင်း)မြို့ကို တည်ထောင်ပြီးလျှင် ရှေးက မာရာယုမင်း တည်ထောင်ခဲ့သော ဓည၀တီမြို့ဟောင်းကိုပါ သိမ်းယူ၍ ရခိုင်ပြည်တွင် မင်းဆက်စိုက်တည် အုပ်ချုပ်နေလေသည်။

ကံရာဇာငယ်သည် တကောင်းတွင် ဆက်လက်အုပ်ချုပ် စိုးစံ၍ သားမြေးစဉ်ဆက် အုပ်ချုပ်ခဲ့လေရာ မင်း ၃၃ ဆက် တိုင်လေသည်။ ထိုမင်းတို့ကား-
၁။ အဘိရာဇာ
၂။ သားတော် ကံရာဇာငယ်
၃။ သားတော် ဇမ္ဗူဒီပရာဇာ
၎။ သားတော် သင်္ကဿရာဇာ
၅။ သားတော် ၀ိပန္နရာဇာ
၆။ သားတော် ဒေ၀တရာဇာ
၇။ ဘထွေးတော် မုနိကရာဇာ
၈။ ညီတော် နာဂရာဇာ
၉။ သားတော် ဣန္ဒကရာဇာ
၁၀။ သားတော် သမုတိရာဇာ
၁၁။ သားတော် ဒေ၀ရာဇာ
၁၂။ သားတော် မဟိန္ဒရာဇာ
၁၃။ သားတော် ၀ိမာလရာဇာ
၁၄။ သားတော် သီဟနုရာဇာ
၁၅။ သားတော် မင်္ဂနရာဇာ
၁၆။ သားတော် ကံသရာဇာ
၁၇။ သားတော် ကလိင်္ကရာဇာ
၁၈။ သားတော် သင်းတွဲရာဇာ
၁၉။ ညီတော် သီဟနုရာဇာ
၂၀။ သားတော် ဟံသရာဇာ
၂၁။ သားတော် ၀ရရာဇာ
၂၂။ သားတော် အလောင်းရာဇာ
၂၃။ သားတော်ကောလကရာဇာ
၂၄။ သားတော် သူရိယရာဇာ
၂၅။ သားတော် သင်းကြီးရာဇာ
၂၆။ သားတော် တိုင်းချစ်ရာဇာ
၂၇။ သားတော် မဓုရာဇာ
၂၈။ သားတော် မင်းလှကြီးရာဇာ
၂၉။ သားတော် သံသုသီဟရာဇာ
၃၀။ သားတော် ဓနင်္ကရာဇာ
၃၁။ သားတော် ဟိန္နရာဇာ
၃၂။ သားတော် မာရိယရာဇာ
၃၃။ သားတော် ဘိန္နကရာဇာ ဟူ၍ ဖြစ်လေသည်။

ထိုပထမ တကောင်းခေတ် ၃၃ ဆက်မြောက် ဘိန္နကရာဇာ လက်ထက်တွင် တရုတ်တရက်တို့ နှောင့်ယှက်သဖြင့် သင်္ကဿရဋ္ဌ တကောင်းပြည်ပျက်လေရာ မင်းကြီးသည် ရမိသမျှ ဗိုလ်ခြေတို့ကို စုဆောင်း၍ မလည်အရပ်တွင် ခိုဝင်နေလေသည်။ ထိုအရပ်၌ မင်းကြီးနတ်ရွာစံလျှင် ဗိုလ်ပါတို့လည်း အစုစု ကွဲကြလေသည်။

စာကြွင်း
ဆရာလှသမိန် ၏ မြန်မာရာဇ၀င်အကျဉ်း စာအုပ်မှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ မြန်မာစကား၊ မြန်မာစာကို ပြောဆိုရေးသားအသုံးပြုနေသည့် မြန်မာလူမျိုးတစ်ယောက်အနေဖြင့် မြန်မာပြည်တွင်မှ မဟုတ်ဘဲ မည်သည့်နေရာဒေသတွင် ရောက်ရှိအခြေချနေထိုင်နေသည်ဖြစ်စေ မြန်မာ့အကြောင်း၊ မြန်မာ့ရာဇ၀င်ကို သိသင့်သည်ဟု ယူဆသည့်အတွက် ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ယခင်ပို့စ်အဟောင်း
၁။ မြန်မာနိုင်ငံရာဇ၀င်အကျဉ်း

Monday, October 26, 2009

အခုတလော - ကိုဉာဏ် (ပန်းလောင်မြေ)


အခုတလော….
သတင်းစာပို့သမား နေ့တိုင်းမလာဘူး
ပြောပြန်ရင်လည်း ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့
သတင်းအသိုးတွေကိုပဲ မစားချင်စားချင် စားနေရတယ်။

အခုတလော….
မီးကလည်း ခဏခဏပျက်တယ်
ကွန်ပျူတာလေးဖွင့်ပြီး အလုပ်လုပ်မယ်မှ မကြံသေးဘူး
မသိရင် ဘယ်နှနာရီတစ်ခါပျက်ပါဆိုပြီး ပရိုဂရမ်ရေးထားတဲ့အတိုင်းပဲ။
(ခဏခဏ looping ပတ်နေတာကတော့ ဆိုးတယ်)

အခုတလော….
မြန်မာနေရှင်နယ်လိဂ်ပွဲတွေ ကြည့်ရတာအဆင်မပြေဘူး
ကြည့်နေရင်းနဲ့ ထပ်ဆင့်လွှင့်စက်ရုံက စက်ချို့ယွင်းသွားလိုက်
ရုပ်မြင်သံကြားက ရိုက်ပြတဲ့လူက ဘောလုံးကန်နေတာတခြား၊ သူပြနေတာတခြား လုပ်လိုက်နဲ့ပေါ့။
(လင်းသွားလိုက် မှောင်သွားလိုက်ဖြစ်တာတို့၊ ကြေညာတဲ့လူက ပြောချင်ရာပြောတာတို့ မပါသေးဘူး)

အခုတလော….
အင်တာနက်သုံးရတာ အဆင်မပြေပါဘူး
မိုးကဖျက်လိုက် လေကဖျက်လိုက်နဲ့
ဘလော့ဂ်မှာတင်ဖို့ ပို့စ်တွေရိုက်ထားတာ သုံးရက်၊ လေးရက်စာ ပုံနေပြီ။
အခုလည်းတော်တော်စိတ်ရှည်ရှည်စောင့်ပြီး တင်လိုက်ရတယ်။

အခုတလော....
..............................
..........................................
.....................................................။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၂၆ ရက်၊ တနင်္လာနေ့။
နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် ဖွင့်အံသည်။

ဆားပေါ့နေတယ်


ဒီတစ်ပတ် ဂျာနယ်တွေဖတ်ရတော့ The Voice နဲ့ ရန်ကုန်တိုင်းမ်တွေမှာ ဆရာမောင်စူးစမ်းရဲ့ ဆောင်းပါးတွေ မပါတဲ့အတွက် မဖတ်ရဘူး။ အပတ်စဉ်စောင့်ဖတ်နေကျ ဆောင်းပါးတွေ မဖတ်ရတဲ့အတွက် ဆားမပါတဲ့ဟင်း စားရသလိုပါပဲ။ တစ်မျိုးကြီးဖြစ်ရတယ်။ ဆရာမောင်စူးစမ်း နေမကောင်းလို့လား၊ ဒါမှမဟုတ် အတိုက်အခံတွေများတဲ့အတွက် စိတ်ကုန်ပြီးမရေးတော့တာလားဆိုတာ မသိရသေးပါ။ သေချာတာကတော့ ထီပေါက်လို့ စာရေးခြင်းကနေ ရပ်နားလိုက်တာ မဖြစ်နိုင်သေးဘူးဆိုတာပါပဲ။ ထီဖွင့်ဖို့ရက်က လိုသေးတယ်လေ။ ရှေ့အကြိမ်တွေတုန်းကလည်း ဆရာမောင်စူးစမ်း ထီပေါက်တယ်လို့ မကြားမိသေးပါ။ ဒီလိုပြောရတာက အကြောင်းရှိပါတယ်။ ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရလို့ပါ။ ဆရာမောင်စူးစမ်းက ပြောပါသတဲ့။
"အောင်ဘာလေထီ ဆုကြီးပေါက်လို့ရှိရင် အနားယူတော့မယ်၊ စာမရေးတော့ဘူး" တဲ့။

ဘာပဲဖြစ်ဖြစ် ဒီတစ်ပတ်ကတော့ ဆရာမောင်စူးစမ်းရဲ့ ဆောင်ပါးတွေမဖတ်ရ၊ ဘလော့ဂ်မှာလည်း ပြန်ရိုက်ပြီး မတင်ပေးရတဲ့အတွက် ဆားပေါ့နေတယ်လို့ ခံစားရကြောင်းပါ။

ပညာရပ်ဆိုင်ရာ အားပေးချက်


ဒီနေ့သတင်းစာလာပို့တော့ သတင်းစာထဲမှာ ကြော်ငြာဖြတ်ပိုင်းလေးတစ်ခု ပါလာတယ်။ LCCI သင်တန်း ကြော်ငြာပါ။ ခါတိုင်းလည်း ဒီလိုကြော်ငြာတွေ မကြာခဏပါနေကျမို့ အထူးအဆန်းတော့ မဟုတ်ပါဘူး။ အပေါ်ယံလောက်ကြည့်ပြီး လွှင့်ပစ်တာချည်းပါပဲ။ ကျွန်တော့်သတင်းစာထဲကို ကြော်ငြာစာရွက်အတိုအစတွေ ထည့်မပေးနဲ့လို့ ပြောထားတာလည်း မရပါဘူး။ သတင်းစာပို့တဲ့လူက သတင်းစာကိုယ်စားလှယ် ပေးလိုက်တဲ့ဟာကိုပဲ ယူလာပြီး လိုက်ပို့ရဟန်တူပါတယ်။ လုပ်လို့မရဘူးဆိုတာ သိရဲ့လားလို့တောင် သံသယဖြစ်မိပါတယ်။ ကိုယ်ပိုက်ဆံရရင်ပြီးရော ကြော်ငြာစာရွက်တွေ မြန်မြန်ကုန်အောင် ရှိသမျှ သတင်းစာ၊ ဂျာနယ်တွေထဲမှာ ထည့်ပေးလိုက်တာဟာ အတော်လေးကို ဆိုးလွန်းပါတယ်။ မုန့်ဟင်းခါးဆိုင်လည်း ကြော်ငြာတယ်၊ အိတ်ပျောက်လည်းပါတယ်၊ အလှပြင်ဆိုင်လည်း ကြော်ငြာတာပဲ၊ တိုက်ခန်းငှားမယ်ဆိုတာလည်း မလွတ်ဘူး၊ ဟိုတယ်ကြော်ငြာလည်းပါရဲ့၊ အဆီချသင်တန်းတောင်မလွတ်ဘူး။ စုံလို့ပဲဆိုပါတော့။ ထားပါတော့လေ။ သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ ဟုတ်နေတာပါပဲ။ တာဝန်ရှိတဲ့သူတွေ လုပ်ပါလိမ့်မယ်။

ကြော်ငြာစာရွက်ကို အကြမ်းဖျင်းဖတ်လိုက်တော့ ကော်လံသုံးခုမှာ သင်တန်းနဲ့မဆီမဆိုင် ပညာရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ရေးထားတာတွေ့ရတယ်။ သင်တန်းနဲ့မဆိုင်ဘူးဆိုတာက သင်တန်းမှာဘာတွေသင်မယ်၊ ဒီသင်တန်းတက်ခြင်းအတွက် ဘာအကျိုးတွေရတယ်၊ ဘယ်နေ့ဖွင့်မယ်၊ ဘယ်နေရာမှာစုံစမ်းပါ ဆိုတာက ကော်လံတစ်ခုကျော်ကျော်လေးပဲ ရှိတယ်။ မဆီမဆိုင် ကလေးတွေစိတ်ဝင်စားအောင် ပညာရေးဟာ ဘာဖြစ်ပါတယ် ညာဖြစ်ပါတယ်ဆိုပြီး ရေးထားတာက သုံးကော်လံလောက်ဖြစ်နေလို့ပါ။ သင်တဲ့ဆရာက ဘယ်သူဘယ်ဝါဆိုတာတော့ ထည့်မရေးတော့ပါဘူးဗျာ။ အဲဒီမှာပါတဲ့ ပညာရေးဆိုင်ရာ အားပေးချက်ဆိုတာလေးကိုပဲ ကူးရိုက်ပေးလိုက်ပါတယ်။

သက်ရှိကမ္ဘာနှင့် ပညာ
လူမှာကား ခေတ်ကာလတို့၏ တောင်းဆိုချက်နှင့်လျော်ညီစွာ လူတန်းစေ့ဘ၀ရပ်တည်မှုအတွက် ပညာကို တိုး၍တိုး၍ သင်ကြားလာရပါသည်။ သာမန်ထက် ခေါင်းတစ်လုံးသာလိုသူကား ခေါင်းတစ်လုံးစာ ပို၍ လေ့လာဆည်းပူးလာရပါသည်။

စစ်မှန်သော ပညာဆည်းပူးခြင်း
ခေတ်အခြေအနေအရ ဘ၀အနိမ့်အမြင့်သည် ပညာပေါ်တွင် လုံးဝမူတည်လာသည်။ ထို့ကြောင့် မိမိဘ၀ကို မိမိတန်ဖိုးထားသူ၊ အများကြားတွင် အမြင့်မားဆုံး ဖြစ်လိုသူများသည် ပညာကို သဲသဲမဲမဲ ဆည်းပူးလာကြသည်။ ပညာကို ကျောင်းမှာရှာကြသည်။ ပြင်ပမှ ရနိုင်သမျှလည်း လေ့လာသိုမှီးသင့်သည်။ တက္ကသိုလ်မှ ဘွဲ့ရခြင်းသည် ပညာသင်မှု၏ နိဂုံးမဟုတ်တော့။ ကိုယ်တိုင် ဆက်လက်လေ့လာရန် အခြေခံသာဖြစ်သည်။

ပညာသင်ယူခြင်းနှင့် အချိန်၏တန်ဖိုး
ယခုကနေ နောင်အနှစ် (၂၀)လောက် ရောက်ရင် သင်လုပ်ခဲ့တာတွေထက် သင်မလုပ်ခဲ့တဲ့အရာတွေအတွက် ပိုပြီးစိတ်ပျက်ရလိမ့်မည်ဟူသော စကားအတိုင်း ငယ်ရွယ်နုပျိုစဉ်ကပင် ပညာရှာရန် ကြိုတင်ပြင်ဆင်ကြရန် အလွန်အရေးကြီးလာသည်။ အောင်မြင်ကြီးပွားခဲ့ကြသော ပုဂ္ဂိုလ်များစွာတို့၏ အောင်မြင်မှုလျှို့ဝှက်ချက်မှာ ပင်ကိုယ်ထူးချွန်၍ မဟုတ်ဘဲ လူငယ်ဘ၀တုန်းက အားလပ်ချိန်ကို အကျိုးရှိရှိ အသုံးချခဲ့ကြ၍သာ ဖြစ်သည်။

ပညာသင်ယူခြင်းနှင့် စိတ်အားထက်သန်မှု
ကိုယ်ထူကိုယ်ထ ကြီးပွားတိုးတက်အောင်လုပ်ခြင်းသည် လွယ်ကူသော အလုပ်တော့မဟုတ်။ အပင်ပန်းခံရသည်။ ဇွဲရှိရမည်။ စွန့်လွှတ်ရသည်။ ထက်သန်ပြင်းပြသော စိတ်ဆန္ဒရှိသူသည် မည်သည့်အတားအဆီးကိုမဆို ကျော်သွားလိမ့်မည်။ ထက်သန်စိတ်နှင့် ၀ီရိယစွမ်းအားပေါင်းစပ်သူအား မည်သည့်အရာကမျှ တားဆီးမထားနိုင်။

ပညာသင်ယူခြင်းနှင့် အောင်မြင်ဆုံးရှုံးမှု
မိမိရည်မှန်းချက်ပန်းတိုင်သို့ လျှောက်လှမ်းရာတွင် အောင်မြင်ခြင်းနည်းတူ ဆုံးရှုံးခြင်းတို့နှင့်လည်း မလွဲမသွေ ရင်ဆိုင်ရစမြဲဖြစ်သည်။ စင်စစ် မအောင်မြင်ခြင်းသည် အပြစ်တင်စရာမဟုတ်၊ ရည်မှန်းချက်နိမ့်ကျခြင်းသာ တကယ့်ပြစ်မှုဖြစ်သည်။ ဧရာမကြီးကျယ်သော အောင်မြင်မှုတို့သည် ရှုံးပွဲအလီလီတို့၏နောက်မှ လိုက်ပါစမြဲဖြစ်သည်။

ပညာသင်ယူခြင်းနှင့် ယနေ့ကမ္ဘာ
လူဦးရေ တိုးပွားလာသည်နှင့်အမျှ ကမ္ဘာပေါ်၌ မိမိအတွက် မနိမ့်ကျသော နေရာတစ်ခုရရှိရန် ကြိုးပမ်းအားထုတ်မှုမှာလည်း ပို၍ပို၍ အရှိန်အဟုန်ပြင်းထန်လာသည်။

ကမ္ဘာပေါ်၌ တွန်းတိုက်တိုးတက်ရန် ကြိုးပမ်းသူများနှင့် အတွန်းအတိုးခံ အဖိအနင်းခံသူများဟူသော လူနှစ်မျိုးနှစ်စားမှာ တစ်နေ့တခြား ပို၍ပို၍ ကွဲပြားစွာ ဖြစ်ပေါ်လာနေသည်။ ယနေ့အချိန်တွင် ကိုယ့်လမ်းကိုယ်ထွင်ကာ ကိုယ့်တိုးတက်မှုအတွက် လှုပ်ရှားရုန်းကန်သွားနိုင်သူမဟုတ်လျှင် နောင်တစ်နေ့ သူတစ်ပါးကြားမှာ အဖိအနင်းခံရပြီး ပြားသွားမှာ သေချာသည်။ ထို့ကြောင့် ပြင်းပြသောဆန္ဒဖြင့် ကြိုးစားရှာဖွေဆည်းပူးဖို့သာ အရေးကြီးပါသည်။

Liverpool နိုင်တယ်၊ Man U ရှုံးတယ်၊ Anti-Man U တွေ ပျော်ကြမယ်


တစ်ပတ်လုံးစောင့်မျှော်ခဲ့ရတဲ့ အင်္ဂလန်ဘောလုံးလောကရဲ့ ပြိုင်ဆိုင်မှုအကြီးမားဆုံးနဲ့ အပြင်းထန်ဆုံးဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ပွဲကို ကြည့်လိုက်ရပါတယ်။ အားပေးတဲ့အသင်းဖြစ်တဲ့အတွက် မန်ယူကို နိုင်စေချင်တာမှန်ပေမယ့် အဝေးကွင်းဖြစ်နေတာရယ်၊ ချန်ပီယံလိဂ်အဝေးကွင်းပွဲကပြန်လာခါစရယ်၊ မနိုင်လို့လုံးဝမဖြစ်တဲ့ လီဗာပူးလ်အသင်းရယ်ကြောင့် သရေတစ်မှတ်လောက်တော့ ရကောင်းရဲ့လို့ မှန်းထားခဲ့တာပါ။ ဒါပေမယ့် အားလုံးသိပြီးတဲ့အတိုင်းပဲ လီဗာပူးလ်အသင်းက မန်ယူအသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူသွားပါတယ်။ ပွဲချိန်အတွင်းမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေဟာ အငြင်းပွားဖွယ်ရာ အများအပြားဖြစ်ခဲ့ပေမယ့် လီဗာပူးလ်ရဲ့အနိုင်အတွက်တော့ ကျွန်တော်အသိအမှတ်ပြုပါတယ်။ ကစားသွားပုံအရလည်း လီဗာပူးလ်နိုင်သင့်တဲ့ပွဲပါ။ နိုင်ကိုနိုင်ရမယ်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ ကစားသွားတဲ့ လီဗာပူးလ်အသင်းရဲ့အနိုင်ကို လေးစားပါတယ်။ ဒါပေမယ့် ဒိုင်လူကြီးသာ ဒီထက်ပိုပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ခဲ့မယ်ဆိုရင် ဒီနေ့ပွဲဟာ ပိုပြီးကြည့်ကောင်း၊ ပိုပြီးရသမြောက်မယ့် ပွဲတစ်ပွဲဖြစ်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။ ဒါကကျွန်တော့်အမြင်ပါ။ မန်ယူအသင်းကရှုံးရင် ဒိုင်ညစ်လို့၊ ဘာဖြစ်လို့ စသည်ဖြင့် အမြဲအပြစ်ဖို့နေကျလို့ ပြောတတ်တဲ့ အန်တီမန်ယူတွေကလည်း ပြောဖို့အဆင်သင့်စောင့်နေတာဆိုတော့ အများကြီးမပြောတော့ပါဘူး။

ပွဲမတိုင်ခင်
ပွဲကစားမယ့်လူစာရင်း ထွက်လာတော့ လီဗာပူးလ်မှာ တောရက်စ်ပါလာတဲ့အတွက် မန်ယူပရိသတ် တစ်ယောက်အနေနဲ့ စိတ်ပူမိတာအမှန်ပါ။ လီဗာပူးလ်တစ်သင်းလုံးမှာ တောရက်စ်တစ်ယောက်ကိုပဲ နိုင်အောင်ထိန်းတော့ကွာလို့ အတူကြည့်နေတဲ့သူငယ်ချင်းတွေကို ပြောမိပါတယ်။ ဂျရတ်မပါတဲ့အတွက် ၀မ်းသာမိတာအမှန်ပါ။ သူ့နေရာမှာ ဘီနာယောင်ကို ထားကစားမှာကို တွေ့ရတဲ့အတွက် အဲဒီဂျူး ခြေစွမ်းမပြနိုင်ပါစေနဲ့လို့ စိတ်ထဲကကျိတ်ပြီး ဆုတောင်းမိတာပေါ့။ အဓိကကတော့ မန်ယူနောက်တန်းတွေ တောရက်စ်ကို နိုင်အောင်ထိန်းဖို့သာ အာရုံရောက်နေမိပါတယ်။

မန်ယူအသင်းကစားသမားစာရင်းကို ကြည့်လိုက်တော့ ရှေ့တန်းမှာ ရွန်းနေနဲ့ ဘာဘာတော့ဗ်ဆိုတော့ ပျော်သွားတယ်။ ရွန်းနေမပါလောက်သေးဘူးလို့ ထင်ထားတာ။ အလယ်တန်းမှာ ဂစ်၊ ကာရစ်၊ ဗလင်စီယာ၊ ပေါစခိုးလ်တို့ကို တွေ့ရတယ်။ စိတ်ညစ်သွားတယ်။ မန်ယူအသင်းဟာ ဂစ်နဲ့စခိုးလ်ကို တစ်ခါတည်းတွဲသုံးရင် ကစားကွက်ပျက်သွားတတ်တယ်။ ပြီးတော့ ကာရစ်က ဘောလုံးအဖြန့်သမား၊ အဖျက်က ပေါစခိုးလ်ကစားရမှာ။ ပေါစခိုးလ်က လေးနေတဲ့လူ။ တော်တော်ကြီးကို စိတ်ညစ်သွားတယ်။ အမှန်ဆိုရင် အလယ်မှာ ဂစ်၊ ဗလင်စီယာ၊ ကာရစ်နဲ့ အန်ဒါဆန်ကို ထားသင့်တယ်လို့မြင်မိတယ်။ အန်ဒါဆန်ဟာ အခုနောက်ပိုင်းမှာ ကွင်းလယ်အဖျက်ကို အတော်လေးကို ပီပြင်အောင်ကစားလာနိုင်တာ တွေ့ရတယ်။ ငယ်ကလည်းငယ်၊ မြန်ကလည်းမြန်၊ စိတ်ကလည်းထက်ဆိုတော့ သူ့ရဲ့ကစားအားနဲ့ အလယ်တန်းအဖျက်ကစားခိုင်းသင့်တယ်လို့ မြင်မိတယ်။ နောက်တန်းနဲ့ ဂိုးသမားကတော့ ပြောစရာမရှိပါဘူး။ အားလုံးပုံမှန်ပဲ။

ပထမပိုင်း (လီဗာပူးလ် ၀ - ၀ မန်ယူ)
နှစ်သင်းစလုံးဟာ ခံစစ်မကစားဘဲ တိုက်စစ်ဖွင့်ပြီး ကစားသွားတဲ့အတွက် အင်မတန်မှကို စိတ်လှုပ်ရှားစရာ ကောင်းတယ်လို့ ဆိုရမယ်။ လီဗာပူးလ်တိုက်စစ်ဆင်တဲ့အချိန် မန်ယူအသင်းက အသည်းအသန်ခံစစ်ကစား၊ မန်ယူတိုက်စစ်ဆင်တဲ့အချိန် လီဗာပူးလ်အသင်းက အသေအလဲဖျက်ထုတ်နဲ့ ဘောလုံးပွဲရသအပြည့်ပါပဲ။ ထင်တဲ့အတိုင်းပဲ တောရက်စ်ကလည်း မန်ယူနောက်တန်းကို မွှေသလားမမေးနဲ့။ ခဏခဏလဲကျနေတာတစ်ခုပဲ ရုပ်ဆိုးတယ်။ သူ့ကိုထိတာနဲ့ လဲကျနေတာကတော့ ကြည့်လို့အဆင်မပြေဘူး။ မန်ယူအသင်းက ဘာဘာတော့ဗ်ဟာ ဒီနေ့ပွဲမှာ ကြံ့ခိုင်မှုပြည့်ဝပုံမရဘူး။ ဒါမှမဟုတ် လူကပ်ကစားခံရတဲ့အတွက် အဆင်မပြေတာလားတော့မသိဘူး။ လီဗာပူးလ်နောက်တန်းတွေဟာ ဘာဘာတော့ဗ်နဲ့ ဗလင်စီယာကို လှုပ်လို့မရအောင် အသေကပ်ကစားသွားတာတွေ့ရတယ်။ ကြိုးကြာနီတွေ သက်သာသွားတာကတော့ ငယ်မူပြန် ဂစ်က ဒီနေ့ပွဲမှာ ခြေမပေါ်ဘူးဖြစ်နေတာပါပဲ။ သူ့ဘက်ခြမ်းက တိုက်စစ်သေနေခဲ့ပြီး ဗလင်စီယာရဲ့ ညာခြမ်းကသာ အဓိကကစားနေခဲ့ရတယ်။ ဘယ်နောက်ခံလူ အီဗရာတက်ကစားတဲ့အချိန်မှပဲ ဘယ်ဘက်ခြမ်းဟာ လှုပ်လှုပ်ရှားရှား ဖြစ်တာကိုတွေ့ရတယ်။ အဆိုးဆုံးကတော့ ကွင်းလယ်က ပေါစခိုးလ်ပဲ။ ဘောလုံးအပေးတွေ မှားတာမှ သောက်သောက်လဲပဲ။ မှားသမျှကလည်း တကယ့်အန္တရာယ်တွေချည်းပဲ။ ဘာပဲဖြစ်ဖြစ် ဂိုးမရှိသရေနဲ့ ပထမပိုင်းပြီးသွားတဲ့အတွက် နည်းနည်းတော့ စိတ်အေးရပါတယ်။

ဒုတိယပိုင်း (လီဗာပူးလ် ၂ - ၀ မန်ယူ)
ဒုတိယပိုင်းမှာလည်း ပထမပိုင်းမှာလိုပဲ နှစ်ဖက်စလုံးဟာ တိုက်စစ်ဖွင့်ကစားခဲ့ကြပါတယ်။ ပွဲဟာအပြန်အလှန်နဲ့ အကြိတ်အနယ်ရှိခဲ့ပါတယ်။ ဖာဂူဆန်ဟာ ခြေပျက်နေတဲ့ ပေါစခိုးလ်ကို ဘာကြောင့်မလဲသလဲဆိုတာ စဉ်းစားလို့မရပါဘူး။ ကွင်းလယ်အဖျက်ပျောက်နေတဲ့အတွက် လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေဟာ မန်ယူနောက်တန်းအထိ တောက်လျှောက်ရောက်ရောက်သွားတာ တွေ့ရပါတယ်။ အလယ်မှာအဖျက်မခံတဲ့အတွက် နောက်တန်းကလူတွေနဲ့ချည်းပဲ ထိပ်တိုက်တွေ့ပါတယ်။ အဲဒါကြောင့်လည်း မလိုအပ်ဘဲ အ၀ါတွေပေးခဲ့ရတာ ဖြစ်ပါတယ်။ ဂိုးသမားဗန်ဒါဆားကောင်းလို့သာ ဂိုးတွေမပေးခဲ့ရတာပါ။

ဒါပေမယ့်လည်း လီဗာပူးလ်ရဲ့ တစ်ဦးတည်းသော အန္တရာယ်ကစားသမား တောရက်စ်ကို မန်ယူနောက်တန်းက ဖာဒီနန်မနိုင်တဲ့အတွက် ဂိုးပေးလိုက်ရပါတယ်။ လူချင်းထိတိုင်းအမြဲတမ်းလဲကျနေတဲ့ တောရက်စ်ဟာ ဂိုးဧရိယာထဲမှာ ဖာဒီနန် အသည်းအသန် လူတွန်းဖျက်ထုတ်တာကျတော့ လုံးဝမလဲဘဲ ဂိုးပေါက်ထဲကို ရအောင်ကန်သွားတာ တွေ့ရပါတယ်။ ရှေ့ပိုင်းမှာ သူအလဲကောင်းလို့ မန်ယူကအ၀ါကတ်တွေ အပြခံခဲ့ရတာတွေအတွက်တောင် စိတ်နာမိသေးတယ်။ အဲဒါကြောင့်လည်း ကြောက်စရာတိုက်စစ်မှူး ဖြစ်နေတာဖြစ်ပါတယ်။ မဆီမဆိုင် ကိုယ့်ဆီက မြန်မာတိုက်စစ်မှူးတွေကို တောရက်စ်ဆီမှာ သွားသင်ခိုင်းချင်စိတ် ပေါက်သွားမိပါတယ်။ လဲတော့လဲတတ်တယ်၊ ဘယ်အချိန်မှာလဲရမလဲ၊ ဘယ်အချိန်မှာမလဲရဘူးလဲဆိုတာကို တောရက်စ်က ကောင်းကောင်းကြီးသင်ခန်းစာ ပေးသွားပါတယ်။ ဘရာဗိုပါ တောရက်စ်။ တစ်ခါပဲရတဲ့ အခွင့်အရေးကို တစ်ခါဆိုသလောက် အသုံးချသွားခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ဂိုးရပြီးတဲ့နောက် ခံစစ်အသွင်ပြောင်းသွားတာ သိသာလှပါတယ်။ အဲဒီလို ခံစစ်ဖြစ်သွားတဲ့အတွက်လည်း မန်ယူကပွဲကို ပြန်ပြီးဖိကစားလာနိုင်ခဲ့ပါတယ်။ ပေါစခိုးလ်နေရာမှာ နာနီကို ထည့်လိုက်တဲ့ဖာဂူဆန်ကို အံ့သြမိပါတယ်။ သူလိုချင်တာက တောင်ပံနှစ်ခုလုံးက လှုပ်နေတာကို ဖြစ်ပါလိမ့်မယ်။ ဘယ်ဘက်က နာနီ၊ ညာဘက်က ဗလင်စီယာနဲ့ပေါ့။ အဲဒီလိုဆို ထားပါတော့။ ရှေ့တန်းက ဘာဘာတော့ဗ်ကို အိုဝင်နဲ့ လဲလိုက်တာကတော့ မိုက်မဲလွန်းပါတယ်။ အိုဝင်ကစားတာကို သဘောတူပါတယ်။ ဒါပေမယ့် တကယ်တမ်းလဲသင့်တာက ဂစ်နဲ့ပါ။ ရှေ့တန်းမှာ ရွန်းနီ၊ ဘာဘာတော့ဗ်၊ အိုဝင် သုံးယောက်ထားပြီး အလယ်တန်းမှာ ကာရစ်၊ ဗလင်စီယာ၊ နာနီဆိုရင် ပိုပြီးများ ကောင်းသွားမလားလို့ပါ။ ထားပါတော့လေ။ ပွဲကပြီးသွားပြီပဲ။ သူထည့်လိုက်တဲ့နာနီဟာ အပိုင်အခွင့်အရေးနှစ်ကြိမ်ကို ဂိုးအဖြစ်မပြောင်းလဲပေးနိုင်ခဲ့ပါဘူး။

လီဗာပူးလ်အသင်းက တောရက်စ်ကို ထုတ်လိုက်တဲ့အချိန်မှာ မန်ယူနောက်တန်းဟာ လုံးဝကို အေးအေးဆေးဆေးဖြစ်သွားတာ တွေ့ရပါတယ်။ အီဗရာနဲ့ အိုရှေးလ်ဟာ ရှေ့တန်းတောင်ပံတွေမှာပဲ တက်ကစားခဲ့တာတွေ့ရပါတယ်။ လီဗာပူးလ်အလယ်တန်းက ဘီနာယောင်ကို ထုတ်လိုက်ချိန်မှာတော့ လုံးဝကို ခံစစ်သက်သက်ဖြစ်သွားပါတော့တယ်။ မန်ယူအသင်းဟာ ဂိုးရချင်စိတ်များနေတဲ့အတွက် အမှားများနေခဲ့တာ တွေ့ရပါတယ်။ ပိုဆိုးတာက တောင်ပံမှာကစားတဲ့ ဗလင်စီယာဟာ ဘောလုံးဆင်ပေးတာ အင်မတန်မှကို ညံ့ဖျင်းတဲ့အချက်ပါပဲ။ ချေပဂိုးသေချာပေါက်ရမယ့် အခွင့်အရေးကို ကားရစ်ကို ချမပေးဘဲ ကိုယ်တိုင်ကန်ပစ်ခဲ့ပါတယ်။ မဖြစ်နိုင်တဲ့ ထောင့်ကျဉ်းထဲကို အပြင်းကန်ထည့်တာပါ။ ဂိုးတိုင်ကိုထိသွားတယ်ဆိုပေမယ့် ကားရစ်ကိုသာ ချပေးခဲ့ရင် သေချာပေါက် ဂိုးရမယ့်အနေအထားကြီးပါ။ အဲဒီနေရာမှာ ရွန်းနေသာဆိုရင် သေချာပေါက် ချပေးမှာအမှန်ပါပဲ။

မန်ယူက ဗီဒစ်နဲ့ ပွဲပြီးခါနီးမှာ လီဗာပူးလ်က မာရှေရာနိုတို့ နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရပါတယ်။ အဲဒါက ပြဿနာမရှိပါ။ ပြဿနာက မန်ယူက အိုဝင်ဂိုးရှေ့မှာ တစ်ဦးချင်းကန်သွင်းတော့မယ့် အချိန်မှာ လီဗာပူးလ်က ခံစစ်မှူး ကာရေဂါဥပဒေပကစားတာကို အ၀ါကတ်ပဲပြခဲ့တဲ့ ကိစ္စပါ။ အဲဒီဘောလုံးဟာ လွတ်သွားခဲ့ရင် ဂိုးရဖို့အတော်လေးသေချာတဲ့ အခြေအနေဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမှာ လီဗာပူးလ်က နောက်ဆုံးခံစစ်မှူးက အိုဝင်ကို ဥပဒေပကစားတာကို အနီကတ်မပြဘဲ အ၀ါကတ်သာပြပြီး ပြစ်ဒဏ်ဘောကန်ခိုင်းတဲ့ ဒိုင်လူကြီးကို ဘယ်လိုမှကို နားမလည်နိုင်ပါ။

မန်ယူအသင်းက ချေပဂိုးရဖို့ ဖိကစားနေရင်း မထင်မှတ်တဲ့ တန်ပြန်တိုက်စစ်ကတစ်ဆင့် လီဗာပူးလ်အသင်းက နာကျင်အချိန်ပိုမှာ အနိုင်ဂိုးတစ်ဂိုး ထပ်သွင်းသွားပါတယ်။ အဲဒီဂိုးအတွက်တော့ ဘာမှကို ခံစားမှုမဖြစ်ပါ။ မန်ယူအသင်းတစ်သင်းလုံး ဂိုးရဖို့ ဖိကစားနေရင်းနဲ့ နောက်တန်းမှာ နှစ်ယောက်ပဲကျန်ခဲ့တဲ့အချိန်မှာ တန်ပြန်တိုက်စစ်မိပြီး ပေးလိုက်ရတဲ့အတွက် ပေးသင့်တဲ့ဂိုးလို့ပဲ မြင်လို့ပါ။

ဘာပဲဖြစ်ဖြစ် လီဗာပူးလ်နိုင်ပါတယ်။ ဘင်နီတက်ဇ်နဲ့ ကြိုးကြာနီတွေအတွက် ခဏတာ အသက်ရှူချောင်သွားစေခဲ့တယ်ဆိုတာ ငြင်းစရာမရှိပါ။ တကယ်လို့များသာ ရှုံးခဲ့ရင် ဘင်နီတက်ဇ်ရဲ့ နောက်ဆုံးပွဲလို့တောင် ဆိုနိုင်မယ့်အနေအထားပါ။ မန်ယူရှုံးတာက ဘာပြဿနာမှ မရှိပါ။ ဇယားထိပ်ဆုံးက ချဲလ်ဆီးနဲ့ နှစ်မှတ်အကွာဖြစ်သွားတယ်။ ဒုတိယနေရာမှာ ရပ်တည်နေတယ်။ ဒါပဲဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် လီဗာပူးလ်ရဲ့အနိုင်အတွက် ဖာဂူဆန်စိတ်ညစ်တာဟာ မဖြစ်စလောက်ပဲဖြစ်မယ်လို့ ယုံကြည်မိပါတယ်။ ဒါပေမယ့် ဘင်နီတက်ဇ်ရဲ့ သက်ပြင်းချသံကြီးကတော့ အတော်လေးကို ကျယ်လောင်မှာအသေအချာပဲဆိုတာ တွေးနေမိကြောင်းပါ။

လီဗာပူးလ်ရဲ့အနိုင်အတွက် အသိအမှတ်ပြုပါတယ်။ ရှုံးနိမ့်မှုအတွက် အားပေးနှစ်သိမ့်ပါတယ် မန်ယူ။ နောက်ပွဲတွေမှာ ပိုကောင်းအောင် ကစားပြနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အမြဲတမ်းနိုင်နေတာ မဖြစ်နိုင်တဲ့ ဘောလုံးလောကမှာ အရှုံးဆိုတာကိုလည်း လက်ခံရမှာပေါ့။ အဲဒီအရှုံးကနေ သင်ခန်းစာတွေ၊ အားအင်တွေယူဖို့အတွက်လည်း ဖာဂူဆန် ပြင်ဆင်ပြီးဖြစ်မယ်ဆိုတာ သံသယမရှိပါဘူး။ နောက်ပွဲမှာ ပိုကောင်းလာမယ့်မန်ယူကို ကျွန်တော်တို့ မြင်ရမယ်လို့ အခိုင်အမာယုံကြည်နေကြောင်းပါ။

ဘယ်လိုပဲဖြစ်ဖြစ် ရွှေဘဟာ ရွှေဘပါပဲ။ အချိန်တန်ရင် ရွှေဘ နိုင်မှာပါဗျာ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၂၅ ရက်၊ တနင်္ဂနွေနေ့။
ည ၁၀ နာရီ ၄၄ မိနစ်တွင် ပြီး၏။

မြန်မာနိုင်ငံရာဇ၀င်အကျဉ်း


"မြန်မာအစ တကောင်းက" ဟူ၍ ဆိုရိုးရှိခဲ့သည့်အတိုင်း မြန်မာရာဇ၀င်ကို တကောင်းခေတ်မှ စတင်၍ ဖော်ပြလေ့ရှိကြပေသည်။ မင်းအစဉ်အဆက် တိုင်းပြည်ထူထောင် အုပ်စိုးခဲ့ကြသည့် သမိုင်းကြောင်းကို လိုက်စစ်ရှာဖွေလျှင် တကောင်းခေတ်အထိ ပြန်လှန်ထောက်ဆနိုင်ပေသည်။ သို့ရာတွင် မြန်မာနိုင်ငံတွင် လူမျိုးများ စတင်အခြေစိုက် နေထိုင်ခဲ့ကြသည်မှာကား တကောင်းခေတ်မတိုင်မီ နှစ်ပေါင်းထောင်ပေါင်း များစွာကတည်းကဖြစ်ကြောင်းကို မြန်မာနိုင်ငံအရပ်ရပ်တွင် ကျောက်ခေတ်လူများ၏ ကျောက်လက်နက်များကို တူးဖော်တွေ့ရှိရခြင်းက ထင်းရှားဖော်ပြနေပေသည်။ ထိုလူသားများသည် ရေကြည်ရာ၊ မြက်နုရာတွင် အစဉ်တစိုက် ရွှေ့ပြောင်းနေထိုင်ခဲ့ကြပေမည်။ အစုအအုပ်ဖွဲ့၍ နေထိုင်ခဲ့ကြပေမည်။ နောက်ဆုံးတွင် နီဂရိုတိုလူမျိုးများ၏ ခေတ်သို့တိုင်ခဲ့ပေသည်။

ထို့နောက်တွင်ကား မြန်မာနိုင်ငံမြောက်ပိုင်း အာရှတိုက်အလယ် မောင်းဂွတ်ပြည်ခေါ် မွန်ဂိုလီးယားဒေသမှ မွန်ခမာ လူမျိုးများသည်လည်းကောင်း၊ တိဘက်မြန်မာ လူမျိုးများသည်လည်းကောင်း၊ ထိုင်းရှမ်း လူမျိုးများသည်လည်းကောင်း အဆင့်ဆင့် ၀င်ရောက်နေထိုင်ခဲ့ကြရာ ရှိရင်း နီဂရီတိုလူမျိုးတို့သည် တောင်ပိုင်းနှင့် တောင်ဘက် ပင်လယ်ကျွန်းဆွယ်များသို့ တရွေ့ရွေ့ ရွှေ့ပြောင်းသွားခဲ့ကြပေသည်။ ၀င်ရောက်လာသော လူမျိုးများသည် ဒေသအသီးသီးတွင် အခြေစိုက်နေထိုင်ခဲ့ကြရာမှာ လူမျိုးစုများအဖြစ် သီးခြားရပ်တည်လာခဲ့ကြ၍ ဘာသာစကားနှင့် ဓလေ့ထုံးတမ်းတို့လည်း ကွဲပြားလာခဲ့လေသည်။ မွန်အမျိုးသားများသည် မွန်ခမာ အဆက်အနွယ်များဖြစ်၍ ချင်း၊ ကချင်၊ ကဒူး၊ ပျူ၊ ကမ်းယံ၊ သက် လူမျိုးတို့သည် တိဘက်မြန်မာတို့၏ အဆက်အနွယ်များဖြစ်ပြီး ရှမ်း၊ ကရင်၊ တောင်သူ၊ ပဒေါင် စသောလူမျိုးတို့သည် ထိုင်းလူမျိုး အဆက်အနွယ်များ ဖြစ်သည်ဟု မှတ်ယူကြရလေသည်။ ထိုလူမျိုးများသည် အစဉ်အတိုင်း အုပ်စုအလိုက် မြို့ရွာတည်စိုက် နေထိုင်ခဲ့ကြလေသည်။ မြန်မာဟူသောအမည်မှာ ပျူလူမျိုးတို့ တိမ်ကောချိန်လောက်တွင် ပေါ်ထွန်းလာသဖြင့် ပျူမှ မြန်မာမျိုးနွယ်သို့ ပွားဆက်လာသည်ဟု ယူဆသူများလည်း ရှိလေသည်။

ထိုသို့ မြန်မာနိုင်ငံတွင် မွန်ဂိုလီးယားဒေသမှ မျိုးနွယ်များ ၀င်ရောက်နေထိုင်လျက်ရှိကြသော ကာလတွင် တကောင်းဒေသ ဧရာဝတီမြစ်ညာ၌ ရှေးဦးစွာ မြို့ပြတည်ထောင်စည်းရုံးလျက် မင်းအဖြစ် ထီးနန်းစိုက်တည်ခဲ့ကြရာမှ မင်းအစဉ်အဆက် နှစ်ကာလစဉ်တိုက် ဆက်လက်အုပ်ချုပ်လာခဲ့ကြသည်ကို တွေ့ရှိရလေသည်။ တကောင်းတွင် မြို့ပြတည်ထောင်၍ မင်းအဖြစ် စတင်စိုးစံခဲ့ကြသည့် အကြောင်းရင်းနှင့် ပတ်သက်၍ကား ဤသို့မှတ်သားကြရပေသည်။

စာကြွင်း
ဆရာလှသမိန် ၏ မြန်မာရာဇ၀င်အကျဉ်း စာအုပ်မှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ မြန်မာစကား၊ မြန်မာစာကို ပြောဆိုရေးသားအသုံးပြုနေသည့် မြန်မာလူမျိုးတစ်ယောက်အနေဖြင့် မြန်မာပြည်တွင်မှ မဟုတ်ဘဲ မည်သည့်နေရာဒေသတွင် ရောက်ရှိအခြေချနေထိုင်နေသည်ဖြစ်စေ မြန်မာ့အကြောင်း၊ မြန်မာ့ရာဇ၀င်ကို သိသင့်သည်ဟု ယူဆသည့်အတွက် ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ "လှသမိန်-မြန်မာရာဇ၀င်အကျဉ်း" ဟူ၍ သီးသန့်အခန်းကဏ္ဍတစ်ခုအဖြစ် ခွဲထုတ်ကာ ပုံမှန်တင်ပေးသွားနိုင်အောင် ကြိုးစားသွားမည်ဟု ဆုံးဖြတ်ထားပါသည်။ အချိန်အခက်အခဲကြားမှ တစ်ယောက်တည်း ပြန်ကူးရိုက်ရတာဖြစ်သည့်အတွက် စိတ်ဝင်တစား စောင့်ဖတ်သူများအနေဖြင့် သည်းခံစောင့်ဆိုင်းပေးကြပါရန် တောင်းပန်အပ်ပါသည်။

အ၀မင်းခေါင်ထံဆက် မေတ္တာစာ - ရှင်မဟာရဋ္ဌသာရ


အမျိုးလေးပါး၊ သူတို့အားကို၊ စီးပွားယုတ်မြတ်၊ အတတ်ပညာ၊ အဖြာဖြာလျှင်၊ လူတို့ခွင်၌၊ သိမြင်ခဲမှု၊ လေးလေးခုတွင်၊ နှစ်ခုခွဲဝေ၊ ဒွေးရှစ်ထွေကို၊ သိနေမှန်စွာ၊ ကြောင်းခြင်းရာမူ၊ ပမာဆိုရိုး၊ မိုးနှင့်သရက်၊ အိုးနှင့်ကြွက်သို့၊ သိခက်ခဲစွာ၊ ပညာတိမ်ညင်၊ ကြံဆင်ခြင်၍၊ ကျယ်လျှင်ကားချဲ့၊ ပဲ့လျှင်ဖဲ့လော့၊ နွဲ့လျှင်ကားသပ်၊ ခိုင်လျှင်ထပ်လော့၊ နှိုင်းခြင်းဆိုရေး၊ သိရေးခဲငြို၊ မြက်ကိုခွေးယူ၊ ဆိတ်မူအမဲ၊ လဲခြင်းအနေ၊ အဆွေခင်ပွန်း၊ အကြံဆန်းသည်၊ နုကျန်းမြော်ပါ၊ လူတကာတို့၊ အကာအနှစ်၊ အသစ်စိမ်းစို၊ ကျောက်ကိုကျောက်မျိုး၊ အဖိုးသိခဲ၊ ဤဖြစ်မြဲတည့်၊ ၀မ်းထဲမှတ်ပိုက်၊ သတိတိုက်တွင်၊ ထားစေချင်စွ၊ သံလျှင်သံကို၊ ဖျက်သောဆို၏၊ လှေကိုလှေပင်၊ ဆယ်ယူငင်သို့၊ ပုံပြင်ခြင်းရာ၊ မေတ္တာစာကို၊ ကြောင်းချာယူဆတတ်စေသောဝ်။

(မြန်မာ့အနုစာပေကောက်နုတ်ချက်များ စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်)

အလုပ်နဲ့ဂုဏ် - လူထုစိန်ဝင်း


ကျောင်းဆရာတစ်ယောက် လုပ်ခဲ့တာကြောင့် လူငယ်တွေနဲ့ အထိအတွေ့ များပါတယ်။ နိုင်ငံခြားသားတွေနဲ့ ပခုံးချင်းယှဉ်ပြီး ကြိုးစားအားထုတ်နေတဲ့ လူငယ်တွေ၊ နိုင်ငံခြားသား မျက်နှာဖြူတွေကိုတောင် ငှားရမ်းခိုင်းစေပြီး အလုပ်လုပ်နေတဲ့ လူငယ်တွေရှိနေသလို ဘာလုပ်ရမှန်းမသိဘူးဆိုပြီး ဟိုယောင်ယောင်၊ ဒီယောင်ယောင်နဲ့ အချိန်ဖြုန်းနေကြတဲ့လူငယ်တွေ အများအပြားရှိတာကိုလည်း တွေ့နေရပါတယ်။

အဲဒီယောင်ယောင်တွေထဲက ကျောင်းသားတပည့်တွေကို မေးမြန်းကြည့်တော့ သူတို့အားလုံး အလုပ်မရှိတာဟာ အလုပ်လုပ်ချင်စိတ်ကို မရှိတာဖြစ်ကြောင်း တွေ့ရပါတယ်။ ပြောလိုက်ရင်တော့ သူတို့အလုပ်လုပ်ချင်ပါတယ်။ သူတို့နဲ့သင့်လျော်တဲ့ အလုပ်ကိုမရှိတာပါလို့ ဆိုတဲ့လူနဲ့၊ အလုပ်အကိုင်ကရှားပါးတော့ အကြောင်းအပေါင်းသင့်ရာတွေပဲ ရနေကြတယ်လို့ ဆိုတဲ့လူနဲ့ချည်းပါပဲ။ အလုပ်လုပ်ချင်စိတ်ကို မရှိတာကိုတော့ ဘယ်သူမှ ၀န်မခံကြပါဘူး။

လူတချို့ကတော့ ဒီကိစ္စကို အလုပ်လုပ်မယ့်သူဦးရေက တစ်နေ့တခြား တိုးပွားများပြားနေပြီး အလုပ်အကိုင်နေရာက အချိုးညီစွာ တိုးတက်မလာတာကို ထောက်ပြကြပါတယ်။ ဒါလည်းမမှန်ပါဘူး။ အလုပ်လုပ်ချင်သူဦးရေ များပြားလာခြင်းဟာ တစ်ဖက်ကလှည့်စဉ်းစားရင် အလုပ်အကိုင် အခွင့်အလမ်းတွေ များပြားလာခြင်းပဲဖြစ်တယ်ဆိုတဲ့ အခြေခံသဘောတရား (supply and demand) ရောင်းလိုအားနဲ့ ၀ယ်လိုအားဆိုတဲ့အချက်ကို မေ့လျော့နေကြတဲ့သဘော ဖြစ်ပါတယ်။

ဥပမာ- လူတစ်သိန်းတိုးလာတယ်ဆိုပါစို့။ ဒီလူတစ်သိန်းဟာ အစာစားပါတယ်။ အ၀တ်ဝတ်ပါတယ်။ လက်ဖက်ရည်သောက်ပါတယ်။ စာဖတ်ပါတယ်။ ဘတ်စ်ကားစီးပါတယ်။ အဲဒါတွေအားလုံးအတွက် ဆိုင်ရာဆိုင်ရာလုပ်ငန်းတွေ ပေါ်ပေါက်လာရပါတယ်။ အဲဒီလုပ်ငန်းတွေမှာ အလုပ်သမားတွေ လိုအပ်မှုရှိလာရပါတယ်။ လူဦးရေတိုးလာခြင်းဟာ demand တွေ တိုးလာတာဖြစ်သလို supply တွေလည်း တိုးလာတာပဲဖြစ်ပါတယ်။

မြန်မာပြည်လိုနိုင်ငံမျိုးမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ဘယ်နယ်ပယ်ကိုကြည့်ကြည့် ထပ်ချဲ့ဖို့မလိုတော့ဘူးဆိုတဲ့ saturated point ရောက်နေပြီဆိုတာမျိုး မရှိသေးပါဘူး။ ထပ်ချဲ့စရာ၊ ထပ်လုပ်စရာတွေ အများကြီးရှိနေသေးတာ တွေ့နိုင်ပါတယ်။ ဒီအထဲမှာ ကိုယ်ပါဝင်လုပ်ကိုင်စရာ နေရာတစ်ခုတော့ ရှိနေမှာအမှန်ဖြစ်ပါတယ်။

တချို့က အလုပ်"စံ" ရွေးလွန်းလို့ အလုပ်မရနိုင်တာပါ။ ဘယ်အလုပ်တွေ့တွေ့ ကိုယ်နဲ့မထိုက်တန်ဘူးလို့ချည်း ထင်တတ်ပါတယ်။ ဒီလိုလူမျိုးဟာ အလုပ်လုပ်ဖို့ကျတော့ မာနကြီးတတ်ပေမယ့် အလုပ်မရှိလို့ဆိုပြီး ဟိုအမျိုး၊ ဒီအမျိုးဆီလိုက်ပြီး လက်ဖြန့်တောင်းဖို့ကျတော့ သူတို့မာနတွေ ဘယ်ရောက်သွားကြပြီလဲ မသိတော့ပါဘူး။

ကမ္ဘာကျော်အောင် ထင်ရှားတဲ့ပုဂ္ဂိုလ်ကြီးတွေဟာ သူတို့လုပ်ချင်တဲ့အလုပ်ကို စလုပ်ခဲ့ရတယ်ဆိုတာ မရှိသလောက်ပါပဲ။ သောမတ်အယ်ဒီဆင်ဟာ မီးရထားပေါ်မှာ တစ်တွဲပြီးတစ်တွဲကူးပြီး စီးကရက်၊ မီးခြစ်ရောင်းရင်း သူဝါသနာပါတဲ့ သိပ္ပံစမ်းသပ်မှုတွေ လုပ်ခဲ့ရတာပါ။ သမ္မတလင်ကွန်းဟာလည်း သစ်ခုတ်သမား၊ လှေထိုးသား၊ ဖောင်သမားလုပ်ခဲ့ရတာပါ။ ဘွဲ့တွေ ဘယ်နှခုရထားရထား အလုပ်မလုပ်ရင်တော့ အလုပ်လက်မဲ့လို့သာ အခေါ်ခံရမှာပါ။ ဆိုက်ကားနင်းနေသူတောင် ဆိုက်ကားဆရာ၊ ဆံပင်ညှပ်သူက ဆံပင်ညှပ်ဆရာ အခေါ်ခံရပါသေးတယ်။ သူ့ဝင်ငွေနဲ့ သူ့အလုပ်နဲ့ သူ့ဂုဏ်နဲ့သူ ရှိပါတယ်။ အလုပ်မရှိသူ အလုပ်လက်မဲ့ကတော့ ဘာဂုဏ်၊ ဘာသိက္ခာမှမရှိပါဘူး။

အဲဒါကြောင့် ကျောင်းသား၊ ကျောင်းသူ တပည့်တွေကို အလုပ်"စံ"မရွေးဖို့ အမြဲပြောပါတယ်။ ဘာမှမလုပ်ဘဲ ထိုင်နေမယ့်အစား ရရာအလုပ်ဝင်လုပ်နေခြင်းအားဖြင့် အဖိုးတန်တဲ့အတွေ့အကြုံတွေ ရနိုင်ပါတယ်။ အလုပ်လုပ်မှ လူပေါင်းစုံနဲ့ တွေ့ကြုံဆက်ဆံရပြီး လူတွေအကြောင်းသိပါတယ်။ လူတွေအကြောင်း များများသိမှ ရင့်ကျက်လာပါတယ်။ အလုပ်မလုပ်တဲ့သူဟာ ဘယ်တော့မှ ရင့်ကျက်မလာပါဘူး။ ၀ါးလုံးခေါင်းထဲမှာ လသာသလို ကိုယ့်ဘာသာအခြောက်တိုက် ဘ၀င်မြင့်နေတတ်သူသာ ဖြစ်ပါလိမ့်မယ်။

မြန်မာနိုင်ငံက သယံဇာတတွေ ပေါလွန်းတာရယ်၊ မိသားစုဖွဲ့စည်းပုံစနစ်က ရိုးရာကျေးလက်မိသားစုဖွဲ့စည်းပုံလို အိမ်ဝိုင်းတစ်ခုတည်းမှာ မိဘအရိပ်ခိုပြီး သားသမီးတွေ စုဝေးနေထိုင်ကြတဲ့ ပုံစံမျိုးအဖြစ်သာ ရှိနေသေးတာကြောင့် သားသမီးတွေအရွယ်ရောက်လည်း အလုပ်မလုပ်ဘဲ မိဘအိမ်မှာ စားနေနိုင်ကြပါတယ်။ ဒီတော့ အလုပ်ကို "စံ"ရွေးချင်တိုင်းရွေးပြီး နေတတ်ကြပါတယ်။

အလုပ်ကြီးအကိုင်ကြီးတွေ ခေါ်တဲ့အခါမှာ အတွေ့အကြုံကို အဓိကထားတတ်ကြပါတယ်။ ဘာအလုပ်မှ မလုပ်ဖူးသူကို ဘယ်သူမှ မခန့်ချင်ပါဘူး။ ဒါကို သိထားကြဖို့လိုပါတယ်။ ဒါကြောင့် ကျောင်းပြီးသွားတဲ့အခါမှာ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်မနေပါနဲ့။ ရတဲ့အလုပ်ကိုသာ ၀င်လုပ်ပြီး အတွေ့အကြုံယူပါလို့ လူငယ်တွေကို အကြံပေးလိုက်ချင်ပါတယ်။ ဘာဘွဲ့ကြီးရထားရထား၊ ဘယ်သူ့သားသမီးပဲဖြစ်ဖြစ် အလုပ်မလုပ်သူဟာ အလုပ်လက်မဲ့လို့သာ သတ်မှတ်ခံရမှာဖြစ်ကြောင်း သတိပြုသင့်ပါတယ်။

သိပ်ပြီးထွန်းကားတိုးတက်နေပြီဖြစ်တဲ့ နိုင်ငံတွေမှာ ရုပ်ဝတ္ထုပစ္စည်းတွေ အလျှံပယ်ပေါကြွယ်ဝပြီး နေမှု၊ ထိုင်မှု အဆင့်အတန်းတွေ တိုးတက်လာတာမှန်တယ်။ မီးသွေးအတွက် ပူစရာမလိုဘူး။ ရေစက်၊ မီးစက်နဲ့ အင်ဗာတာအတွက် ကြောင့်ကြစရာမရှိဘူး။ အဝေးထိန်းခလုတ်တစ်ခုနဲ့တင်  အရာရာပြီးမြောက်နေတယ်ဆိုတာလည်း မှန်တယ်။ ဒါပေမယ့် အိမ်ရှိသမျှလူကုန် အလုပ်ထွက်လုပ်နေရတဲ့အတွက် သက်ကြီးရွယ်အိုတွေ၊ မိဘ၊ ဘိုးဘွားတွေကို လူအိုရုံပို့ထားပြီး အထီးကျန်ဖြစ်နေစေရတာမျိုးတွေ၊ ၀င်ငွေနဲ့ထွက်ငွေကြားမှာ စိတ်ဖိစီးမှုအားတွေ ကြီးမားလွန်းလို့ လူတိုင်းလောက်နီးပါး စိတ်ဒဏ်ရာရနေကြတာမျိုးတွေ၊ စက်ကိရိယာတွေကို စိတ်ကုန်ငြီးငွေ့လွန်းလို့ သဘာဝတောတောင် ရေမြေတွေရှိရာအရပ်ကို တကူးတက ငွေကုန်ကြေးကျခံပြီး သွားနေကြရတာမျိုးတွေကိုလည်း သတိပြုသင့်ကြတယ်။

မြန်မာနိုင်ငံလိုနေရာမှာတော့ စက်မှုစီးပွားရေး သိပ်ပြီးဖြစ်ထွန်းသေးတာ မဟုတ်လေတော့ နေမှု၊ ထိုင်မှုစရိတ်စကလည်း သူတို့တစ်တွေလောက် မကြီးလှသေးဘူး။ တော်ရုံတန်ရုံဝင်ငွေနဲ့ နေလို့၊ စားလို့ ဖြစ်နေသေးတယ်။ သူတို့နိုင်ငံကြီးတွေမှာ တစ်လ၀င်ငွေ ဒေါ်လာ ၁၀၀၀ လောက်သာ ရလို့ကတော့ လ၀က်ထိတောင် စားလောက်သောက်လောက်ဖို့ မလွယ်ပါဘူး။ မြန်မာနိုင်ငံလိုနေရာကျတော့ တော်တော်လေး လူတန်းစေ့နေလို့ ထိုင်လို့ဖြစ်တယ်လို့ ဆိုနိုင်တယ်။ အဲဒါကြောင့် စိတ်ဖိစီးမှုဒဏ် လျော့ပါးသက်သာတယ်။

ဒီအချက်တွေကို လူငယ်တွေ ထည့်သွင်းစဉ်းစားဖို့လိုတယ်။ အလုပ်မရှိတာလား၊ အလုပ်မလုပ်ချင်တာလားလို့လည်း ကိုယ့်ဘာသာ ဆန်းစစ်ကြည့်ဖို့လိုတယ်။ အလုပ်အကိုင်တွေ ခေါ်တဲ့အခါမှာ လုပ်ငန်းရှင်တွေက အတွေ့အကြုံကို အဓိကထားတတ်ကြတယ်။ အလိုရှိကြောင်း ကြော်ငြာတိုင်းမှာ ဒါကိုတွေ့နိုင်တယ်။ အဲဒါကြောင့် ကျောင်းပြီးသွားတဲ့အခါ ဒါမှမဟုတ် ကျောင်းထွက်ရတဲ့အခါမှာ ဟိုယောင်၊ ဒီယောင် လုပ်မနေပါနဲ့။ ရတဲ့အလုပ်ကိုသာ ၀င်လုပ်ပြီး အတွေ့အကြုံယူပါလို့ လူငယ်တွေကို ပြောချင်တယ်။ ဘာဘွဲ့ကြီးတွေ ရထားရထား၊ ဘယ်သူ့သားသမီးပဲဖြစ်ဖြစ် အလုပ်မလုပ်သူဟာ အလုပ်လက်မဲ့လို့သာ သတ်မှတ်ခံရမှာဖြစ်ကြောင်း သတိပြုသင့်ကြတယ်လို့ ပြောလိုက်ချင်ပါတယ်။

(မျှော်လင့်ချက်မဲ့အခြေအနေဆိုတာမရှိဘူး စာအုပ်မှပြန်လည်ကူးယူဖော်ပြပါသည်)

ကြည့်ဖို့ညွှန်းချင်တဲ့ မြန်မာဗီဒီယိုဇာတ်ကား “သူ”


ဇာတ်လမ်းနဲ့ပတ်သက်တဲ့ အချက်အလက်လေးတွေကို အရင်ဖတ်ကြည့်ပါဦး။
ဇာတ်လမ်းအမည် - သူ
ဇာတ်လမ်းနှင့် ဇာတ်ညွှန်း - Satori
ဒါရိုက်တာ - ရီဇော်
သရုပ်ဆောင် - ရဲတိုက်၊ သင်ဇာဝင့်ကျော်၊ ကျော်ကျော်ပိုင်မှူး၊ ကျော်ထူး၊ ဇော်ဇော်အောင်၊ ဇင်မျိုး၊ ဂွမ်းပုံကြီး နှင့် အခြားသရုပ်ဆောင်များ
Adaptation to "Once a Superman", a Korean film
Special Thanks to "အသစ်ကမ္ဘာသို့" သီချင်းဖန်တီးရှင် ထူးအိမ်သင်

သာမန်ချစ်ကြိုက်ညားကွဲဇာတ်လမ်း မဟုတ်တဲ့ "သူ" ဆိုတဲ့ ဇာတ်ကားကို ငှားကြည့်ပါလို့ ပထမဆုံး တိုက်တွန်းလိုပါတယ်။ အခြားဇာတ်ကားတွေနဲ့မတူတဲ့ ဇာတ်လမ်း၊ ကင်မရာရိုက်ချက်၊ သရုပ်ဆောင်မှု၊ တင်ပြပုံတွေနဲ့ ရင်ထဲကိုထိသွားတဲ့ ဒီဇာတ်ကားလေးကို ကြည့်ပြီးတဲ့အချိန်မှာ ကျွန်တော်တို့မြန်မာတွေလည်း ဒီလိုဇာတ်ကားတွေ ရိုက်တတ်တယ်ကွဆိုပြီး "မြန်မာကွ"ဆိုတဲ့ လက်မလေးထောင်မိပါတယ်။ ကိုရီးယားဇာတ်လမ်းကို မှီငြမ်းပြီးရိုက်ထားတာဆိုပေမယ့် မတူတာလေးတွေ အများကြီးပါတယ်လို့ မြင်မိပါတယ်။ (မြန်မာကားဆိုတာနဲ့ နှာခေါင်းရှုံ့ပြီးသား လူတွေတော့ မကြည့်ပါနဲ့လို့ စေတနာစကား ဆိုပါရစေ)

လူတိုင်းကြိုက်နှစ်သက်မယ်လို့ ကျွန်တော်အာမမခံပါဘူး။ ဘယ်အရာကိုမှ လူတိုင်းစိတ်တူကိုယ်တူ နှစ်သက်လက်ခံတယ်ဆိုတာ မရှိဘူးဆိုတာကို နားလည်လို့ပါ။ ဒါပေမယ့် အများစုကတော့ ကြိုက်နှစ်သက်မယ်လို့ ယုံကြည်ပါတယ်။ စိတ်ညစ်ငြူးနေတဲ့အချိန်၊ စိတ်ရှုပ်နေတဲ့အချိန်တွေမှာတော့ မကြည့်သင့်တဲ့ကားပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုအချိန်မှာက ပျော်စရာကားလေးတွေ၊ အချစ်ကားလေးတွေ ကြည့်မှအဆင်ပြေမှာကိုး။ ဒီဇာတ်ကားကတော့ ဗီဒီယိုကြည့်တဲ့အခါ ကိုယ့်အတွက် တွေးစရာ ဘာများကျန်မလဲ၊ ကိုယ့်အတွက် ဘာများအကျိုးရှိမလဲ၊ ဘာတွေများပေးချင်တာလဲဆိုတဲ့စိတ်နဲ့ ကြည့်တတ်တဲ့လူတွေသာ ကြည့်သင့်တဲ့ကားပါ။ ကျွန်တော့်အမြင်နဲ့ကျွန်တော်ပြောရရင် ပညာပေးဇာတ်ကားလို့ အမည်တပ်ချင်ပါတယ်။ အဲဒီလိုဆိုတဲ့အတွက် "ဟင်" ဆိုပြီးတော့ ဖြစ်မသွားစေချင်ပါဘူး။ ခင်ဗျားတို့ ကျွန်တော်တို့ကြည့်ဖူးတဲ့ ပညာပေးကားတွေနဲ့ လုံးဝမတူဘူးဆိုတာကို အပြည့်အ၀အာမခံပါတယ်။

ပညာပေးကားဆိုတော့ ဘာကိုပညာပေးတာလဲလို့ မေးချင်ကြမှာပဲနော်။ ဟုတ်ကဲ့ တစ်ကမ္ဘာလုံးက မျက်ကလူးဆန်ပြာ ဖြစ်နေတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ချစ်ခြင်းမေတ္တာအကြောင်း ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာကတော့ ဟုတ်ပါပြီ။ ချစ်ခြင်းမေတ္တာလို့ ကျွန်တော်သုံးနှုန်းရတာက လူတွေဟာ အချင်းချင်း ချစ်ခြင်းမေတ္တာထားနိုင်ပါမှ သူ့အကျိုးကိုလိုလားနိုင်မှာ၊ သူ့တစ်ပါးကို ကူညီနိုင်မှာဆိုတဲ့ အတွေးလေးကို အဲဒီဇာတ်ကားကြည့်ပြီး ရလိုက်လို့ပါ။ ဒါရိုက်တာပြချင်တဲ့ message လို့တော့ ကျွန်တော် တစ်ထစ်ချစ်မဆိုချင်ပါဘူး။ ကြည့်သူပရိသတ်တစ်ယောက်အနေနဲ့ ကြည့်သူတစ်ယောက်ရဲ့ အမြင်သက်သက်ပါ။ လူတွေသာအချင်းချင်း ချစ်ခြင်းမေတ္တာတွေ ထားနိုင်ကြရင် စစ်ပွဲကြီးတွေ၊ အဓိကရုဏ်းတွေ၊ ဖောက်ခွဲဖျက်ဆီးမှုတွေဆိုတာ ဖြစ်လာစရာမရှိဘူးလို့ တွေးမိသွားပါတယ်။

အမျှင်ဇာတ်ကားနဲ့တင် ကျွန်တော့်ကို ရူးသွပ်သွားစေခဲ့တဲ့ ရဲတိုက်ကြောင့်လည်း ဒီဇာတ်ကားကို ငှားကြည့်ဖြစ်တာပါ။ နောက် လက်နဲ့ထိရင်ရွှေ၊ ရွာ စတဲ့ဇာတ်ကားတွေမှာ သရုပ်ဆောင်ထားတဲ့ ရဲတိုက်ရဲ့ သရုပ်ဆောင်ချက်တွေကိုလည်း သဘောကျခဲ့ရပါတယ်။ မင်းသားသစ်တွေဆိုရင် အတော်လေးကို မျက်စိစပါးမွှေးဆူးတဲ့ ကျွန်တော်ဟာ ရဲတိုက်ကိုတော့ အသိအမှတ်ပြုမိပါတယ်။ အခြားလူတွေနဲ့မတူတဲ့ သူ့ရဲ့ သရုပ်ဆောင်မှုတွေဟာ သီးခြားပေါ်လွင်နေတာတော့ အမှန်ပါပဲ။ ရုပ်ရည်ချောမောတဲ့ မင်းသားငယ်တွေလို လူချောလို့မပြောနိုင်ပေမယ့် ဆွဲဆောင်မှုရှိတဲ့ရုပ်ရည်ရှိတယ်လို့တော့ ဆိုရပါမယ်။ အခုမှ ကြည့်ဖူးတဲ့လူတွေအတွက်ဆိုရင်တော့ ဘယ်လိုမှ ကြည့်လို့အဆင်ပြေစရာမရှိတဲ့ မင်းသားဆိုပါတော့။ ဒါပေမယ့် သူ့ရဲ့ သရုပ်ဆောင်ပုံကိုကြည့်ပြီးရင်တော့ အနည်းဆုံး "မဆိုးပါဘူး၊ သရုပ်ဆောင်ကောင်းသားပဲ"ဆိုတဲ့ မှတ်ချက်ချပါလိမ့်မယ်။ တစ်ချိန်က ရာဇာနေ၀င်း သူ့စတိုင်လ်နဲ့သူ ဖောက်ထွက်ခဲ့သလိုပဲ ရဲတိုက်ဟာလည်း အခုလက်ရှိ မင်းသားသစ်တွေထဲမှာ ဘယ်သူနဲ့မှမတူတဲ့ ကိုယ်ပိုင်စတိုင်လ်နဲ့ ဖောက်ထွက်လာတဲ့ မင်းသားတစ်လက်လို့ ဆိုချင်ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ သဘာဝပတ်ဝန်းကျင်ကို ချစ်တတ်တဲ့၊ ကလေးငယ်တွေကိုချစ်တတ်တဲ့၊ တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့၊ အပင်လေးတွေကို ချစ်တတ်တဲ့၊ သူတစ်ဖက်သားကို ကူညီတတ်တဲ့၊ စူပါမင်းရူး ရူးနေတဲ့ဇာတ်ကောင်ကို ပီပြင်အောင်သရုပ်ဆောင်သွားတယ်လို့ ဆိုပါရစေ။

ကျွန်တော်က ရဲတိုက်ရဲ့ သရုပ်ဆောင်မှုကို စိတ်ဝင်စားလို့ ငှားကြည့်တာဖြစ်ပေမယ့် ဒီဇာတ်ကားမှာ မထင်မှတ်ဘဲ 7 Days ဂျာနယ်တိုက်ရဲ့ သတင်းထောက်ဇာတ်ကောင်ကို သွက်သွက်လက်လက်နဲ့ ပီပြင်အောင် သရုပ်ဆောင်သွားတဲ့ သင်ဇာဝင့်ကျော်ကို အသိအမှတ်ပြုမိပါတယ်။ သူမနဲ့အတော်လေးလိုက်တဲ့ ဇာတ်ရုပ်လို့ ဆိုရမလားမသိပါဘူး။ အရင်ဇာတ်ကားတွေဆိုရင် ပေါ့ပေါ့ပါးပါးလေးပဲ သရုပ်ဆောင်တာကို တွေ့ခဲ့ဖူးပေမယ့် ဒီဇာတ်ကားမှာတော့ မျက်နှာအမူအရာတွေ၊ မျက်လုံးတွေကအစ အတော်လေးကို အားထည့်ပြီး သရုပ်ဆောင်ထားတာကို တွေ့ရကြောင်းပါ။

ဘာပဲဖြစ်ဖြစ် မထင်မှတ်တဲ့ ကင်မရာရိုက်ချက်တွေ၊ မထင်မှတ်တဲ့ တင်ပြပုံတွေနဲ့ စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ပြထားတဲ့ "သူ" ဇာတ်ကားကို ကြည့်ပြီးတဲ့အခါ အနည်းဆုံးတော့ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ဗဟုသုတ ရလိမ့်မယ်လို့ ဆိုပါရစေ။ "မြောက်ဝင်ရိုးစွန်းမှာ ရေခဲတွေအရည်ပျော်နေပြီ၊ ပိုလာဝက်ဝံတွေ နေစရာမရှိတော့ဘူး၊ ကမ္ဘာကြီးဟာ သစ်ပင်တွေဆုံးရှုံးနေတယ်၊ ရေထဲမှာအဆိပ်တွေပါနေပြီ၊ လေထဲမှာလည်း အဆိပ်တွေပါနေပြီ" စတဲ့ စကားလုံးတွေဟာ ကျွန်တော်တို့အတွက်တော့ "သြော် ဟုတ်ပါရဲ့"ဆိုတဲ့ အတွေးလောက်သာ တွေးနိုင်တာဖြစ်ပေမယ့် တကယ်တမ်းပြုပြင်ပြောင်းလဲနိုင်တဲ့၊ ဆုံးဖြတ်ချက်ချနိုင်တဲ့ လူတွေများကြည့်မိရင် ကျွန်တော်တို့ကမ္ဘာကြီးအတွက် အများကြီးအကျိုးရှိမှာပဲလို့ တွေးမိပါတယ်။

ရဲတိုက်ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း အောက်ခြေမှာ အင်္ဂလိပ်စာတန်းထိုးပေးထားတာကလည်း satori groupရဲ့ သူများနဲ့မတူတဲ့ ခွဲထွက်မှုတစ်ခုလို့ ဆိုရမယ်ထင်ပါရဲ့ဗျာ။

သတင်းထောက် သင်ဇာဝင့်ကျော်ပြောတဲ့ စကားလေးတစ်ခွန်းက "ကမ္ဘာမြေကြီးအတွက် စူပါမင်းတွေလိုတယ်" တဲ့။ ခင်ဗျားတို့ ကျွန်တော်တို့လည်း စူပါမင်းတွေ ဖြစ်နိုင်ကြတယ်မဟုတ်လား။ ဘာကြောင့်လဲဆိုတော့ "သူ" ဇာတ်ကားရဲ့အဖွင့်မှာ သင်ဇာဝင့်ကျော်ပြောတဲ့ စကားလေးတွေကြောင့်ပါ။

"တစ်ခါတုန်းက လူတစ်ယောက်ရှိခဲ့တယ်၊ လူသားတွေကို ကယ်တင်ဖို့၊ ဒုက္ခရောက်နေသူတွေကို ကယ်တင်ဖို့၊ သဘာဝပတ်ဝန်းကျင်ကို ကယ်တင်ဖို့၊ ကမ္ဘာမြေကြီးကို ကယ်တင်ဖို့ သူဒီကိုရောက်လာခဲ့တယ်။ သူဟာ… အဲဒီလူဟာ… စူပါမင်းပေါ့…" တဲ့။

စာကြွင်း
ဗီဒီယိုဇာတ်ကားတွေ ကြော်ငြာနေတာမဟုတ်ပါဘူး။ တစ်ပတ်ကို မြန်မာဗီဒီယိုဇာတ်ကား ခန့်မှန်းခြေ (၈)ကားလောက် ကြည့်ဖြစ်အောင်ကြည့်နေတဲ့အထဲကမှ သဘောကျမိတာလေးတွေကို အခြားလူတွေလည်း ကြည့်စေချင်လို့ ပြန်ပြီးဖောက်သည်ချတာပါ။ နောက်တစ်ခုက အဲဒီဇာတ်ကားကို ဖန်တီးခဲ့တဲ့ လူတွေကို ကိုယ်တတ်နိုင်သလောက်လေးရေးပြီး (သူတို့သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ) ချီးကျူးအသိအမှတ်ပြုခြင်းပါ။

သေချာတာကတော့ မြန်မာဗီဒီယိုဇာတ်ကားဆိုတာနဲ့ "ဟင်" ဆိုပြီး နှာခေါင်းရှုံ့တဲ့အထဲမှာ ကျွန်တော်က ရှေ့ဆုံးက ပါပါတယ်။ သူများတွေလို မကြည့်ဘဲ နှာခေါင်းရှုံ့တဲ့လူမဟုတ်ပါ။ ကျွန်တော်က မြန်မာဗီဒီယို အင်မတန် ကြည့်တဲ့လူပါ။ စာတန်းထိုးတာကို ဘယ်လိုထိုးရင် ဘယ်ဒါရိုက်တာရိုက်တာ၊ ဘယ်မင်းသားနဲ့ ဘယ်မင်းသမီး တွဲထားရင် ဘယ်သူ့ဇာတ်လမ်း၊ ဘယ်သူကဇာတ်ညွှန်း၊ ဘယ်သူကဒါရိုက်တာ စသည်ဖြင့် ပြောနိုင်လောက်အောင်ကို မြန်မာဇာတ်ကားတွေအကြောင်းကို ကျွန်တော်သိပါတယ်။ ဘယ်ဒါရိုက်တာရိုက်ရင် ကင်မရာအယူအဆတွေကောင်းတယ်၊ ရှုခင်းတွေလှတယ်၊ ဘယ်သူ့ဝတ္ထုကိုရိုက်တာဆိုရင် ဇာတ်အိမ်ခိုင်တယ်၊ ဘယ်ဒါရိုက်တာဆိုရင် ဟာသကား၊ ဘယ်ဒါရိုက်တာဆိုရင် အသစ်အဆန်း၊ ဘယ်မင်းသားနဲ့ ဘယ်ဒါရိုက်တာတွဲရင် ဇာတ်လမ်းကောင်းတယ်ဆိုတာအထိ သတိထားမိတဲ့လူပါ။ အဲဒီလို တစိုက်မတ်မတ် ကြည့်လာခဲ့တဲ့ အကျိုးကျေးဇူးကတော့ အခုနောက်ပိုင်းထွက်လာတဲ့ မြန်မာဗီဒီယိုဇာတ်ကားတွေမှာ အတော်လေးကို အရည်အသွေးရှိလာတဲ့ ဇာတ်ကားတွေထွက်လာတယ်ဆိုတာကို သတိပြုမိလာတာပါပဲ။ မအေးအေးဝင်း စီစဉ်သည်ဆိုတဲ့ ဇာတ်ကားတွေနဲ့ မြိတ်တင်အောင် စီစဉ်သည်ဆိုတဲ့ ဇာတ်ကားတွေပဲ လွှမ်းမိုးထားခဲ့တဲ့ မြန်မာဗီဒီယိုဈေးကွက်ဟာ အခုအချိန်မှာ ဘာမှမဆိုင်အောင် အများကြီးပြောင်းလဲသွားပြီ ဆိုတာကို ကျွန်တော်သေသေချာချာ သိနေတယ်ဆိုပါတော့ဗျာ။ အခုလိုရေးပြနေတာတွေဟာ ကိုယ်ရည်သွေးတာ မဟုတ်ပါဘူး။ ကျွန်တော့်ပို့စ်တွေကို အမြဲဖတ်နေတဲ့ ဘလော့ဂ်ဖတ်သူတစ်ယောက်က ဝေဖန်ထားတာလေး ဖတ်ရလို့ပါ။ "အလကားနေရင်း ပို့စ်ဖြစ်ရင်ပြီးရော သူများညွှန်းတဲ့ ဇာတ်လမ်းလေးတစ်ခုလောက်ကြည့်ပြီး ကြီးကြီးကျယ်ကျယ်တွေ လျှောက်ရေးနေတယ်"လို့ ဆိုထားလို့ပါ။ ကျွန်တော် excel file နဲ့သိမ်းထားတဲ့ ကြည့်ခဲ့ပြီးတဲ့ ရုပ်ရှင်၊ ဗီဒီယိုတွေရဲ့ ဇာတ်ကားနာမည်တွေ၊ ၀တ္ထု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ သရုပ်ဆောင်၊ ထုတ်လုပ်ရေး စတဲ့အချက်အလက်တွေစာရင်းကို သူ့ဆီကို ပို့ပေးလိုက်ပါတယ်။ မှတ်ချက်ဆိုတဲ့ အကွက်မှာ အဲဒီဇာတ်ကားရဲ့ အဓိကဆိုလိုရင်းဟာ ဘာလဲဆိုတာကိုတောင် မှတ်ထားပါသေးတယ်။ အချိန်တွေ ကြာလာတဲ့အခါ ဘယ်လိုဇာတ်ကားပါလိမ့်ဆိုပြီး မဖြစ်ရအောင်မှတ်ထားခဲ့တာပါ။ သူ့ကိုစိတ်ဆိုးလို့ ပြောတာမဟုတ်ဘူးဆိုတာကို သူနားလည်အောင်လည်း ရှင်းပြပြီးပါပြီ။ သူ့လိုမျိုးလူတွေ ထပ်ပြီးများ ရှိနေဦးမလားလို့ အခုလို တကူးတက ရှင်းပြရခြင်း ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဘလော့ဂ်ကို လာဖတ်တဲ့လူတိုင်းကို ကျွန်တော်အလေးထားပါတယ်။ ဝေဖန်ကြတာ၊ ချီးကျူးကြတာကိုလည်း ကျေနပ်ပီတိဖြစ်ရပါတယ်။ ဘာမှမပြောဘဲ ဒီအတိုင်းနေတာထက်စာရင် ကြိုက်ရင်ကြိုက်တယ်၊ မကြိုက်ရင် မကြိုက်ဘူးပြောသွားတာဟာ လုပ်ရတဲ့လူအတွက် ပိုပြီးအားဖြစ်စေတယ်လို့ ခံယူထားပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ပို့စ်တွေကို ဖတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၂၅ ရက်၊ တနင်္ဂနွေနေ့။
နံနက် ၁ နာရီ ၁၅ မိနစ်တွင်ပြီး၏။

ကျရှုံးမှု


ကျရှုံးမှုဆိုတာဟာ မင်းအနေနဲ့ ကျရှုံးတယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။
မင်းအနေနဲ့ မအောင်မြင်သေးဘူးဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

ကျရှုံးမှုဆိုတာဟာ ဘာကိုမှအောင်မြင်ပြီးမြောက်အောင် မလုပ်နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။
မင်းအနေနဲ့ သင်ယူစရာအချို့ ရှိနေသေးတယ်လို့ အဓိပ္ပါယ်ရပါတယ်။

ကျရှုံးမှုတွေနဲ့ ကြုံတွေ့ရတယ်ဆိုတာဟာ ရူးသွပ်မိုက်မဲတယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။
မင်းအနေနဲ့ ယုံကြည်မှုတွေ အများကြီးရှိတယ်လို့ အဓိပ္ပါယ်ရပါတယ်။

ကျရှုံးခြင်းဆိုတာဟာ မင်းအတွက် အရှက်ရစရာမဟုတ်ပါဘူး။
မင်းအနေနဲ့ အများကြီးပိုပြီး ကြိုးစားရမယ်လို့ အဓိပ္ပါယ်ရပါတယ်။

ကျရှုံးမှုနဲ့တွေ့ကြုံရတယ်ဆိုတာ မင်းအတွက် ဘာမှလုပ်စရာမရှိတော့ဘူးဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။
အဲဒီအလုပ်ကိုပဲ အခြားနည်းလမ်းတစ်ခုပြောင်းပြီး လုပ်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

ကျရှုံးမှုဆိုတာဟာ မင်းအတွက် နိမ့်ကျသွားတယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။
မင်းအနေနဲ့ အရာအားလုံးမှာ မပြည့်စုံနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

ကျရှုံးမှုနဲ့ကြုံတွေ့တဲ့အခါ မင်းအနေနဲ့ ဘ၀ရဲ့အချိန်တွေကို အချည်းနှီးဖြုန်းတီးခဲ့တယ်လို့ မယူဆပါနဲ့။
အသစ်ကပြန်စနိုင်ဖို့အတွက် အကြောင်းပြချက်တစ်ခုရတယ်လို့ သဘောထားပါ။

ကျရှုံးမှုဆိုတာဟာ မင်းအနေနဲ့ လက်မြှောက်အရှုံးပေးရမယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။
မင်းအနေနဲ့ ပိုပြီးကြိုးစားအားထုတ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

ကျရှုံးမှုနဲ့ကြုံတဲ့အခါ အဲဒီအလုပ်ကို ထပ်မလုပ်သင့်တော့ဘူးလို့ မယူဆပါနဲ့။
အဲဒီအလုပ်အတွက် အချိန်အနည်းငယ်ပိုယူဖို့လိုတယ်လို့ နားလည်ပါ။

*Truth about failure ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
ကိုဉာဏ်(ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၂၃ ရက်၊ သောကြာနေ့။
နံနက် ၁ နာရီ ၅၀ မိနစ်တွင် ပြီး၏။

အကျိုးပြုခြင်း


တစ်ခါတုန်းက ရွာတစ်ရွာမှာ အရမ်းချမ်းသာပြီး ငွေမျက်နှာတစ်ခုတည်းကိုသာ ကြည့်တတ်တဲ့ သူဌေကြီးတစ်ဦးရှိပါတယ်။ ရွာသူရွာသားတွေဟာ အဲဒီလူကို အင်မတန်မှကို ရွံရှာစက်ဆုပ်ကြပါသတဲ့။ တစ်ရက်တော့ အဲဒီသူဌေးကြီးက ရွာသူရွာသားတွေကို ပြောပါတယ်။
"မင်းတို့တွေဟာ ငါ့ရဲ့ချမ်းသာမှုတွေကို မနာလိုကြတာလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် ဘာကြောင့်မို့ ငါဟာ ငွေရရင်ပြီးရောဆိုတဲ့ ငွေမျက်နှာတစ်ခုတည်း ကြည့်တတ်သလဲဆိုတာကို နားမလည်ကြတာလဲဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် မင်းတို့တွေ ငါ့ကိုမနှစ်သက်ကြ၊ မုန်းတီးကြတယ်ဆိုတာကို ငါသိပါတယ်။ ငါသေသွားတဲ့အခါ ငါနဲ့အတူ ဘာမှယူမသွားနိုင်တာလည်း ငါသိပါတယ်။ အဲဒီငါသေတဲ့အချိန်ကျရင် ငါ့မှာပိုင်ဆိုင်သမျှအရာအားလုံးကို အခြားလူတွေအားလုံးအတွက် စွန့်လှူသွားမှာပါ။ ငါသေခါနီးရင် ငါပိုင်ဆိုင်သမျှတွေကို အခြားလူတွေအတွက် အသုံးဝင်မယ့်နေရာအားလုံးမှာ ပေးလှူဖို့အတွက် သေတမ်းစာရေးမယ်။ အဲဒီအခါမှာ အခြားလူတွေအားလုံး ၀မ်းသာကျေနပ်ကြမှာပါ"

သူဌေးကြီးက အဲဒီလိုပြောလိုက်တယ်ဆိုရင်ပဲ ရွာသူရွာသားတွေဟာ သူ့ကိုလှောင်ပြောင်ရယ်မော ပြက်ရယ်ပြုကြပါတယ်။

သူဌေးကြီးလည်း စိတ်ရှုပ်သွားပြီး
"မင်းတို့တွေကလည်း ဘာကြောင့်မို့ ငါ့ကိုမယုံမကြည်ဖြစ်နေကြရတာလဲ။ ငါ့အသက်တွေလည်း ကြီးပါပြီ။ နောက်ထပ်နှစ်အနည်းငယ်ထက်ပိုပြီး နေရဖို့မရှိပါဘူး။ အဲဒီအချိန်အထိစောင့်ပြီး ငါ့စကားတွေမှန်မမှန် စောင့်ကြည့်ကြပါဦးလား။ ငါ့ရဲ့ပိုင်ဆိုင်မှုအားလုံးကို အခြားလူတွေအတွက် တကယ်ပေးလှူမှာပါကွာ" လို့ ပြောပါတယ်။

ရွာသားတွေကတော့ သူပြောသမျှကို လုံးဝကို အယုံအကြည်မရှိကြပါဘူးတဲ့။ သူပြောသမျှဟာ သူတို့အတွက် ရယ်စရာဟာသတွေချည်းပဲ ဖြစ်နေတော့တာပါပဲ

"မင်းတို့တွေက ငါ့ကို လူလိမ်တစ်ယောက်လို့ တင်နေလို့လား။ ငါလည်း တစ်နေ့ကျရင် အခြားလူတွေလိုပဲ သေမှာပါ။ အဲဒီအခါကျရင် ငါ့ရဲ့ပိုင်ဆိုင်သမျှတွေကို အခြားလူတွေအတွက် လှူဒါန်းပေးကမ်းမယ်ဆိုတာ ငါဆုံးဖြတ်ထားပြီးသားပါကွ" လို့ ပြောရင်း သူပြောတာကို ရွာသူရွာသားတွေဟာ ဘာကြောင့်မယုံကြည်ကြသလဲ ဆိုတာကို နားမလည်နိုင်ဘူးဖြစ်နေပါသတဲ့။

တစ်ရက် သူလမ်းလျှောက်ထွက်နေတုန်း မမျှော်လင့်ဘဲ ဗြုန်းစားကြီးမိုးရွာချလိုက်ပါတယ်။ သူလည်း သစ်ပင်တစ်ပင်အောက်ကိုဝင်ပြီး မိုးခိုပါတယ်။ အဲဒီအချိန်မှာပဲ အပင်အောက်ကို မိုးခိုဖို့အတွက် အတူတကွဝင်လာတဲ့ ၀က်တစ်ကောင်နဲ့ နွားမတစ်ကောင်ကို တွေ့ပါတယ်။ သူဌေးကြီးလည်း အဲဒီဝက်နဲ့ နွားမဘာတွေပြောသလဲဆိုတာကို နားထောင်နေမိပါသတဲ့။

ဝက်ကပြောပါတယ်
"လူတွေအားလုံးက မင်းကို သိပ်ပြီးအရေးတယူလုပ်ကြပြီး ငါ့ကိုတော့ ဂရုမစိုက်ကြဘူးကွာ။ တကယ်ဆိုရင် ငါသေတဲ့အချိန်ကျရင် သူတို့အတွက် ၀က်ပေါင်ခြောက်တွေ၊ ၀က်ဆားနယ်ခြောက်တွေ၊ အသားချောင်းတွေ အများကြီးရကြတယ်ကွ။ ငါ့အရေခွံအခေါက်ကိုလည်း သူတို့လွှင့်မပစ်ရဘူး၊ ငါ့နားရွက်တွေ၊ မျက်လုံးတွေ၊ လျှာတွေ၊ နောက်ဆုံး ကလီစာတွေ၊ အူတွေအထိ သူတို့အတွက် အသုံးဝင်ပါတယ်ကွာ။ ငါက ဒီလောက်အများကြီး သူတို့အတွက် အသုံးဝင်နေပါလျက်နဲ့ နွားနို့တစ်ခုပဲ သူတို့အတွက်ရတဲ့ မင်းကိုကျတော့ ဘာကြောင့် အရေးပေးကြတာလဲကွာ၊ အလေးထားကြတာလဲကွာ၊ ဂရုစိုက်ကြတာလဲကွာ"

နွားမက ၀က်ကို ပြန်ပြောပါတယ်။
"ဒီမှာဝက်၊ ငါက အသက်ရှင်နေတုန်းမှာ သူတို့အတွက် နွားနို့ပေးတယ်။ အဲဒီနွားနို့ဟာလည်း ငါပေးနိုင်တဲ့ တစ်ခုတည်းသော အရာပဲ။ ဒါပေမယ့် ငါဟာ အဲဒီတစ်ခုတည်းကိုပဲ မတွန့်မတို သဘောထားကြီးကြီးနဲ့ သူတို့တွေသုံးဖို့အတွက် ငါအသက်ရှင်နေစဉ်ကာလမှာ ပေးတယ်ဆိုတာ သူတို့နားလည်ကြတယ်။ မင်းကတော့ မင်းအသက်ရှင်နေစဉ်ကာလမှာ သူတို့အတွက် အသုံးဝင်မယ့်အရာ ဘာများပေးလို့လဲကွာ။ မင်းသေပြီးတဲ့အချိန်ကျမှသာ မင်းဟာ သူတို့အတွက် အသုံးဝင်တာကွ။ လူတွေက အနာဂတ်ဆိုတာကို မယုံကြည်ကြဘူးကွ။ သူတို့တွေဟာ လက်ရှိပစ္စုပ္ပန်ကိုပဲ ယုံကြည်ကြတယ်။ မင်းသာ သူတို့ကို အခုလက်ရှိပစ္စုပ္ပန် အသက်ရှင်နေစဉ်ကာလမှာတင် အကျိုးပြုမယ်ဆိုရင် သူတို့ကလည်း မင်းကိုဂရုစိုက် အလေးထားကြပါလိမ့်မယ်။ ဒါဟာ ဘာမှစဉ်းစားရခက်ခဲတဲ့အရာ မဟုတ်ပါဘူးကွာ။ ရိုးရိုးလေးပါ"

အဲဒီအချိန်ကစပြီး သူဌေးကြီးဟာ သူပိုင်ဆိုင်သမျှအရာအားလုံးကို ဆင်းရဲသားတွေအတွက် ဝေမျှ လှူဒါန်းလိုက်ပါတယ်။ သူကတော့ ရှိသမျှနဲ့ ရောင့်ရဲနေထိုင်ပြီး ပျော်ရွှင်စွာနေထိုင်သွားပါသတဲ့။

( အီးမေးလ်ကနေတစ်ဆင့်ရတဲ့ ပုံပြင်လေးကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြထားခြင်းဖြစ်ပါတယ် )
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၂၂ ရက်၊ ကြာသပတေးနေ့။
ညနေ ၅ နာရီ ၂၈ မိနစ်တွင်ပြီး၏။

Friday, October 23, 2009

ဝယ်စားဖြစ်ခဲ့သော သတင်းများ


ပို့စ်ခေါင်းစဉ်ကိုကြည့်ပြီး သို့လော၊ သို့လော မတွေးပါနဲ့ဗျာ။ တစ်ပတ်အတွင်း ကျွန်တော်ဖတ်ခဲ့တဲ့ ဂျာနယ်တွေထဲက စိတ်ဝင်စားမိတဲ့ သတင်းလေးတွေကို ပြန်တင်ပေးတာပါ။ ထွက်လည်းထွက်နိုင်တဲ့ဂျာနယ်တွေလို့ ပြောယူရလောက်အောင်ကို တစ်ပတ်တစ်ပတ်ကို ထွက်နေတဲ့ဂျာနယ်တွေက နည်းတာမဟုတ်ဘူးဗျ။ ဂျာနယ်တစ်စောင်ထဲမှာ ဖော်ပြထားချက်အရဆိုရင် အပတ်စဉ်ထွက်နေတဲ့ ဂျာနယ်အရေအတွက်က တစ်ရာကျော်ရှိပါသတဲ့။ အတော်လေးကို အံ့သြစရာကောင်းတဲ့ အရေအတွက်ပါ။ ထားပါတော့လေ။ အဲဒီလို အများကြီးထဲကမှ ကျွန်တော်အပတ်စဉ် ပုံမှန်ဖတ်ဖြစ်တဲ့ ဂျာနယ်လေး လက်ဆယ်ချောင်းလောက်ထဲက သတင်းအချို့ကို ပြန်လည်ဝေငှတာပါ။ ဘယ်ဂျာနယ်တွေထဲက ကောက်နုတ်တယ်ဆိုတာတော့ နောက်အချိန်ရတဲ့အခါမှပဲ တွဲပြီးတင်ပေးပါ့မယ်။ အခုတော့ သတင်းတွေကိုပဲ ရေးပေးလိုက်ပါတယ်။

(၁)
ရန်ကုန်မှာ Day Club အချို့ ပိတ်ပစ်လိုက်တဲ့သတင်းနဲ့အတူ မန္တလေးက နာမည်ကြီး Night Club နှစ်ခုကိုလည်း ပိတ်ပစ်လိုက်တဲ့သတင်းတစ်ပုဒ်ကို ဖတ်ခဲ့မိကြောင်းပါ။

(၂)
အခုတလော ဂျာနယ်တွေပေါ်မှာ မကြာခဏဆိုသလို ဖတ်ဖြစ်မိတာက ရန်ကုန်မြို့ပေါ်မှာ သေနေတဲ့ အလောင်းတွေ တွေ့ရတယ်ဆိုတဲ့သတင်းပါ။ သတိထားမိသလောက်တော့ သုံးပတ်လောက်ရှိပြီ။ တစ်ပတ်ကို တစ်မျိုးမရိုးရအောင် တွေ့နေရတာပါပဲ။ သေနေတဲ့အလောင်းတွေကို တွေ့ရတာနဲ့၊ တိုက်ပေါ်ကနေ ခုန်ချပြီး သေကြရတာနဲ့ ဖတ်ရတာအဆင်မပြေပါဘူး။

(၃)
မြန်မာနေရှင်နယ်လိဂ်ကလပ်တွေမှာ နိုင်ငံခြားသားလုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ခွင့်ပြုပေးမယ်ဆိုတဲ့အကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကြီးပြောထားတဲ့ သတင်းတစ်ပုဒ်ကလည်း စိတ်ဝင်စားစရာလို့ မြင်မိပါတယ်။

(၄)
လစဉ်ထုတ် မဂ္ဂဇင်းအချို့နဲ့ ဂျာနယ်စာမျက်နှာတွေထက်မှာ ဖော်ပြပါရှိနေတဲ့ မော်ဒယ်လ်တွေ၊ မင်းသမီးတွေရဲ့ ဓာတ်ပုံတွေဟာ ပုရိသတို့အကြိုက် ဖြစ်နေတာကို သတိထားမိပါတယ်။ တစ်ခါတစ်လေကျရင် ငါတို့ မြန်မာမင်းသမီးတွေမှ ဟုတ်ပါရဲ့လားလို့ သံသယ၀င်မိပါတယ်။ လတ်တလောတော့ လူစိတ်ဝင်စားတာ မှန်ပေမယ့် ကိုယ်ဟာ မြန်မာမိန်းကလေးဖြစ်တဲ့အတွက် နောင်တစ်ချိန်မှာ အခုလုပ်ခဲ့တာတွေက အရိပ်မည်းကြီးလို ဖြစ်နေရင် မကောင်းဘူးလို့ မဆီမဆိုင် ကြားထဲကနေ သူတို့အစား တွေးနေမိကြောင်းပါ။

(၅)
အမေရိကန်သမ္မတ ဘားရက်အိုဘားမားကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ပေးလိုက်တာနဲ့ ပတ်သက်ပြီး ချီးကျူးသံတွေ၊ ဝေဖန်သံတွေ ညံစီနေတဲ့သတင်းတွေကလည်း အခုအချိန်အထိ ဂျာနယ်စာမျက်နှာတွေထက်မှာ ဦးစားပေးသတင်း ဖြစ်နေပါသေးတယ်။

(၆)
မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် ရင်ချင်းဆက်အမြွှာဖြစ်တဲ့ စိုပြေလင်းနဲ့ စိုပြေ၀င်း ညီအစ်မကို အောင်မြင်စွာ ခွဲစိတ်ကုသပေးလိုက်နိုင်တဲ့ မြန်မာဆေးပညာရှင်တွေရဲ့ သတင်းအတွက်တော့ အမှန်တကယ်ကို ဂုဏ်ယူမိကြောင်းပါ။ ရင်ချင်းဆက်အမြွှာရဲ့ မိခင်ဟာ သုံးမြွှာပူးမွေးခဲ့တာဖြစ်ပြီး အဲဒီထဲကမှ နှစ်ယောက်က ရင်ချင်းဆက်ဖြစ်နေခြင်းပါတဲ့။

(၇)
မလေးရှားမှာပြုလုပ်မယ့် ကိုးရီးယားစီးပွားရေးပြပွဲအတွက် ဆွေးနွေးပွဲကို လိုက်ပါကြမယ့် မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေကို ဒေါ်လာ ၃၀၀ စီထောက်ပံ့မယ်ဆိုတဲ့ သတင်းကိုတော့ တစ်မျိုးကြီး ခံစားမိကြောင်းပါ။

ဒီနေ့တော့ ဒီလောက်ပဲတော်ပါပြီဗျာ။ နောက်မှပဲ ဆက်တင်ပေးတော့မယ်။

လေးစားစွာဖြင့်
ကိုဉာဏ်

Thursday, October 22, 2009

ဘောလုံးဓာတ်ပုံတွေပါ


ကျွန်တော်ဘောလုံးကို ၀ါသနာပါသူဆိုတော့ ဘောလုံးနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာ ဓာတ်ပုံအချို့ကို တင်ပေးလိုက်ပါတယ်။ ဘောလုံးပွဲကို ဘာကြောင့် လူတွေဒီလောက်ကြိုက်သလဲဆိုရင် အောက်မှာပြထားတဲ့ပုံတွေမှာပါသလို အနုပညာမြောက်အောင် ကစားတတ်တဲ့ အချက်လည်း တစ်ခုအနေနဲ့ ပါဝင်တယ်လို့ ထင်မြင်ပါတယ်။ ကစားသမားတွေဟာ သူတို့ရဲ့ တစ်ဦးချင်းကျွမ်းကျင်မှုကို အချိန်အခါသင့်သလို အသုံးပြုကစားပြီး သူတို့ရဲ့ အရည်အသွေးကို ပြသကြပါတယ်။ ရှိတဲ့ပုံတွေထဲကနေ လက်လှမ်းမီသလောက်ကို တင်ပေးလိုက်တာပါ။ ပို့စ်အသစ်မတက်တာကြာတော့ အစာမကြေဖြစ်နေသူတွေအတွက် နှစ်သိမ့်ဆိုပါတော့။
(သိပြီးသားပုံတွေဖြစ်နေမယ်ဆိုတာလည်း သိနေပါရဲ့ဗျာ။ ဒါပေမယ့် ထပ်ကြည့်လိုက်ပါဦးနော်)

footballfunnymyanmarthw.jpg

footballfunnymyanmarthw.jpg

footballfunnymyanmarthwad.jpg

footballfunnymyanmarthwh.jpg

footballfunnymyanmarthwf.jpg

footballfunnymyanmarthw.jpg

Wednesday, October 21, 2009

တောင်းပန်ခြင်း


ခဏခဏ မေးကြတယ်။ ကျွန်တော်လည်း ခဏခဏဖြေရတယ်။ အဲဒီလိုဖြေရတာကို စိတ်ညစ်လို့ ဒီပို့စ်ကို ရေးတာမဟုတ်တဲ့အကြောင်း ဦးစွာပြောလိုပါတယ်။
ဟုတ်ကဲ့ ထုံးစံအတိုင်း ကျွန်တော့်ဘလော့ဂ်က ပုံမှန်ပို့စ်မတက်တဲ့အကြောင်း မေးကြတာပါ။ အဲဒီလိုမေးတယ်ဆိုကတည်းက ကျွန်တော့်ဘလော့ဂ်ကို ပုံမှန်ဖတ်ကြသူတွေဆိုတာ သိတဲ့အတွက် (မညာတမ်းဝန်ခံရရင်) သူတို့ကို ပိုပြီးအသိအမှတ်ပြု လေးစားရပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်လုပ်နေတဲ့အလုပ်တစ်ခုကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ အားပေးတဲ့လူကို သဘောကျမှာပဲလို့ ယုံကြည်ပါတယ်။
ကျွန်တော်အခုတလော အချိန်အားမရတဲ့အတွက် ပို့စ်တွေ မတင်ဖြစ်တာပါ။ ဒီကြားထဲ ကျန်းမာရေးလေးကလည်း ချူချာလိုက်တဲ့အတွက် နှစ်ရက်လောက် အိပ်ယာပေါ်ခွေနေလိုက်ရပါသေးတယ်။ စာအုပ်တွေဖတ်လိုက်၊ ဂျာနယ်တွေဖတ်လိုက်၊ သီချင်းနားထောင်လိုက်နဲ့ ဇိမ်တော့အကျသားပါ။ မဟုတ်ရင် တစ်နေ့တစ်နေ့ ဘလော့ဂ်မှာတင်ဖို့ စာရိုက်ရ၊ နေ့စဉ်ထွက်နေတဲ့ ဂျာနယ်တွေကို အလျဉ်မီအောင်ဖတ်ရနဲ့ သိပ်မလွယ်လှပါဘူး။
ထားလိုက်ပါတော့လေ။ ပြောချင်တာက။ အခုတလော ကျွန်တော် နည်းနည်းအလုပ်များနေပါတယ်။ အဲဒီအတွက် ပို့စ်တွေတင်တာ ကျဲပါ့မယ်။ ဒါပေမယ့် အချိန်ရရင် ရသလိုတော့ ရိုက်ပြီးတင်ပေးပါ့မယ်။
ကျွန်တော့်တပည့်တွေက စာမေးပွဲနီးပြီဖြစ်တဲ့အတွက် သူတို့အတွက် စာမေးပွဲမေးခွန်းကိစ္စတွေ၊ အမှတ်စာရင်းကိစ္စတွေ၊ သင်ခန်းစာတွေ ပြန်နွှေးပေးရတာတွေနဲ့ ရှုပ်နေလို့ပါ။
ဘလော့ဂ်ကို ပုံမှန်လာဖတ်နေတဲ့လူတွေကို တောင်းပန်ပါတယ်။ ပို့စ်အသစ်တက်ပြီလားဆိုပြီး လာဖတ်ကာမှ ဘာပို့စ်မှ မဖတ်လိုက်ရဘဲ ပြန်သွားရတဲ့အတွက် ကိုယ်ချင်းစာအားနာမိပါတယ်။ အချိန်ရရင် ရသလို တင်ပေးပါ့မယ် ဆိုတဲ့အကြောင်း အသိပေးရင်း တောင်းပန်လိုက်တဲ့ ပို့စ်ပါ။

လေးစားစွာဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။

Sunday, October 18, 2009

ရေးချိန်တန်က ရေးရမှာပဲ - လူထုစိန်ဝင်း


"အင်ဂျီအိုတွေနဲ့ ပတ်သက်ပြီး ဆရာရေးတာကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ထားတာ အင်တာနက်ထဲမှာ တွေ့ရတယ်။ ဆရာဖတ်ပြီးရောပေါ့။ ဘာမှ ပြန်မရေးတော့ဘူးလား"
ဂျာနယ်တိုက်တစ်ခုက လူငယ်တစ်ယောက် ပြောတဲ့စကား ဖြစ်ပါတယ်။ အခုတလော သူ့လိုလာပြောသူတွေ နေ့စဉ်ပြတ်တယ်မရှိပါဘူး။

နောကြေပြီးသားပါ
ပြောတဲ့လူငယ်တိုင်းကိုလည်း ပြန်မရေးပါဘူးလို့ပဲ ပြန်ဖြေလိုက်ပါတယ်။ မကြိုက်ရင် မကြိုက်ဘူးလို့ ပြောပိုင်ခွင့် လူတိုင်းမှာရှိပါတယ်။ လွတ်လပ်စွာသဘောကွဲလွဲခွင့်ကို အသိအမှတ်ပြုပြီး လိုက်နာကျင့်သုံးခြင်းဆိုတာ ယဉ်ကျေးတဲ့ လူသားများရဲ့ လက္ခဏာတစ်ရပ်ဖြစ်တယ်။ ကိုယ်က လွတ်လွတ်လပ်လပ် ပြောချင်ရေးချင်သလို သူများလည်း ပြောချင်ရေးချင်မှာပဲဆိုတဲ့ စိတ်ဓာတ်မျိုး ရှိရမှာပေါ့။
"ဒါပေမယ့် သူက တော်တော်မိုက်မိုက်ရိုင်းရိုင်း ရေးထားတာခင်ဗျ"
လူငယ်လေးက တော်တော်ခံပြင်းပုံရပါတယ်။ ကိစ္စမရှိပါဘူး။ လူတွေက အတုံး အ,အ တွေမှ မဟုတ်တာ။ စာတစ်ပိုဒ်ဖတ်လိုက်တာနဲ့ အဲဒီစာရေးသူဟာ ဘယ်လိုအတန်းအစားက လူလဲဆိုတာ ကောင်းကောင်းသိကြပါတယ်။ မြန်မာစာဖတ်ပရိသတ်က "နောကြေ" ပြီးသားပရိသတ်ပါ။

အင်တာနက်ကျေးဇူး
လူငယ်တွေအများစုကလည်း ပြန်ရေးနေစရာမလိုပါဘူးလို့ သဘောတူကြပါတယ်။ "ဆရာက ပြန်ရေးဖို့တောင် မလိုပါဘူး။ သူ့စရိတ်နဲ့သူ သွားပါပြီ။ အင်တာနက်ထဲမှာ သူ့ကို ၀ိုင်းတီးတဲ့စာတွေ တစ်ပုံကြီးပါပဲ"

လူငယ်တချို့က မဖတ်ရမှာစိုးပြီး အင်တာနက်ထဲက စာတွေအားလုံး ဆွဲချကူးယူပြီးတောင် လာပေးကြပါတယ်။ အင်တာနက်ရဲ့ကျေးဇူးကြောင့် လူတိုင်း စာရေးဆရာတွေ၊ ဝေဖန်ရေးဆရာတွေ၊ နိုင်ငံရေးသမားတွေ ဖြစ်လာကြတာ ၀မ်းသာစရာကောင်းလှတယ်။ စာရေးတဲ့အလုပ်ကို စာရေးဆရာတွေပဲ အပိုင်းစီးထားလို့ မရတော့ဘူး။ လူတိုင်းလူတိုင်း ကိုယ့်ရင်ထဲက စကားတွေကို လွတ်လွတ်လပ်လပ် ချက်ချင်းလက်ငင်း ဖွင့်ထုတ်နိုင်ကြတယ်။ မကောင်းဘူးလား။

အနာပေါ်တုတ်ကျ
ကမ္ဘာတစ်နိုင်ငံလုံးရှိ အင်ဂျီအိုတွေရဲ့ သဘာဝက "မျောက်ပြဆန်တောင်း" လုပ်တာပဲလို့ တလောလေးက ရေးလိုက်တယ်။ နိုင်ငံတကာမှာ သူတို့ဘာတွေလုပ်လုပ် ဘာမှ ၀င်ပြောစရာမလိုပါဘူး။ ဒါပေမယ့် အဲဒီကူးစက်ရောဂါဆိုးက မြန်မာနိုင်ငံအတွင်းထိ ကူးစက်ပျံ့နှံ့လာပြီး မြန်မာလူငယ်တွေပါ ဆိုင်းဘုတ်အမျိုးမျိုး ထောင်ပြီး အင်ဂျီအိုလုပ်စားလာကြတာ အတော်လေးများလာသာ တွေ့မြင်နေလို့ ရေးလိုက်တာပါ။ သေသေချာချာ ပိုင်ပိုင်နိုင်နိုင်သိထားလို့ ရေးလိုက်တာပဲ။ ပြည်တွင်းက မျောက်ပြဆန်တောင်းကြသူတွေကို မျောက်အဖြစ်ပြန်အသုံးချပြီး ဆန်တောင်းနေကြတဲ့ နိုင်ငံခြားသားတွေကိုပါ ကောင်းကောင်းသိနေတာကိုး။

ကိုယ့်ထမင်းကိုယ်စားလုပ်သူတွေ
အခုအခါ မြန်မာပြည်အနှံ့အပြားမှာ ပေါ်ထွန်းလာကြတဲ့ နာရေးကူညီမှုအသင်းတွေလို၊ စေတနာစာသင်ကျောင်းတွေလို အမှန်တကယ် ပရဟိတအလုပ် လုပ်ကိုင်နေသူများဆီကတော့ "အနာပေါ် တုတ်ကျသံတွေ" လုံးဝမကြားရပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့အားလုံးက ကိုယ့်ရပ်ကိုယ့်ရွာက စေတနာရှင်များရဲ့ စေတနာသန့်သန့်လှူဒါန်းမှုများနဲ့ အလုပ်လုပ်ကြပြီး လုပ်သူအားလုံးကလည်း ကိုယ့်ထမင်းချိုင့်လေးကိုယ်ဆွဲပြီး တကယ်ကို ပရဟိတ လုပ်နေကြတာဖြစ်လို့ပါ။ မြန်မာပြည်ရဲ့ ပထမဆုံး ပေါ်ပေါက်လာတဲ့ ဗြဟ္မာစိုရ်နာရေးကူညီမှုအသင်းကြီးဟာ မန္တလေးမြို့မိမြို့ဖများရဲ့ လှူဒါန်းငွေနဲ့ စတင်ထူထောင်ခဲ့တာဖြစ်ပြီး အခုထိလည်း ဘယ်နိုင်ငံအဖွဲ့အစည်းမျိုးရဲ့ ကူညီမှုကိုမှ လက်မခံပါဘူး။ ဒါတောင် နာရေးကူညီမှုသာမကတော့ အခမဲ့ ဆေးဝါးကုသမှုလုပ်ငန်းတွေထိ တိုးချဲ့လုပ်ဆောင်နိုင်ပါတယ်။ မြန်မာလူမျိုးများရဲ့ စေတနာသန့်သန့် လှူဒါန်းမှုတွေနဲ့ပဲ လုပ်ဆောင်နေတာပါ။ အဲဒီအသင်းရဲ့ အမှုဆောင်တွေအားလုံး ကိုယ့်ထမင်းချိုင့်လေးကိုယ်ယူပြီး စေတနာ့ဝန်ထမ်း လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

ကြည်ညိုစရာကောင်းသူတွေ
မန္တလေးက ဗြဟ္မာစိုရ်အသင်းကြီးကို အတုယူတည်ထောင်ခဲ့ပြီး ဗြဟ္မာစိုရ်အသင်းကြီးလိုပဲ သြဇာကြီးမားတဲ့ အသင်းကြီးဖြစ်နေတဲ့ ရန်ကုန်နာရေးကူညီမှုအသင်းကြီးက အမှုဆောင်အားလုံးဟာလည်း ကိုယ့်ထမင်းကိုယ်စားပြီး လုပ်နေကြတာပါ။ တစ်နိုင်ငံလုံးအနှံ့ရှိနေတဲ့ နာရေးကူညီမှုအသင်းတွေ အားလုံးလည်း စေတနာသန့်သန့်နဲ့ ပရဟိတစစ် ၀င်လုပ်နေကြတာပါ။ ကြည်ညိုစရာကောင်းလှပါတယ်။ သူတို့အားလုံးရဲ့ နောက်မှာ မြန်မာနိုင်ငံက ပြည်သူလူထုကလွဲပြီး ဘယ်သူမှ မရှိပါဘူး။ ဘယ်နိုင်ငံတကာ အကူအညီမှလည်း မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့တစ်တွေက မျောက်ပြဆန်တောင်း သူတွေမှ မဟုတ်တာ။

ခေတ်ပျက်သူဌေးမျိုး
အနာပေါ်တုတ်ကျလို့ ငယ်သံပါအောင် အော်ဟစ်သူတွေလို ပြန်မရေးတာ သဘောထားကြီးလို့တော့ မထင်လိုက်ပါနဲ့။ ကျွန်တော်က ဘယ်ဘက်ပါးကို ရိုက်ရင် ညာဘက်ပါးကို ထိုးပေးနိုင်တဲ့ သူတော်ကောင်းမဟုတ်ပါဘူး။ ရေးဖို့မလိုလို့ မရေးတာပါ။ ရေးဖို့လိုရင်တော့ သတင်းစာသမားပီပီ၊ သွယ်ဝိုက်မနေဘဲ တိုက်ရိုက်ဒဲ့ဒိုး(တဲ့တိုး)ပဲ ရေးပါတယ်။ တချို့ဆိုရင် အားနာမနေဘဲ ပွင့်ပွင့်လင်းလင်းကို ဝေဖန်ရေးသားပါတယ်။ ဘယ်လိုတချို့လဲဆိုတော့ လေရူးသုန်သုန် ၀တ္ထုကြီးထဲက ခေတ်ပျက်မှာ သူဌေးဖြစ်လာတဲ့ "ရက်ဘတ္တလာ"လို နိုင်ငံရေးအချောင်သမားမျိုးပါ။

စက်ဆုပ်စရာ အီလစ်တွေ
ရက်ဘတ္တလာဆိုသူက ဘာနိုင်ငံရေးကိုမှ စိတ်ဝင်စားသူမဟုတ်ပါဘူး။ အမေရိကန်ပြည်တွင်းစစ်ကြီး အတွင်းမှာ  ဟိုဘက်ကလိုလို ဒီဘက်ကလိုလို အရေခြုံထားပေမယ့် တကယ်တော့ ဘယ်ဘက်ကမှ မဟုတ်ပါဘူး။ နိုင်ငံရေးကို ခုတုံးလုပ်ပြီး သူ့ကိုယ်ကျိုးအတွက် စီးပွားရှာဖို့သာ အကွက်ကောင်း ချောင်းနေသူဖြစ်ပါတယ်။ "ဘယ်သူသေသေ ငတေမာပြီးရော" ဆိုတဲ့ စက်ဆုပ်စရာလူစားမျိုးပါ။ မြို့ကြီးသား ရေပေါ်ဆီလူတန်းစား "အီလစ်" Elite တွေထဲမှာ ရက်ဘတ္တလာလို လူစားတွေကို တွေ့နေရပါတယ်။ သူတို့တစ်တွေက ဟိုဘက်ကိုတစ်မျိုး ဟန်ဆောင်ပြလိုက်၊ ဒီဘက်ကိုတစ်မျိုး ဟန်ဆောင်ပြလိုက်နဲ့ နှစ်ဖက်ခွစားဖို့ ကြံနေကြတာပါ။ တကယ်တော့ ဘယ်ဘက်မှ သူတို့တကယ် စိတ်ဝင်စားမှုမရှိပါဘူး။ သူတို့အတွက် အကွက်ကောင်းကိုသာ ချောင်းနေကြတာ ဖြစ်တယ်။

လူအကွေ့အကောက်တွေ
မြန်မာနိုင်ငံရေးကလည်း တော်တော် အကွေ့အကောက်များတဲ့ နိုင်ငံရေးဆိုတော့ လူအကွေ့အကောက်တွေလည်း တော်တော်များပါတယ်။ ပြောသင့်ချိန်မှာပြော၊ ရေးသင့်ချိန်မှာ ရေးလိုက်တာပါ။ သည်းခံတယ်၊ သဘောထားကြီးတယ်ဆိုတာ အချိန်အခါ၊ အခြေအနေနဲ့ လူပုဂ္ဂိုလ်ရွေးချယ်မှု ရှိပါတယ်။ ရက်ဘတ္တလာလို "ငတေ" တွေ အပေါ်မှာတော့ သဘောထားမကြီးနိုင်ပါဘူး။ သတင်းစာသမားမှာ ပြည်သူလူထုမျက်နှာကလွဲပြီး ဘယ်သူ့မျက်နှာကိုမှ အားနာထောက်ထားတဲ့စိတ် မရှိရပါဘူး။

ဘက်လိုက်ရမှာပဲ
ပြည်သူလူထုကြီး ဘာပဲဖြစ်နေနေ ကိုယ်ကောင်းစားဖို့လိုရင်းပဲဆိုသူတွေ အပေါ်မှာတော့ ပြတ်ပြတ်သားသား ဝေဖန်ရှုတ်ချရမှာ ဖြစ်တယ်။ ဘက်မလိုက်တဲ့ သတင်းစာသမားဆိုတာ လူကြားကောင်းအောင် ပြောတဲ့စကားပါ။ သတင်းစာသမားကောင်းမှန်ရင် အမှန်နဲ့အမှား၊ ဓမ္မဘက်က ရပ်တည်ရမှာဖြစ်တယ်။ အဓမ္မ၀ါဒမှန်ရင် ဘယ်လို မျက်နှာဖုံးစွပ်ထားတဲ့ အဓမ္မ၀ါဒပဲဖြစ်ဖြစ် မညှာမတာ ဝေဖန်ထောက်ပြရမှာပဲဖြစ်တယ်။ "မျောက်ပြဆန်တောင်းတဲ့ ပရဟိတအရေခြုံ လုပ်ရပ်မှန်သမျှဟာလည်း ဓမ္မလမ်းကြောင်းနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ လက်နက်မဲ့ အဓမ္မ၀ါဒ" ပဲဖြစ်တယ်။ ဒါကြောင့် အားနာနေလို့ မရပါဘူး။ ရေးချိန်တန်က ရေးရမှာပါပဲ။ ဒါမှ စာနယ်ဇင်းသမား ၀တ္တရားကျေမှာပါ။

လူထုစိန်ဝင်း
(၈-၁၀-၂၀၀၉)

(လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ ၂၊ အမှတ် ၅၅ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

စတိတ်မင်ဋီကာ ၁၆ ချက် - မောင်စူးစမ်း


ခေါင်းဆောင်ဆိုလျှင် သူ့အတိုင်းအတာနှင့်သူ အရည်အချင်းရှိ၍ ခေါင်းဆောင်ဖြစ်လာတာချည်း ဖြစ်သည်။ အရည်အချင်း မရှိဘဲနှင့်တော့ ခေါင်းဆောင်ဖြစ်ဖို့ ဝေးလိမ့်မည်ဟု ထင်သည်။ လာမည့် ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ၌ နိုင်ငံရေးခေါင်းဆောင်တွေ အမျိုးမျိုးပေါ်မည်။ ပါတီစုံရွေးကောက်ပွဲဖြစ်၍ နိုင်ငံရေးခေါင်းဆောင်တွေ ပေါ်လာတာ မကောင်းဘူးလားဟု မေးစရာပေါ်သည်။ ကောင်းပါသည်ဟု ယေဘုယျ ဖြေကြပါလိမ့်မည်။ သို့သော် အချို့သုံးသပ်သူတို့သာမက အချို့နိုင်ငံရေး သိပ္ပံပညာရှင်တို့ကပင် နိုင်ငံရေးခေါင်းဆောင်တစ်မျိုးဖြစ်သော Stateman စတိတ်မင်ကို သီးခြားခွဲထုတ်လေ့လာသည်။ အဘိဓာန်အနက်၌ စတိတ်မင်ဆိုသည်မှာ အမြော်အမြင်ရှိသော နိုင်ငံရေးခေါင်းဆောင် ဖြစ်သည်ဟု ဖွင့်ဆိုသည်။ အဘိဓာန်အနက်သည် မမှားသော်လည်း မပြည့်စုံပေ။ နိုင်ငံရေးသိပ္ပံပညာတွင် စတိတ်မင်ကို သီးခြားအကြောင်းအရာ တစ်အရပ်အဖြစ် စာမျက်နှာဖွင့်လျက် လေ့လာသည်။

၁၆ ပါး
မော်ဒန်နိုင်ငံရေးသိပ္ပံပညာရှင်တို့က စတိတ်မင်ကို အောက်ပါအတိုင်း ဂုဏ်ပုဒ်ဖော်၍ အနက်ပေးသည်။
(၁) အတွေးအခေါ်အမြော်အမြင်ရှိသူ
(၂) ခေတ်မီသော အတွေးအခေါ်တို့နှင့် ယဉ်ပါးသူ
(၃) ဒီမိုကရေစီတန်ဖိုးနားလည်သူ
(၄) ညှိနှိုင်းဆွေးနွေးတတ်သောဉာဉ်ရှိသူ
(၅) နိုင်ငံရေးအကဲဖြတ်ချက် ကောင်းမွန်စွာပြုလုပ်နိုင်သူ
(၆) အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားပန်းတိုင်တို့ကို ကာကွယ်နိုင်သူ
(၇) ဈာန်ဝင်စားမှုမဲ့သော အစစ်အမှန်ဝါဒကို ခွဲခြားနိုင်သူ
(၈) လက်တွေ့မကျသော စိတ်ကူးယဉ်မှုကို ဖယ်ရှားနိုင်သူ
(၉) ကာလ၏ ပင်ရင်းအနက်အဓိပ္ပါယ်ကိုသိသူ
(၁၀) အခွင့်အလမ်းကို အမိဖမ်းနိုင်သူ
(၁၁) စိန်ခေါ်မှုတို့ကို ရင်ဆိုင်ဝံ့သူ
(၁၂) ဘယ်ဟာ အရေးကြီးသလဲဟု ရွေးနိုင်သူ
(၁၃) ဘယ်ဟာက ဆီလျော်သည်၊ ဘယ်ဟာက မဆီလျော်ဟု ခွဲခြားနိုင်သူ
(၁၄) အရေအတွက်ထက် အရည်အချင်းကို ပို၍အားထားသူ
(၁၅) သရုပ်ခွဲစစ်မှု Analysis ထက် ပေါင်းစပ်ဖွဲ့စည်းခြင်း Synthesis ကို အလေးသန်သူနှင့်
(၁၆) လူ့ဘ၀၏ အနုအကြမ်းကို ခံစားတတ်သူ (၀တ္ထုရေးဆရာတို့လို)တို့ ဟူ၍ ဖြစ်သည်။

နိုင်ငံရေးသိပ္ပံပညာရှင်တို့က နိုင်ငံရေးခေါင်းဆောင်တို့သည် ဘယ်လောက်ပဲ လိမ္မာပါးနပ်ပါစေ၊ ဘယ်လိုပဲ ပညာတတ်ဖြစ်ပါစေ၊ ဘယ်လောက်ပဲ ကွန့်မြူးဉာဏ်ရှိပါစေ အထက်တွင်ဖော်ပြခဲ့သော ဂုဏ်ပုဒ် ၁၆ ပါးမရှိဘဲ စတိတ်မင်ဖြစ်မလာနိုင်ဟု ထောက်ပြထားသည်။ နိုင်ငံရေးသိပ္ပံပညာရှင်တို့သည် သူတို့၌ လက်တွေ့အတွေ့အကြုံတွေ မရှိတိုင်း စတိတ်မင်၏ ဂုဏ်ပုဒ်ကိုဖော်ရာ၌ အရမ်းလောဘကြီးနေသည်ဟု တစ်ဖက်၌ ဝေဖန်ခံရသည်။ စတိတ်မင်ဂုဏ်ပုဒ်တို့သည် စစ်ဘက်၊ အရပ်ဘက် နှစ်ဖက်စလုံးတွင် အကျုံးဝင်ပါလိမ့်မည်။ ဂုဏ်ပုဒ်(၅) နိုင်ငံရေးအကဲဖြတ်ချက် ကောင်းမွန်မှုကို အဓိကထားသည်။

အညွှန်း - Scholarship and Stateman Ship

(ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ ၅၊ အမှတ် ၄၀ တွင်ပါရှိသည့် နိုင်ငံရေး အချပ်ပိုမှ ပြန်လည်ကူးယူဖော်ပြပါသည်)

နှလုံးသားရဲ့စေညွှန်ရာ - ကိုဉာဏ် (ပန်းလောင်မြေ)


(၁)
သူငယ်ချင်းဖြစ်သူ ကိုကိုမောင်က အကူအညီတောင်း၍သာ လာခဲ့ရသည်။ ဒီနယ်မြေက သူကျွမ်းကျင်သည့်အရပ် မဟုတ်။ အသိမိတ်ဆွေလည်းမရှိ။ ဒီလိုပဲ ဟိုမေးဒီမေးနှင့် ပါးစပ်ပါရွာရောက်ဆိုသည့်ထုံးကိုပဲ နှလုံးမူတော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။

(၂)
ကိုကိုမောင်နှင့်ကျွန်တော်က အင်မတန်မှချစ်ခင်သည့် ငယ်သူငယ်ချင်းတွေ။ တစ်ရပ်ကွက်တည်း၊ တစ်လမ်းတည်းမှာ နေလာကြသည့် တကယ့်ငယ်ပေါင်းရောင်းရင်းတွေ။ မူလတန်းကတည်းက ကျောင်းသွားအတူ၊ ကစားအတူ နေလာခဲ့ကြသည်။ ဆယ်တန်းအောင်တော့ ဒီကောင်က အမှတ်ကောင်းသည်။ သို့သော် ကျွန်တော်နှင့်အတူ ကျောင်းတက်လိုသည်ဟုဆိုတာ ကျွန်တော့်လိုပဲ မြန်မာစာမေဂျာကို ယူသည်။ ထုံးစံအတိုင်း သွားအတူ၊ လာအတူ၊ စားအတူ တတွဲတွဲပေါ့။ မသိတဲ့လူတွေဆိုလျှင် ကျွန်တော်တို့နှစ်ယောက်ကို ညီအစ်ကိုလို့တောင် ထင်ကြသည်။ ဘယ်အချိန်ကြည့်ကြည့် ဒီနှစ်ယောက်က တပူးတတွဲတွဲရှိနေတတ်တာကိုး။ အခုလည်း တက္ကသိုလ်နောက်ဆုံးနှစ်ရောက်ပြီး မကြာခင် ဘွဲ့ရတော့မည်။ အခုချိန်ထိ ကျွန်တော်ရော ကိုကိုမောင်ရောမှာ မူးလို့ရှူစရာမရှိသေး။ ရှူးဆေးဘူးကို ပြောတာမဟုတ်ပါ။ ချစ်သူရည်းစားကို ပြောလိုခြင်းဖြစ်သည်။ ဒီလိုဆိုတော့ ချစ်သူရည်းစားဆိုတာ ရှူးဆေးဘူးလိုပဲ မူးရင်ရှူရတဲ့အရာလားလို့တော့ လာမမေးစေချင်ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့လည်း သေသေချာချာမသိသောကြောင့် ဖြစ်ပါသည်။ သူငယ်ချင်းတွေ ပြောတဲ့စကားနှင့်ပြောရလျှင်တော့ မစွံသေးဘူးပေါ့ဗျာ။

(၃)
အခုလည်း ကိုကိုမောင်က ၀မ်းကိုက်နေသဖြင့် သူ့ကိုယ်စား ပစ္စည်းတစ်ခုကို လူကြုံသွားပေးခိုင်းခြင်းဖြစ်သည်။ အစကတော့ နှစ်ယောက်အတူသွားပေးမလို့ပါ။ သူ့အဖေ အညာကပြန်လာတော့ အဲဒီကအမျိုးတွေက လက်ဆောင်တွေအမျိုးမျိုး ထည့်ပေးလိုက်ကြသည်။ အဲဒီအထဲမှာမှ သူ့အဒေါ်အတွက်ဟုဆိုကာ အညာကအမျိုးတွေက သနပ်ခါးတုံးကြီးတွေထည့်ပေးလိုက်သဖြင့် သူ့အဒေါ်အိမ်ကို သွားပေးစရာရှိတာကို သွားပေးရန်ဖြစ်သည်။ သူ့အဖေပြန်ရောက်တာလည်း ကြာနေပြီဆိုတော့ တော်ကြာ အမျိုးတွေက သူ့အဒေါ်ထံဖုန်းဆက်လို့ သနပ်ခါးတုံးကြီးတွေ မရောက်သေးတာသိလျှင် တစ်မျိုးထင်နေကြမည် စိုးသောကြောင့် ဖြစ်သည်။ ကြည့်ရတာ သူတို့အိမ်နှင့် သူ့အဒေါ်ကလည်း သိပ်အစေးကပ်ပုံမရပေ။ မေးထူးခေါ်ပြောသာ ဖြစ်ပုံရသည်။ သူများကိစ္စဖြစ်သဖြင့် မစပ်စုတော့ဘဲ သွားပေးရန် သဘောတူလိုက်သည်။ ကိုကိုမောင်က သွားပေးရမည့် လိပ်စာကို ရေးပေးသည်။ မြို့မအရှေ့ရပ်ကွက်ထဲမှာ ဖြစ်သည်။

(၄)
ဘယ်လောက်တောင် တွေးနေမိတယ်မသိဘူး။ နောက်ကကားက ဟွန်းတီးမှ လန့်ပြီးအတွေးတွေ ပျောက်သွားတယ်။ ပြီးတော့ စက်ဘီးကို လမ်းဘေးချပေးလိုက်တယ်။ ဟုတ်သားပဲ ကိုယ်က အတွေးလွန်ပြီး ကားလမ်းအလယ်လောက်ထိတက်ပြီး စီးနေမိတာကိုး။ ဘဏ်ရှေ့ရောက်တော့ လမ်းခွဲနှစ်ခုတွေ့သည်။ အနားမှာ မေးစရာလူလည်းမတွေ့သဖြင့် မှားရင်လည်း ပြန်ကွေ့လာလို့ရတာပဲလို့ ဆုံးဖြတ်ကာ ဘယ်ဖက်လမ်းသွယ်ထဲကို ချိုးဝင်လိုက်သည်။ အဲဒီမှာပဲ ဇာတ်လမ်းကစတာ ဖြစ်သည်။ ဟုတ်သည်။ ကိုကိုမောင်ရေးပေးလိုက်သည့် လိပ်စာထဲမှ အိမ်နံပါတ်ကိုအလွတ်ရထားပြီး ဖြစ်သဖြင့် အိမ်တံခါးတွေမှာရေးထားသည့် နံပါတ်တွေကို လိုက်ဖတ်နေမိသည်။ အချို့နံပါတ်တွေက အပင်တွေနှင့် ကွယ်နေသဖြင့် သေချာဖတ်မှမြင်ရသည်။ လမ်းဘယ်ဖက်က အိမ်တံခါးတွေကိုကြည့်လိုက်၊ ညာဘက်က အိမ်တံခါးတွေကိုကြည့်လိုက်နဲ့ ခေါင်းနဲ့မျက်လုံးက ဟိုကြည့်ဒီကြည့် ယိမ်းထိုးနေတာပေါ့။
"အို… အမေ့"
"ဟိုက်၊ တိုက်ပြီဟ"
"အား… ကျွတ်.. ကျွတ်.. ကျွတ်၊ ရှင်စက်ဘီးကို ဘယ်လိုစီးနေတာလဲ၊ လူတစ်ယောက်လုံး လမ်းလျှောက်လာနေတာကို မမြင်ဘူးလား"
"ဗျာ…. ကျွန်တော်…. ကျွန်တော်…."
"ဘာဗျာတွေ၊ ကျွန်တော်တွေ လုပ်နေတာလဲ၊ ရှင့်ကိုမေးနေတယ်လေ… လူတစ်ယောက်လုံးကို မမြင်ဘူးလားလို့၊ မမြင်ရင်လည်း မျက်မှန်လေးဘာလေးတပ်လေ…."
"ဟို… ကျွန်တော်… ကျွန်တော်…"
"ဘယ်လိုလူလဲမသိဘူး.. အူကြောင်ကြောင်နဲ့"
"………"
"သွားပါပြီ၊ ထမင်းဘူးတော့ ကုန်ပါပြီ၊ ဟင်းရည်တွေလည်း အကုန်ဖိတ်ကုန်ပြီ"
"………"
"စောစောစီးစီး အဆင်မပြေချင်ရင် အဲဒီလိုပဲ၊ ရုံးတောင်နောက်ကျနေပြီလားမသိပါဘူး"
ကောင်မလေးက သူ့ဟာသူပြောရင်း လွတ်ကျသွားသည့် စာရွက်ဖိုင်များနှင့် ထမင်းချိုင့်လေးကို ကောက်ကာ ထွက်သွားသည်။ ကျွန်တော့်မှာသာ အခုအချိန်ထိ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိသေး။ ထွက်သွားသည့်ကောင်မလေးကို လိုက်ကြည့်နေမိသည်။ လမ်းလျှောက်သွားပုံလေးကိုက အတော်ကဗျာဆန်သည်ဟု ဆိုရမည်ထင်သည်။ ရှက်သွားတဲ့မျက်နှာ၊ စိတ်တိုသွားတဲ့ မျက်ဝန်း၊ ပြောလာတဲ့ စကားသံ၊ လမ်းလျှောက်သွားဟန်တွေအားလုံးဟာ အပိုအလိုမရှိ ရေးစပ်ထားတဲ့ ကဗျာတစ်ပုဒ်လို ရသတွေထုံမွှမ်းနေသည်။ ခါးထိအောင်ရှည်လျားတဲ့ဆံပင်တွေဟာလည်း ကာရန်တစ်ခုပါပဲ။ သနပ်ခါးပါးပါးလိမ်းထားတဲ့အောက်မှာ မြင်နေရတဲ့ သူမရဲ့ပါးပြင်ပေါ်က သွေးကြောစိမ်းလေးတွေ၊ ကြည်လင်စိုပြည်တဲ့ သူမရဲ့ မျက်လုံးလေးတွေ၊ နှင်းဆီဖူးလေးလို ပြည့်ဖောင်းနေတဲ့ သူမရဲ့ နှုတ်ခမ်းလေးတွေ၊ စနစ်ကျတဲ့ကောက်ကြောင်းတွေနဲ့ အချိုးအစားကျလှတဲ့ ခန္ဓာကိုယ်ဟန်အနေအထားတွေဟာ ကျွန်တော့်မျက်ဝန်းထဲမှာ အနှေးပြကွက်နဲ့ အကြိမ်ကြိမ်ပြန်မြင်နေမိသည်။ လှလိုက်တာဟုသာ ပါးစပ်ကတိုးတိုးလေး ညည်းမိသည်။ ကျွန်တော့်ရင်တွေ ခုန်နေသည်။ ဓာတ်ခဲထုတ်ထားတဲ့ အရုပ်တစ်ရုပ်လို ကျွန်တော့်မှာ ခွန်အားတွေပျောက်ဆုံးသွားသည်။ အသိစိတ်တွေ ကင်းမဲ့သွားသည်။ ကျွန်တော့်စိတ်တွေအားလုံးက အဲဒီဆံရှည်မလေးရဲ့နောက်ကို ပါသွားကြပြီထင်သည်။ ဟုတ်တယ်။ ကျွန်တော့်ရဲ့ စိတ်တွေအားလုံး သူမဆီမှာ ပါသွားကြပြီ။

(၅)
"တီ…တီ…တီ…တီ….တီ…တီ…တီ…တီ…တီ.."
နှိုးစက်မြည်သံက ဗုံးတစ်လုံးပေါက်ကွဲသလို မြည်လာသည်။ အိပ်ပျော်နေရာမှ လန့်နိုးသွားသည်။ ပြီးတော့ ချက်ချင်းသတိရလိုက်မိသည်။
"ငါ.. အိပ်မက် မက်နေတာပဲ၊ သွားပါပြီ"
အလိုက်ကမ်းဆိုးမသိထမြည်သည့် နှိုးစက်နာရီကို ကြည့်မိသည်။
"ဟာ… ၈ နာရီတောင် ထိုးနေပြီပဲ"
အိပ်ယာကနေ ကမန်းကတန်းထရသည်။ ဟိုကောင် ကိုကိုမောင်နဲ့ အပြင်သွားဖို့ ချိန်းထားသည်။ တော်ကြာ… နောက်ကျနေလျှင် ကိုယ်တော်ချောက ဆုံးမစကားတွေပြောတာ ခံနေရဦးမည်။ အလျင်အမြန် မျက်နှာသစ်၊ သွားတိုက်၊ အ၀တ်လဲ လုပ်လိုက်ရသည်။ မနက်စာကို ကိုကိုမောင်နဲ့အတူစားဖို့ မနေ့ကတည်းက ပြောထားပြီးသားဆိုတော့ ဘာမှစားမနေတော့။
"အမေ… သား ကိုကိုမောင်တို့အိမ်သွားလိုက်ဦးမယ်"
"အေးအေး"
အမေ့ကို ပြောရင်း စက်ဘီးထုတ်ကာ အမြန်နင်းလာမိသည်။ ကိုကိုမောင်က ချိန်းထားတာ နောက်ကျရင် ကြိုက်တာမဟုတ်ဘူး။ အချိန်ဆိုတာ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတဲ့ စကားလုံးတွေနဲ့တော့ အပေါက်ခံလို့မဖြစ်။ ကိုကိုမောင်အိမ်ရောက်တော့ တံခါးဖွင့်ထားတာ တွေ့ရသည်။ စက်ဘီးကိုရပ်ထားခဲ့ပြီး အိမ်ထဲကို ၀င်လာခဲ့သည်။ ကိုယ်တော်က ဧည့်ခန်းက ထိုင်ခုံမှာ ငြိမ်ငြိမ်လေးထိုင်နေတာတွေ့သည်။
"ဟေ့ကောင်….လာ၊ မင်းကိုစောင့်နေတာ"
"အေး… ငါအိပ်ယာထ နောက်ကျသွားလို့"
"အေးပါကွာ…. ထုံးစံအတိုင်းပေါ့ ဟုတ်တယ်မလား"
"ဟဲ…ဟဲ…"
"အေး.. ငါလည်း ၀မ်းကိုက်နေလို့ကွ မနက်ကပဲ ဆေးခန်းမှာဆေးထိုးပြီး ပြန်လာရတာ"
"ဟေ"
"ဟေ့ကောင်… ဘာဖြစ်တာလဲကွ…. အလန့်တကြားနဲ့"
ကျွန်တော့်ရဲ့ ဟေဆိုတဲ့ အံ့သြသံဟာ ဘယ်လောက်တောင် ကျယ်လောင်သွားတယ်မသိဘူး။ ကိုကိုမောင်တောင် အတော်လန့်သွားတယ်။
"ဘာမှ မဖြစ်ပါဘူးကွာ၊ ဒီလိုပါပဲ"
"အေးကွာ… ဒီနေ့မင်းနဲ့အတူ ငါ့အဒေါ်အိမ်ကို ပစ္စည်းသွားပေးမလို့ မင်းကိုချိန်းလိုက်တာကွ"
"ဟေ"
"ဟာ… ဟေ့ကောင်… မင်းဘာတွေဖြစ်နေတာလဲ… ငါပြောတဲ့အထဲမှာ ဘာတွေများ အံ့သြစရာပါနေလို့လဲ"
"ဘာမှ မဖြစ်ပါဘူးကွာ… ဒီလိုပါပဲ"
"မင်းဟာက ဟုတ်တော့မဟုတ်သေးပါဘူး၊ ငါပြောသမျှကို အံ့သြထိတ်လန့်နေတဲ့ပုံစံနဲ့ ဘာတွေဖြစ်နေတာလဲ"
"ဘာမှမဖြစ်ပါဘူးကွာ"
ဒီကောင့်ကို ညကအိပ်မက်အကြောင်း ပြောပြလိုက်ရင် ကောင်းမလားလို့ စိတ်ကူးလိုက်တယ်။ ဒါပေမယ့် ဒီကောင်က အိပ်မက်တွေဘာတွေကို ယုံတဲ့ကောင်မဟုတ်ဘူး။ တော်ကြာ မင်းကတော်တော်အရူးထတဲ့ အကောင်ဆိုပြီး ကောင်းချီးပေးနေလျှင် ခက်နေဦးမည်။ မပြောဘဲနေလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
"ဟေ့ကောင်.. သတိုး…ငါပြောတာ ကြားရဲ့လား"
"ဟေ… ဘာပြောလိုက်တာလဲ"
"အာ… မင်းကလည်း ဘာတွေဖြစ်နေတာလဲ၊ စရောက်ကတည်းက ငါကြည့်နေတာ တစ်ခုခုတော့ တစ်ခုခုပဲ"
"မဟုတ်ပါဘူးကွာ၊ ညကအိပ်ရေးနည်းနည်းပျက်သွားလို့ပါ၊ စာဖတ်တာ ညဥ့်နက်သွားလို့ပါ… မင်းဘာပြောလိုက်တာလဲ"
"ငါ့အဒေါ်အိမ်ကို ပစ္စည်းလူကြုံသွားပေး ပေးစမ်းပါလို့၊ ငါ့အဖေအညာကပြန်လာတော့ အညာကအမျိုးတွေက အဒေါ့်အတွက်ဆိုပြီး သနပ်ခါးတုံးတွေ ထည့်ပေးလိုက်လို့၊ အဲဒါ ငါတို့လည်း မအားတာနဲ့ နည်းနည်းကြာနေပြီဆိုတော့ အဖေကလည်း အားနာနေလို့၊ ငါကလည်း ဒီနေ့ကျမှ ၀မ်းကိုက်နေတော့ မသွားနိုင်ဘူးဖြစ်နေလို့"
"သနပ်ခါးတုံးတွေ"
"အေးလေ… ဘာဖြစ်လို့လဲ… "
"ဟို…ဟို… ဘာမှ မဖြစ်ပါဘူး၊ ငါသွားပေးပါ့မယ်"
"အေး… ငါလိပ်စာရေးပေးလိုက်မယ်၊ မြို့မအရှေ့ထဲမှာကွ"
"မြို့မအရှေ့ထဲမှာ"
ဒီတစ်ခါတော့သတိထားပြီး စိတ်ထဲကပဲ တိုးတိုးလေးရွတ်မိတယ်။ တော်ကြာ ကိုကိုမောင်က ဘာတွေဖြစ်နေတာလဲလို့ မေးဦးမည်။ ပြီးတော့ အလွတ်ရနေတဲ့ သူ့အဒေါ်လိပ်စာကိုလည်း တိုးတိုးလေး ရွတ်ကြည့်နေမိတယ်။
"ဟေ့ကောင်… ရော့… အဲဒါ ငါ့အဒေါ်အိမ်လိပ်စာပဲ"
"အေး…အေး"
သူရေးပေးတဲ့ လိပ်စာစာရွက်လေးကို လှမ်းယူရင်း မရဲတရဲနဲ့ ဖတ်ကြည့်လိုက်မိတယ်။ အသေအချာပါပဲ ကျွန်တော်အလွတ်ရနေတဲ့ လိပ်စာပါ။ လုံးဝကို အမှားအယွင်းမရှိပါ။ ကျွန်တော့်မျက်လုံးထဲမှာ ဆံရှည်မလေးရဲ့ မျက်နှာက အလိုလိုပေါ်လာတယ်။ ရင်ဘတ်တွေနွေးသွားတယ်။ နှလုံးခုန်သံတွေ မြန်လာတယ်။ ပါးစပ်ကလည်း ရေငတ်သလို ဖြစ်လာတယ်။
"ရော့ သတိုး၊ ဒါမင်းသွားပေးရမယ့် သနပ်ခါးတုံးတွေပဲ၊ နည်းနည်းတော့လေးတယ်၊ သေချာသယ်သွားဦး"
"အေး…အေး"
သနပ်ခါးတုံးတွေကို စက်ဘီးရှေ့ခြင်းထဲမှာ ထည့်ပြီး စီးထွက်လာခဲ့မိတယ်။ စက်ဘီးနဲ့ မြေကြီးရောထိရဲ့လားလို့ ပြန်ကြည့်ရသေးတယ်။ ရင်ထဲမှာ ဘလောင်ဆူနေပြီ။ ဘာတွေဖြစ်နေမှန်းလည်း မသိပါဘူး။ ကြောက်ရွံ့နေတာလား။ ရင်ခုန်နေတာလား။ ပျော်ရွှင်နေတာလား။ ဘာဆိုဘာမှ မကွဲပြားလှပါဘူး။ အချစ်ရဲ့ နိဒါန်းတစ်ခုလို့ ကိုယ့်ဘာသာကိုယ် နာမည်တပ်လိုက်တယ်။ ရင်ထဲမှာအေးသွားသလို၊ နွေးသွားသလိုကြီး။ ပြောရခက်လိုက်တာ။

(၆)
သူငယ်ချင်းဖြစ်သူ ကိုကိုမောင်က အကူအညီတောင်း၍သာ လာခဲ့ရသည်။ ဒီနယ်မြေက သူကျွမ်းကျင်သည့်အရပ် မဟုတ်။ အသိမိတ်ဆွေလည်းမရှိ။ ဒီလိုပဲ ဟိုမေးဒီမေးနှင့် ပါးစပ်ပါရွာရောက်ဆိုသည့်ထုံးကိုပဲ နှလုံးမူတော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ စက်ဘီးကို ပုံမှန်နင်းလာရင်း ဘဏ်ရှေ့ကိုရောက်လာသည်။ လမ်းခွဲနှစ်ခုတွေ့သည်။ ဘဏ်ရှေ့မှာ ပိုက်ဆံထုတ်ဖို့စောင့်နေဟန်တူသည့် လူအချို့ကို တွေ့ရသည်။ ခပ်လှမ်းလှမ်းမှာက ကျားထိုးနေသည့် ဆိုက်ကားသမားတွေရှိနေသည်။ ကွမ်းယာသည်ကလည်း ၀ယ်သူနှင့်စကားပြောရင်း လက်ကစက်ရုပ်တစ်ရုပ်လို ကွမ်းယာကိုယာနေသည်။ တစ်ယောက်ယောက်ကို ဘယ်လမ်းသွားရမလဲဆိုတာ မေးရမည်ဟု ဆုံးဖြတ်လိုက်သည်။ သို့သော် မေးချင်စိတ်မရှိတာ၊ မေးမှာမဟုတ်တာကို အလိုလိုသိနေသည်။ ကျွန်တော်ဘယ်လမ်းသွယ်ထဲကို ချိုးဝင်ရမလဲဆိုတာကို ဘယ်သူ့ကိုမှ မေးနေစရာမလို။ ဟုတ်သည်။ ကျွန်တော် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါသည်။

(၇)
အို… အဆွေစာဖတ်သူ။ သတိုးဆိုတဲ့ လူတစ်ယောက်ကို မတွေ့လိုက်ဘူးလားလို့ ဘဏ်ပတ်ဝန်းကျင်ကလူတစ်ချို့ကို သွားမေးကြည့်စမ်းပါ။ စက်ဘီးတစ်စီးပေါ်တွင် အပျော်တွေအပြည့်၊ ရင်ခုန်သံတွေအပြည့်၊ မျှော်လင့်ချက်တွေအပြည့်နှင့် အချစ်သီချင်းတစ်ပုဒ်ညည်းကာ နင်းသွားသည်ကို တွေ့လိုက်ရသည်ဟု သတိထားမိသည့်လူတွေက ပြောလာကြပါလိမ့်မည်။ ဘယ်လမ်းသွယ်ထဲကို ၀င်သွားသည်ဆိုသည်ကတော့ မေးစရာမလိုအောင် စာဖတ်သူသိပြီးဖြစ်နေလိမ့်မည်ဟု ယုံကြည်ပါသည်။ ဒီတစ်ခါကတော့ အိပ်မက်မဟုတ်တာ သေချာပါသည်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၇ ရက်၊ စနေနေ့။
ညနေ ၇ နာရီ ၃၉ မိနစ်တွင် ပြီး၏။

ပန်းကြဲခဲ့တယ် - ကိုဉာဏ် (ပန်းလောင်မြေ)


ဒီလက်တွေနဲ့

ပန်းမျိုးစေ့တွေ ကိုယ်တိုင်ကြဲပက်ခဲ့တယ်။

 

ဒီလက်တွေနဲ့

ရေလောင်းပေါင်းသင်ခဲ့တယ်။

 

ဒီလက်တွေနဲ့

မြေသြဇာတွေကျွေးခဲ့တယ်။

 

ဒီလက်တွေနဲ့

ပိုးသတ်ဆေးဖျန်းခဲ့တယ်။

 

ဒီလက်တွေနဲ့ပဲ

နေ့စဉ်တယုတယပွတ်သပ်ကိုင်တွယ်ထိတွေ့ခဲ့ရတယ်။

 

ပေါက်လာသမျှအပင်

ပွင့်လာသမျှပန်း

ဒီလက်တွေရဲ့ ရလဒ်ပါ။

 

လှတဲ့ပန်းတွေပွင့်လာမယ်

မလှတဲ့ပန်းတွေလည်းပါမယ်

မပွင့်တဲ့အပင်တွေလည်းရှိပေမယ်။

 

ကိုယ့်လက်နဲ့ဖန်ဆင်းခဲ့တဲ့ပန်းခင်း

လှတဲ့ပန်းပဲဖြစ်ဖြစ်

မလှတဲ့ပန်းပဲဖြစ်ဖြစ်

ပွင့်တဲ့အပင်ပဲဖြစ်ဖြစ်

မပွင့်တဲ့အပင်ပဲဖြစ်ဖြစ်

အားလုံးကိုချစ်ခင်တန်ဖိုးထားတာ

မင်းတို့ရဲ့ ဥယျာဉ်မှူးပါ။

 

ကိုဉာဏ် (ပန်းလောင်မြေ)

၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၈ ရက်၊ တနင်္ဂနွေနေ့။

နံနက် ၁ နာရီ ၄၂ မိနစ်တွင်ပြီး၏။

ဆင်ဆိုသည်မှာနှင့် နိုင်ငံရေးခေါင်းဆောင် - မောင်စူးစမ်း


လေးစခန်းဖြတ်

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ဆီလျော်ရာအကြောင်းအရာတို့ ပေါ်လာလေရာ ထိုအထဲ၌ ခေါင်းဆောင်သူ၏ အခန်းကဏ္ဍက အရေးပါအရာရောက်နေသည်။ အကြောင်းမူ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအပြီးကာလတို့သည် မြင်ကွင်းသစ်၊ ရှုကွင်းသစ် ဖြစ်ပေါ်မည်ဖြစ်သောကြောင့် ဖြစ်သည်။ ခေါင်းဆောင်တို့သည် မြန်မာနိုင်ငံ၏ တတိယပုံစံဒီမိုကရေစီ၌ သမားရိုးကျအတွေးအမြင် Conventional Wisdom တို့ဖြင့် အလုပ်လုပ်နိုင်ကြမည်မဟုတ်ပေ။ အိုင်ဒီယာအသစ်တို့ဖြင့် စခန်းသွားရဖို့ရှိသည်။

 

မြန်မာနိုင်ငံသည် (၁) လစ်ဘရယ်ဒီမိုကရေစီ (၁၉၄၈-၆၂)၊ (၂) ဆိုရှယ်လစ်ဒီမိုကရေစီ (၁၉၆၂-၈၈)၊ (၃) တပ်မတော်အစိုးရ (၈၈-၂၀၁၀) နှင့် (၄) လမ်းညွှန်ဒီမိုကရေစီ (စစ်ဘက်မှ ပါဝင်ပတ်သက်မှုရှိသော ဒီမိုကရေစီ) စသည်ဖြင့် နိုင်ငံရေးစနစ်မျိုးစုံကို ဖြတ်သန်းခဲ့ရသည်။ ယခုနောက်ဆုံး လမ်းညွှန်ဒီမိုကရေစီကို ဖြတ်သန်းရတော့မည်။

 

ဗီဇကို ကျိုးကြောင်းလုပ်

ခေတ်ပြိုင်မြန်မာ့နိုင်ငံရေးသမိုင်းတွင် ခေါင်းဆောင်တို့သည် ဗီဇစိတ် Instinct နှင့် သူသိ၊ ငါသိ၊ အများသိစိတ် Commonsense တို့ဖြင့် ဆောင်ရွက်ကြတာများသည်။ လေးနက်သော စိစစ်သုံးသပ်ချက် Analysis တို့ဖြင့် ဆောင်ရွက်ခြင်းနည်းသည် တစ်ခါတစ်ရံ လေးနက်သော သုံးသပ်မှုဖြင့် ဆောင်ရွက်သည်ဟု ထင်စရာပေါ်သည်။ နိုင်ငံရေးသိပ္ပံပညာရှင်တို့၏ အဆိုအရ လေးနက်သော စိစစ်မှုဖြင့် ဆောင်ရွက်သည်ဟုထင်ရသော ပေါ်လစီသည် စင်စစ်အားဖြင့် ဗီဇစိတ်ကို ကျိုးကြောင်းဆီလျော်အောင်ပြုခြင်း Rationalization of Instinct သာဖြစ်သည်။ ဗီဇကို ယုတ္တိဖော်ခြင်းဟု ပြောနိုင်သည်။

 

ဂျပန်ရွေးကောက်ပွဲတွင် အာဏာရအယ်လ်ဒီပီပါတီ အရေးနိမ့်သွားရသည့် အကြောင်းတို့အနက် တစ်ကြောင်းက စိတ်ဝင်စားစရာကောင်းသည်။ အာဏာရနိုင်ငံရေးပါတီသည် ပေါ်လစီတို့ကို ပါတီအနေဖြင့် မချမှတ်။ ဗျူရိုကရေစီက ပေါ်လစီတို့ကို ဒီဇိုင်းဆွဲပေးသည့်အတိုင်း ဆောင်ရွက်သည့်အချက်ဖြစ်သည်။ မူဝါဒပေါ်လစီ ချမှတ်ရေးတွင် ဗျူရိုကရေစီကို အားကိုးလွန်းခြင်းဖြစ်သည်။

 

ဆင်ဆိုသည်မှာ

မြန်မာ့နိုင်ငံရေးသမိုင်းတွင် အာဏာရခေါင်းဆောင်တို့သည် အများသိရုံသိစိတ်၊ ဗီဇစိတ်အပြင် တစ်ရေးနိုးလို့ပေါ်သောအကြံ Whims တို့ဖြင့်လည်း ဆောင်ရွက်တတ်ကြသည်။ လေးလေးနက်နက် ကျယ်ကျယ်ပြန့်ပြန့် စိစစ်မှုနှင့် သုတေသနပြုမှုတို့ကို အခြေခံကြသည်မဟုတ်ပေ။ နိုင်ငံရေးခေါင်းဆောင်တို့သည် စိစစ်သုံးသပ်မှုအပိုင်း၌ အလွန်အားနည်းသည်။ ပေါ်ပင်ရေတိုဖန်စီကြည့်ပြီး နိုင်ငံရေးလုပ်ကြသည်။

 

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအပြီးကာလတို့တွင် နိုင်ငံရေးခေါင်းဆောင်တို့သည် ခေါင်းဆောင်မှုစတိုင်လ် ပြောင်းရမည်ဟု ထင်သည်။ လေးနက်သောစိစစ်သုံးသပ်မှုတို့ကို အခြေခံ၍ သင့်ရာပေါ်လစီများ ရွေးချယ်ချမှတ်သင့်သည်။ သို့သော် လမ်းညွှန်ဒီမိုကရေစီကို ယခုမှ ပထမဦးဆုံး ကြုံတွေ့ရမည်ဖြစ်၍ လေးနက်သောစိစစ်သုံးသပ်မှုသည် အကန့်အသတ်နှင့် ရှိနေဦးမည်ဖြစ်သည်။ ပထမဦးဆုံး နိုင်ငံရေးစနစ်သစ်၏ အဆောက်အအုံဖွဲ့စည်းပုံကို မျက်ကန်းလေးယောက် ဆင်ဆိုသည်မှာဆိုပြီး ဆင်ကိုယ်ကြီးကိုစမ်းကြည့်သလို စမ်းကြည့်နေရဦးမည်။ နိုင်ငံရေးစနစ်၊ ပါဝါစနစ်၏ အဆောက်အအုံကို လေ့လာရင်း လက်တွေ့က သင်ပေးသွားမည့်သဘော ရှိသည်။ ဤအချက်က လက်တွေ့ပလေယာတို့အတွက် ဖြစ်သည်။

 

ဒီမိုကရေစီတွင် ပညာရှင်တို့၏ ဉာဏ်အား တောင့်တင်းရန်လိုသည်။ သူတို့က စိစစ်သုံးသပ်မှုတို့ ပြုလုပ်ပေးပြီး ပံ့ပိုးကူညီနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။ ဗီဇဆိုသည်ထက် စိစစ်သုံးသပ်မှုကို ပို၍ အားကိုးရန် အချိန်လိုမလားမသိပေ။

 

(ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ ၅၊ အမှတ် ၃၈ တွင်ပါရှိသည့် နိုင်ငံရေးအထူးအချပ်ပိုမှ ပြန်လည်ကူးယူဖော်ပြပါသည်)

ဆရာနွမ်ဂျာသိုင်းသို့ပြန်ကြားစာ - မျိုးကိုမျိုး


ဆရာခင်ဗျာ
ဆရာ့စာထဲမှာ ကျွန်တော့်ကို "မရှက်မကြောက်ပြောရဲလောက်အောင် ခင်ဗျားညံ့ပါတယ်" "ဒီအထိ (စာရေးဆရာအမည်ခံထားတဲ့) လူတစ်ယောက်ကို လိုက်ရှင်းပြနေရတာ စိတ်ပျက်ဖို့ကောင်းလွန်းပါတယ်" စသဖြင့် ခင်ဗျားတွေလှိုင်လှိုင်သုံးပြီး လက်ညှိုးငေါက်ငေါက်ထိုးပြီး နင်းပြောသွားသလိုမျိုး ဒေါသခြင်းနှိုင်းပြီး တုံ့ပြန်ရလောက်အောင် မမိုက်မဲသေးပါဘူးဆရာ။ ဆရာက ကျွန်တော့်ထက် နှစ်နှစ်ဆယ်ကျော်လောက် စောပြီး လုံးချင်းရေးခဲ့တဲ့သူဖြစ်တဲ့အတွက် ဆရာနဲ့ကျွန်တော့်အကြား စာပေမျိုးဆက်တစ်ခုစာ ကွာခြားပါတယ်။ ဒီ့အတွက် ကျွန်တော့်ဘက်က ဂါရ၀ထားရမှာပါ။

ဆရာပြောထားတဲ့ "ခင်ဗျားဘယ်ဝတ္ထုနဲ့ နာမည်ကြီးနေသလဲဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် အဲဒီဝတ္ထုနာမည်ကို တစ်ယောက်ယောက်က မပြောမဆို ယူသုံးသွားမယ်ဆိုရင် ခင်ဗျားခွင့်လွှတ်နိုင်ပါ့မလား၊ နားလည်မယ်ဆိုရင်တော့ ခင်ဗျားဟာ ကိုယ်ဖန်တီးခဲ့တာတွေ မဟုတ်လို့ပါပဲ" ဆိုတာကို ရှင်းပါရစေ။ ဆရာ့စကားအရ ဆရာရေးခဲ့တဲ့ ၀တ္ထုလုံးချင်းပေါင်း အုပ်ရေတစ်ရာကျော်ပြီဆိုတာ ဆရာ့စကားအရ သိရပါတယ်။ အကုန်လုံးကို ဆရာကိုယ်တိုင်တောင် မှတ်မိလား၊ မမှတ်မိလား မပြောနိုင်ပေမယ့် ကျွန်တော်တို့ စာဖတ်ပရိသတ်ကတော့ အကုန်မမှတ်မိနိုင်ပါဘူး။ (၁၉၉၅) နဲ့ (၂၀၀၅) ခုနှစ်တွေမှာ တတိယအကြိမ်နဲ့ စတုတ္ထအကြိမ်တွေထုတ်ခဲ့တယ်ဆိုတာ ကျွန်တော်လုံးဝမသိခဲ့ပါ။ (၁၉၉၀)မတိုင်မီမှာ ဆရာ့စာဖတ်ပရိသတ်ဖြစ်ခဲ့တဲ့ ကျွန်တော်တို့အရွယ်တွေဟာ (၁၉၉၀)နောက်ပိုင်းမှာ အသက်အရွယ်အရ စာဖတ်ပုံစံပြောင်းသွားပြီ ဖြစ်တဲ့အတွက် မဖတ်ဖြစ်တော့ပါ။ ဒီလိုပါပဲ ကျွန်တော်ကိုယ်တိုင်လည်း နောင်လာမည့် ဆယ်နှစ်၊ ဆယ့်ငါးနှစ်မှာ စာပေနှင့်အဆက်ပြတ်ပြီး အခြားနယ်ပယ်တစ်ခုမှာ ရှင်သန်နေထိုင်ကောင်း နေထိုင်ရတဲ့အခါ စာဖတ်ပရိသတ်က ကျွန်တော်နဲ့ ကျွန်တော့်စာတွေကို မှတ်မိမှာ မဟုတ်တော့ပါဘူး။ သာမန်ချစ်ကြိုက်၊ ကွဲညား ၀တ္ထုတွေကိုပဲ ရေးခဲ့တယ်ဆိုရင်ပေါ့လေ။ ခုလိုပဲ တစ်ချိန်ချိန်မှာ ကျွန်တော့်ဝတ္ထုနဲ့ နာမည်တူ ၀တ္ထုတစ်အုပ်မကလည်း တွေ့ချင်တွေ့လာနိုင်ပါတယ်။ လူတိုင်းနေ့စဉ်ပြောဆိုသုံးနှုန်းနေကျ အများသုံးစကားလုံးတွေနဲ့ပဲ ၀တ္ထုကိုနာမည်ပေးထားတာဆိုရင်တော့ ဒီလိုပဲ တိုက်ဆိုင်သွားနိုင်ပါတယ်။ ဘယ်သူကမှ နာမည်တူ တမင်တကာ လိုက်ပေးနေမှာ မဟုတ်တာကတော့ သေချာပါတယ်။ ဇာတ်လမ်းတူတာမှ မဟုတ်ပဲ။ ကျွန်တော်ကတော့ ဘာမှထပ်ပြောနေမှာ မဟုတ်ပါဘူး။ တမင်တကာထွင်ထားတဲ့ နာမည်မျိုးနဲ့မှ လာတူနေတယ်ဆိုရင်တောင် ကျွန်တော်ကတော့ နင်ပဲငဆ ပြောဆိုဟိန်းဟောက်ပြီး မျိုးဆက်သစ်စာပေသမား တစ်ယောက်အပေါ် ထိခိုက်နစ်နာအောင် လုပ်ကြံမှာမဟုတ်ပါဘူး။ ဒီကောင့်ကြည့်ရတာ မနေ့တစ်နေ့ကမှ စာလေး၊ ကဗျာလေးရေးပြီး ထောင်ထောင်၊ ထောင်ထောင်နဲ့ ကြည့်ရတာ ထောင့်မကျိုးဘူး။ တစ်ခါတည်း နာလန်မထူနိုင်အောင် အသေနှက်လိုက်မဟဲ့ ဆိုတဲ့ခေတ်က ကုန်သွားပါပြီ။ သူ့ထက် အသက်ရောဝါရောကြီးတဲ့ ပညာသားပါပါ ရှင်းပြပြောပြရုံပါပဲ။ ပြောဖြစ်ချင်မှလည်း ပြောဖြစ်မှာပါ။ အဲဒီအချိန်မှာ ကျွန်တော်ပြောခဲ့သလို ကျွန်တော့်အသက်အရွယ်နဲ့ကျွန်တော် သမိုင်းတစ်ခုရဲ့ ဖြစ်စဉ်မှာ ပခုံးထမ်းတာဝန်တွေ ရှိနေနိုင်တာကြောင့် ၀တ္ထုနာမည်လေးတူသွားတဲ့အပေါ် စိတ်ဝင်စားဖို့အချိန် အားမယ်မထင်ပါဘူး။

အဲသလို တစ်ဖက်သားအပေါ် ကျွန်တော့်ဘက်က နားလည်မှုပေးလို့ ဆရာပြောသလို ကိုယ်ဖန်တီးခဲ့တာမဟုတ်လို့ပဲ ဆိုတာကတော့ သွားလေသူ ဆရာမောင်တည်ငြိမ်ရဲ့ လက်သုံးစကားလို မည်သူမဆို ကိုယ့်လိပ်ပြာကိုယ်သိ ကိုယ့်သိက္ခာကိုယ်သိပါပဲ။ ကျွန်တော့်မှာ သာမန်ချစ်ကြိုက်ကွဲညားထက်ပိုတဲ့ စာမျိုးတွေရေးနိုင်တယ်ဆိုတာ ယနေ့ စာပေသမားတွေ သိပါတယ်။ တခြားမပြောနဲ့ အင်မတန်လုပ်စားလို့ကောင်းတဲ့ နူးပြီးနှပ်ပြီး၊ ခူးပြီးခပ်ပြီး နိုင်ငံခြားရုပ်ရှင်ဝတ္ထုတွေကိုတောင် မှီးမရေး၊ ကူးမရေးဘဲ ကိုယ်ပိုင်အနုပညာစစ်စစ်ကိုသာ စိတ်ကူးကြံဆ တင်ပြနေသူတစ်ဦးအနေနဲ့ ကိုယ့်လိပ်ပြာကိုယ်လုံပါတယ်။

ကျွန်တော်အခုတစ်ထိုင်တည်း စဉ်းစားမိတာပြန်ပြောရရင် ဆရာကိုယ်တိုင်လည်းပဲ သင်ပုန်းကြီးဖတ်စာထဲက "အလယ်ကလူ စကားဝဲ၏" တို့၊ "ဟိုဘက်ကမ်းက မီးထိန်ထိန်" တို့၊ သီချင်းတွေဖြစ်တဲ့ "ရက်ရွေးမနေပါနဲ့ ကိုကိုရယ်" တို့၊ "ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးထားခဲ့ချင်တယ်" ဆိုတာတွေအတွက် ဘာပြောမလဲဆိုတဲ့ စကားမျိုး ကျွန်တော်စကားနိုင်လုစရာ အကြောင်းမရှိပါဘူး။ ဆရာ့ခံစားချက်နဲ့၊ ဆရာ့အကြောင်းပြချက်နဲ့ဆိုတာ ခိုင်လုံပြီးသင့်လျော်လိုက်ဖက်လို့ ဖန်တီးခဲ့တာတွေပဲ ဖြစ်မှာပါ။

"တစ်ခါတုန်းက တက္ကသိုလ်မှာ" လို့ ကျွန်တော့်ဝတ္ထုကို နာမည်ပေးဖြစ်တဲ့ အကြောင်းအရင်းကိုပဲ ရိုးသားစွာ ကျွန်တော်ဆက်ရှင်းပါ့မယ်။

သိတဲ့အတိုင်းပါပဲ၊ စာဖတ်ပရိသတ်အများစုဟာ ဆယ်ကျော်သက်တွေပါ။ လက်ရှိ ဆယ်ကျော်သက်တွေတက်နေတဲ့ တက္ကသိုလ်ဟာ ကျွန်တော်တို့တက်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် မဟုတ်တော့ပါဘူး။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် စသည်ဖြင့် ထပ်မံတည်ဆောက် ထွက်ပေါ်လာတဲ့ တက္ကသိုလ်တွေမှာ တက်နေကြရတာပဲ။ ဆယ်စုနှစ် တစ်ခုစာလောက် ရှိပါပြီ။ ရန်ကုန်တက္ကသိုလ်နောက်ခံဝတ္ထုဆိုရင် သူတို့အဖို့ အလှမ်းဝေးနေသလို ခံစားကြရပါတယ်။ ဒီတော့ သူတို့တွေဟာ သူတို့တက်နေတဲ့ တက္ကသိုလ်တွေကို နောက်ခံထားရေးဖွဲ့ထားတဲ့ ၀တ္ထုတွေကို ခံစားချင်၊ ဖတ်ချင်ကြတဲ့ အာသီသရှိကြပါတယ်။ ထုတ်ဝေသူတွေဘက်ကလည်း စာဖတ်ပရိသတ်နဲ့ တစ်သဘောတည်းပါပဲ။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်က ကျွန်တော်တက်ခဲ့ဖူးတဲ့ ရန်ကုန်တက္ကသိုလ်ကိုပဲ အစွဲအလမ်းကြီးကြီးနဲ့ ပွဲထုတ်ချင်နေသလို ၀တ္ထုနာမည်မှာ တက္ကသိုလ်ထည့်ချင်တယ်။ နောက်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုဝန်းကျင်က တက္ကသိုလ်ရဲ့ပုံရိပ်ကို ညွှန်းချင်တယ်။ အဲဒီတော့ နာမည်တွေအများကြီး လျှောက်စဉ်းစားထားပြီး ရွေးရခက်နေတာနဲ့ပဲ စာအုပ်က ထုတ်ဝေသူလက်ထဲ မအပ်နိုင်ဘူး။ ဘယ်စာရေးဆရာမဆို ၀တ္ထုရေးမယ်ကြံကတည်းက ၀တ္ထုနာမည်ကို အကြမ်းဖျဉ်း ပေးထားတတ်ကြပြီးသားပါ။ ဘယ်သူမှ ၀တ္ထုတစ်အုပ်လုံးရေးပြီးမှ ၀တ္ထုနာမည်ခေါင်းစားတဲ့သူ မရှိပါဘူး။ အဲဒီမှာမှ တစ်ခါတုန်းက တက္ကသိုလ်မှာဆိုတာက ဘာကြောင့်အတည်ဖြစ်သွားတာလဲဆိုတော့ ကျွန်တော်ရှင်းပြခဲ့သလို ကိုရီးယားကားကြောင့်ပါပဲ။ တစ်ခါတုန်းက တက္ကသိုလ်မှာဆိုတဲ့ ဟားဗက်တက္ကသိုလ်နောက်ခံ ကိုရီးယားကားလေးဟာ ဆယ်ကျော်သက်လူငယ်တွေကြားမှာ ရေပန်းစားပါတယ်။ နောက်ပြီး ဒီနာမည်က ရိုးရှင်းလှပပြီး တက်ခဲ့ဖူးတဲ့ တက္ကသိုလ်ကိုလွမ်းတဲ့ အလွမ်းဓာတ်ကိုလည်းရတယ်။ ကိုရီးယားကားကျေးဇူးကြောင့် ဒီနာမည်နဲ့ ဒီနေ့ပရိသတ် ရင်းနှီးပြီးသားဖြစ်နေပြီပဲ။ ဒီနာမည်အတိုင်းပဲ အတည်ပြုပြီး ၀တ္ထုထွက်လိုက်ရင်လည်း ပရိသတ်ကဖတ်ဖို့ လက်တွန့်မှာ မဟုတ်တော့ဘူး။ ရဲရဲသာထုတ်ဆိုပြီး ထုတ်ဝေသူလက်ထဲ ထည့်လိုက်တာပါ။ ဘာပဲပြောပြော ကျွန်တော့်စာအုပ်ကလည်း ထွက်ပြီးသွားပြီ။ ဆရာကလည်း ဒီနာမည်နဲ့ပဲ ကျွန်တော့်ထက် နှစ်သုံးဆယ်နီးပါးလောက်စောပြီး ထွက်ခဲ့ပြီးပြီ။ ဒါကြောင့် ကိုယ့်ထက် အသက်အရွယ်ရော၊ စာပေ၀ါရောကြီးရင့်တဲ့ ဆရာ့အပေါ်မှာ ဂါရ၀ရှိပြီးဖြစ်သလို နားလည်ပေးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပြောဆိုမိတာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဘုံပိုင်ဝေါဟာရရှင်းချက်တွေဟာ မာကြောကြောနိုင်တယ်လို့ ဆရာကောက်ချက်ဆွဲပြီး ဒေါသတကြီးနဲ့ နင်ပဲငဆ တုံ့ပြန်ရေးသားလာတာကတော့ အံ့သြစရာပါပဲ။ တစ်ခါတုန်းက ကျွန်တော်တက်ခဲ့တဲ့ တက္ကသိုလ်အကြောင်း ကျွန်တော်ပြန်ပြောတဲ့ကိစ္စမှာ ကျွန်တော့်အတွက် တကယ်ကို အမှတ်တရရှိသွားပါပြီ။ ဒီ့အတွက် ကျေးဇူးအထူးပါပဲဆရာ။

ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒီအချိန်၊ ဒီကာလမှာ ဆရာ့ဝတ္ထုနာမည်တွေကို ပေါ်တင်ခိုးချပြီးပဲပေးပေး၊ ဆင်တူယိုးမှားပဲပေးပေး ကျွန်တော့်အတွက် ဘာအကျိုးမှမရှိပါဘူး။ ဆရာ့ဝတ္ထုနာမည်တွေနဲ့ လုပ်စားချင်တယ်ဆိုရင်တောင် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကဆိုရင်တော့ ဟုတ်တာပေါ့ဆရာ။

အမှန်အတိုင်းပြောရရင် ကျွန်တော့်ဘက်က ဘာမှ မတုံ့ပြန်လိုက်ဖို့ပါပဲ။ ဒါပေမယ့်လည်း ဆရာ့လိုတစ်ချိန်တစ်ခါက ကျွန်တော်အထင်ကြီးအားကျခဲ့ဖူးတဲ့ စာရေးဆရာတစ်ယောက် ကိုယ်တိုင်က ကျွန်တော့်ဆီကို တကူးတက အိတ်ဖွင့်ပေးစာ ပေးလာတာကို လေးစားအသိအမှတ်ပြုသောအားဖြင့် ဒီပြန်ကြားစာကို အလေးထားပြန်ကြားလိုက်ရတာပါ။ ဆရာနဲ့ ကျွန်တော်ရဲ့ နာမည်တူပြဿနာဟာ တစ်ချိန်တစ်ခါက ဆရာနဲ့ စာရေးဆရာရှေ့နေကြီးတစ်ဦးတို့ရဲ့ ပြဿနာမျိုးနဲ့ မတူညီတာကြောင့် ပွဲဆူအောင် ဆက်ပြီးကြော်ငြာတွေထိုးနေတယ်လို့ ပရိသတ်အထင်မလွဲစေဖို့ ဒီကိစ္စကို ဒီစာနဲ့အတူ မေ့လိုက်ပါတော့မယ်။ ဘာပဲဖြစ်ဖြစ် တက္ကသိုလ်ကို ပြန်လွမ်းတဲ့ခံစားချက်အရ "တစ်ခါတုန်းက တက္ကသိုလ်မှာ" ဆိုတဲ့ နာမည်ကို ကျွန်တော်ပြောခဲ့သလို အရိုးသားဆုံးပေးခဲ့တာပါ။ ဒီလိုပေးခဲ့တဲ့အပေါ် ကျွန်တော်ရှင်းပြချက်က ဆရာ့မျက်စိ စပါးမွှေးစူးသလို ဖြစ်သွားစေခဲ့တဲ့အတွက် ကျွန်တော်စိတ်မကောင်းပါဘူး။ ဒီ့အတွက် ကျွန်တော်မမှားဘူးဆိုတာ ကျွန်တော်ယုံကြည်ပေမယ့် ကိုယ့်ထက် အသက်အရွယ်၊ သမ္ဘာ၊ ၀ါကြီးတဲ့ နောင်တော်စာရေးဆရာ တစ်ယောက်အပေါ် ညီငယ်စာရေးဆရာတစ်ယောက်အနေနဲ့ မုန်းစကိုတိုစေ၊ ချစ်စကိုရှည်စေဆိုသလို ခွင့်လွှတ်ပေးပါကြောင်း စိတ်ရင်းအမှန်နဲ့ ၀ါကျွတ်ဂါရ၀ပြု တောင်းပန်စကားဆိုရင်း ကျွန်တော့်ပြန်ကြားစာကို အဆုံးသတ်လိုက်ပါရစေ။

လေးစားစွာဖြင့်
မျိုးကိုမျိုး

တစ်ခါတုန်းက တက္ကသိုလ်မှာနဲ့ပတ်သက်လို့ မျိုးကိုမျိုးနဲ့ တွေ့ဆုံခန်းနဲ့ ဆရာနွမ်ဂျာသိုင်းရဲ့ အိတ်ဖွင့်ပေးစာကို ဒီပို့စ်မှာ ဖတ်ပါ။

အင်္ဂလိပ်စကားပြောတတ်ချင်သူများအတွက် - လူထုစိန်ဝင်း


"ကျွန်တော့်သမီးက အင်္ဂလိပ်စာအဓိကနဲ့ ဘွဲ့တော့ရပြီးပါပြီ။ ဒါပေမယ့် စကားလည်းမပြောနိုင်၊ သတင်းစာတွေ၊ မဂ္ဂဇင်းတွေလည်း မဖတ်နိုင်ပါဘူး။ သံရုံးတွေကဖွင့်တဲ့ သင်တန်းတွေလည်း တက်နေတာပဲ။ ဒါပေမယ့် ထင်သလောက် တိုးတက်မလာဘူး။ အဲဒါဘာဖြစ်လို့လဲ"

အနှစ် ၂၀ လုံးလုံး စကားပြောသင်တန်းဆရာလုပ်လာတဲ့ ကာလတစ်လျှောက်မှာ ဒီစကားမျိုး နေ့တိုင်းကြားခဲ့ရပါတယ်။ သင်တန်းလာတက်ကြတဲ့လူ အားလုံးလိုလိုလည်း ဒီအတိုင်းပါပဲ။ အင်္ဂလိပ်စာသင်တဲ့ ဆရာမတော့ လုပ်နေပါရဲ့၊ အင်္ဂလိပ်စကားလည်းမပြောတတ်၊ အင်္ဂလိပ်စာအုပ်တွေလည်း မဖတ်တတ်ပါဘူး။ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေတော့ ဖြစ်လာပါရဲ့။ နိုင်ငံခြားသားတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါကျတော့ ပြောတတ်ဖို့ဆိုတာထား၊ သူပြောတာကိုတောင်မှ သေသေချာချာ နားလည်သဘောပေါက်နိုင်စွမ်း မရှိကြပါဘူး။

မကြိုးစားကြလို့လားဆိုတော့လည်း မဟုတ်ပါဘူး။ ဒီခေတ်ကလေးတွေလောက် တပင်တပန်း ကြိုးစားအားထုတ်ကြတာမျိုးတွေတောင် မတွေ့ဖူးပါဘူး။ ကိုယ့်ခေတ်၊ သူတို့မိဘတွေခေတ်တုန်းက သူတို့လိုသင်တန်းတကာ၊ ကျူရှင်တကာ လည်တက်နေရတာမျိုး မရှိခဲ့ပါဘူး။ သူတို့ခမျာတွေကျတော့ တစ်နေ့တစ်နေ့ ကျူရှင်တွေနဲ့သာ အချိန်ကုန်နေကြရရှာတာပါ။ အိမ်ဆိုတာ အိပ်ဖို့နေရာလေးတစ်ခုလောက်သာ သူတို့အတွက် အဓိပ္ပါယ်ရှိပါတော့တယ်။ စားတာလည်း ကျူရှင်တစ်ခုနဲ့တစ်ခုကြား အားတဲ့အချိန်တိုလေးမှာ ထမင်းဘူးဖွင့်ပြီး ၀မ်းဗိုက်ပြည့်ပြီးရော ဆိုတဲ့သဘောနဲ့ ကတိုက်ကရိုက် စားကြရရှာတာပါ။ မြန်မာကလေးတွေရဲ့ ပင်ကို ဉာဏ်ရည်ဉာဏ်သွေးကလည်း မညံ့ပါဘူး။ ထုံထုံထိုင်းထိုင်းအစားထဲက မဟုတ်ကြပါဘူး။ ဒါတောင်မှ ဘာဖြစ်လို့ ဒီခေတ်ကလေးတွေ အင်္ဂလိပ်ဘာသာစကား အပြောအဆို၊ အရေးအဖတ်မှာ မစွမ်းကြတာလည်းဆိုတာကို လေ့လာသုံးသပ်ကြည့်ဖို့ ကောင်းပါတယ်။

နှစ်ပေါင်း ၂၀ ကျော် အင်္ဂလိပ်စကားပြောသင်တန်းလေးဖွင့်ပြီး သင်ကြားလာတဲ့အတွေ့အကြုံအရ သုံးသပ်ကြည့်မိတာကတော့ သူတို့သင်ယူပုံသင်ယူနည်း မှားနေတယ်လို့ထင်ပါတယ်။ ဒီနေ့ ကလေးတွေက ဆရာနဲ့ကျူရှင်ကို သိပ်အားထားလွန်းပါတယ်။ ကိုယ်တိုင်အားထုတ်လုပ်ကိုင်မှုအပိုင်းက အားနည်းပါတယ်။ ကျောင်းနဲ့ကျူရှင်တွေမှာသာ အချိန်ကုန်နေလေတော့ ကိုယ်တိုင်အားထုတ်လုပ်ကိုင်ဖို့ အချိန်ရယ်လို့ သိပ်များများစားစား မကျန်တော့ပါဘူး။

ပညာတစ်ရပ်ကို တတ်မြောက်ကျွမ်းကျင်ဖို့ရာမှာ ဆရာသင်တာနဲ့တင် မပြီးပါဘူး။ ကိုယ်တိုင်အလေ့အကျင့်လုပ်ဖို့ လိုပါတယ်။ စက်ချုပ်တာ၊ ဆံပင်ညှပ်တာလို ကိစ္စမျိုးတောင် များများလေ့ကျင့်မှ လက်ရာကောင်းလာတာမျိုး မဟုတ်လား။ ကိုယ့်သင်တန်းမှာ ဆယ်တန်းအဆင့်ကို အနိမ့်ဆုံးထားပြီး လက်ခံတာကြောင့် မြန်မာပြည်က ဆယ်တန်းအဆင့်ကလေးများဟာ အလုပ်ခွင်မှာ အသုံးချရုံလောက် အင်္ဂလိပ်စာအခြေခံကိုတော့ လုံလောက်အောင် သင်ယူခဲ့ကြပြီးဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ လုပ်ငန်းခွင်အသုံးချရုံသက်သက်ဆိုရင် သူတို့သင်ယူခဲ့ရတဲ့ သဒ္ဒါအခြေခံနဲ့တင် လုံလောက်ပါတယ်။ ထပ်ပြီး အချိန်ဖြုန်းသင်ယူနေဖို့ မလိုတော့ပါဘူး။ ဆယ်တန်းသင် သဒ္ဒါလောက်နဲ့ နေ့စဉ်ထုတ် သတင်းစာတို့၊ မဂ္ဂဇင်းတို့ ဖတ်လို့ရပါတယ်။

မပြောတတ်ဘူး၊ မရေးတတ်ဘူး၊ မဖတ်တတ်ဘူးလို့ ညည်းတွားနေသူတွေကို ဘယ်လောက်များများ ပြောခဲ့၊ ရေးခဲ့၊ ဖတ်ခဲ့ဖူးလဲလို့ မေးခွန်းထုတ်ကြည့်ပါ။ တကယ်တမ်းကျတော့ ဘယ်သူမှ ပြောဖို့၊ ဖတ်ဖို့၊ ရေးဖို့ အလေ့အကျင့် လုံလုံလောက်လောက် မလုပ်ကြဘူးဆိုတာ တွေ့ရပါလိမ့်မယ်။ မပြောဘဲနဲ့ ဘယ်လိုလုပ်ပြောတတ်မှာလဲ။ မရေး၊ မဖတ်ဘဲနဲ့လည်း ဘယ်လိုလုပ် ရေးတတ်၊ ဖတ်တတ်မှာလဲ။

တကယ်က ဆယ်တန်းအခြေခံလောက်ရှိထားပြီးဆိုရင် စာဖတ်တတ်အောင်၊ ရေးတတ်အောင် ကျူရှင်ထပ်တက်ဖို့ မလိုပါဘူး။ ကိုယ့်ဘာသာ အိမ်မှာနေရင်း အဖတ်ကျင့်၊ အရေးကျင့်နေရင် ရပါတယ်။ ကိုယ်နားလည်နိုင်တဲ့ အရေးအသားမျိုးနဲ့ ရေးထားတဲ့ ကျောင်းသားဖတ် ပုံပြင်စာအုပ်တွေ၊ ၀တ္ထုစာအုပ်တွေ အများကြီးရှိပါတယ်။ သံရုံးစာကြည့်တိုက်တွေမှာ စာလုံးရေ ၁၅၀၀၊ ၂၀၀၀ လောက်နဲ့ ရေးထားတဲ့ စာအုပ်မျိုးကစပြီး စာလုံးရေး သုံးလေးငါးထောင်အထိ အဆင့်လိုက် ရေးထားတဲ့စာအုပ်တွေ အများကြီးရှိပါတယ်။ ဂန္ထ၀င်စာကြီးပေကြီးတွေကို ကျောင်းသားလေးတွေ ဖတ်နိုင်အောင် သူတို့အရွယ်အသီးသီးနဲ့ ကိုက်တဲ့ဝေါဟာရလောက်နဲ့ ရေးသားပေးထားကြပါတယ်။ ဒီစာအုပ်မျိုးတွေ ဖတ်သားရပြီးပြီဆိုရင် မူရင်းဝတ္ထုစာအုပ်ကြီးတွေ ဖတ်တဲ့အခါ သိပ်အခက်အခဲ မဖြစ်တော့ဘူးပေါ့။ ဇာတ်လမ်းသဘောက နားလည်ပြီးသားဆိုတော့ အင်္ဂလိပ်စာအရေးအသားနဲ့ စကားလုံးဝေါဟာရတွေကို စဉ်းစားဖို့ လွယ်ကူသွားပြီဖြစ်ပါတယ်။ အဲဒါကြောင့် သင်တန်းသားများကို စာဖတ်နိုင်သလောက် များများကြီးဖတ်ပေးကြဖို့ အမြဲအကြံပေးပါတယ်။ အင်္ဂလိပ်စာကိုဖတ်ပြီး အသေအချာနားလည်ပြီဆိုရင် ပြန်ရေးဖို့မခက်လှတော့ပါဘူး။

စာရေးလေ့ကျင့်ဖို့လည်း 'How to write' စာအုပ်မျိုးတွေဖတ်ပြီး ကျက်မှတ်နေဖို့မလိုပါဘူး။ ကိုယ်တစ်နေ့တာ လုပ်ခဲ့သမျှတွေကို အင်္ဂလိပ်လို ဒိုင်ယာရီရေးတဲ့အကျင့်လေး လုပ်ထားရင် ပြီးတာပါပဲ။ စာကို အင်္ဂလိပ်လို စရေးခါစမှာတော့ ကိုယ်ပြောချင်တာကိုလိုက်ရေးဖို့ အခက်တွေ့မှာပါ။ ဒါပေမယ့် မရှက်မကြောက် ကိုယ်ရေးတတ်သလိုသာ ဆက်ပြီးရေးဖြစ်အောင် ရေးပါ။ ဒိုင်ယာရီဆိုတာ တခြားသူဖတ်တာမှ မဟုတ်တာပဲ။ ကိုယ့်ဘာသာဖတ်တာဆိုတော့ မှားလည်း ရှက်စရာမရှိဘူးမဟုတ်လား။ တစ်လကိုးသီတင်း နေ့စဉ်မပျက်ရေးပြီးပြီဆိုရင် ရေးစက အခက်အခဲ ဖြစ်နေတာလေးတွေကို အခုအခါ အလွယ်တကူနဲ့ ရေးချနိုင်တာကို တွေ့ရပါလိမ့်မယ်။ ဒိုင်ယာရီရေးလို့ အတော်လေးသွက်လာပြီဆိုရင် အက်ဆေးလေးတွေ ရေးကြည့်ပါ။ မကြောက်ပါနဲ့။ အင်္ဂလိပ်စကားပြောတဲ့ အင်္ဂလိပ်လူမျိုး၊ အမေရိကန်လူမျိုးတွေထဲမှာလည်း ကိုယ့်လောက်တောင် အင်္ဂလိပ်စာ မဖတ်တတ်၊ မရေးတတ်သူတွေ ရှိနေပါလားဆိုတာကို အမြဲခေါင်းထဲမှာ ထည့်ထားပါ။ ဒီနေ့ကမ္ဘာမှာ ထိပ်တန်းရောက်နေတဲ့ ဂျပန်လူမျိုးအများစုဟာ မြန်မာတွေလောက် အင်္ဂလိပ်စကား၊ အင်္ဂလိပ်စာမတတ်ကြပါဘူး။ မပြောတတ်ဘူး၊ မပြောတတ်ဘူးဆိုတဲ့ မြန်မာတွေ နိုင်ငံခြားရောက်သွားတဲ့အခါမျိုးမှာ ကိုယ်လိုချင်တာ၊ လုပ်ချင်တာကို တစ်ဖက်သား နားလည်အောင်လောက်တော့ ပြောတတ်ပါတယ်။ ဂျပန်တွေ မပြောတတ်ဘူးဆိုရင် တကယ်ကို ဘာဆိုဘာမှ မပြောတတ်တာပါ။ အဲဒီလိုမပြောတတ်ပေမယ့် ဂျပန်တွေကို လူတကာက တလေးတစား ဆက်ဆံနေကြရတယ် မဟုတ်လား။

အရေးအဖတ်တတ်ဖို့ ကျူရှင်တက်စရာမလိုပါဘူး။ ကိုယ့်ဘာသာ များများဖတ်ကျင့်၊ ရေးကျင့်လုပ်ရင် ရပါတယ်။ အင်္ဂလိပ်စကားပြောဖို့ကျတော့ အဖော်များများလိုပါတယ်။ တစ်ယောက်တည်း စာအုပ်ဖတ်ပြီး အလွတ်ကျက်ရုံနဲ့ မပြောတတ်ပါဘူး။ သိပ်တတ်ချင်လွန်းလို့ တစ်ယောက်တည်း ဆရာကို အိမ်ခေါ်သင်လည်း မပြောတတ်ပါဘူး။ စာအုပ်ထဲမှာပါတဲ့ အပြန်အလှန် စကားပြောခန်းတွေကြည့်ပြီး ဆရာတစ်လှည့်၊ ကိုယ့်တစ်လှည့် ပြောနေရုံနဲ့ မရပါဘူး။ အဲဒီလိုလုပ်လို့ ပြောနည်းကိုသာ သိနိုင်ပါတယ်။ အသံထွက်မှန်အောင်သာ ဆရာက ပြင်ပေးနိုင်ပါတယ်။ ရောက်တတ်ရာရာ အကြောင်းအရာတွေကို နှုတ်သွက်အာသွက် ပြောထွက်လာအောင်တော့ ဆရာက မတတ်နိုင်ပါဘူး။ ဒီလိုဖြစ်ဖို့ ပြောဖက်အဖော်များများရှိဖို့ လိုပါတယ်။ အဖော်များတော့ တစ်ယောက်တစ်ပေါက်နဲ့ ရောက်တတ်ရာရာတွေ ပြောဖြစ်ကြပါတယ်။ အားလုံးက မတတ်သေးလို့ တတ်အောင်လေ့ကျင့်နေကြသူချည်းဆိုတော့ ရှက်ရွံ့နေစရာလည်း မလိုဘူးလေ။ ကိုယ့်ထက်အားနည်းသူက သူပြောချင်တာ မပြောတတ်လို့၊ ဝေါဟာရမသိလို့မေးရင် ကိုယ်က ရှင်းပြပေးနိုင်သလို ကိုယ့်ထက်အားကောင်းသူနဲ့တွေ့တော့လည်း ကိုယ်ကမေးနိုင်တာပေါ့။ မေးတာပဲဖြစ်ဖြစ်၊ ဖြေတာပဲဖြစ်ဖြစ် ကိုယ့်ပါးစပ်ကစကားတွေ ပြောနေရတယ်မဟုတ်လား။ တစ်ခုတော့ရှိပါတယ်။ စကားဝိုင်းမှာ မြန်မာလို လုံးဝမပြောရဆိုတဲ့စည်းကမ်းတော့ ချထားဖို့လိုပါတယ်။ အင်္ဂလိပ်စကားပြောလေ့ကျင့်တယ်ဆိုပြီး မြန်မာလိုတွေ ပြောနေလို့တော့ အလကားပဲ ဖြစ်မှာပေါ့။

နှုတ်သွက်လျှာသွက်ဖြစ်ဖို့သာ အဖော်များများလိုတာပါ။ ကျန်တာတွေက ကိုယ့်ဘာသာ အလေ့အကျင့်လုပ်လို့ ရပါတယ်။ နားလေ့ကျင့်တာလည်း အိမ်မှာ ရုပ်ရှင်ကားတွေကြည့်ရင်း၊ သီချင်းတွေဖွင့်နားထောင်ရင်း လုပ်လို့ရပါတယ်။ အင်္ဂလိပ်စကားပြောအခွေတွေ ဈေးကြီးပေးဝယ်ပြီး နားထောင်ဖို့မလိုပါဘူး။ ဒီလိုအခွေတွေ နားထောင်ရတာကြာတော့ ပျင်းပြီး နားမထောင်ချင်တော့ပါဘူး။ သီချင်းခွေဆိုတော့ အကြိမ်ရာထောင် နားထောင်လည်း ငြီးငွေ့တယ်မရှိဘူးလေ။ သီချင်းဆိုလိုက်တာဟာ အသံထွက်မှန်ဖို့ လေ့ကျင့်ရာလည်း ရောက်ပါတယ်။ ပညာဆိုတာ ယူတတ်ရင် ရုပ်ရှင်ကလည်း ရပါတယ်။ သီချင်းကလည်း ရပါတယ်။ ဆေးညွှန်းစာရွက် ဖတ်ရင်းလည်း ယူလို့ရပါတယ်။ ဆယ်တန်းအခြေခံလောက် သင်ယူထားပြီးသူတစ်ယောက်ဟာ အင်္ဂလိပ်စကားကို အလုပ်ဖြစ်ရုံလောက်သာ လိုအပ်တာဖြစ်ရင် ကျူရှင်တွေ၊ ကျောင်းတွေ ထပ်တက်နေစရာမလိုပါဘူးဆိုတာ ထပ်ပြီးပြောချင်ပါတယ်။ အလုပ်ဖြစ်ရုံလောက် မဟုတ်ဘဲ၊ အင်္ဂလိပ်စကား၊ အင်္ဂလိပ်စာကို အဓိကထားပြီး လုပ်ရတဲ့အလုပ်မျိုးဆိုရင်တော့ ထပ်ပြီးသင်ယူဖို့လိုပါတယ်။ ပညာဆိုတာ ဘယ်ပညာမဆို သင်ယူလို့ ကုန်သွားတယ်မရှိပါဘူး။ အသက်ထက်ဆုံး သင်နေဖို့လိုအပ်တာချည်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သင်ယူတယ်ဆိုတာမှာ ကျူရှင်တက်မှ၊ ကျောင်းတက်မှ ဖြစ်တာမဟုတ်ပါလားဆိုတာ အမြဲသတိပြုသင့်ပါတယ်။ ဘာမဆို ကိုယ်လုပ်မှ ကိုယ်ရပါတယ်။ ကျူရှင်တွေ ဘယ်လောက်တက်တက်၊ ဆရာတွေ ဘယ်လောက်သင်သင်၊ ကိုယ်တိုင်အလေ့အကျင့် မလုပ်လို့ကတော့ ဘယ်တော့မှ ကျွမ်းကျွမ်းကျင်ကျင် ဖြစ်မလာနိုင်ဘူးဆိုတာလည်း အမြဲသတိပြုသင့်ပါတယ်။

နောက်ဆုံးနိဂုံးချုပ်ပြောလိုက်ချင်တာကတော့ အင်္ဂလိပ်စာဖတ်တတ်ချင်ရင် အင်္ဂလိပ်စာများများဖတ်။ အင်္ဂလိပ်စာ ရေးတတ်ချင်ရင် အင်္ဂလိပ်စာ များများရေး။ အင်္ဂလိပ်စကားပြောတတ်ချင်ရင် အင်္ဂလိပ်စကား များများပြော။ ဒီနည်းသုံးနည်းကလွဲပြီး တခြားနည်းလမ်းမရှိဘူးဆိုတာပဲ ဖြစ်ပါတယ်။

( မျှော်လင့်ချက်မဲ့အခြေအနေဆိုတာမရှိဘူးစာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည် )

 
Web Statistics