Tuesday, July 31, 2012

The VOICE Weekly Journal, Vol-8, No-32



ဂျာနယ်အား အပြည့်အစုံ ဖတ်လိုပါက ဤနေရာတွင် Download ပြုလုပ်နိုင်ပါသည်။ (Credit to Zaw Naing Oo)

The VOICE ဂျာနယ်အတွက် ဆုတောင်း


နိဒါန်း
ကိုယ့်အလုပ်နဲ့ကိုယ်မို့ နှစ်ရက်လောက် အင်တာနက် မသုံးဖြစ်ဘူး။ ဒီနေ့တော့ အလုပ်လေးတွေ ပါးလျသွားတာမို့ အင်တာနက်သုံးဖြစ်ပါတယ်။ ဘလော့ဂ်ကိုကြည့်၊ ဧည့်အရေအတွက်ကြည့်၊ အီးမေးလ်စစ် လုပ်တာနဲ့ နာရီဝက်လောက် ကြာသွားတယ်။ သတင်းတွေ ဖတ်မယ်ဆိုပြီး Facebook စာမျက်နှာတွေ ဖွင့်လိုက်တဲ့ အချိန်ကျတော့ ဖတ်ရတဲ့သတင်းတစ်ပုဒ်ကြောင့် ရင်ထဲမှာ အတော်ကြီးကို ဆို့သွားတယ်။ တစ်ဆက်တည်း အဲဒီသတင်းအပေါ် အောက်ကနေ ကွန်းမန့်ပေးထားသူတွေရဲ့ စာတွေကိုလည်း အစအဆုံး လိုက်ဖတ်ဖြစ်တယ်။ ပြီးတော့ ကျွန်တော့်အတွေးတွေ၊ စိတ်တွေကို လွှတ်ပေးလိုက်တယ်။ တွေးစမ်း၊ ထင်စမ်း၊ သုံးသပ်စမ်း၊ ဆန်းစစ်စမ်း။ သတင်းကို ဖတ်ရတဲ့ အခိုက်အတန့်လေးမှာ ဖြစ်နေတဲ့စိတ်နဲ့ ချက်ချင်းရေးလိုက်ရင် အမှားများမှာ စိုးတဲ့အတွက် သေသေချာချာကို စဉ်းစားသုံးသပ်ပါတယ်။ ဖြစ်သင့်တာကို အနီးစပ်ဆုံးဖြစ်အောင် စဉ်းစားတွေးခေါ်ယူပါတယ်။ ၃၆၀ မပြည့်ပေမယ့် ရနိုင်သလောက်အထိ လှည့်ပတ်တွေးခေါ်ပါတယ်။ အဲဒီနောက် အောက်ကစာတွေကို ကျွန်တော်ကိုဉာဏ် ရေးပါတယ်ခင်ဗျား။ အမြင်မတူရင်၊ သဘောမကျရင်၊ လွန်တာရှိရင် ၀န္ဒာမိပါခင်ဗျားလို့ ဦးစွာတောင်းပန်လိုက်ပါရဲ့ဗျာ။

ဖတ်ရတဲ့ သတင်း
ချမှတ်ထားတဲ့ စာပေစိစစ်ရေးမူဝါဒတွေနဲ့ မကိုက်ညီတဲ့အတွက် The VOICE Weekly ဂျာနယ်ကို ဒီအပတ်ကစပြီး ထုတ်ဝေခွင့် ရပ်ဆိုင်းထားလိုက်တယ်တဲ့။ ဘယ်နှပတ် ပိတ်ပင်တယ်၊ ဘာအကြောင်းကြောင့် ဆိုတာကိုတော့ အတိအကျ ဖော်ပြထားခြင်း မရှိဘူး။ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ ပြောတဲ့စကားကို ကိုးကားပြီးရေးထားတဲ့ သတင်းတွေ၊ အောက်မှာ ရေးထားကြတဲ့ ကွန်းမန့်တွေအရတော့ မျက်နှာဖုံးမှာ ဖော်ပြထားတဲ့ သတင်းနှစ်ပုဒ်ကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ကြတယ်။

ကျွန်တော့်ခံစားချက်
အဲဒီသတင်းကို ဖတ်ဖတ်ချင်းမှာ စိတ်ထဲမှာ ဘယ်လိုကြီး ဖြစ်သွားမိမှန်း မသိဘူး။ အပတ်စဉ် မပျက်မကွက် စောင့်ဖတ်ရတဲ့၊ ဂျာနယ်တွေထဲမှာ ဘယ်သူနဲ့မှမတူတဲ့ သူ့မူဝါဒနဲ့သူ သွားနေတဲ့၊ စာဖတ်သူအတွက် စေတနာကြီးတဲ့၊ စတဲ့ စတဲ့ The VOICE ဂျာနယ်ကို ထုတ်ဝေခွင့် ပိတ်လိုက်တယ်ဆိုတော့ ကျွန်တော်အတော်ကြီးကို ၀မ်းနည်းသွားမိတယ်။ ထို့အတူ ကွယ်လွန်သူ ဆရာ အောင်ထွဋ် ကိုလည်း သတိရမိတယ်။ ဆရာအောင်ထွဋ်သာရှိရင် ဒီလို အပိတ်ခံရရင်တောင် သူ့သဘောထား ဘယ်လိုရှိသလဲဆိုတာကို ကျွန်တော်တို့ စိတ်ဝင်စားအောင် ပြောပြဦးမှာ အသေအချာပဲလို့ တွေးမိတယ်။ သူတို့ မှားသွားခဲ့ရင်လည်း မှားသွားပါတယ်လို့ ပြောဖို့ ဆရာအောင်ထွဋ်ဆိုရင် ၀န်လေးမှာ မဟုတ်ဘူး။ အဲဒီ အယ်ဒီတာတွေလည်း တော်ကြပါတယ်၊ စေတနာ ထားကြပါတယ်။ ဒါပေမယ့် သူတို့တွေရဲ့ တုံ့ပြန်မှုတွေက သိပ်အားရစရာ မကောင်းဘူး။ ကြည့်ရတာတော့ သူတို့ကိုယ်သူတို့ ဘာကြောင့် အပိတ်ခံရတယ်ဆိုတာကို သေသေချာချာ မသိတဲ့ပုံစံမျိုးပဲ။ ကျွန်တော့်အထင်ကတော့ အပိတ်ခံရနိုင်တာ အများအပြား ရှိတဲ့အထဲက ဘယ်ဟာကို ခေါင်းတည်ပြီး ပိတ်လိုက်သလဲဆိုတာကို မသိတာဖြစ်ပါလိမ့်မယ်။ ကိုယ့်ထည့်ထားတဲ့ ဘယ်သတင်း၊ ဘယ်စာမူဟာ ဘယ်လို ငြိနိုင်တယ်ဆိုတာ ဂျာနယ်လုပ်နေသူတိုင်း မသိစရာ မရှိပါဘူး။

အများအထင်၊ အများအမြင်
သတင်းတွေ၊ ကွန်းမန့်တွေအရ အများထင်ကြတာ နှစ်ခုရှိတယ်။ ၀န်ကြီး ၅ ဦး အပြောင်းအလဲ လုပ်မယ်ဆိုတဲ့သတင်းနဲ့ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ဆွဲထားတဲ့ ကာတွန်းကို မျက်နှာဖုံးမှာ ဖော်ပြထားတဲ့ ဓာတ်ပုံကြောင့်။

ကျွန်တော့်အထင်၊ ကျွန်တော့်အမြင်
ဝန်ကြီးတွေ အပြောင်းအလဲလုပ်မယ့်သတင်းကို ထည့်တဲ့အတွက် ပိတ်တယ်လို့တော့ ကျွန်တော် မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီလို သတင်းမျိုးဟာ ဂျာနယ်သတင်းထောက်က အလကားနေရင်း ရနိုင်တာမျိုးမှ မဟုတ်ဘဲ။ ဘယ်လောက်ပဲလိုက်လိုက် အဲဒီလို သတင်းမျိုးဆိုတာ ထုတ်ပြန်ခြင်း မပြုသေးသရွေ့ ဘယ်သူမှ သိခွင့်ရတာမျိုး မဟုတ်ဘူး။ အခုလို သိခွင့်ရတယ်ဆိုရင် အဲဒါဟာ ဂျာနယ်ရဲ့ အပြစ်မဟုတ်ဘူး။ တာဝန်ရှိသူတွေရဲ့တာ မလုံတာ၊ ပေါက်တာသာဖြစ်တယ်။ အဲဒီလို သတင်းမျိုးကို ဦးဦးဖျားဖျား ပြောနိုင်တဲ့လူသာ အဝေးကြီးကလူ မဖြစ်နိုင်ဘူး။ အစိုးရနဲ့ နီးစပ်တဲ့သူ၊ သို့မဟုတ် အစိုးရအဖွဲ့ဝင်ကိုယ်တိုင်၊ သို့မဟုတ် အစိုးရအဖွဲ့ဝင်တွေရဲ့ မိသားစုတွေ၊ သို့မဟုတ် အစိုးရအဖွဲ့ ၀န်ထမ်းတွေက တစ်ဆင့်သာ သိနိုင်တာမျိုးဖြစ်တယ်။

ပြီးတော့၊ ၀န်ကြီးတွေ အပြောင်းအလဲလုပ်မယ့်သတင်းကို စိတ်ဝင်စားတာ၊ သတင်းအဖြစ် ဖော်ပြတာဟာ ကောင်းတဲ့အလုပ်လို့ မြင်တယ်။ မင်းသားနဲ့ မင်းသမီး ဘယ်မှာသွားပြီး ဘယ်လိုပလူးပလဲထတာ၊ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တက်ရင်း အားလပ်ချိန်မှာ လ္ဘက်ရည်သောက်တာ၊ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဘယ်နေရာမှာ အိမ်ငှားနေတာ စတဲ့ သတင်းတွေထက် အများကြီး တန်ဖိုးရှိတယ်လို့ ကျွန်တော်မြင်တယ်။ အထက်မှာ ကျွန်တော်ပြောခဲ့တဲ့ သတင်းတွေက ဘာအဖိုးမှ မတန်ဘူး။ အဲဒီသတင်းတွေကို သိတဲ့အတွက် ကျွန်တော်တို့အတွက် ဘာအကျိုးမှ မဖြစ်ဘူး။ ခေတ်ကာလ အချိန်အခါအရ ဈေးကွက်လိုအပ်ချက်အရ ထည့်နေတာတွေချည်းပဲ။ ရှင်းရှင်းပြောရရင် ဂျာနယ်တွေရဲ့ ရင်ထဲကမပါဘဲ စောင်ရေတက်အောင် ရိုက်စားလုပ်တဲ့ သတင်းတွေချည်းပဲ။ အခုသတင်းကတော့ မြန်မာပြည်သူပြည်သားတွေအတွက် စိတ်ဝင်စားသင့်တယ်လို့ ထင်မိတယ်။ ကိုယ့်ဝန်ကြီးတွေကို ကိုယ်စိတ်ဝင်စားတာ ဂုဏ်ယူဖို့တောင် ကောင်းသေးရဲ့။ ကိုယ်တွေရဲ့ ကိုယ်စား အလုပ်လုပ်နေတဲ့ လူတွေ ဘယ်ဝန်ကြီးဌာနကို ပြောင်းရွှေ့မလဲ၊ ဒါဆိုရင် ဘယ်လိုမူဝါဒတွေ ပြောင်းလဲသွားနိုင်သလဲ၊ စီးပွားရေးအပေါ်၊ လူမှုရေးအပေါ် ဘာတွေ ရိုက်ခတ်လာနိုင်သလဲ စသည်ဖြင့် အကျိုးတွေ အများကြီးရှိတယ်လို့ မြင်မိတယ်။ ဥပမာပြောရရင် ဥိးကျော်ဆန်းကို အခြားဝန်ကြီးဌာနတစ်ခုကို ပြောင်းရွှေ့ပြီး သူ့နေရာကို ဦးစိုးသိန်း ၀င်လာမယ်ဆိုပါတော့။ သေချာတာကတော့ စာပေစိစစ်ရေးမူတွေ၊ ပြန်ကြားရေးမူတွေ ပြောင်းလဲသွားမှာ အသေအချာဗျ။ မီဒီယာသမားတွေ၊ စာနယ်ဇင်းသမားတွေ စိတ်ဝင်စားမှာ အသေအချာပေါ့ဗျာ။ အခုလည်း အဲဒီလိုပါပဲ။ သတင်းထွက်နေတဲ့ ၀န်ကြီးတွေထဲမှာ လူတွေ စိတ်ဝင်စားနေတဲ့လူတွေ ပါနေလို့ ဖြစ်မှာပါ။ မဟုတ်ကဟုတ်က သတင်းတွေ၊ အတင်းအဖျင်းတွေကို စိတ်ဝင်စားတာထက် ကိုယ့်အစိုးရသတင်းကို စိတ်ဝင်စားတာက ပိုကောင်းတယ်လို့ ကျွန်တော်က မြင်မိကြောင်းပါ။

နောက်တစ်ခုက ကာတွန်းကိစ္စ။ အများစုကလည်း အဲဒီကာတွန်းကို ပိတ်ကွက်တစ်ခုအဖြစ် ရှုမြင်ကြတယ်။ ကျွန်တော်လည်း သေသေချာချာ စဉ်းစားကြည့်တယ်။ ဘယ်လိုမှကို ပိတ်ပင်စရာ မလိုတဲ့ ကာတွန်းလို့ မြင်မိတယ်။ ဂျာနယ်ထဲမှာပါတဲ့ သတင်းအရဆိုရင် အဲဒီကာတွန်းဟာ ဆရာရွှေဘိုရဲ့ လက်ရာဖြစ်လိမ့်မယ်။ ပြခွင့်မရတဲ့ ကာတွန်းနှစ်ကွက်ထဲက တစ်ခု ဖြစ်နေတာကိုး။ ကျန်တစ်ခုက တရားစီရင်ရေးမဏ္ဍိုင်ကို သရော်ထားတာတဲ့။ ထားပါလေ။ လိုရင်းကို ဆက်ရရင် မီဒီယာ လွတ်လပ်ခွင့် မရှိတဲ့သဘောကို ကာတွန်းမှာ ဖော်ပြထားတာနဲ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စာပေစိစစ်ရေးကို စော်ကားတယ်လို့တော့ မမှတ်ယူစေသင့်ဘူး။ ပြီးတော့ ကျွန်တော့်အမြင်အရ အဲဒီကာတွန်းရဲ့ အတွေးဟာ ဘုံအမှန်တရားတစ်ခုလို့ သတ်မှတ်တယ်။ ဥပမာပြောရရင် "အထက်လူကြီးဆိုတာ ကိုယ့်အမျိုးအတွက် မကြည့်ရဘူး၊ ကိုယ့်အမျိုးသားတွေအတွက် ကြည့်ရမယ်" ဆိုတာမျိုးပေါ့။ ကျွန်တော်ပြောချင်တာက အဲဒီလို အတွေးတွေဟာ တရုတ်လူမျိုးအတွက်လည်း တွေးခွင့်ရှိတယ်၊ မှန်လည်းမှန်တယ်၊ အမေရိကန်တွေလည်း တွေးခွင့်ရှိတယ်၊ မှန်လည်းမှန်တယ်၊ ပြင်သစ်ကာတွန်းဆရာကလည်း တွေးခွင့်ရှိတယ်၊ မှန်လည်းမှန်တယ်။ စသဖြင့်ပေါ့လေ။ ကျွန်တော်ပြောတာ အားနည်းမှုကြောင့် ဆိုလိုရင်းကို ဆ၀ါးနိုင်ခြင်းမရှိရင် ကျွန်တော်ညံ့လို့ပါ၊ ခွင့်လွှတ်ပါ။ မျက်နှာဖုံးမှာ ဖော်ပြထားတဲ့ ကာတွန်းဟာ အခြားနိုင်ငံက ကာတွန်းဆရာတွေလည်း ဆွဲနိုင်တာမျိုးပဲ။ မီဒီယာတွေဟာ လွတ်လပ်ခွင့်ဆုံးရှုံးရင် စိတ်ရှိတိုင်း မရုန်းနိုင်ဘူးဆိုတာ မြန်မာတစ်နိုင်ငံတည်းအတွက် မှန်တာမှ မဟုတ်တာဘဲ။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် မီဒီယာလွတ်လပ်ခွင့် မရှိရင် စိတ်ထင်တိုင်း မရုန်းနို်င်တာ အမှန်တရားပဲ။ ဒါက ကျွန်တော့်အတွေး။ နောက်တစ်ခုက အဲဒီကာတွန်းကို မကြိုက်ရင်တောင် ဖြေတွေး တွေးလို့ရသေးတယ်။ နေပြည်တော်က ဆင်ဖြူတော်ကြီးတွေကို ဒီအတိုင်း လွှတ်ပေးထားတာမှ မဟုတ်တာပဲ။ ခြေချင်းတွေနဲ့ ခတ်ထားတာပဲ။ ဘာကြောင့် ခတ်ထားတာလဲ။ ကျွန်တော် ဘာကိုပြောချင်သလဲဆိုတာ ဘလော့ဂ်ဖတ်သူ တွေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

သူများတွေ မထင်တဲ့ဘက်ကနေ ကျွန်တော်ထင်တာတွေက အများကြီးပဲ။ ဂျာနယ်ထဲမှာ ငြိမယ်ဆိုရင် ငြိလောက်တဲ့ သတင်းတွေ၊ သတင်းဆောင်းပါးတွေ အများကြီးမှ အများကြီးပဲ။ ဥပမာတွေ ထုတ်ပြပါ့မယ်။
  • (မြစ်သားမြို့က ပန်းလောင်မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့) စမုံရေလွှဲဆည် သဲထုတ်ရေထိန်းတံခါး လူထုဆန္ဒပြပွဲ မလုပ်မီ နှစ်ရက်အလိုတွင် ဖွင့်လှစ် ဆိုတဲ့ သတင်းခေါင်းစဉ်မျိုး (သတင်းက မှန်ပေမယ့် တပ်ထားတဲ့ခေါင်းစဉ်က အဓိပ္ပါယ်တစ်မျိုး ထွက်နေစေတယ်လေ၊ အစိုးရ၊ ၀န်ကြီးဌာနဲ့ ပြည်သူကို ရန်တိုက်ပေးသလို ဖြစ်မနေဘူးလား၊ ဒါမျိုး မရေးသင့်ဘူး၊ အခမ်းအနားတစ်ခု ဖွင့်တယ်ဆိုတာ နေ့ချင်းညချင်း ကောက်လုပ်လို့ ရတာမဟုတ်ဘူးဆိုတာ အားလုံးသိနေတာပဲ၊ လနဲ့ချီပြီး ကြိုတင်စီစဉ်ရတာမျိုးကို၊ ဆန္ဒမပြခင် ငါးရက်လောက်ကြိုတင်တာနဲ့ သွားနှိုင်းယှဉ်ပြတာမျိုးက မလုပ်သင့်ဘူးလို့ မြင်မိတယ်)၊
  • The VOICE ဂျာနယ်ကို ဘယ်ပုဒ်မနဲ့ တရားစွဲထားသလဲဆိုတာ မသိဘူးလို့ တရားလိုပြသက်သေက တရားရုံးမှာ ထွက်ဆိုတယ်ဆိုတဲ့ သတင်းမျိုး (ဘာကိုဆိုလိုတယ်ဆိုတာ လူတိုင်းသိနေတာမို့ မရှင်းပြတော့ပါဘူး)
  • ပွင့်ဖြူမြို့နယ် NLD ပါတီဝင် အသတ်ခံရ ဆိုတဲ့ သတင်းခေါင်းစဉ်မျိုး (တကယ်ဆိုရင် မှုခင်းသတင်းပဲ၊ သတင်းထည့်ချင်ရင် ဘယ်မြို့မှာ ဘယ်သူ အသတ်ခံရတယ်၊ သေသွားတဲ့လူဟာ ဘယ်ပါတီဝင်တစ်ဦး ဖြစ်တယ် စသည်ဖြင့် ထည့်ရမှာပေါ့၊ အခုတော့ ခေါင်းစဉ်မှာ ဖော်ပြထားပုံကြီးက NLD ပါတီဝင်မို့ပဲ အသတ်ခံရသလို ဖြစ်နေပါတယ်။ အဲဒါမျိုးကိုတော့ ကျွန်တော်ရှုံ့ချပါတယ်၊ ဒါဟာ ရန်တိုက်ပေးတဲ့သဘောတွေ၊ လှုံ့ဆော်ပေးတဲ့ သဘောတွေအထိ သက်ရောက်သွားစေတယ်လို့ မြင်ပါတယ်)

ထားပါတော့လေ၊ အဲဒီလိုသာ မြင်ကြကြေးဆိုရင် ဂျာနယ်တစ်ခုလုံး ဘယ်နေရာမှ လွတ်မှာ မဟုတ်ပါဘူး။ ဟိုလိုလို ဒီလိုလိုတွေချည်းပါပဲ။ အလုပ်မရှိ အလုပ်ရှာပြီး မပြောတော့ပါဘူးဗျာ။

သတင်းတွေကြောင့်၊ ဓာတ်ပုံတွေကြောင့် ဂျာနယ်ကို ရပ်နားထားတယ်ဆိုပေမယ့် အခြားသော စာကောင်းပေမွန်တွေကို စောင့်မျှော်ဖတ်ရှုနေသူတွေအတွက် တကယ့်ကို နစ်နာမှုပါပဲ။ အင်တာနက် သုံးနိုင်တဲ့လူတွေအတွက် အတိုင်းအတာ တစ်ခုအထိ ဖတ်ခွင့်ရနေသေးပေမယ့် ဂျာနယ်ကိုပဲ အားကိုးနေရတဲ့ လူတွေအတွက်တော့ တကယ့်ကို နစ်နာမှုပါပဲ။

တောင်းပန်စကား
သက်ဆိုင်ရာ တာဝန်ရှိသူများခင်ဗျား..........။
  • ဂျာနယ်ပါ သတင်းဓာတ်ပုံတွေ၊ သတင်းတွေဟာ စာပေစိစစ်ရေးမူတွေနဲ့ မကိုက်ညီခဲ့တာ ရှိချင်ရှိပါလိမ့်မယ်၊ ဒါပေမယ့် အယ်ဒီတာ့အာဘော်ကနေ သမ္မတကြီးနဲ့ မြန်မာပြည်ဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်ပြီး ပြတ်ပြတ်သားသား ရေးသားခဲ့တဲ့ မျက်နှာကို ထောက်သင့်ပါတယ်၊။
  • သတ်မှတ်စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်မိတာ ရှိကောင်းရှိပါလိမ့်မယ်၊ ဒါပေမယ့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ အခြားသူတွေရဲ့ အမုန်းခံပြီး တစ်တပ်တစ်အား ရှိသမျှ စွမ်းအားနဲ့ တွန်းကူခဲ့တဲ့ မျက်နှာကို ထောက်သင့်ပါတယ်။
  • အချို့သော အစိုးရအဖွဲ့က တာဝန်ရှိသူတွေက ဂျာနယ်အပေါ် မကျေနပ်တာတွေ၊ စိတ်တိုတာတွေ ဖြစ်ကောင်းဖြစ်ကြပါလိမ့်မယ်၊ ဒါပေမယ့် နိုင်ငံတော်ကြီးလည်း ပန်းတိုင်ရောက်၊ ပြည်သူတွေလည်း ပန်းတိုင်ရောက်စေချင်တဲ့စိတ်နဲ့ သေတဲ့အထိ နိုင်ငံ့အကျိုးတွေ ထမ်းဆောင်သွားတဲ့ ဆရာအောင်ထွဋ် ခေါ် ဒေါက်တာနေ၀င်းမောင်ရဲ့ မျက်နှာကို ထောက်ပေးသင့်ပါတယ်။
  • ဒီမိုကရေစီ ရောင်ခြည်သန်းတဲ့ကာလမှာ စာဖတ်ပရိသတ်တွေကို သိစေချင်တဲ့ စေတနာတွေကြောင့် ခွင့်မပြုတဲ့ သတင်းတွေ၊ မူဝါဒနဲ့ မကိုက်ညီတဲ့ သတင်းတွေ ထည့်ခဲ့၊ ဖော်ပြခဲ့တာ ရှိကောင်းရှိပါလိမ့်မယ်၊ ဒါပေမယ့် ပါတီဂျာနယ်မဖြစ်အောင်၊ လူပုဂ္ဂိုလ်ကြော်ငြာတဲ့ဂျာနယ် မဖြစ်အောင် ရပ်တည်ခဲ့တဲ့ မျက်နှာတွေကို ထောက်သင့်ပါတယ်။
  • အစိုးရအတွက် အမျက်ထွက်စရာ သတင်းတွေ၊ ဓာတ်ပုံတွေ ပါရှိကောင်း ပါရှိပါလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော်တို့ စာဖတ်ပရိသတ်တွေ အမြဲစောင့်ဖတ်နေရတဲ့ ဆောင်းပါးတွေ၊ အတွေးအမြင်တွေလည်း ပါနေတယ်ဆိုတဲ့ မျက်နှာလေးတော့ ထောက်သင့်ပါတယ်။

ဆုတောင်း
ဆုတောင်းတွေကို ကျွန်တော်မယုံဘူး။ ဘယ်အရာပဲဖြစ်ဖြစ် ကိုယ်လုပ်မှ ကိုယ်ရတာလို့ ခံယူတယ်။ ဘာမှမလုပ်ဘဲ အိပ်ရာထဲကနေ ဆုတောင်းနေရုံနဲ့ ဖြစ်လာတဲ့အရာ ဒီကမ္ဘာပေါ်မှာ ဘာတစ်ခုမှ မရှိဘူး။ ဒါပေမယ့် အခုအချိန်မှာ ကျွန်တော်လုပ်နိုင်တာဆိုလို့ ဆုတောင်းတာ တစ်ခုပဲရှိတယ်။ "The VOICE ဂျာနယ် အမြန်ဆုံး ပြန်လာနိုင်ပါစေ" လို့။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်၊ အင်္ဂါနေ့။
ည ၁၁ နာရီ တွင် ပြီး၏။

Monday, July 30, 2012

Breaking News (July 30)


(၁)
ပြည်ထောင်စုဝန်ကြီး (၅) ဦးအား ၀န်ကြီးဌာနပြောင်းလဲရန် သတင်းများ ထွက်ပေါ်နေကြောင်း The VOICE ဂျာနယ်၊ အတွဲ (၈)၊ အမှတ် (၃၂) တွင် သတင်းဖော်ပြထားသည်ကို ဖတ်ရှုရသည်။ ပြောင်းရွှေ့ခံရမည်ဟု သတင်းထွက်ပေါ်နေသော ပြည်ထောင်စုဝန်ကြီးများမှာ-
(က) ဦးလှထွန်း
( ခ) ဦးတင်နိုင်သိန်း
( ဂ) ဦးစိုးသိန်း
(ဃ) ဦးအောင်မင်း
( င) ဦးအေးမြင့်ကြူ တို့ ဖြစ်ကြသည်။
ထို့ပြင် လက်ရှိဖွဲ့စည်းထားသည့် ၀န်ကြီးဌာနများကိုလည်း ကျစ်ကျစ်လစ်လစ်ဖြစ်အောင် ပြန်လည်ဖွဲ့စည်းသွားမည်ဟု သတင်းများထွက်ပေါ်နေကြောင်း အဆိုပါ ဂျာနယ်၌ပင် ဖော်ပြထားသည်။

(၂)
အင်တာနက်ပေါ်တွင်လည်းကောင်း၊ ပြည်တွင်းထုတ်ဂျာနယ်များတွင်လည်းကောင်း ပျံ့နှံ့လျက်ရှိသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း ၏ တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် အင်တာဗျူးပါ စကားရပ်များအပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း 7Day News ဂျာနယ်၏ အင်တာနက်စာမျက်နှာတွင် သတင်းဖော်ပြထားပါသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး အဆိုပါစကားသာ အမှန်တကယ် ပြောဆိုခဲ့ပါက ၎င်းမှာ ဦးအောင်သိန်းလင်း၏ ပုဂ္ဂလိကမှတ်ချက် စကားသာဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ၏ သဘောထား မဟုတ်ကြောင်း ပါရှိသည်။ စစ်ဆေးတွေ့ရှိချက်အရ အဆိုပါစကားအား ဦးအောင်သိန်းလင်း အမှန်တကယ် ပြောဆိုခဲ့ပါက ပါတီစည်းကမ်းအရ အရေးယူသွားမည်ဖြစ်ကြောင်း ဖတ်ရှုရပါသည်။

(၃)
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၈ နာရီ ၅၁ မိနစ် အချိန်ခန့်တွင် ဟာခါးမြို့အနီးကို ဗဟိုပြု၍ အင်အား ရစ်(စ်)ချက်တာစကေး ၅.၈ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း Eleven Media Group ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါ ငလျင်အား ပြင်ဦးလွင်၊ မိုးကုတ်၊ ဟုမ္မလင်း၊ ကလေးဝ၊ ကလေး၊ ရွှေဘို၊ မြင်းမူ မြို့များတွင်လည်း ခံစားသိရှိခဲ့ရသည်ဟု ရေးသားဖော်ပြထားပါသည်။

(၄)
လူ့ဘောင်သစ်ပါတီနှင့် ABSDF ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ မိုးသီးဇွန် အနေဖြင့် ယခုနှစ် သြဂုတ်လကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်မည်ဖြစ်ကြောင်း The VOICE ဂျာနယ်၊ အတွဲ (၈)၊ အမှတ် (၃၂)၏ အချပ်ပိုစာမျက်နှာ (D) တွင် ရေးသားဖော်ပြထားသည့် မိုးသီးဇွန်နှင့် အင်တာဗျူးတွင် ဖော်ပြထားပါသည်။ မိုးသီးဇွန်နှင့်အတူ ကိုမူးသာ၊ ကိုထွန်းအောင်ကျော်၊ ကိုကိုလေး၊ ကိုယဉ်အေး၊ ကိုကိုအောင် တို့ ပါဝင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် မိုးသီးဇွန်၏ အဖြေစကားတွင် "မြန်မာပြည်မှာ ဒီမိုကရေစီရအောင် အဦးဆုံး ကျွန်တော်တို့ တောင်းဆိုခဲ့တယ်" ဟူ၍ လည်းကောင်း၊ "၂၄ နှစ်လုံး တစ်ရက်မှ မနားဘဲ ကျွန်တော်တို့ ကြိုးပမ်းခဲ့တဲ့ ဖြစ်စဉ်ရဲ့ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်ပါတယ်" ဟူ၍ လည်းကောင်း ဖြေကြားခဲ့သည်ကို တွေ့ရှိရပါသည်။

(၅)
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအား ကိုင်တွယ်ဖြေရှင်းရာတွင် ခွဲခြားဆက်ဆံမှုများ ရှိခဲ့ကြောင်းနှင့် ယခုအချိန်အထိ လုံခြုံရေးတပ်ဖွဲ့များ၏ ညှဉ်းပန်းနှိပ်စက်မှုများ ရှိနေကြောင်း၊ သို့ဖြစ်၍ လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန်လိုအပ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မဟာမင်းကြီး Navi Pillay က ပြောဆိုခဲ့ကြောင်း BBC, VOA အင်တာနက် စာမျက်နှာများတွင် ဖော်ပြထားသည်ကို ဖတ်ရှုရပါသည်။ ထို့ပြင် ယခု မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် မစ္စတာ ကင်တားနား၏ ခရီးစဉ်သည် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုအတွက် အစားထိုးလဲလှယ်ရန် မဟုတ်ကြောင်း ဖော်ပြပါရှိပါသည်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်၊ တနင်္ဂနွေနေ့။
နံနက် ၀၀ နာရီ ၄၀ မိနစ်တွင်ပြီး၏။

Saturday, July 28, 2012

The VOICE Weekly ဂျာနယ်ပါ အယ်ဒီတာ့အာဘော်ကို အထူးကြိုဆို


နက်ဖြန်တွင် ဖြန်ချိမည့် The VOICE Weekly, Vol.8, No.32 ၏ အယ်ဒီတာ့အာဘော်ကို The VOICE Weekly Facebook စာမျက်နှာတွင် ဖော်ပြထားသည်ကို ဖတ်လိုက်ရသည်။ လွန်ခဲ့သော ရက်အနည်းငယ်က စိတ်ထဲတွင် အမှတ်ထင်ထင် ရှိနေပြီး၊ မကျေမနပ် ဖြစ်ခဲ့ရသော အကြောင်းအရာတစ်ခုနှင့် ပတ်သက်နေခဲ့သဖြင့် အယ်ဒီတာ့အာဘော် တစ်ခုလုံးကို စိတ်ပါလက်ပါ ဖတ်ရှုနေခဲ့မိသည်။ တစ်ခုလုံး ဖတ်ရှုပြီးစီးမှသာလျှင် သက်ပြင်းချပြီး ပြုံးသွားနိုင်ခဲ့သည်။ အပတ်စဉ် စောင့်မျှော် ဖတ်ရှုနေရသည့် အယ်ဒီတာ့အာဘော် ပီသပါပေသည်ဟုလည်း ချီးကျူးမိပါသည်။ ဆရာအောင်ထွဋ်၏ ရေးသားချက်များကဲ့သို့ပင် ယခုအချိန်အထိ ပြောင်မြောက်နေသည်ကို ဖတ်ရှုပြီး ဆရာအောင်ထွဋ်များ အပတ်စဉ် အိပ်မက်ပေးပြီး ရေးခိုင်းနေသလားဟုပင် ထင်မိပါသည်။

ပြောင်မြောက်လှပါပေသည်ဟု ဆိုရမည် ထင်ပါသည်။ ဘန်ကောက်ပို့စ်၏ ရေးသားချက်အပေါ် လက်ရှိအချိန်အထိ တုံ့ပြန်မှုများတွင် အကောင်းဆုံးစာဟု ဆိုချင်ပါသည်။ ကျွန်တော်တစ်သက်လုံး လက်ခံယုံကြည်လာခဲ့သည့် ဓားသွားထက် ကလောင်သွားထက်တယ် ဆိုသည့်အချက်ကို ပိုမိုယုံကြည်စေရန် တွန်းအားတစ်ရပ်ဟုလည်း မှတ်ထင်မိပါသည်။

ထိုင်းတို့အနေဖြင့် မြန်မာတို့ကို သိသာစွာတစ်မျိုး၊ မသိမသာတစ်ဖုံ မလိုတမာစိတ်ဖြင့် အငြိုးကြီးကြီး တိုက်ခိုက်နေသည်များကို အားလုံးအသိ ဖြစ်ပါသည်။ ယခုလည်း The VOICE က ထောက်ပြထားသကဲ့သို့ပင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိသွားမည်ကို ထိုင်းတို့အနေဖြင့် ကြည်ဖြူလိုလားခြင်း မရှိသည်မှာ မျက်ဝါးထင်ထင် ဖြစ်ပါသည်။

ကျွန်တော့်တစ်ဦးတည်း၏ ပုဂ္ဂလအမြင်ကို ပြောရမည်ဆိုလျှင် ထိုင်းနိုင်ငံသည် မြန်မာတို့အတွက် အိမ်နီးချင်းကောင်း မဟုတ်သည်မှာ သေချာပါသည်။ နယ်စပ်ဒေသတွင် ဒုက္ခသည်စခန်းများ အမည်ခံပြီး သောင်းကျန်းသူများကို လက်ခံမွေးမြူခြင်း၊ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးကို ၀င်ရောက်စီးနင်း တိုက်ခိုက်ခံရသည်အထိ အဖြစ်ခံခဲ့ခြင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ သောင်ရင်းမြစ်ကို ရေလမ်းကြောင်းပြောင်းအောင် လုပ်ဆောင်ပြီး မြန်မာ့မြေများကို အပိုင်သိမ်းလိုနေခြင်း၊ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအပေါ် လုံခြုံမှု အပြည့်အ၀ မပေးဘဲ ထိုင်းလုပ်ငန်းရှင်များနှင့် ပြဿနာ ဖြစ်ပွားပါကလည်း ထိုင်းလုပ်ငန်းရှင်များဘက်မှ အမြဲတစေ ကာကွယ်ပေးခြင်း စသည့် စသည့်လုပ်ရပ်များအတွက် ကျွန်တော့်အနေဖြင့် မနှစ်မြို့ရခြင်း ဖြစ်ပါသည်။

The VOICE Weekly ၏ အယ်ဒီတာ့အာဘော်ကို ဖတ်ပြီးသည့်အချိန်တွင် ဆရာမကြီး ဒေါက်တာမတင်ဝင်း ကို သတိရမိပါသည်။ တစ်ချိန်ဆီ မြန်မာ-ထိုင်း နယ်စပ်ပြဿနာများ ပေါ်ပေါက်ခဲ့စဉ်က ကလောင်သွားထက်ထက်ဖြင့် ဒေါက်တာ မတင်ဝင်း ရေးသားတင်ပြခဲ့သည့် ထိုင်းတို့၏ ငယ်ကျိုးငယ်နာများကို ပြန်သတိရမိပါသည်။ ထိုင်းတို့အနေဖြင့် အနာပေါ်တုတ်ကျ၊ တီကောင်ဆားတို့၊ ငါးရံ့ပြာလူး ဖြစ်ခဲ့ရသည်များကို ပြန်တွေးမိပြီး ပြုံးမိပါသည်။ ကျွန်တော်တို့နိုင်ငံတွင် ဤကဲ့သို့သော ကလောင်ရှင်များ ရှိနေသည့်အတွက်လည်း ဂုဏ်ယူရပါသည်၊ ၀မ်းမြောက်ရပါသည်၊ ပီတိဖြစ်ရပါသည်၊ အားရှိရပါသည်။

ကျွန်တော်သာ အမှတ်မမှားလျှင် The VOICE တွင် ကျွန်တော်ဖတ်ဖူးသမျှ အယ်ဒီတာ့အာဘော်များတွင် ယခု အယ်ဒီတာ့အာဘော်သည် အရှည်လျားဆုံး ဖြစ်ပါလိမ့်မည်။ ကွယ်လွန်သူ ဆရာအောင်ထွဋ်သည်လည်း ယခုကဲ့သို့ အယ်ဒီတာ့အာဘော်ကို ရှည်လျားစွာ ရေးလေ့ရေးထ မရှိခဲ့ဟု ထင်ပါသည်။ ဆောင်းပါးများကိုသာ ခပ်ရှည်ရှည် ရေးလေ့ရှိသည်ကို သတိပြုမိပါသည်။ The VOICE အနေဖြင့် စာဖတ်သူများအတွက် ပိုမိုသတိထားမိစေရန်၊ လေးနက်စေရန်၊ ဘန်ကောက်ပို့စ်၏ အယ်ဒီတာ့အာဘော်ကို တန်ပြန်ထိုးနှက်ရန်အတွက် ယခုကဲ့သို့ အယ်ဒီတာ့အာဘော်တွင် ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်ဟု ကျွန်တော်ယူဆပါသည်။

မြင်းထိန်းက ယောအတွင်းဝန် ဦးဘိုးလှိုင်ကို ချီးကျူးသကဲ့သို့ ဖြစ်နေလျှင်လည်း ဖြစ်ပါစေတော့။ ကျွန်တော့်အနေဖြင့် The VOICE Weekly ၏ စာဖတ်ပရိသတ် တစ်ဦးပီပီ အယ်ဒီတာ့အာဘော်ကို အထူးပင် ကြိုက်နှစ်သက်မိပါကြောင်းနှင့် အထူးပင် ကြိုဆိုရပါကြောင်း မှတ်တမ်းတင် ချီးကျူးဂုဏ်ပြု ရေးသားအပ်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်၊ သောကြာနေ့။
ည ၁၁ နာရီ ၂၃ မိနစ်။

Friday, July 27, 2012

မြန်မာနိုင်ငံအပေါ် ဘန်ကောက်ပို့စ်သတင်းစာ၏ ရေးသားချက်ကို အထူးဆန့်ကျင်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်အခြေစိုက် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ဘန်ကောက်ပို့စ် သတင်းစာတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်တို့အပေါ် ပြင်းထန်စွာ စွပ်စွဲတိုက်ခိုက်သည့် အယ်ဒီတာ့အာဘော်တစ်ရပ်ကို ပြီးခဲ့သော ဇူလိုင်လ ၂ဝရက်နေ့က ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါ အယ်ဒီတာ့အာဘော်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကြောင့် အာရှ၏ ထွန်းသစ်စနိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံ အသီးသီးက ရှုမြင်သုံးသပ် ခန့်မှန်းကြသည့်အပေါ် စိုးရိမ်သောကကြီးနေသော ထိုင်းနိုင်ငံအစိုးရအဖွဲ့ရှိ လူပုဂ္ဂိုလ်၊ နိုင်ငံသားအချို့၊ မြန်မာ့အရေးဆိုင်ရာ စီမံကိန်း၊ စီမံချက်အချို့အတွက် သန်းနှင့်ချီသော ဘဏ္ဍာငွေများ ကိုင်တွယ်သုံးစွဲနေသော ဘန်ကောက်အခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်းအချို့ကိုယ်စား ရေးသားပေးသော စွပ်စွဲ ပုတ်ခတ်ချက်တစ်ရပ် ဖြစ်ဖွယ်ရှိပါသည်။

သမ္မတကြီးဦးသိန်းစိန်၏ ယခုထိုင်းနိုင်ငံခရီးစဉ်မတိုင်မီ နှစ်ကြိမ်ရွှေ့ဆိုင်းခဲ့ခြင်းနှင့် ပတ်သက်၍ ဘန်ကောက်ပို့စ် သတင်းစာ၏ ရေးသားချက်မှာ များစွာ တစ်ဖက်သတ် ဆန်နေသည့်အပြင် နှစ်ပေါင်းများစွာ ဆန့်ကျင်ဘက်အသွင် ဆောင်ခဲ့သည့် လူပုဂ္ဂိုလ်နှစ်ဦး လက်တွဲအကောင်အထည်ဖော်နေသော ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ထိခိုက်စေပါသည်။ ဤနေရာတွင် သမ္မတခရီးစဉ် ဖျက်သိမ်းခဲ့မှုနှင့် ပတ်သက်၍ အမှန်စင်စစ် ဦးသိန်းစိန်၏ ခရီးစဉ်နှောင့်နှေးမှုတွင် အကြောင်းအရင်း ရှိသည်။ တရားဝင် ခေါင်းဆောင်မဟုတ်သော လူကြိုက်များ အတိုက်အခံ ခေါင်းဆောင်ကို နွေးထွေးစွာ ကြိုဆိုခဲ့ခြင်းသည် အကြောင်းအရင်း ဖြစ်လိမ့်မည်ဆိုသည့် ထိထိမိမိ မှန်းဆမှု ရှိနေသောကြောင့်ပင် ဖြစ်သည်ဟု ဘန်ကောက်ပို့စ်၏ ရေးသားထားခြင်းသည် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးထားပြီး တစ်စုံတစ်ရာ နားလည်မှုရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးတို့အကြား နားလည်မှု လွဲမှားစေနိုင်သော အရေးအသား ဖြစ်နေသည်ကို ဒေသတွင်း အတိုင်းအတာတစ်ခုအထိ သိက္ခာရှိရှိ ရပ်တည်လာခဲ့သော ဘန်ကောက်ပို့စ်သတင်းစာ ကောင်းစွာ သတိပြုနိုင်ပါလိမ့်မည်။

ထိုင်းနိုင်ငံသည် ဒေသတွင်းရှိ မတည်မငြိမ်ဖြစ်နေခဲ့သော နိုင်ငံများ၏ အားနည်းချက်ကို အခွင့်ကောင်းယူကာ ၎င်းအတွက် အားသာချက် အသွင်ပြောင်းယူပြီး စီးပွားလမ်းဖြောင့်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများက သက်သေပြလျက် ရှိပါသည်။ ဗီယက်နမ်စစ်ပွဲ၊ ကိုရီးယားစစ်ပွဲ၊ ကမ္ဘောဒီးယား ပြည်တွင်းစစ်၊ မြန်မာနိုင်ငံအတွင်းရှိ ရာစုနှစ်ဝက်ကျော်ကြာ ပြည်တွင်းစစ်၊ အာဏာရှင်စနစ်တို့၏ အားနည်းချက်တို့က ယနေ့ ထိုင်းနိုင်ငံ၏ လက်ရှိအခြေအနေ ရောက်ရှိစေရန် ပံ့ပိုးပေးခဲ့သော အကြောင်းတရားများလည်း ဖြစ်နေပါသည်။

ဒေသတွင်း မဟာဗျူဟာအချက်အချာနေရာတွင် ရှိနေသော မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ပြောင်းလာပြီး ဖွံ့ဖြိုးတိုးတက်လာပါက ယခင်မြန်မာနိုင်ငံ၏ အခြေအနေဆိုးများကို အခွင့်အလမ်းတစ်ခုအဖြစ် အသုံးချကာ စီးပွားလမ်းဖြောင့်ခဲ့သော ထိုင်းနိုင်ငံ၏ အကျိုးစီးပွားများ ယုတ်လျော့သွားမည်ကို အထူးစိုးရိမ်နေဟန် ရှိပါသည်။ အထူးသဖြင့် ကုန်ခဲ့သည့် နှစ်ပေါင်း ၂၀ ခန့်အတွင်း မြန်မာနိုင်ငံ၏ ဆိုးရွားခဲ့သော လူသားအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်တွင်းစစ်၊ နိုင်ငံရေး သောင်မတင် ရေမကျမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများကို အကြောင်းပြု၍ အနောက်ကမ္ဘာ၏ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူသားချင်း စာနာထောက်ထားသော အကူအညီပေးရေး လုပ်ငန်းများ၊ ပြည်ပရောက် မြန်မာအဖွဲ့အစည်းများ၊ အမေရိကန်ပြည်ထောင်စု၊ နော်ဝေနိုင်ငံအစိုးရ အပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့၊ နိုင်ငံတကာ အဖွဲ့အစည်းအချို့၏ ဘဏ္ဍာငွေအထောက်အပံ့ဖြင့် တည်ထောင်ထားသည့် ပြည်ပရောက် မြန်မာမီဒီယာများ၊ ပြည်တွင်း၊ ပြည်ပရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများ စသည့် အဖွဲ့အစည်း အမျိုးမျိုးတို့ လုပ်ငန်းလည်ပတ်ရန်အတွက် ထိုင်းနိုင်ငံတွင် အခြေစိုက်ရုံးခွဲများ ဖွင့်လှစ်ခွင့် ရရှိခဲ့ပါသည်။ ထိုရုံးခွဲများ၏ လည်ပတ်သုံးစွဲငွေ အားလုံးနှင့် မြန်မာနိုင်ငံအတွက် သုံးစွဲသော ငွေကြေးအားလုံးသည် ထိုင်းနိုင်ငံရှိ ဘဏ်များမှတစ်ဆင့် ထိုင်းဈေးကွက်နှင့် မြန်မာနိုင်ငံအတွင်းသို့ စီးဝင်နေခြင်း ဖြစ်ပါသည်။

အခြေအနေ အရပ်ရပ်ကြောင့် ထိုင်းနိုင်ငံအတွင်း တရားဝင်နှင့် တရားမဝင် လာရောက် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများ၏ လုပ်အားခ နည်းပါးမှု၊ ဖိနှိပ်ချင်သလောက် ဖိနှိပ်ခွင့် ရရှိမှုတို့ကြောင့် လူမှုရေးပြဿနာအချို့ ရှိလင့်ကစား ထိုင်းနိုင်ငံရှိ ရေလုပ်ငန်း၊ စက်ရုံအလုပ်ရုံများ ကုန်ကျစရိတ် နည်းနည်းဖြင့် အကျိုးအမြတ်များစွာ ရရှိနေခြင်းကလည်း အားသာချက်တစ်ရပ် ဖြစ်နေပါသည်။

ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းများသည် ရိုဟင်ဂျာတို့၏ အခက်အခဲကို ကောင်းစွာ သိရှိနေသူများဖြစ်ကြောင်း၊ ဇာတိမှ ထွက်ခွာလာကြသော ရိုဟင်ဂျာများသည် အခြားတစ်နေရာသို့ ဆက်လက်သွားရောက်ရန်အတွက် ထိုင်းနိုင်ငံ၌ ခရီးတစ်ထောက် နားကြသော်လည်း မြန်မာနိုင်ငံမှ မြစ်ဖျားခံလာသော ပြဿနာအရှုပ်ထုပ်ကို ထိုင်းအာဏာပိုင်များကလည်း လက်ခံကြိုဆိုခြင်း မပြုကြောင်း ဘန်ကောက်ပို့စ်၏ ရေးသားချက်သည် ရိုဟင်ဂျာများ၏ သမိုင်းကြောင်း၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ သမိုင်းကြောင်း၊ ရခိုင်ပြည်နယ်၏ သမိုင်းကြောင်းတို့ကို သေချာစွာမသိဘဲ အနှစ် ၂၀ ခန့် စီမံခန့်ခွဲမှု အလွဲများဖြင့် ဒီမိုကရေစီနည်းမကျစွာ အုပ်ချုပ်ခဲ့သော အမှားများအား လက်ညှိုးထိုးပြီး ရိုဟင်ဂျာ ခေါင်းစဉ်တပ်ကာ ရန်ပုံငွေများစွာဖြင့် အနှစ် ၂ဝခန့် စည်းရုံးလှုံ့ဆော် ဝါဒဖြန့်ချိနေသူများ၏ အနောက်မီဒီယာများမှတစ်ဆင့် ထွက်ပေါ်လာသော အသံကို ပဲ့တင်ထပ်ပေးသည့်သဘော သက်ရောက်နေပါသည်။ အထူးသဖြင့် အတိတ်က အာဏာရှင် အုပ်ချုပ်ရေးယန္တရားတွင် ကိုယ်တိုင်ပါဝင်ခဲ့သူတစ်ယောက် ဖြစ်သော်လည်း ယနေ့ ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကြိုးစားဆောင်ရွက်နေသော မြန်မာနိုင်ငံနှင့် လက်ရှိ မြန်မာနိုင်ငံအစိုးရအဖွဲ့ အကြီးအကဲဖြစ်သူ သမ္မတဦးသိန်းစိန်တို့အပေါ် ပြင်းထန်သည့် တစ်ဖက်သတ် ပုဂ္ဂိုလ်ရေး တိုက်ခိုက်ရေးသားမှုအဖြစ် The Voice Weekly က ရှုမြင်ပါသည်။

အစိုးရအဖွဲ့သစ်ကို သမ္မတဦးသိန်းစိန် ဖွဲ့စည်းတာဝန်ယူစဉ်မှစ၍ ယနေ့အချိန်အထိတိုင် ဒီမိုကရေစီစနစ် ကျင့်သုံးနေပါသည်ဟုဆိုသော အိမ်နီးချင်းနိုင်ငံတစ်ခုမှ ၎င်းတို့ကိုယ်၎င်းတို့ သိက္ခာရှိ သတင်းစာတစ်စောင်ဟု ဆိုနေသော ဘန်ကောက်ပို့စ် သတင်းစာအနေနှင့် မြန်မာနိုင်ငံသို့ လာရောက်၍သော်လည်းကောင်း၊ အာဆီယံ ထိပ်သီးဆွေးနွေးပွဲများတွင် သော်လည်းကောင်း သမ္မတကြီးနှင့် တစ်ကြိမ်တစ်ခါမျှ တရားဝင် တွေ့ဆုံမေးမြန်းခြင်း မရှိသေးပေ။ အမေရိကန်ပြည်ထောင်စုမှ နာမည်ကျော် ဝါရှင်တန်ပို့စ်သတင်းစာ၊ ဂျာမနီနိုင်ငံမှ Suddeutsche Zeitung သတင်းစာ၊ စင်ကာပူနိုင်ငံမှ Channel News Asia တို့သည်ပင်လျှင် သမ္မတကြီးနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းကာ ကမ္ဘာအရပ်ရပ်က သိရှိအောင် ထုတ်ပြန်လွှင့်ထုတ်ခဲ့ပြီး ဖြစ်ပါသည်။ သမ္မတကြီးနှင့် တစ်ကြိမ်တစ်ခါမျှ တွေ့ဆုံမေးမြန်းခြင်း မရှိပါဘဲ ရိုဟင်ဂျာအခွင့်အရေး ခေါင်းစဉ်တပ်ကာ ဘာသာရေး အကြမ်းဖက်ဖိနှိပ်မှုအဖြစ် သရုပ်ဖော်ရေးသားမှုများမှာ လူကြီးလူကောင်းမဆန်သော စွပ်စွဲချက်သက်သက်သာ ဖြစ်နေပါသည်။ ဘန်ကောက်ပို့စ် သတင်းစာအနေနှင့် ပဋိပက္ခဖြစ်ပွားနေသော ရခိုင်ပြည်နယ်၏ အတိတ်သမိုင်းကြောင်းကို အသေအချာလေ့လာခြင်း၊ ယင်းဒေသသို့ ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းကာ သတင်းရင်းမြစ်များကို စုံစေ့အောင်မေးမြန်းခြင်း၊ စုံစမ်းထောက်လှမ်းခြင်း၊ အောက်ထစ်ဆုံး ဆန့်ကျင်ဘက် သတင်းရင်းမြစ်နှစ်ခု၏ အယူအဆ သဘောထားကို မေးမြန်းခြင်း လုံးဝ(လုံးဝ) မရှိဘဲ ထင်မြင်ချက်ဖြင့် တစ်ဖက်သတ် စွပ်စွဲရေးသားခြင်းသည် ပရော်ဖက်ရှင်နယ် ပီသသော သတင်းမီဒီယာတစ်ခုထက် မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုများအပေါ် အဆိုးမြင်သဘောထား ရှိနေသည့် လှုံ့ဆော်ဝါဒဖြန့် မီဒီယာတစ်ခုအသွင် ဆောင်နေပါသည်။

အထူးသဖြင့် ရိုဟင်ဂျာများနှင့် ပတ်သက်၍ သမ္မတ၏ပြောကြားချက်ကို လူမျိုးစွဲစိတ်ပြင်းခြင်း၊ မုန်းတီးခြင်း၊ ခြိမ်းခြောက်ခြင်း အငွေ့အသက်များ လွှမ်းနေသည်ဟု ရေးသားခဲ့သော ဘန်ကောက်ပို့စ် သတင်းစာအနေနှင့် မြန်မာ-ထိုင်း ရာဇဝင်နောက်ခံ ထိုင်းရုပ်ရှင်ဇာတ်ကားများ၊ ထိုင်းဘာသာဖြင့် ရေးသားထုတ်ဝေသော သတင်းစာများတွင် အတိတ်သမိုင်းကြောင်းမှ မြန်မာဘုရင်တို့၏ ထိုင်းနိုင်ငံအပေါ် တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် အနာဟောင်းများကို တူးဖော်ကာ မြန်မာနိုင်ငံသားများအပေါ် လက်စားချေလိုစိတ် ပြင်းပြလာစေရန် ထိုင်းအမျိုးသားရေးစိတ်ကို လှုံ့ဆော်နှိုးဆွပေးခြင်းဖြင့် ထိုင်းရဲတပ်ဖွဲ့၊ ထိုင်းလူဆိုးဂိုဏ်း၊ လူမှောင်ခိုဂိုဏ်းများ အပါအဝင် ထိုင်းနိုင်ငံသားအများစုက ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းလုပ်သား မြန်မာနိုင်ငံသားများအပေါ် မုန်းတီးစိတ်၊ လက်စားချေစိတ်ဖြင့် ခွဲခြားဆက်ဆံမှု၊ ခြိမ်းခြောက်အကျပ်ကိုင်မှု၊ လုယက်သတ်ဖြတ်မှု၊ ရွှေ့ပြောင်းလုပ်သား အမျိုးကောင်း မြန်မာမိန်းကလေးငယ်များကို အဓမ္မကျင့် သတ်ဖြတ်မှု၊ မလေးရှားနိုင်ငံနှင့် ငါးဖမ်းလုပ်ငန်းများသို့ ကျေးကျွန်များသဖွယ် ရောင်းစားမှုကဲ့သို့သော အဖြစ်အပျက်များ ရှိနေပါလျက် လျစ်လျူရှုနေသော ထိုင်းအာဏာပိုင်များ၊ ထိုင်းမီဒီယာများ၊ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်တို့နှင့် ပတ်သက်၍မူ အဘယ့်ကြောင့် ရေငုံနှုတ်ဆိတ် နေပါသနည်းဟု မေးခွန်းထုတ်ရမည် ဖြစ်ပါသည်။

အထူးသဖြင့် ထိုင်းတောင်ပိုင်းရှိ ခွဲထွက်လိုသော မွတ်ဆလင်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား ကာလကြာရှည် ဖြစ်ပွားနေသည့် အဓိကရုဏ်းနှင့် အကြမ်းဖက်သတ်ဖြတ်မှုများ၊ ဝန်ကြီးချုပ်သက်ဆင် လက်ထက်က ထိုင်းစစ်တပ်၏ သွေးထွက်သံယို အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်း၊ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရှပ်နီဆန္ဒပြသူများအား ဘုရင့်သစ္စာတော်ခံ ထိုင်းစစ်တပ်က ရက်စက်စွာ အကြမ်းဖက် ဖြိုခွင်းခဲ့ခြင်းများနှင့် ပတ်သက်သော သတင်းများကိုမူ မကြာသေးခင်က ၎င်းတို့နှင့် နယ်စပ်ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း အခြားနိုင်ငံ အရေးကိစ္စများအပေါ် ပြစ်တင်ဝေဖန် ရေးသားသကဲ့သို့ လက်သွက်ခြေသွက် မရှိခဲ့ခြင်းမှာလည်း ဘန်ကောက်ပို့စ် သတင်းစာ၏ ရပ်တည်ချက်ကို မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။

ယခုအခါ အခြေအနေအားလုံး ငြိမ်သက်အေးချမ်းစပြုနေသော ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ပတ်သက်၍ ဘန်ကောက်ပို့စ် သတင်းစာ၏ တစ်ဖက်သတ် စွပ်စွဲတိုက်ခိုက် ရေးသားမှုကြောင့် နှစ်ပေါင်းများစွာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လာသော မွတ်ဆလင် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသား၊ ဗမာတိုင်းရင်းသားများအကြား အထင်လွဲမှု၊ ပဋိပက္ခများ ပြန်လည်ဖြစ်ပွားလာပါက ဘန်ကောက်ပို့စ် သတင်းစာတွင်သာ လုံးဝတာဝန်ရှိကြောင်း အထူးသိစေအပ်ပါသည်။
အယ်ဒီတာ (၂၅-၇-၂၀၁၂)

( The VOICE Weekly Journal, Vol.8, No.32 တွင် ဖော်ပြပါရှိမည့် အယ်ဒီတာ့အာဘော်ကို The VOICE Weekly Facebook စာမျက်နှာတွင် ဖော်ပြထားခြင်းအား ပြန်လည်ကူးယူဖော်ပြပါသည်။ )

Tuesday, July 24, 2012

ခရိုနီများရဲ့ ရှေ့ခရီး - မောင်ဝံသ



အဘရာမိုဗစ်ခ်ျ၊ မားဒေါ့၊ တက်ဆင်
ရုရှားနိုင်ငံက ခေတ်ပျက်သူဌေး၊ ချယ်လ်ဆီးဘောလုံးအသင်းကိုဝယ်ပြီး နာမည်ကြီးအောင်လုပ်ခဲ့သူ အဘရာမိုဗစ်ခ်ျအကြောင်း ကျွန်တော် နှစ်ကြိမ်သုံးကြိမ်လောက် ရေးခဲ့ဖူးတယ်။ အာဏာရသူတွေနဲ့ တည့်အောင်ပေါင်းပြီး သတင်းမီဒီယာ လုပ်ငန်းတွေကို လက်ဝါးကြီးအုပ်၊ အဲဒီနောက် ပိုက်ဆံရရင်ပြီးရောဆိုပြီး လူပြိန်းပရိသတ်အကြိုက် သတင်းတွေနဲ့ လုပ်စားနေတဲ့ သြစတြေးလျပြည်ပေါက် သတင်းစာသူဌေးကြီး ရုပတ်မားဒေါ့ အကြောင်းလည်း ကျွန်တော် သုံးလေးကြိမ်ထက်မနည်း ရေးခဲ့ပြီးပြီ။ ဒါတင်မက ပြည်သူ့ဘဏ္ဍာတွေကို တစ်ဖက်လှည့်နဲ့ သုံးစွဲပြီး ဆင်းရဲသားတွေ ကောင်းစားရေးလုပ်ပေးတယ်လို့ နာမည်ကောင်းယူကာ နိုင်ငံရေးလုပ်စားခဲ့တဲ့ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ပြုတ် တက်ဆင်အကြောင်းကိုလည်း အကျယ်တ၀င့် ရေးခဲ့သေးတယ်ဗျာ။

အဲသလို ရေးခဲ့တာတွေဟာ ကျွန်တော်တို့ဆီမှာလည်း အလားတူ ဇာတ်ကောင်တွေ ရှိနေခဲ့ ရှိနေဆဲ ဖြစ်တယ်ဆိုတာ ပြောချင်လို့ပဲဗျ။ အဲသလိုလူတွေ မရှိပါဘူးလို့ ဘယ်သူမှ ငြင်းမယ်မထင်ပါဘူး။ ငြင်းလာရင်လည်း ကျွန်တော်က အဲဒီလူကို နားရွက်ဆွဲပြီး လှည့်ပြမယ်ဗျာ။

ပွပေါက်တိုးခဲ့တယ်ဆိုတာ
အဘရာမိုဗစ်ခ်ျလို ခေတ်ပျက်သူဌေးတွေဟာ ခေတ်ပြောင်းချိန် စပ်ကူးမတ်ကူးကာလမှာ ပေါ်ခဲ့တာပဲဗျ။ သူတို့လိုလူတွေဟာ ပင်ကို အရည်အချင်းကြောင့် ချမ်းသာလာတာပါလို့ ဘုရားစူးကျိန်ပြောရင်တောင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး။ သူတို့ ပွပေါက်တိုးခဲ့တာဟာ ပွပေါက်ကို ချပေးတဲ့ အာဏာရှိသူနဲ့ ပေါင်းစားခွင့် ရခဲ့လို့သာဖြစ်တယ်။ အဘရာမိုဗစ်ခ်ျဆိုရင် ရေနံလုပ်ငန်းကို အခွင့်ထူးခံ လုပ်ကိုင်ခွင့်ရခဲ့ရာက ပွပေါက်တိုးခဲ့တာပဲဗျ။

ဒီလိုလူမျိုးတွေဟာ နိုင်ငံအတော်များများမှာ ရှိတတ်ပါတယ်။ အာဏာရှိသူတွေနဲ့ ပေါင်းစားပြီး ကြီးပွားလာသူတွေကို ခရိုနီ(crony)လို့ ခေါ်တဲ့ စကားလုံးတောင် တွင်ကျယ်နေတာ ကြာပြီကောဗျာ။

ခရိုနီတွေကို ဆက်အသုံးချမလား
တောင်ကိုရီးယားနိုင်ငံ စီးပွားရေးတိုးတက်လာတာ ရှေးဘိုးလ် (Chaebol)လို့ခေါ်တဲ့ အစိုးရက အားပေးထောက်ပံ့မှုနဲ့ ငွေကြေးအင်အား တောင့်တင်းသွားသူ ခရိုနီများရဲ့ ကျေးဇူးကြောင့်လို့ဆိုကာ မြန်မာနိုင်ငံ စနစ်ပြောင်း ခေတ်ပြောင်းချိန်မှာ ခရိုနီများကို ဆက်လက် အသုံးချသင့်တယ်လို့ ယုံကြည်သူတချို့လည်း ရှိတယ်ဗျ။

ထင်ရှားတဲ့ ပညာရှင်တစ်ဦးက လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း အလားတူ အယူအဆမျိုးကို ထုတ်ဖော်ပြောဆိုလိုက်ချိန်က ပြည်သူတွေကြားထဲမှာ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ ငြင်းခုံခဲ့ကြတာ ကျွန်တော် သတိထားမိခဲ့တယ်။ ပညာဒါန သတင်းပညာ သင်တန်းကလေးတစ်ခု ဖွင့်ထားတဲ့ ကျွန်တော်လည်း ကျွန်တော့် သင်တန်းသားတွေနဲ့ ဒီကိစ္စ ဆွေးနွေးဖြစ်ခဲ့သေးတယ်ဗျ။ အဲဒီမှာ ထုံးစံအတိုင်း သဘောထားတွေ ကွဲပြားခြားနားကြတော့တာပါပဲ။ တစ်ယောက်တစ်ပေါက် ပြောဆိုငြင်းခုံနေကြတာကို ရပ်နားခိုင်းပြီး လက်ညှိးထောင် မဲခွဲလိုက်တဲ့အခါ ခရိုနီတွေကို ဆက်လက်နေရာပေးပြီး အသုံးချသင့်တယ် ဆိုတဲ့ဘက်က နိုင်သွားတယ်။ သင်တန်းသား ၂၀ မှာ ခရိုနီတွေဘက်က ၁၀ ယောက်၊ ခရိုနီဆန့်ကျင်သူ ၆ ယောက်၊ ကြားနေသူ ၄ ယောက် တွေ့ရတယ်ဗျာ။

ပါလီမန်အစိုးရခေတ်ကလည်း
ကျွန်တော့်အနေနဲ့ ခရိုနီရာဇ၀င်ကို နောက်ကြောင်းနည်းနည်း ပြန်ကြည့်တဲ့အခါ လွတ်လပ်ရေးရပြီးချိန် ၁၉၄၈ ကစလို့ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းချိန်အထိ ပါလီမန်ဒီမိုကရေစီ အစိုးရခေတ်တုန်းကလည်း ခရိုနီဆန်ဆန် “ကိုယ့်လူကိုယ်ကြည့်” ပြီး အခွင့်ထူး တွေပေးခဲ့တာပဲဆိုတဲ့အချက်ကို တွေ့ရတယ်ဗျ။ အဲဒီတုန်းက လိုင်စင်ခေတ်လို့ ခေါ်တာတောင် ကျွန်တော် မှတ်မိသေးတယ်။ အာဏာရှိသူတွေနဲ့ အလွမ်းသင့်သူတွေကို အင်ပို့လိုင်စင်၊ အိပ်စပို့လိုင်စင်ဆိုတာတွေ ထုတ်ပေးတယ်။ အဲဒီကနေ လိုင်စင်ရောင်းစားတဲ့ လူတန်းစားပေါ်လာတာပါပဲ။

လိုင်စင်ပြန်အပ်တဲ့ သခင်လေးမောင်
ကွယ်လွန်လေပြီးတဲ့ နိုင်ငံရေးသမားကြီး သခင်လေးမောင်အကြောင်း ပြန်ပြောသူတချို့က သခင်လေးမောင်ကို ဖဆပလအစိုးရက ကြည့်ရှုတဲ့အနေနဲ့ လိုင်စင်တစ်သိန်းဖိုး ချပေးတာကို လက်မခံဘဲ ပြန်အပ်တဲ့အကြောင်း အလေးထားပြီး ပြောကြတယ်။ အဲဒီခေတ်က လိုင်စင်တစ်သိန်းဖိုးရသူဟာ ပြန်ရောင်းမယ်ဆိုတာနဲ့ ကုလားကုန်သည်တွေက ငွေသားတစ်သိန်းပေးပြီး စာရွက်လာယူတော့တာပဲတဲ့။ (အဲဒီတုန်းက တရုတ်တွေက သိပ်မစွာသေးဘူး။ မြန်မာပြည်စီးပွားရေးမှာ ကုလားကုန်သည်တွေက ဖျံအကျဆုံး။ အင်ပို့ အိပ်စပို့ကို ကုလားတွေ ချုပ်ကိုင်ထားတာ များတယ်။)

ယူခဲ့သူတွေကိုလည်း မရှုတ်ချ
ငါးသောင်းဆုပေါက်ရင်တောင် သူဌေးလို့ အခေါ်ခံရတဲ့ခေတ်မှာ ငွေတစ်သိန်း အလကားရသလို ရမှာကိုတောင် လက်မခံတဲ့ သခင်လေးမောင်ဟာ တစ်သက်လုံး ဆင်းဆင်းရဲရဲ နေသွားရပေမယ့် သူ့ရဲ့ ရပ်တည်ချက်ကို သိသူတိုင်းက အလေးမပြုဘဲ မနေနိုင်ခဲ့ပါဘူး။

သို့သော် သခင်လေးမောင်ကြီး လိုင်စင်တစ်သိန်းဖိုး ပေးတာကို မယူဘူးတဲ့ဟေ့ဆိုတဲ့ ဂုဏ်ပြုစကားသံတွေ ကျန်ခဲ့သလို လိုင်စင်တွေ ရအောင်ယူ၊ ရောင်းစားပြီးတော့ ကြီးပွားခဲ့ကြတဲ့ နိုင်ငံရေးသမားတွေလည်း မနည်းမနော ရှိခဲ့ပေမယ့် ဘယ်သူဘယ်ဝါတွေကတော့ လိုင်စင်ရောင်းစားပြီး ကြီးပွားခဲ့ကြတာပဲလို့ ဘယ်သူကမှ မှတ်မှတ်ရရ မရှုတ်ချခဲ့ကြတာကိုလည်း သတိထားစရာပဲဗျ။

ကြိတ်ပြီးအားကျနေခဲ့ကြ
ကျွန်တော်ပြောချင်တာက လူတွေဟာ အခွင့်ထူးခံစနစ်ကို မကြိုက်ဘူးဆိုပေမယ့် အခွင့်ထူးခံခွင့် ရနေသူတွေကို စိတ်ထဲကကြိတ်ပြီး အားကျနေတဲ့ သဘောရှိတယ်။ အခွင့်ထူးမခံတဲ့ သခင်လေးမောင်လို ပုဂ္ဂိုလ်ကို ချီးကျူးလေးစားပေမယ့် အားမကျဘူး။ မိမိကို အခွင့်ထူးလာပေးရင် မယူဘဲနေမယ့်သူ အရှားသားဗျာ။ ဒါကြောင့် ဒီနေ့ခေတ် လူငယ်အချို့က နာကျည်းသံနဲ့ ရယ်စရာလိုလို အတည်လိုလို ပြောတတ်တာ ကြားဖူးတယ်။ “ကြီးလာရင် ဘာဖြစ်ချင်လဲ” “မြန်မာပြည်မှာ အချမ်းသာဆုံး ခရိုနီတစ်ယောက် ဖြစ်ချင်တယ်”။

မေတ္တာမွန်နဲ့ ပဒုမ္မာဆိုင်ခေတ်
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ မေတ္တာမွန်တို့ ပဒုမ္မာဆိုင်တို့ဆိုတာ ရှိခဲ့ဖူးတယ်။ အခွင့်ထူးခံတွေ ကုန်ဝယ်စာအုပ် ကိုယ်စီရပြီး အဲဒီဆိုင်တွေမှာ အလကားနီးနီး သက်သာတဲ့ဈေးနှုန်းနဲ့ လူသုံးကုန်ရော ဇိမ်ခံပစ္စည်းတွေရော ၀ယ်ခွင့်ရကြတယ်။

သာမန်ဝန်ထမ်းနဲ့ ပြည်သူတွေက ပြည်သူ့ဆိုင်မှာ ချွေးတလုံးလုံးနဲ့ တိုးဝှေ့ပြီး မ၀ရေစာ စားသောက်နေထိုင်ကြရတယ်။ ကျွန်တော်ကြည်ညိုလေးစားတဲ့ နိုင်ငံရေးသမားကြီး သခင်ဝတင်က နိုင်ငံ့ဂုဏ်ရည် ပထမဆင့် ချီးမြှင့်ခံရသူတွေကို ထုတ်ပေးတဲ့ ပဒုမ္မာဆိုင် ကုန်ဝယ်စာအုပ်ကို သံသေတ္တာထဲ သော့ခတ်သိမ်းထားတယ်။ ကျွန်တော့်ကို ထုတ်ပြပြီး ဘာပစ္စည်းမှ ထုတ်မထားတာကို သက်သေထူတယ်။ သခင်ဝတင်မိသားစုဟာ ရပ်ကွက်ပြည်သူ့ဆိုင်နဲ့ သမ၀ါယမဆိုင်ကပဲ အများနည်းတူ ၀ယ်စားပါတယ်။ “နိုင်ငံရေးသမားဆိုတာ ပြည်သူတွေနဲ့ တစ်လှေတည်းစီး တစ်ခရီတည်း သွားနေသလိုပဲ နေထိုင်နိုင်ရမယ်။ ကိုယ်နဲ့ လှေတစ်စီးတည်း အတူတူပါလာတဲ့လူတွေ ငတ်ပြတ်နေချိန်မှာ ကိုယ်တစ်ယောက်တည်း ထမင်းထုပ် ဖြည်စားနေတာမျိုး မလုပ်ရဘူးကွဲ့ မောင်ဝံသရဲ့၊ မှတ်ထား” လို့ သခင်ဝတင် ပြောဖူးတာ နားထဲက မထွက်ပါဘူးဗျာ။

လူတန်းစားသစ် ဖတ်ရအပြီး
ကျွန်တော်ဟာ အဲသလို ဆရာကောင်းနဲ့ တွေ့ခဲ့တာ အတော်ကံကောင်းတယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မဆလခေတ်မှာ ပဒုမ္မာဆိုင်နဲ့ မေတ္တာမွန်ဆိုင်က အခွင့်ထူးခံ ပစ္စည်းဝယ်ခွင့်ဆိုတာ အဲဒီခေတ်ရဲ့ လူ့အဆင့်အတန်းပြ အမှတ်အသား status symbol တစ်ခုလို ဖြစ်နေလေတော့ ကျွန်တော်တို့လို “သကြားမရ ကားမရ” အဆင့်တွေက အားကျမိခဲ့မှာ အသေအချာပေါ့ဗျာ။ သို့ပေမယ့် သခင်ဝတင်ရဲ့ သြ၀ါဒများကို ကြားနာရပြီး ယူဂိုဆလပ် နိုင်ငံရေးသမားကြီး မီလိုဗန်ဂျီးလပ်စ်ရဲ့ လူတန်းစားသစ် The New Class စာအုပ်ကို ဖတ်ရပြီးတဲ့နောက် ကျွန်တော့်စိတ်ထဲမှာ ထိုထိုသော အားကျစိတ်တွေ (အလုံးစုံ မဟုတ်ရင်တောင်) အတော်များများ ကုန်ခန်းသွားပါတယ်။
(ခက်ဆစ်အဓိပ္ပာယ်အဖြစ် ရှင်းပြရရင် သာမန်ပြန်တမ်းဝင် အရာရှိအဆင့် ကျွန်တော်တို့ဟာ အောက်ခြေ၀န်ထမ်းတွေကို အထူးနှုန်းနဲ့ ၀ယ်ခွင့်ပေးတဲ့ သကြားလည်း ၀ယ်ခွင့်မရ၊ ကျွန်တော်တို့ အထက်က ရွေးချယ်ခံတန်းအဆင့် Selection Grade အရာရှိကြီးတွေလို ကားဝယ်ခွင့်လည်း မရတာကြောင့် သကြားမရ ကားမရ အဆင့်လို့ နာမည်တွင်ခဲ့ခြင်း ဖြစ်ပါတယ်)

ဘယ်လို ဆက်စခန်းသွားကြမလဲ
ခရိုနီလို့ တိတိကျကျ ပြောပလောက်အောင် ပီပြင်သူတွေ ပေါ်လာတာကတော့ န၀တလို့ခေါ်တဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရနဲ့ နအဖလို့ခေါ်တဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အစိုးရခေတ်များမှာ ဖြစ်ပါတယ်။ သိပ်မကြာသေးတဲ့ ကာလများအတွင်း တိုင်းသူပြည်သားများရဲ့ မျက်စိအောက်မှာတွင် ကြီးထွားလာတဲ့ ခရိုနီများဟာ ရှေ့ခရီးကို ဘယ်လို ဆက်စခန်းသွားကြမှာလဲ။ နိုင်ငံခြားက ၀င်လာကြမယ့် ရင်းနှီးမြှုပ်နှံသူ အရင်းရှင်ကြီးတွေနဲ့ ဆက်ပြီး ပေါင်းစားကြဦးမှာလား။ တောင်ကိုရီးယားက ရှေးဘိုးလ် သူဌေးကြီးတွေလို မျိုးချစ်စိတ်ခံယူချက်နဲ့ အမျိုးသားစီးပွားရေးကို တွန်းတင်ကြမှာလား။ အခုအတိုင်းပဲ ဖဆပလခေတ်က လိုင်စင်ရောင်းစားခဲ့ကြသလိုမျိုး ဆက်လုပ်နေကြမှာလား။ ကျွန်တော်ကတော့ အလွန်စိတ်ဝင်စားစွာ စောင့်ကြည့်နေမိကြောင်းပါဗျာ။

၁၈ ၀၇ ၂၀၁၂
maungwuntha@gmail.com
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၁၀၃၊ ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၂၆)

 စာကြွင်း။ ပြည်သူ့ခေတ် Facebook မှ ပြန်လည်ကူးယူဖော်ပြပါသည်။ စာလုံးပေါင်းအမှားများကို ပြင်ဆင်ထားသည်မှလွဲ၍ မူရင်းအတိုင်း ဖြစ်ပါသည်။

ဓာတ်ပုံထဲက သတင်း၊ သတင်းထဲက ဓာတ်ပုံ


(၁)

မြန်မာနိုင်ငံအတွင်းသို့ ကျူးကျော်ဝင်ရောက်ပြီး ရာဘာခြံစိုက်ပျိုးရေးလုပ်ငန်းများ ခိုးဝှက်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသားများကို ကျွန်တော်တို့ တပ်မတော်စစ်ကြောင်းတွေက နယ်မြေရှင်းလင်းရေး ပြုလုပ်တဲ့အချိန်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီလို ဖမ်းဆီးရမိရာမှာ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းနဲ့ ဆေးခြောက်များ ဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ အရေအတွက်က ထိုင်းနိုင်ငံသား ကျား ၅၂ ဦး၊ မ ၉ ဦး၊ စုစုပေါင်း ၆၁ ဦး ဖြစ်ပါတယ်။ ၎င်းတို့နဲ့အတူ ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်း၊ ပစ္စည်းတွေကတော့ -
* M-16 သေနတ် ၅ လက်
* AR-15 သေနတ် ၂ လက်
* AK-47 သေနတ် ၂ လက်
* ၀င်ချက်စတာသေနတ် ၅ လက်
* ပွိုင့်-၃၈ ခြောက်လုံးပြူးသေနတ် ၃ လက်
* ပွိုင့်-၃၅၇ ခြောက်လုံးပြူးသေနတ် ၁ လက်
* လုပ်သေနတ်ရှည် ၉ လက်
* လုပ်သေနတ်တို ၂ လက်
* ရှေ့ထွက်မိုင်း ၁ လုံး
* လက်ပစ်ဗုံး ၁ လုံး
* ၅.၅၆ ကျည် ၄၂ တောင့်
* AK-47 ကျည် ၁၁ တောင့်
* ပွိုင့်-၃၈ ကျည် ၃၆ တောင့်
* လုပ်သေနတ်ကျည် ၁၂၅ တောင့်
* ကျည်အိမ်မျိုးစုံ ၃၂ ခု
* မြေထိုးစက် ၃ စီး
* ယာဉ်ငယ်မျိုးစုံ ၁၇ စီး
* ဘက်ဟိုးယာဉ် ၅ စီး
* မော်တော်ဆိုင်ကယ် ၂၀ စီး
* ရာဘာပင်ဧက ၁၅၀၀

(၂)
ရခိုင်ပြည်နယ်ရှိ ဖြစ်ပွားခဲ့သော ပြဿနာများ၏ အဓိကလက်သည်များဖြစ်သည့် ရိုဟင်ဂျာများနှင့် ပတ်သက်၍ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအား ရဲဝံ့စွာ ပြောကြားခဲ့သည့် သမ္မတကြီး၏ မှတ်ချက်နှင့် သဘောထားကို လေးစားဂုဏ်ပြုသည့်အနေဖြင့် စစ်တွေမြို့ရှိ နေအိမ်များ၊ ဆိုင်ခန်းများ၊ ရုံးဌာနများတွင် ကိုးရက်တိုင်တိုင် နိုင်ငံတော်အလံများ လွှင့်ထူကြမည်ဖြစ်ကြောင်း သိရှိရသည်။ မည်သူက ဦးဆောင်၍ ပြုလုပ်ခဲ့သည်ကို မသိရှိရသော်လည်း စစ်တွေမြို့ပေါ်တွင် နိုင်ငံတော်အလံများ နေရာအနှံ့အပြားတွင် လွှင့်ထူထားကြကြောင်း သိရှိရသည်။

(၃)
နှစ်ပေါင်းများစွာ သံတမန်အဆင့် ဆက်ဆံရေး နိမ့်ချထားခဲ့သော အမေရိကန်ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အသိအမှတ်ပြုသည့်အတွက် နှစ်နိုင်ငံ သံအမတ်ကြီးအဆင့်သို့ မြှင့်တင်ပြီး သမိုင်းဝင် ဆက်ဆံရေးလမ်းကြောင်းသစ်ကို စတင်ခဲ့သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ဒဲရစ်မစ်ချယ်ကို အမေရိကန်ပြည်ထောင်စုက အဆိုပြုပြီး ရက်ပိုင်းအတွင်းမှာပင် မြန်မာနိုင်ငံက လက်ခံပေးခဲ့ပြီး သံအမတ်ခန့်အပ်လွှာကို နေပြည်တော်တွင် သမ္မတကြီး ဦးသိန်းစိန်က လက်ခံပေးခဲ့သည်။ အမေရိကန်-မြန်မာ ဆက်ဆံရေးကဏ္ဍသစ် စတင်ခဲ့သည့် မြင်ကွင်းပင် ဖြစ်သည်။

(၄)
၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်ပြီး ဂါရ၀ပြုနေသည့်ပုံ ဖြစ်ပါသည်။ နှစ်အတန်ကြာ အာဇာနည်နေ့ အခမ်းအနားများကို နိုင်ငံတော်အကြီးအကဲများ တက်ရောက်နိုင်ခဲ့ခြင်း မရှိဘဲ ယခုနှစ်တွင်မှ ဒုတိယသမ္မတကိုယ်တိုင် တက်ရောက်ပြီး လာရောက်ဂါရ၀ပြုခဲ့ခြင်းကို ကြိုဆိုခဲ့ကြသည်ကို တွေ့ရပါသည်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်၊ အင်္ဂါနေ့။
နံနက် ၁၀ နာရီ ၅၁ မိနစ်တွင်ပြီး၏။

Sunday, July 22, 2012

Breaking News (July 22)


(၁)
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး အလည်အပတ် ရောက်ရှိနေပြီ ဖြစ်သည်။ ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ခရီးစဉ်ဖြစ်ကြောင်း သိရှိရသည်။ သမ္မတကြီး ဦးသိန်းစိန် နှင့်အတူ လိုက်ပါသွားသူများမှာ -
(၁) ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံခြားရေး ၀န်ကြီး
(၂) ဦးမြင့်လှိုင်၊ လယ်/ဆည် ၀န်ကြီး
(၃) ဦးတင်နိုင်သိန်း၊ အမျိုးသား စီမံ/စီးပွား ၀န်ကြီး
(၄) ဦးဝင်းမြင့်၊ စီးပွား/ကူးသန်း ၀န်ကြီး
(၅) ဦးအောင်ကြည်၊ အလုပ်သမားနှင့် လူ/ကယ်/ပြန် ၀န်ကြီး
(၆) ဦးသန်းဌေး၊ စွမ်းအင် ၀န်ကြီး
(၇) ဦးဇော်မင်း၊ ၀န်ကြီးချုပ်၊ ကရင်ပြည်နယ်
(၈) ဦးမြတ်ကို၊ ၀န်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီး
(၉) အလုပ်သမားကိုယ်စားလှယ်များ
(၁၀) တောင်သူလယ်သမားကိုယ်စားလှယ်များ
Source: EMG

(၂)
ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား ဝေဖန်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ မကြာသေးမီက ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် ကိစ္စများတွင် အဓိကပြဿနာအဖြစ် ပါဝင်ခဲ့သည့် ရိုဟင်ဂျာများနှင့် ပတ်သက်၍ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအား ရဲဝံ့ပြတ်သားစွာ ပြောကြားလိုက်သည့် သမ္မတ၏ ခံယူချက်အပေါ်တွင် ဝေဖန်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင် ထိုင်းနိုင်ငံခရီးစဉ်အတွင်း ရိုဟင်ဂျာများနှင့် ပတ်သက်၍ ဆွေးနွေးသင့်ကြောင်း ရေးသားခဲ့ပါသည်။
Source: EMG

ဘန်ကောက်ပို့စ် သတင်းစာပါ အယ်ဒီတာ့အာဘော်မှ ကောက်နုတ်ချက်အား အောက်တွင် ပြန်လည်ကူးယူ ဖော်ပြလိုက်ပါသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
-
He told the United Nations last week that the million Rohingya people in Rakhine (formerly known as Arakhan) state are simply not welcome in Myanmar. They would be placed in camps or, preferably, deported. They are ethnically different from the Burman majority, and they are religiously Muslim, he said. The "only solution" is to hand them over to the United Nations High Commissioner for Refugees or resettle them in third countries that are willing to take them.

"Burma will take responsibility for its ethnic nationalities but it is not at all possible to recognise the illegal border-crossing Rohingyas who are not an ethnic [group] in Burma," said Thein Sein according to his office's website.

These are not tough words, but unacceptable ones. The Rohingya _ the word itself was invented and introduced during the military regimes _ have rights, too. They may have migrated into Myanmar at one time, but most were born in the western provinces of the country. Thein Sein may consider them as a nuisance, but the solution is for Myanmar to adapt to its circumstances.

The existence and problem of Rohingya should be raised during Thein Sein's visit. Thailand and other neighbours are all too aware of the plight of these people. Many have fled their homeland in Myanmar, and used Thailand as a stepping stone to travel further abroad. They have found no welcome in Thailand _ to the occasional shame of our officials _ but the root of the problem lies in Myanmar.

The shocking language of the Myanmar president may be excused briefly after his country's long isolation from the real world, enforced at the army's gunpoint. But Thein Sein must be disabused of the notion that he will find sympathy, let alone help as he seeks a solution to his problem with Myanmar people. If his words are disagreeable, he must know that any action to back them up will be unacceptable.

Myanmar is emerging from a long, dark history of violence. It is entering a new world, with norms that are quite different from 50 years ago. Thein Sein's statements about the Rohingya appear racist, malicious and threatening. They must not stand unchallenged.

မူရင်းအပြည့်အစုံအား ဤနေရာတွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။

(၃)
 ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရန်ပုံငွေ စာပေဟောပြောပွဲကို သြဂုတ်လ ၁၉ ရက်နေ့တွင် စင်ကာပူနိုင်ငံ Singapore Poly Convention Center ၌ မွန်းလွဲ ၂ နာရီမှ ည ၇ နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။ လက်မှတ်တန်ဖိုးများမှာ စင်ကာပူဒေါ်လာ ၁၅၊ ၂၀၊ ၂၅ ဒေါ်လာတို့ဖြစ်ကြောင်း သိရှိရသည်။ ဟောပြောမည့် စာရေးဆရာများနှင့် အကြောင်းအရာများမှာ -
(၁) အော်ပီကျယ်၊ ဤခရီး မနီးသေးပါ
(၂) ကျော်ဝင်း၊ အကောင်းဆုံး အနာဂတ်ကို ဦးတည်ခြင်း
(၃) မောင်ဝံသ၊ သတင်းသည် ပြည်သူ့အတွက်
Source: 7Day News

(၄)
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားသည့် အမေရိကန်ပြည်ထောင်စု၏ ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံ ဒီမိုကရေစီရေးနှင့် လွတ်မြောက်ရေးအက်ဥပဒေ အား ဇူလိုင် ၁၈ ရက်နေ့၌ နောက်ထပ် သုံးနှစ် သက်တမ်းတိုးမြှင့်လိုက်ပြီး မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ တိုးတက်ဖြစ်ပေါ်လာပါက အချိန်မရွေး ဆိုင်းငံ့ရန်၊ ရပ်ဆိုင်းရန် သို့မဟုတ် ဖယ်ရှားနိုင်ရန် သမ္မတ အိုဘားမား ဦးဆောင်သော အုပ်ချုပ်ရေးအဖွဲ့သို့ လွှတ်တော်က လုပ်ပိုင်ခွင့်အာဏာ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Source: The VOICE Weekly

(၅)
မြစ်ဆုံစီမံကိန်းအား မဖြစ်မနေ ဆက်လက်တည်ဆောက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း က တရုတ်နိုင်ငံထုတ် သတင်းစာတစ်စောင်နှင့် အင်တာဗျူးတွင် ပြောကြားသွားခဲ့ကြောင်း သိရှိရပါသည်။ သူက ပြောကြားရာတွင် ယခုကဲ့သို့ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားခြင်းမှာ သမ္မတ၏ ကိုယ်ပိုင်အတွေးအခေါ်သာဖြစ်ကြောင်း၊ လွှတ်တော်၏ အဆုံးအဖြတ် မဟုတ်ကြောင်း၊ မိမိတို့နိုင်ငံအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ကြောင်း၊ ယခုကဲ့သို့ ရပ်ဆိုင်းခဲ့ရသည့်အတွက် တရုတ်-မြန်မာ ချစ်ကြည်ရေးကို များစွာထိခိုက်စေခဲ့ပါကြောင်း ပြောကြားသွားခဲ့သည်။
Source: EMG

(၆)
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရှိ စစ်ရှောင်သူများအတွက် စာနပ်ရိက္ခာအကူအညီအဖြစ် အမေရိကန်ဒေါ်လာ သုံးသန်းကို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်မှတစ်ဆင့် လှူဒါန်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source: EMG

Saturday, July 21, 2012

ဂျာနယ်စား


ဂျာနယ်ရွှေခေတ်မှာ ကျွန်တော် အပတ်စဉ်ဖတ်ဖြစ်တဲ့ ဂျာနယ်အရေအတွက်က ၂၀ နီးပါးခန့်ရှိသည်။ ငွေအသပြာ၊ ပိုက်ဆံ၊ မန်းနီးဟုခေါ်သည့် ငွေစကြေးစများ အင်မတန် ကုန်ပါသည်။ သို့သော် မတတ်နိုင်ပေ။ ကိုယ်က ဂျာနယ်တွေကို ဘိန်းစွဲသလို စွဲနေတဲ့လူ။ ရတဲ့လခရဲ့ အစိတ်အပိုင်းအချို့က ဂျာနယ်ဖိုးနဲ့ ကုန်ရသည်။ ဒံပေါက်တစ်ပွဲစားဖို့ ၂၀၀၀ လောက်ကုန်မှာကို ကျွန်တော်ကြောက်သည်။ သို့သော် ဂျာနယ်တွေဝယ်ရလျှင်၊ စာအုပ်တွေ ၀ယ်ရလျှင်တော့ အတွန့်အတို၊ အနှမြော လုံးဝမရှိ။ ဒါလည်း ၀ဋ်တစ်ခုဖြစ်မည်ထင်သည်။ ဂျာနယ်တစ်ခုချင်းအလိုက် ကြိုးတွဲထားပြီး တစ်နေ့တစ်ခြား မြင့်လာသည့် ဂျာနယ်အပုံကြီးကို ကြည့်ပြီး ဖြစ်ရသည့် ပီတိ၊ ခံစားရသည့် ကျေနပ်မှုသည် ဘာနဲ့မျှ ဖော်ပြလို့မရ။ ကဲ... ထားတော့။

အခုနောက်ပိုင်း ဂျီအက်စ်အမ်တွေ အင်တာနက်သုံးခွင့်ပေးလိုက်တော့ ကျွန်တော့်ရဲ့ အကုန်အကျအချို့ သက်သာသွားသည်။ ဂျာနယ်အတော်များများကို အင်တာနက်ကနေ ဖတ်ခွင့်ရသည်။ သို့သော် အချို့သော ဂျာနယ်များကိုတော့ တမင်ကို ၀ယ်ဖတ်ဖြစ်သည်။ သိမ်းထားချင်၍ ဖြစ်သည်။ ထို့ပြင် အချို့သော အချို့သော ဂျာနယ်များကို ကွန်ပျူတာထဲတွင် ဖတ်ရသည်နှင့် လက်တွင်ကိုင်ကာ ဖတ်ရသည်တို့ မတူတာလည်း ရှိသည်။ ကွန်ပျူတာရှေ့တွင်ထိုင်ပြီး တောင့်တောင့်ကြီး ဖတ်ရသည်ထက် ဂျာနယ်လေးကိုကိုင်၊ အိပ်ရာပေါ်မှာလှဲ၊ ဖတ်နေရင်း တွေးစရာပါလျှင် ဂျာနယ်ကို အသာဘေးမှာချ၊ တွေးစရာရှိတာတွေ၊ အချို့သော အတွေးတွေကို စာပြန်ရေးဖို့အတွက် မှတ်စုထဲမှာမှတ်၊ အချို့စာသားတွေကို ဂျာနယ်ထဲမှာ မျဉ်းသား၊ ကွင်းခတ် စသဖြင့် လုပ်ရသည်က တကယ့်လောကစည်းစိမ် ဖြစ်သည်။ ကဲ... ထားတော့။

အရင်တုန်းက အချိန်တွေ များသည်။ အခု အချိန်တွေ ရှားသည်။ တစ်နေ့တစ်နေ့ ဘယ်လိုကုန်လွန်သွားမှန်း မသိအောင်ပင် ဖြစ်ရသည်။ အင်တာနက်ဆိုတဲ့ ရွာကြီးထဲကို အလည်သွားမိလျှင် ပိုဆိုးသေးသည်။ လေ့လာစရာမကုန်၊ သင်ယူစရာမခမ်း၊ မှတ်သားစရာမလောက် ဖြစ်ရပါ၏။ ထို့ကြောင့် ဘလော့ဂ်တွင် ပို့စ်တွေ ဟိုးအရင်ကလို အများကြီး မတင်ပေးနိုင်တော့။ အဲဒီအတွက် စိတ်မကောင်း။ ကိုယ်ဖတ်မိသည့် စာတိုပေစလေးတွေထဲမှာ သဘောကျစရာ၊ သိမှတ်စရာ၊ ဆင်ခြင်စရာ၊ တွေးတောစရာလေးများ တွေ့ရလျှင် ဘလော့ဂ်ကို လာဖတ်သည့် မြန်မာ့သွေး မိတ်ဆွေတွေကို ဖတ်စေချင်သည်။ သိစေချင်သည်။ သို့သော်..... အခြေအနေက မပေး။ ကဲ... ထားတော့။

ဂျာနယ်တွေကလည်း သူ့ဟာနဲ့သူ ကောင်းနေကြတာချည်းပဲဖြစ်သည်။ တစ်စောင်လုံး ပြောစရာမရှိအောင် ကောင်းသည့်ဂျာနယ်တော့ အခုထိ တစ်စောင်မှ မတွေ့ခဲဖူး။ သို့သော် သူ့ဂျာနယ်နှင့်သူ ကောင်းတဲ့ဟာလေးတွေ ပါနေတတ်သည်။ အချို့က ဆောင်းပါးတွေ ကောင်းသည်၊ အချို့က သတင်းတွေ ကောင်းသည်၊ အချို့ သတင်းဆောင်းပါးတွေ ကောင်းသည်၊ အချို့က နာမည်ကြီး စာရေးဆရာကြီးများ၏ စာတွေပါသည်၊ အချို့က ကာတွန်းတွေ ကောင်းသည်၊ အချို့က နိုင်ငံရေး သုံးသပ်ချက်တွေ ကောင်းသည်၊ အချို့က တစ်ချိန်တုန်းက အဟောင်းကောင်းတွေ ပြန်ဖော်ပြသည်၊ အချို့က ဖျော်ဖြေရေးကဏ္ဍ စုံလင်သည်၊ အချို့က... စသည် စသည်ဖြင့် သူ့ဟာနှင့်သူ ကောင်းနေကြတာချည်း ဖြစ်သည်။ ကဲ... ထားတော့။

ကျွန်တော် အပတ်စဉ် ဖတ်ဖြစ်သည့် ဂျာနယ်တွေက-
(၁) Weekly Eleven News *
(၂) First Eleven *
(၃) မော်နီတာ
(၄) ဒီလှိုင်း
(၅) ပြည်သူ့ခေတ်
(၆) 7Day News *
(၇) ရန်ကုန်တိုင်းမ်
(၈) Northern Star
(၉) Bi Weekly Eleven News *
(၁၁) Newsweek
(၁၂) Hot News *
(၁၃) Premier Eleven *
(၁၄) လျှပ်တစ်ပြက်
(၁၅) The VOICE Weekly *
(၁၆) Good Health
(၁၇) Street View
အထက်တွင် (*) ပြထားသည့် ဂျာနယ်တွေက အင်တာနက်မှာ ဒေါင်းလုဒ်ချပြီး ဖတ်နိုင်သည့် ဂျာနယ်များ ဖြစ်သည်။ အဲဒီ ဂျာနယ် ထုတ်ဝေသူများကို ကျေးဇူးတင်ပါသည်ခင်ဗျား။ ကဲ... ထားတော့။

အဲဒီလိုတွေ ဂျာနယ်တွေကို ပုံမှန်လိုလို လပေါင်းများစွာ ဖတ်လာတော့ ရလာသည့် အကျိုးကျေးဇူးတွေ ရှိသည်။ ဘာတွေနည်း။ ဟုတ်ကဲ့.... ဘယ်ဂျာနယ်တွေက ပိုကောင်းလာတယ်၊ ဘယ်ဂျာနယ်တွေက အရည်အသွေး ကျသွားတယ်၊ ဘယ်ဂျာနယ်ကတော့ ဘယ်လို လုပ်စားတတ်တယ်၊ ဘယ်ဂျာနယ်ကတော့ ယောင်ဝါးဝါးလုပ်တတ်တယ်၊ ဘယ်ဂျာနယ်ကတော့ သူများဖော်ပြပြီးသား သတင်းတွေ ပြန်ထည့်တတ်တယ်၊ ဘယ်ဂျာနယ်ကတော့ အတင်းဖွနေတယ်၊ ဘယ်ဂျာနယ်ကတော့ ဂျာနယ်အချင်းချင်း ရန်စောင်နေတယ်၊ ဘယ်ဂျာနယ်ကတော့ လိုင်းပူးနေတယ် စသည်ဖြင့် သိလာတာပါပဲ။ ပြောမယုံ ကြုံဖူးမှ သိဆိုသလို သာမန်အားဖြင့်ဆိုရင် အခု ကျွန်တော်ပြောနေတာတွေက အကြားအမြင်ရနေတဲ့ လူမှပဲ သိနိုင်သလိုလို၊ အဲဒီဂျာနယ်တွေမှာ အလုပ်လုပ်နေမှပဲ သိနိုင်သလိုလို ဖြစ်နေပါလိမ့်မယ်။ အငြင်းအခုန် မလုပ်လိုပါ။ အချို့ဂျာနယ်များဆိုလျှင် ဖောင်ပိတ်ခါနီးအထိ ထည့်စရာမရှိ၍ ဘယ်သတင်း၊ ဘယ်စာကို ဖောင်မပြည့်,ပြည့်အောင် ထည့်လိုက်သည် ဆိုတဲ့အထိ တွေးကြည့်လို့ရသွားသည်။ မယုံမရှိနှင့် အဲဒါ ကိုယ်တွေ့။ ကဲ.... ထားတော့။

ဂျာနယ်တွေ အများကြီးထွက်တာကို ကျွန်တော် သဘောကျသည်။ ဘာမဏ္ဍိုင်တွေ၊ ညာမဏ္ဍိုင်တွေ၊ ထိန်းကျောင်းတာတွေ၊ ဗိန်းမောင်းတာတွေ ကျွန်တော်မပြောလို။ ဂျာနယ်တွေ အများကြီးထွက်သည့်အတွက် ကျွန်တော်တို့ လူမျိုးတွေအတွက် စာဖတ်စရာတွေ အများကြီး ရှိလာသည်။ သူ့ဂျာနယ်အလိုက် ကိုယ်အားသန်အားသန်ရာကို ပေးကြလိမ့်မယ်၊ တင်ပြကြလိမ့်မည်။ ထိုအခါ သူ့ပရိသတ်နှင့်သူ အားပေးကြလိမ့်မည်၊ ဖတ်ကြလိမ့်မည်။ စာဖတ်တယ်ဆိုတာ ကောင်းတဲ့အလုပ်ဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ လူဦးရေ စုစုပေါင်းရဲ့ တစ်ဝက်လောက်က စာပုံမှန် ဖတ်လျှင်ပင် နောက်ထပ် ၁၀ နှစ်အတွင်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံ စင်ကာပူနိုင်ငံကို ကျော်လွန်နိုင်တယ်ဟု ကျွန်တော် ယုံယုံကြည်ကြည် ပြောရဲသည်။ ခက်တာက ကျွန်တော်တို့ လူမျိုးက အင်မတန် စာဖတ်ပျင်းသည်။ သူပြောငါပြောကို ယုံကြည်ကြတာ များသည်။ ဟိုက အသံလွှင့်၊ ဒီက အသံလွှင့်ကို နားထောင်ချင်ကြသည်။ ဟိုလူ သုံးသပ်၊ ဒီလူ သုံးသပ်ကို သဘောကျသည်။ ကိုယ်တိုင်ကျတော့ စာလည်းမဖတ်ချင်၊ ဆွေးနွေးတာလည်း မလုပ်ချင်၊ သုံးသပ်တာလည်း မလုပ်ချင်နှင့် သိပ်စိတ်ညစ်ဖို့ ကောင်းသည်။ ကဲ... ထားတော့။

တစ်နေ့လုပ်မှ တစ်နေ့စားတဲ့ အလုပ်ကြမ်းသမားကလည်း စာဖတ်ခြင်းသည် သူ့အလုပ် မဟုတ်၊ သူနှင့် မအပ်စပ်ဟု ခံယူသည်။ ထိုဘ၀က မည်သို့ လွတ်မည်နည်း။ ၀န်ထမ်းဆိုသူတွေကလည်း စာမဖတ်ချင်၊ ၀င်စာကိုပင် သေသေချာချာ နားလည်အောင် မဖတ်၊ ခေါင်းစဉ်ကိုကြည့်ပြီး သက်ဆိုင်ရာဌာနကို လွှဲပေးဖို့ပဲ စိတ်ဝင်စားသည်။ အချင်းချင်း အတင်းပြောရင်း ရပ်ကွက်သတင်းတွေကို ဖလှယ်ကြသည်၊ မင်းသား၊ မင်းသမီး အတင်းတွေကို ဖောက်သည်ချသည်။ အလုပ်အတွက် ဘယ်မှာအသုံးဝင်မည်နည်း၊ ခက်ပြီ... အလုပ်အတွက် အသုံးမ၀င်မှတော့ နိုင်ငံအတွက် ပိုဆိုးသည်ပေါ့။ အရာရှိတွေ ကျတော့ရော...။ ပိုဆိုးသည်။ အချိန်မရလို့၊ အလုပ်တွေများလို့၊ လူမှုရေးတွေ ရှိလို့ စာမဖတ်ဖြစ်။ ပြီးရော....။ စားပွဲပေါ် လာတင်သမျှကို အတွင်းရေးမှူးက ဖတ်ပြီးစစ်ဆေးရသည်။ ကျေးဇူးရှင်က လက်မှတ်ပဲ ထိုးသည်။ ပြီးတော့ အတွင်းရေးမှူးကို မေးလိုက်သေးသည်။ စစ်ပြီးပြီလားတဲ့။ ပြန်ဖြေသည်။ ဟုတ်ကဲ့။ ထိုးလိုက်သည် လက်မှတ်။ ကောင်းရော။ အလုပ်ကြမ်းသမားက စာမဖတ်၊ ၀န်ထမ်းက စာမဖတ်၊ အရာရှိကလည်း စာမဖတ်။ သူ့ဟာနဲ့သူ အားလုံးကိုက်နေသည်။ ဟာမိုနီ ဖြစ်နေသည်။ ဟန်ချက်ညီနေသည်။ မကောင်းလော။ ကဲ... ထားတော့။

ဂျာနယ်တွေဘက် ပြန်လှည့်မည်။ သူများ ဒီမိုကရေစီဆိုတော့ အားလုံးဒီမိုကရေစီလိုက်ကြသည်မှာ တစ်မိုးလုံး ဖျောက်ဆိပ်ဟု ဆိုရလောက်သည်။ နိုင်ငံတစ်ခုမှာ ဒီမိုကရေစီချည်းပဲ လိုအပ်တာမဟုတ်။ အခြားသော ဘာသာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စာရိတ္တ၊ ပညာရေး၊ လူငယ်ရေးရာ၊ စသည် စသည်ဖြင့် များစွာရှိသေးသည်။ သို့သော် ဂျာနယ်များ စိတ်မ၀င်စား။ အဲဒါတွေ ရေးလျှင်၊ ထုတ်လျှင်လည်း စောင်ရေတက်မည် မဟုတ်၊ စီးပွားရေးအမြတ်အစွန်း ကောင်းမည်မဟုတ်။ ဒီတော့ ဘာဖြစ်သလဲ။ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို မျက်နှာဖုံး ဖော်ပြရလျှင် အတော်ကြီးကို ဟုတ်နေပြီ။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဝေေ၀ဆာဆာ ဖော်ပြရလျှင် အရမ်းကို ကောင်းနေပြီ။ နိုင်ငံရေးပါတီတွေ အစည်းအဝေး လုပ်တာတွေကို ဖော်ပြရလျှင် "အာဂ ငါ့နှယ်၊ ဂျာနယ်ထုတ်ကျိုး နပ်လေစွ" ဟု ထင်မြင်ကြသည်။ ပုဂ္ဂလိက ဆေးရုံတစ်ခုခုကို လူနာရှင်/လူနာ တစ်ယောက်ယောက်က တရားစွဲသည့်သတင်းကို ထည့်ပေးနိုင်လျှင် ဂုဏ်ယူမဆုံး ဖြစ်ကြသည်။ ပြည်သူ့ဘက်က ရပ်တည်သည်တဲ့။ မဆန်းလော။ ဆန္ဒပြသည့် သတင်းကို ဖော်ပြနိုင်လျှင် ကိုယ့်ကိုယ့်ကိုယ် အမေရိကန်က သတင်းစာတွေလောက် ထင်ကြသည်။ ကောင်းလေစွ၊ ကောင်းလေစွ။ ကဲ... ထားတော့။

မြန်မာတွေ နိုင်ငံရေးအသိ ရင့်သန်စေဖို့ ဘာတွေ ဖော်ပြကြသလဲ၊ စာရိတ္တတွေ ကောင်းမွန်အောင် ဘယ်လို လမ်းညွှန်ကြသလဲ၊ ဒုစရိုက်မှုတွေ လျော့နည်းအောင် ဘယ်လိုပညာပေးကြသလဲ၊ ပညာရေးတွေ မြင့်တက်လာအောင် ဘာတွေအကြံပြုကြသလဲ၊ စီးပွားရေးတွေ ချောင်လည်လာအောင် ဘယ်လို နည်းလမ်းတွေ ပြသကြသလဲ၊ ဗဟုသုတတွေ တိုးပွားလာအောင် ဘယ်လိုဖော်ပြပေးကြသလဲ၊ တစ်နိုင်ငံလုံး စာဖတ်ချင်လာအောင် ဘယ်လိုစည်းရုံး ဆောင်ရွက်နေကြသလဲ။ ဂျာနယ်များကို ကျွန်တော်မေးချင်တဲ့ မေးခွန်းတွေထဲက အချို့ရယ်ပါ။ မေးခွန်းများစွာ ကျန်သေးပါသည်။ သြော်... စတုတ္ထမဏ္ဍိုင်လို့ ကိုယ့်ဘာသာကိုယ် ကြွေးကြော်နေကြတဲ့ ကိုရွှေဂျာနယ်တို့က ကျွန်တော့်ကို ပြန်ဖြေကြပါလိမ့်မည်။ အမေး နွားကျောင်းသား၊ အဖြေ ပါမောက္ခ ပေါ့။ ဟုတ်ကဲ့ ကျွန်တော်ကိုဉာဏ် နားလည်ပါသည်။ ကဲ.... ထားတော့။

အခုအချိန်အထိ ဂျာနယ်စောင်ရေကို လျှော့ပြီးတော့ ပုံနှိပ်ဖော်ပြကြတုန်း။
အခုအချိန်အထိ ဂျာနယ်တန်ဖိုးကို လျှော့ရေးပြီး အခွန်ရှောင်ကြတုန်း။
အခုအချိန်အထိ သတင်းတစ်ခုကို ဂျာနယ်အားလုံး ၀ိုင်းရေးကြတုန်း။
အခုအချိန်အထိ အစိုးရဆိုရင် ငါတို့ကို ချုပ်ချယ်နေတဲ့လူတွေလို့ မြင်ကြတုန်း။
အခုအချိန်အထိ သူတို့မကြိုက်တဲ့လူဆိုရင် စာဖတ်ပရိသတ်နဲ့ ရန်တိုက်ပေးတုန်း။
အခုအချိန်အထိ စာနယ်ဇင်းသမား တစ်ယောက်ယောက်ကို ထိရင် ကျီးကန်းတွေလို ၀ိုင်းအာကြတုန်း။
အခုအချိန်အထိ စာလုံးပေါင်းအမှားတွေကို ဝေေ၀ဆာဆာ ရေးနေကြတုန်း။
အခုအချိန်အထိ မြန်မာနာမည်ပေးရင် ဂျာနယ်မဟုတ်ဘူးလို့ ထင်နေကြတုန်း။
အခုအချိန်အထိ အယ်ဒီတာ့ထံပေးစာမှာ သူတို့ဂျာနယ်ကို မကောင်းပြော ဝေဖန်ကြရင် ထည့်မပေးတုန်း။
အခုအချိန်အထိ အစိုးရ အားနည်းချက်တွေအကြောင်း ရေးသမျှပေးစာကို ၀မ်းသာအားရ ဖော်ပြကြတုန်း။
အခုအချိန်အထိ သူတို့ကြိုက်တဲ့လူကို စာဖတ်ပရိသတ် မကြိုက်ကြိုက်အောင် ကြော်ငြာပေးတတ်ကြတုန်း။
အခုအချိန်အထိ ......................။
အခုအချိန်အထိ ...............................။
အခုအချိန်အထိ ........................................။
အခုအချိန်အထိ ..................................................။
အခုအချိန်အထိ ..............................................................။
အခုအချိန်အထိ မဏ္ဍိုင်သုံးရပ်အကြောင်း မကောင်းရေးရတာကို လွပ်လပ်ခွင့်လို့ ထင်နေကြတုန်း။
အခုအချိန်အထိ ...........................................................................။
အခုအချိန်အထိ ...................................................................................။ ကဲ... ထားတော့။

အို... စာဖတ်သူ မြန်မာ့သွေးမိတ်ဆွေ။ တခမ်းတနား၊ တဖွဲ့တနွဲ့ဖြင့် ဤစာကို နိဂုံးမချုပ်လိုတော့ပါ။ ကျွန်တော်ကိုဉာဏ်လည်း ဟုတ်ကဲ့.... 
အခုအချိန်အထိ မကောင်းမြင်စိတ်တွေ များနေတုန်းပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်၊ စနေနေ့။
ညနေ ၆ နာရီ ၄၁ မိနစ်တွင် ပြီး၏။

စာကြွင်း။ ဘိန်းစွဲနေသော လူများကို ဘိန်းစားဟု ခေါ်တတ်ကြပါသည်။ ကျွန်တော် ကိုဉာဏ်သည် ဂျာနယ်စွဲနေသူတစ်ဦး ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော့်အား ယနေ့မှစ၍ ဂျာနယ်စားဟု ပြောင်းလဲခေါ်ဝေါ်ကြပါကုန်။

Friday, July 20, 2012

အခါလွန်မိုး


ပို့စ်ခေါင်းစဉ်ကို ဖတ်ပြီးတော့ တစ်ချိန်က ကျော်ကြားလူကြိုက်များခဲ့တဲ့ အဆိုတော် အောင်ရင် (မိုးအောင်ရင် ရဲ့အဖေ) သီဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်လို့ မထင်လိုက်ပါနဲ့။

မနေ့က အလုပ်ကိစ္စတွေနဲ့ အတော်ကြီးကို ခေါင်းခြောက်ခဲ့ရပါတယ်။ အဲဒါကြောင့် အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ပို့စ်ကို မတင်ခဲ့နိုင်ပါဘူး။ အာဇာနည်နေ့ မရောက်ခင်ကတည်းက ဘာတွေရေးမယ်၊ ဘာတွေတင်ပေးမယ်ဆိုပြီး အခဲကြီး ခဲခဲ့လေသမျှ သဲရေကျခဲ့ရပါတယ်။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျွန်တော်သိပ်ကြိုက်တဲ့ စကားပုံဆိုရိုးစကား တစ်ခုဖြစ်တဲ့ "ဘယ်တော့မှ မဖြစ်တာထက် နောက်ကျတာက ပိုကောင်းတယ်" ဆိုတဲ့အတိုင်း အခါလွန်မိုး ရွာလိုက်ပါတယ်။

၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့် ထပ်တူ အထူးဝမ်းနည်း ကြေကွဲရပါကြောင်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခါင်းဆောင်ကြီးများကို မိမိပြုခဲ့သမျှ ကုသိုလ်အစုစုကို အမျှပေးဝေပါကြောင်း.....။

၁၉ ဇူလိုင် မမေ့နိုင်။
ဇူလိုင် ၁၉ မျက်ရည်မိုး။
မျက်ရည်သွန်းဖြိုး တစ်ဆယ့်ကိုး။
၁၉ ဇူလိုင် မျက်ရည်ဖြိုင်။
မျက်ရည်ဖြိုင်ဖြိုင် လဇူလိုင်။

ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု....

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်၊ သောကြာနေ့။
နေ့လည် ၂ နာရီ ၀၇ မိနစ်။

Wednesday, July 18, 2012

Breaking News (July 18)


(၁)
လစ်လပ်နေသော ဒုတိယသမ္မတ နေရာအတွက် တပ်မတော်သားကိုယ်စားလှယ်များ အစုအဖွဲ့က အမည်စာရင်း တင်သွင်းထားသည့် ဦးမြင့်ဆွေ (အစား) အခြားပုဂ္ဂိုလ်တစ်ဦး၏ အမည်စာရင်းအား ထပ်မံတင်သွင်းရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြထားကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိပါသည်။ (Source: The VOICE)

(၂)
ထိုင်းနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဇူလိုင်လ ၂၁ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ (Source: The VOICE)

(၃)
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ (ကြားဖြတ်ရွေးကောက်ပွဲမပါ) တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရှိရသည်။ တွေ့ဆုံမည့်ပါတီများမှာ (၁) ချင်းအမျိုးသားပါတီ၊ (၂) ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ (၃) ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ (၄) ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ (၅) ပြည်ထောင်စုဒီမိုကရေစီပါတီ၊ (၆) ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ (၇) မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ (၈) ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ (၉) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ (၁၀) အမျိုးသားဒီမိုကရေစီအင်အားစုပါတီ တို့ ဖြစ်ကြပါသည်။ (Source: The VOICE)

(၄)
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ လေ့လာရန်အတွက် အမေရိကန် ကုမ္ပဏီများဖြစ်သည့် Boeing, Chevron, Google, General Motors, IBM, Dell, Master Card, Visa, Coca-Cola, GE စသည့် ကုမ္ပဏီများမှ စီးပွားရေးကိုယ်စားလှယ်အဖွဲ့ လာရောက်ခဲ့ကြောင်း သိရှိရသည်။ (Source: EMG)

(၅)
အမေရိကန် အထက်လွှတ်တော်တွင် ဆွေးနွေးခဲ့သည့် The Burmese Freedom and Democracy ကို တင်သွင်းခဲ့သူ အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဖုန်းဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။ The Burmese Freedom and Democracy သည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် Sanction အား သက်တမ်းတိုးမည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း သိရှိရသည်။ (Source: EMG)

(၆)
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် အေးခဲအမဲသားများတွင် ခွာနာလျှာနာ ရောဂါပိုးများ ပါဝင်နေသည့်အတွက် တရုတ်နိုင်ငံက တင်သွင်းခွင့် ပိတ်ပင်လိုက်ကြောင်း သိရှိရပါသည်။ (Source: 7Day News)

(၇)
မင်းကိုနိုင် ရေးသားခဲ့သည့် နောက်ကြည့်မှန် လုံးချင်းဝတ္ထုအား ရုပ်ရှင်ရိုက်ကူးရန်အတွက် ဒါရိုက်တာ ၀င်းထွန်းထွန်း က အမြင့်ဆုံး အနုပညာကြေးပေး၍ ၀ယ်ယူသွားခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ၀တ္ထုအား ဒါရိုက်တာ ချိုတူးဇော်ကို လက်ဆောင်ပေး၍ ရုပ်ရှင်ရိုက်ကူးစေမည်ဖြစ်ကြောင်း သိရှိရပါသည်။ (Source: Popular News)

(၈)
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင် ရုတ်တရက် နှလုံးဖောက်မှုကြောင့် ဆေးရုံတက်ရောက် နေရကြောင်း သိရှိရသည်။ (Source: Myanmar Express)

(၉)
ရန်ကုန်တွင် ကျင်းပပြုလုပ်မည့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် အာဇာနည်ဗိမာန်သို့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သွားရောက်ဂါရ၀ ပြုမည်ဖြစ်ကြောင်းနှင့် အဆိုပါ အစီအစဉ်အား ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ (Source: ပြန်ကြားရေးဝန်ကြီးဌာန)

Tuesday, July 17, 2012

ကာလာမသုတ်တော်


ကောသလတိုင်း အပါအ၀င်ဖြစ်သော ကာလာမ မင်းတို့၏ အုပ်စိုးရာ ကေသမုတ္တ နိဂုံးသည် တောအုပ်တစ်ခု၏ အ၀င်ဝ၌ တည်သောကြောင့် ထိုတောလမ်းခရီးသွားတို့၏ တည်းခိုရာအရပ် ဖြစ်နေ၏။ အယူအမျိုးမျိုးရှိသော ဆရာကြီးတို့သည် ထိုအရပ်ရောက်လျှင် မိမိတို့ အယူကို ၀ါဒဖြန့်၍ အခြားအယူများကို ဖိနှိပ်ဟောပြောတတ်ကြကုန်၏။ ထိုနိဂုံးသားတို့သည် အယူဝါဒနှင့် စပ်၍ ယောင်ဝါးဝါး ဖြစ်နေကြစဉ် ဗုဒ္ဓအရှင်တော်မြတ်လည်း ထိုအရပ်သို့ ရောက်တော်မူလာ၏။ ထိုနိဂုံးသားတို့သည် အယူဝါဒ အမျိုးမျိုးကို ကြားနေကြရသဖြင့် ဟိုသူပြောတာ ဟုတ်နိုးနိုး၊ ဒီသူပြောတာ ဟုတ်နိုးနိုး တွေးတောနေကြရပါကြောင်း လျှောက်ကြလေရာ ဗုဒ္ဓအရှင်တော်မြတ်က အမျိုးမျိုးကြားနေရသော သင်တို့မှာ ယုံမှားတွေးတောစရာပဲဟု မိန့်တော်မူပြီးလျှင် နားထောင်ကြ ကာလာမအမျိုးသားတို့....

(၁)
ကလေးဘ၀မှစ၍ ကြားနာ မှတ်သားခဲ့ခြင်းဖြင့်လည်း "ဟုတ်တယ် မှန်တယ်" ဟု အစွဲအမြဲ မယူကြနှင့်။

(၂)
မိဘဘိုးဘွား စသည်တို့မှ ဆင်းသက်၍ (ပရံပရ-အဆက်ဆက်) မှတ်ယူလုပ်ကိုင်ရိုးဖြစ်၍လည်း အစွဲအမြဲ မှတ်ယူမထားကြနှင့်။

(၃)
"ဣတိ ကိရ - ဒီဟာက ဒီလိုတဲ့" ဟု အခြားတစ်ယောက်က ပြောလိုက်ရုံမျှဖြင့်လည်း အမြဲမှတ်ယူမထားကြနှင့်။

(၄)
"ဒီအယူအဆသာ ငါတို့ သင်အပ်သော ကျမ်းစာနှင့်ညီတယ်" ဟု မိမိတို့ ကျမ်းစာနှင့် ညီနေရုံဖြင့်လည်း အတည်တကျ မှတ်ယူမထားကြနှင့်။

(၅)
မိမိဘာသာ ကြံစည်အပ်သော အရာကိုလည်း "ဟုတ်လှပြီ၊ မှန်လှပြီ" ဟု အမြဲအစွဲ ယူမထားကြနှင့်။

(၆)
အခြားနေရာ (အခြားနိုင်ငံ) တို့၌ သူတစ်ပါးတို့ လုပ်နည်း ကိုင်နည်းကို သဘောကျ၍လည်း ဤနေရာ၌ သင့်တော်လှပြီဟု အမြဲအစွဲ ယူမထားကြနှင့်။

(၇)
တစ်စုံတစ်ခု ဖြစ်ဖို့ရန် အကြောင်း အထောက်အထားကို စဉ်းစားရာဝယ် အထောက်အထားကောင်းကို ရ၍ သဘောကျသဖြင့်လည်း အမြဲအစွဲ ယူမထားကြနှင့်။

(၈)
"သူပြောအပ်သော အယူဝါဒသည် ငါတို့ စဉ်းစားကျေနပ်ထားသော အယူနှင့် ညီမျှပေသည်" ဟု အယူဝါဒချင်း တူရုံမျှဖြင့်လည်း အမြဲအစွဲ မယူကြနှင့်။

(၉)
"ဤရသေ့ရဟန်းကား ယုံကြည်ထိုက်သော အထက်တန်း ပုဂ္ဂိုလ်တည်း၊ ဒီလို ပုဂ္ဂိုလ်၏ စကားကို လေးလေးစားစား မှတ်သားထိုက်သည်" ဟုလည်း စွဲစွဲမြဲမြဲ မှတ်ယူမထားကြနှင့်။

(၁၀)
"ဤရသေ့ရဟန်းကား ငါတို့ ကိုးကွယ်အပ်သော ဆရာဖြစ်၏။ ငါ့ဆရာစကားကို ငါ မှတ်သားသင့်သည်" ဟုလည်း စွဲစွဲမြဲမြဲ မှတ်ယူမထားကြနှင့်။

ကာလာမ အမျိုးသားတို့... "ဤအကျင့်တွေသည် ကောင်းလည်း မကောင်း၊ အပြစ်လည်း မကင်း၊ ပညာရှိတို့ ကဲ့ရဲ့စရာလည်း ဖြစ်၏၊ ထိုအကျင့်အကြံ အလုပ်အကိုင်ကို ပြုလိုက်လျှင် စီးပွားမဲ့ ဒုက္ခရောက်ဖို့ ဖြစ်၏" ဟု ကိုယ်တိုင် နားလည်သောအခါ ထိုအကျင့် ထိုအပြုအမူများကို စွန့်လိုက်ကြ၊ "စီးပွားတိုးတက်၍ သုခုရဖို့ အကျင့်များ" ဟု ကိုယ်တိုင်နားလည်ထားသော အကျင့်အကြံများကိုသာ လိုက်နာပြုကျင့်ကြ။
(တိကင်္ဂုတ္တရပါဠိတော်)

( အရှင်ဇနကာဘိဝံသ ၏ အနာဂတ်သာသနာရေး စာအုပ်မှ ပြန်လည်ထုတ်နုတ် ကူးယူဖော်ပြပါသည်။ )

Saturday, July 14, 2012

Current News and My Opinions (July 14)


ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် အမေရိကန်-အာဆီယံ စီးပွားရေးညီလာခံတွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။ မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းမှုများ၊ လက်ရှိဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုများနှင့် စီးပွားရေးတိုးတက်မှု ဆောင်ရွက်နေမှုများကို ပါဝင်ခဲ့သည်ကို တွေ့ရပါသည်။

သမ္မတကြီး၏မိန့်ခွန်း နိဂုံးချုပ်အပိုင်းတွင် "ကျွန်တော်တို့နိုင်ငံအနေနဲ့ နှစ်ပေါင်း ၆၀ ကျော် အထီးကျန်ပြီး ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့ရပါတယ်" ဆိုသည့်အချက်ကို ထည့်သွင်းပြောကြားခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။

အဆိုပါအချက်သည် လွန်စွာထူးခြားပြီး အရေးပါသည့်အချက် ဖြစ်ပါသည်။ သမ္မတကြီးအနေဖြင့် အခြေအနေမှန်များကို နားလည်လက်ခံနိုင်သကဲ့သို့၊ စကားလုံးများအပေါ်တွင်လည်း လွန်လွန်ကဲကဲ ဖြစ်မနေခြင်းကို ပြသသည်ဟု ကျွန်တော်မြင်မိပါသည်။ အများစု ပြောနေကြသည့်အတိုင်း ယခု သမ္မတကြီးအနေဖြင့် ယခင်တပ်မတော်အစိုးရတွင် ပါဝင်တာဝန်ထမ်းဆောင်ခဲ့ရပါသည်။ မည်သည့်အခါကမျှ ဤကဲ့သို့သော စကားလုံးမျိုးကို ပြောဆိုခဲ့ခြင်း မရှိသကဲ့သို့ အခြားပြောဆိုသည့် မည်သူ့ကိုမျှလည်း လိုလားခဲ့ခြင်း မရှိသည်ကို အားလုံးအသိ ဖြစ်ပါသည်။ သမ္မတကြီးသာ ပြုပြင်ပြောင်းလဲလိုစိတ် မရှိသူဆိုလျှင် နှစ်ပေါင်း ၆၀ ကျော် အထီးကျန် ဖြစ်ခဲ့ရသည် ဆိုသည့်အချက်ကို နိုင်ငံတော်အကြီးအကဲတစ်ဦးက တရားဝင်ပြောဆိုသည်ကို ကျွန်တော်တို့အနေဖြင့် ယခုကဲ့သို့ ကြားခွင့်ရဦးမည် မဟုတ်ပါ။ ဘာပဲပြောပြော သမ္မတကြီးသည် နိုင်ငံကောင်းဖို့အတွက်ဆိုလျှင် အခြားမည်သည့်အရာကိုမျှ ငဲ့စောင်းနေမည့်သူ မဟုတ်ကြောင်း လှစ်ဟပြသလိုက်ခြင်းဟု ကျွန်တော်မြင်မိပါသည်။ တစ်ဆက်တည်းတွင်ပင် အချို့သော နိုင်ငံရေးပုဂ္ဂိုလ်များ၏ စကားလုံးများအပေါ် အယူသည်းမှု၊ သည်းသည်းလှုပ်မှုများကိုလည်း စဉ်းစားတွေးတောနေမိပါသည်။

သမ္မတကြီး ဦးသိန်းစိန်၏ အမေရိကန်-အာဆီယံ စီးပွားရေးဖိုရမ်တွင် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံကို ဤနေရာတွင် ကူးယူဖတ်ရှုနိုင်ပါသည်။

ယမန်နေ့ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး အဋ္ဌမနေ့မှာ ရှမ်းပြည်နယ် ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းဝါနု က အရေးကြီးအဆိုတစ်ခု တင်သွင်းခဲ့ပါတယ်။ အဲဒီလို အဆိုတင်သွင်းမှုကို ညပိုင်း ရေဒီယိုအစီအစဉ်၊ သတင်းကြေညာအပြီးမှာ အပြည့်အစုံ ထုတ်လွှင့်ပေးခဲ့တာကိုလည်း နားထောင်ခဲ့ရပါတယ်။

ဒေါ်နန်းဝါနု ရဲ့ အဆိုကတော့ "ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် အဟန့်အတား ဖြစ်နေသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများအား အမြန်ဆုံး ရုပ်သိမ်းပေးရန် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို မည်သည့်နည်းလမ်းကို အသုံးပြု၍ဖြစ်စေ၊ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း" ဖြစ်ပါတယ်။

အဆိုနဲ့ပတ်သက်ပြီး ဦးဌေးမြင့်၊ ဒေါ်ခင်စောဝေ၊ ဦးနိုင်ငံလင်း၊ ဦးကြည်မြင့်၊ ဦးစိန်ဝင်း စသည့် ကိုယ်စားလှယ်များက ပါဝင်ထောက်ခံ ဆွေးနွေးခဲ့သလို ဥက္ကဋ္ဌကြီးကလည်း ဖြည့်စွက်ဆွေးနွေးခဲ့သည်ကို တွေ့ရသည်။

ဒေါ်နန်းဝါနု၏ အဆိုတင်သွင်းချက်၊ ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ဖြည့်စွက်ဆွေးနွေးချက် အပြည့်အစုံများကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

ကျွန်တော်နားလည်သမျှကတော့ မကြာမီ အမေရိကန်လွှတ်တော်၌ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများနှင့် ပတ်သက်၍ သက်တမ်းတိုးနိုင်ရန် ဆွေးနွေးအတည်ပြုကြတော့မည်။ ယနေ့ကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကောင်းမွန်အောင် ဆောင်ရွက်နေချိန်မျိုးတွင် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများသည် အခက်အခဲ ဖြစ်စေပါသည်။ အပြေးသမားကို သံဖိနပ် စီးပေးထားသလို ဖြစ်နေသည်ဟု မြင်မိပါသည်။ လွတ်လွတ်လပ်လပ် ပြေးချင်တိုင်း မပြေးနိုင်သည့်အတွက် ပန်းတိုင်သို့ အခြားအပြေးသမားများကဲ့သို့ လျင်လျင်မြန်မြန် ရောက်ရှိနိုင်မည်မဟုတ်ပါ။

အချို့ကလည်း အမေရိကန်၏ ပိတ်ဆို့မှုများသည် မည်သည့်အချက်ကြောင့် မည်သည့်အချက်ကို ပိတ်ဆို့အရေးယူထားခြင်းဖြစ်ကြောင်း အကြောင်းပြကြသည်များ ရှိကြပါသည်။ အပြည့်အ၀ လက်ခံသည် မဟုတ်သော်လည်း ငြင်းဆန်ခြင်း မပြုလိုပါ။ သို့သော် ကျွန်တော့်အမြင်ကတော့ ဘယ်သူတွေက ဘယ်လောက်ပဲ စကားလုံးတွေသုံးပြီး ငြင်းဆန်နေပါစေ၊ အနောက်နိုင်ငံများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်များ၊ ပေးပို့သော မက်ဆေ့ခ်ျများ၊ တိုက်တွန်းချက်များ အပေါ်တွင်သာ မူတည်အလုပ်လုပ်နေသည် ဆိုသည့်အချက် ဖြစ်ပါသည်။ ထိုအချက်သည် တရားမျှတမှု ရှိ၊ မရှိ၊ ဖြစ်သင့်၊ မဖြစ်သင့် ဆိုသည်ကတော့ စာဖတ်သူများပဲ စဉ်းစားကြစေလိုပါသည်။ အန်တီစု အစိုးရအဖွဲ့သို့ မရောက်အချင်း ပိတ်ဆို့မှုများ ရုပ်သိမ်းခြင်းမပြုဟု သန္နိဌာန်များ ချမှတ်ထားလေသလားဟု ကျွန်တော်သံသယ ရှိပါသည်။ မျက်ကန်းသံသယလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားမှု အခြေအနေများကို ဖော်ပြထားသည့် US Sanction on Burma ကို ဤနေရာတွင် ကူးယူဖတ်ရှုနိုင်ပါသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterre က သမ္မတကြီး ဦးသိန်းစိန်၏ အဆိုပြုချက်ဖြစ်သည့် ဘင်္ဂါလီရိုဟင်ဂျာများကို UNHCR က လက်ခံထိန်းသိမ်း ကျွေးမွေးစောင့်ရှောက်ရန်မှာ မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်။ ထို့ပြင် သူ၏ ပြောဆိုချက်တွင် ရိုဟင်ဂျာများသည် UNHCR က သတ်မှတ်သည့် ဒုက္ခသည် သတ်မှတ်ချက်နှင့် ကိုက်ညီခြင်း မရှိကြောင်း။ ယခုကိစ္စသည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများ၏ ပြဿနာသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အဆိုပါပြောဆိုချက်သည် အရေးကြီးသည်ဟု ကျွန်တော်မြင်ပါသည်။ အနောက်နိုင်ငံများအနေဖြင့် ရိုဟင်ဂျာဘင်္ဂါလီများကို မြန်မာတိုင်းရင်းသားတစ်မျိုးဖြစ်အောင် နည်းမျိုးစုံဖြင့် ပြောဆိုဆောင်ရွက်လျက် ရှိသည်ကို တွေ့ရပါသည်။ ထိုအချက်ကို ကျွန်တော် လက်မခံပါ။ ကိုယ်ခန္ဓာသွင်ပြင် လက္ခဏာအရရော၊ ဓလေ့ထုံးတမ်းများအရရော၊ ကိုးကွယ်ယုံကြည်မှုအရရော ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းရှိ အခြားသော တိုင်းရင်းသားများနှင့် လုံးဝမတူညီဘဲ သိသိသာသာ ကွဲပြားနေသည်ကို သတိပြုကြစေလိုပါသည်။

အခြားသော လူများနှင့် မတူသည့်အချက်ကတော့ သူတို့တွေကို ကျွန်တော်တို့နိုင်ငံ၏ တိုင်းရင်းသားများအဖြစ် အသိအမှတ် ပြုပေးလိုက်လျှင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများစွာ၊ အခက်အခဲများစွာ၊ ပြဿနာများစွာ ရှိလာမည်သာ အသေအချာဟု ကျွန်တော် ယုံကြည်ပါသည်။ ဘာသာရေး၊ လူမှုရေးကိစ္စများကို မဆွေးနွေးလိုသည့်အတွက် မတင်ပြလိုတော့ပါ။ မရေးသားလိုတော့ပါ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်၊ စနေနေ့။
နံနက် ၁၁ နာရီ ၁၁ မိနစ်တွင်ပြီး၏။

Friday, July 13, 2012

Myanmar or Burma? မြန်မာလား၊ ဗမာလား


ကျွန်တော်တို့နိုင်ငံ ခေတ်သစ်ရောက်ပြီဟု အချို့က ကြွေးကြော်ကြသည်။ အချို့ကလည်း နောက်ပြန်လှည့်နိုင်သေးတယ်လို့ ပြောကြပြန်သည်။ သေချာတာကတော့ ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ရောက်နေပြီ၊ လျှောက်နေပြီ ဆိုသည့်အချက် ဖြစ်ပါလိမ့်မည်။ ကျွန်တော်ကိုဉာဏ်လည်း လူသားတစ်ဦး ဖြစ်သည့်အားလျော်စွာ နိုင်ငံရေးသတ္တ၀ါအဖြစ် ခံယူလိုက်သည်။ နိုင်ငံရေးကို လေ့လာဖြစ်သည်။ နိုင်ငံရေးစာပေတွေ ရှာဖတ်ဖြစ်သည်။ သူပြောငါပြော နိုင်ငံရေးတွေကိုလည်း နားထောင်ဖြစ်သည်။ မတောက်တခေါက် အသိလေးတွေဖြင့် ဟိုရေးဒီရေး ရေးဖြစ်ခဲ့သည်။

ယခုနောက်ပိုင်း နိုင်ငံရေးပါတီများ အားကောင်းလာသည့်အတွက် သူတို့တွေကို စိတ်ဝင်တစား လေ့လာဖြစ်သည်။ တတ်သိနားလည်သည့် ရှေ့မီနောက်မီ လူကြီးများက ပြောတတ်ကြသည်။ ပါတီနိုင်ငံရေးဆိုတာ သိပ်ရှုပ်ထွေးတယ်၊ ကိုယ့်ပါတီ အနိုင်ရဖို့အတွက် ကိုယ့်ဖအေကိုတောင် အပုပ်ချဖို့ ၀န်မလေးရဘူးတဲ့။ ကျွန်တော်ဖျားသွားတယ်။ ဗိုလ်ချုပ်အောင်ဆန်း ပြောဖူးတာကို ကျွန်တော်ဖတ်ဖူးတယ်လေ။ နိုင်ငံရေးဆိုတာ အဲဒီလို အလုပ်မျိုး မဟုတ်ဘူး၊ သိပ်ကို မြင့်မြတ်တဲ့အလုပ်၊ ဘုရားအလောင်းလို ပုဂ္ဂိုလ်မျိုးတွေသာ လုပ်နိုင်တဲ့အလုပ်တဲ့။ ကျွန်တော့်ခေါင်းတွေ အလုပ်များသွားကြတယ်။

ဟံသာဝတီ ဦးဝင်းတင်ကို ကျွန်တော်ကြားဖူးတာကြာပြီ။ အင်တာနက်ပေါ်မှာ ဟိုးလေးတကြော် ဖြစ်တာကြောင့်ပါ။ အထူးသဖြင့် တစ်ချိန်တုန်းက သတင်းစာတွေပေါ်ကနေ အတိအလင်း ရှုံ့ချတာ ခံခဲ့ရဖူးတဲ့ မီဒီယာတွေက ကြော်ငြာပေးတာ ကောင်းမှုကြောင့် ဆိုပါတော့။ သူ့ရဲ့ စာအုပ်တွေလည်း အတော်ကောင်းတယ်လို့ ညွှန်းသူက ညွှန်းကြတယ်။ ကျွန်တော် မဖတ်ဖြစ်ခဲ့။ ဒါက အမှန်အတိုင်း ၀န်ခံခြင်းပါ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ထက် အသက်အားဖြင့်၊ ၀ါအားဖြင့်၊ အတွေ့အကြုံအားဖြင့် အများကြီး သာလွန်တယ်ဆိုပြီး ဘာမှတ်ချက်မှ မပေးဖြစ်ခဲ့ဘူး။ သည်းသည်းလှုပ် မဖြစ်ခဲ့တာတော့ အမှန်။

ကျွန်တော်တို့ နိုင်ငံရဲ့ ဂျာနယ်ရေစီးကြောင်းကြီး အားကောင်းမောင်းသန် စီးဆင်းနေတဲ့အချိန်မှာ ကျွန်တော်လည်း ပျော်ပျော်ကြီး ကူးခတ်ပစ်လိုက်တယ်။ ဟိုနားကရေကို ခပ်သောက်လိုက်၊ ဒီနားက ရေကို ခပ်သောက်လိုက်ပေါ့။ အဲဒီလိုနဲ့ D-Wave ဒီလှိုင်း ဆိုတဲ့ မြစ်ငယ်လေးတစ်စင့် မီဒီယာရေစီးထဲကို စီးဝင်လာတယ်။ ကျွန်တော် စောင့်ဖတ်ဖြစ်တယ်။ ပထမဆုံး ဂျာနယ်အမှတ်စဉ် ၂ ခုလောက်နဲ့တင် ကျွန်တော် သူတို့ကို နားလည်သွားတယ်။ တစ်ချိန်တုန်းက သူတို့ကိုယ်တိုင် မကောင်းဘူး၊ မဖြစ်သင့်ဘူး၊ အဓိပ္ပါယ်မရှိဘူး၊ အရေမရအဖတ်မရ၊ ကိုယ့်ဘက်ကိုယ်ယက်ထားတာ၊ မဲပြာပုဆိုး စသည်ဖြင့် ဝေဖန်ရေး ပုံစံအမျိုးမျိုး၊ စကားလုံး သောင်းပြောင်းထွေလာနဲ့ အစိုးရသတင်းစာတွေ၊ အစိုးရမီဒီယာတွေကို ဝေဖန်ပုတ်ခတ်ခဲ့ဖူးတဲ့ အလုပ်တွေကို အခုသူတို့ကိုယ်တိုင် တပျော်တပါးကြီး၊ မြိန်ရည်ရှက်ရည်၊ အရှက်မရှိ လုပ်နေကြတယ်။ မကောင်းဘူးလို့ ကိုယ်ဝေဖန်ခဲ့တဲ့ အလုပ်တစ်ခုကို ကိုယ်တိုင် လုပ်တာဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးလို့ ကျွန်တော်မြင်တယ်။ ဥပမာပြောပါရစေ... ကျွန်တော့်ကို လူတစ်ယောက်က အလကားနေရင်း ပါးလာရိုက်မယ်ဆိုရင် ကျွန်တော်လုံးဝ ကြိုက်မှာ မဟုတ်ဘူး။ အဲဒီအတွက် ကျွန်တော်လည်း ဘယ်သူ့ကိုမှ အလကားနေရင်း ပါးသွားမရိုက်ဘူး။ ကျွန်တော်မကြိုက်တဲ့အလုပ်ကို အခြားသူလည်း ကြိုက်မှာမဟုတ်ဘူးလို့ ကျွန်တော်တွေးတယ်။ အခုကျတော့ သူတို့မကြိုက်တဲ့အလုပ်ကို လုပ်တယ်ဆိုပြီး ဝေဖန်ခဲ့တယ်၊ သူတို့ကျတော့ မျက်နှာပြောင်တိုက်ပြီး အဲဒီပုံစံအတိုင်း တစ်သွေမတိမ်း လိုက်လုပ်နေတယ်။ အံ့သြကုန်နိုင်ဖွယ်ပါပဲ။ ဒါက သူတို့ဂျာနယ်ရဲ့ တင်ဆက်မှုပုံစံကို ပြောခြင်းသက်သက်ပါ။ အချို့သော နိုင်ငံရေးဆောင်းပါးတွေ၊ ဥပဒေဆောင်းပါးတွေကိုတော့ ကျွန်တော်ကြိုက်တာ ၀န်ခံပါတယ်။ တလေးတစားလည်း ဖတ်မှတ် သိမ်းဆည်းထားပါတယ်။ ဂျာနယ်တင်ဆက်ပုံကို မကြိုက်တာနဲ့ စာမကြိုက်တာကို ကျွန်တော် မရောထွေးပါ။

ဒီလှိုင်းဂျာနယ်မှာ ကျွန်တော်မကြိုက်ဆုံးနဲ့ စိတ်အညစ်ဆုံးက ဟံသာဝတီ ဦးဝင်းတင်ပါပဲ။ အိုကြီးအိုမနဲ့ ဘာတွေလုပ်နေမှန်း မသိဘူးလို့ ပြောမိရင် ကျွန်တော့်မှာ အကုသိုလ်များ ဖြစ်မလား မသိပါဘူး။ သေချာတာကတော့ ဟံသာဝတီ ဦးဝင်းတင်ရဲ့ စာတွေကို ဖတ်လိုက်မိတိုင်း အင်တာနက်ပေါ်မှာ ကျွန်တော်ဖတ်ရတဲ့ စာတွေကို ပြေးပြေးမြင်မိပြီး အူလှိုက်သည်းလှိုက် ရယ်မိတာပါပဲ။ ကျွန်တော်တို့ ငယ်ငယ်က ကလေးဘာဝ စကြနောက်ကြသလိုမျိုး "ဟေ့ကောင်ချက်ကြီးရာ၊ မင်းပြောတဲ့ မြွေကြီးက အိမ်တိုင်လောက် ရှိတယ်ဆိုလို့ သွားကြည့်တာ တီကောင်ပဲ တွေ့ခဲ့တယ်" ဆိုသလိုပါပဲ။ ဒီလှိုင်းဂျာနယ်ကို ဖတ်မိတိုင်း ဟံသာဝတီ ဦးဝင်းတင်ဆိုတဲ့ တီကောင်ကြီးကိုပဲ တွေ့တွေ့နေရတော့တာပါပဲ။ ဆရာကြီး လူထုစိန်ဝင်း မသေခင်ကသာ ကျွန်တော်တွေ့ခွင့်ရလိုက်ရင် သေချာပေါက် မေးမိမယ့် မေးခွန်းကတော့ "ဟံသာဝတီ ဦးဝင်းတင် ရေးသားနေတာတွေဟာ မီဒီယာကျင့်ဝတ်နဲ့ ကိုက်ညီရဲ့လား၊ လူတွေအတွက် အကျိုးဖြစ်စေရဲ့လား၊ သူ့ဒေါသတွေ၊ မကျေနပ်တာတွေ ဖော်ထုတ်တာကို ကျွန်တော်တို့ စာဖတ်သူတွေက ပိုက်ဆံပေးပြီး ၀ယ်ဖတ်ရတာ ထိုက်တန်ရဲ့လား" ဆိုတာပါပဲ။ လူထုစိန်ဝင်းလည်း ဟံသာဝတီ ဦးဝင်းတင်နဲ့ကျမှ လက်လျှော့ခဲ့ရတယ် ထင်ပါရဲ့ဗျာ။

ကဲ... စကားတွေက တောင်ရောက်မြောက်ရောက်၊ ကျွန်တော့်မိတ်ဆွေတွေလည်း ခေါင်းအတော်ခြောက် ရော့မယ်။ လိုရင်းကို သွားကြပါစို့။ ဒီအပတ်ထုတ် ဒီလှိုင်းဂျာနယ် အတွဲ (၁)၊ အမှတ် (၂၅)၊ စာမျက်နှာ (၃) မှာ ကျွန်တော့်ရဲ့ တီကောင်ဆရာကြီးက "စည်းဟဲ့ ကမ်းဟဲ့ ဆိုတာတွေ ပတ်ကြမ်းမတိုက်ပါစေနဲ့ အကြီးဟဲ့ အကြပ်ဟဲ့ ဆိုတာတွေ ထပ်ထပ်မကြမ်းပါစေနဲ့" ဆိုတဲ့ ခေါင်းစဉ်မဟာတပ်ပြီး သကာလ ဖတ်သူအပေါင်းကို စိတ်နှလုံးရွှင်လန်းစေမယ့်၊ နိုင်ငံရေးစိတ်တွေ တဖွားဖွား နိုးကြားသွားစေမယ့်၊ ဗဟုသုတဖြစ်စေမယ့်၊ နှောင်းလူတွေ အရေးတယူပြု မှတ်သားရစေမယ့် စာတစ်ပုဒ်ကို ရေးသားခဲ့ပါတယ်ဗျာ။

ဆောင်းပါးကို စပြီဆိုကတည်းက "ဟီး.... ဟီး.... ဟဲ.... ဟဲ..... ဟား... ဟား... ဟင်း... ဟင်း...." ဆိုတာနဲ့ ဖွင့်တယ်ဗျာ။ ကဲ... ဘယ်လောက်များ ခန့်ညားလိုက်သလဲ။ ကဲ... တော်ပါပြီဗျာ။ အခြားဟာတွေ ထပ်မံထုတ်နုတ်ပြရင် ဖတ်ရတဲ့လူတွေအတွက် အလကားနေရင်း စိတ်တိုနေရပါဦးမယ်။ အဲဒီလို ရေးရင်းနဲ့ တီကောင်ဆရာကြီးက ဘာပြောသလဲဆိုတော့ အောက်မှာကျွန်တော် တင်ပေးထားတဲ့ မြန်မာ သို့မဟုတ် ဗမာ ဆိုတဲ့ အသုံးအနှုန်းကို ရေးပြထားပါသဗျ။ စာဖတ်သူများ ကိုယ်တိုင်သာ ဖတ်ရှုကြပါကုန်။ မှားသည် မှန်သည် ကျွန်တော် မပြောလိုပါ။ သို့သော် ကျွန်တော့်သူငယ်ချင်း တိုင်းရင်းသားများ ရှိကြပါသည်။ သူတို့ရှေ့မှာသွားပြီး ကျွန်တော်က "ဒါ ဗမာနိုင်ငံကွ၊ ဗမာနိုင်ငံ" လို့ ပြောမိလျှင်ဖြင့် ကျွန်တော့်ကို မျက်လုံးစိမ်းများ၊ မျက်လုံးနီများ၊ မျက်လုံးဝါများ၊ မျက်လုံးပြာများဖြင့် ကြည့်လိုက်ကြမည့်ဖြစ်ခြင်းဟု ကျွန်တော်တွေးနေမိပါသည်။

ကျွန်တော်တို့လူမျိုးသည် ပုဂ္ဂိုလ်စွဲ အင်မတန်ကြီးလွန်းပါသည်။ လူတစ်ယောက်ကို ချစ်မိလျှင် ထိုသူ ဘာပဲလုပ်လုပ် အကောင်းချည်း ဖြစ်နေတတ်ပါသည်။ ချစ်လွန်းတော့ အပြစ်မမြင်ဆိုသလို အမှားကိုပင် ထောက်မပြ၊ မဝေဖန်တော့ဘဲ ရေငုံနှုတ်ပိတ် နေလိုက်ကြပါသည်။ ယခုလည်း ထိုနည်းနှင်နှင်ပင်။ Myanmar ပဲခေါ်ခေါ်၊ Burma ပဲ သုံးသုံး ကျွန်တော်တို့နိုင်ငံက တစ်လက်မမျှ ပွန်းပဲ့သွားတာ မဟုတ်တာကို ကျွန်တော်နားလည်ပါသည်။ သို့သော် အခြေအနေနှင့် အချိန်အခါအရ မည်သည့်အရာက ပိုမိုသင့်လျော်သည်ကို စဉ်းစားသင့်ကြပါသည်။

ကျွန်တော်ကိုဉာဏ် သမိုင်းပညာရှင် မဟုတ်ပါ။ မြန်မာဟူသည်၊ ဗမာဟူသည် စသည့်စကားလုံးများ၏ မူရင်းဇာစ်မြစ်ကို မသိပါ။ သို့သော် ယနေ့အချိန်အခါတွင် Burma, Burma ဟုပြောမည့်အစား၊ ဗမာနိုင်ငံ၊ ဗမာနိုင်ငံဟု ပြောမည့်အစား Myanmar ဟူသည့်စကားလုံး၊ မြန်မာဟူသည့် အသုံးအနှုန်းက ပိုမိုသင့်လျော်ပြီး ဆီလျော်သည်ဟု ယုံကြည်ပါသည်။

ယနေ့ နိုင်ငံရေးလုပ်နေကြသူအားလုံးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အရိပ်အာဝါသအောက်တွင် လုပ်ကိုင်နေကြခြင်း ဖြစ်ပါသည်။ မည်သည့်အလုပ်ပင်ဖြစ်စေ အခြေခံဥပဒေပုဒ်မ (  ) အရဆိုပြီး ကိုးကားပြောဆိုရသည့် အချိန်အခါ၊ ခေတ်ကာလ ဖြစ်နေပြီဖြစ်ပါသည်။ မျက်ခြေမပြတ်ကြစေလိုပါ။ အိပ်ချင်ယောင် မဆောင်ကြစေလိုပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့် နိုင်ငံသားများ၏ မူလအခွင့်အရေးများ ရရှိရေးဟု ကြွေးကြော်နေပါလျက်၊ တောင်းဆိုနေပါလျက် ထိုဥပဒေတွင်ပင် ပြဋ္ဌာန်းထားသည့် "ပုဒ်မ ၂။ နိုင်ငံတော်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည်။" ဆိုသည့်အချက်ကိုကျမှ အဘယ့်ကြောင့် မလိုက်နာချင်ရသနည်း ဆိုသည်ကိုမူ ကာယကံရှင်များသာ နားလည်ကြပါလိမ့်မည်။ ကျွန်တော်ကိုဉာဏ် တွေးဆနိုင်ခြင်း မရှိပါ။ စကားလုံးများ၏နောက်သို့ လိုက်လွန်းလျှင် ပွတ်တိုက်မှုများ မကြာခဏ ဖြစ်လာနိုင်ကြောင်း စေတနာသတိပေးလိုပါသည်။

အောက်တွင်-
၁။ ဟံသာဝတီဦးဝင်းတင်၏ ဒီလှိုင်းဂျာနယ်ပါ ဆောင်းပါးမှ ကောက်နုတ်ချက်။
၂။ တစ်ချိန်က ဗိုလ်ချုပ်အောင်ဆန်း တင်ခဲ့ဖူးသည့် အဆိုကောက်နုတ်ချက်။
၃။ မြန်မာ့အလင်းသတင်းစာပါ မြန်မာဝေါဟာရ သမိုင်းကြောင်းဆောင်းပါး
တို့ကို ဖော်ပြထားပါသည်။ တွေးဆဆင်ခြင်ကြပါကုန်။


(ဤဓာတ်ပုံကို Myanmar Express မှ ကူးယူထားပါသည်။)

မြန်မာဝေါဟာရသမိုင်းကြောင်း ဆောင်းပါးကို ဤနေရာတွင် ကူးယူဖတ်ရှုနိုင်ပါသည်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်၊ အင်္ဂါနေ့တွင် စတင်ရေးသား၍
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်၊ သောကြာနေ့ နံနက် ၀၀ နာရီ ၃၈ မိနစ်တွင်ပြီး၏။

Thursday, July 12, 2012

သမ္မတကြီး ဦးသိန်းစိန်၏ သမိုင်းဝင်စကား


ရိုဟင်ဂျာလို့ပဲခေါ်ခေါ်၊ ဘင်္ဂါလီလို့ပဲပြောပြော၊ ကျွန်တော်တို့နိုင်ငံရဲ့ အနောက်ပိုင်းကနေ ခိုးဝင်လာပြီး ကျွန်တော်တို့နိုင်ငံရဲ့ လုံခြုံရေးအခြေအနေကို ခြိမ်းခြောက်ရုံသာမက ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေဖြစ်တဲ့ ရခိုင်တိုင်းရင်းသားတွေကို စော်ကားခဲ့ကြသူတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ သမ္မတကြီးက ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် ဒီလို ပြောလိုက်ပါပြီဗျာ။ သမိုင်းဝင်စကားမို့ ကျွန်တော့်ရဲ့ မြန်မာ့သွေးဘလော့ဂ်မှာ မှတ်တမ်းတင်ထားလိုက်ပါတယ်။ မှန်ကန်ပြီး ရဲရင့်ပြတ်သားတဲ့ သမ္မတကြီးကို လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ သမ္မတကြီး ကျန်းမာချမ်းသာပါစေ။ နိုင်ငံ့အကျိုးကို ဆထက်တပိုး ထမ်းဆောင်နိုင်ပါစေ။


စာကြွင်း။ သမ္မတကြီးရဲ့ ပြောစကားကို နိုင်ငံတော်သမ္မတရုံးရဲ့ အင်တာနက်စာမျက်နှာမှ ကိုးကားပါတယ်။ ဒါပေမယ့် ဖော်ပြထားတဲ့အတိုင်း စာဆန်ဆန် မဟုတ်ဘဲ စကားပြောဟန်ဖြစ်အောင် ကျွန်တော်က ပြန်ပြင်ပြီး ရေးသားထားပါတယ်။ အကြောင်းအရာပိုင်း၊ အနှစ်သာရပိုင်းနဲ့ ပတ်သက်လို့ လုံးဝ ပြောင်းလဲခြင်းမရှိပါဘူး။ မှားယွင်းချွတ်ချော်နေတာတွေများ တွေ့ခဲ့ရင် မမေ့မလျော့ ကျွန်တော့်ကို ပြောပြဝေဖန်ကြစေလိုပါတယ်။ ကျွန်တော်ပြန်ပြင်ပေးပါ့မယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်၊ ကြာသပတေးနေ့။
ည ၁၁ နာရီ ၃၇ မိနစ်တွင်ပြီး၏။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သတင်း


 

ဒီပို့စ်ကို မရေးခင်အချိန်အထိ ကျွန်တော်ရေးခဲ့တဲ့ Who will be the Chief Minister of the Yangon Region ပို့စ်ဟာ အမှားအယွင်း မရှိခဲ့ပါဘူး။

ဒါပေမယ့်.... ဒါပေမယ့်ပေါ့လေ.... အခုပို့စ်ကို တင်ချိန်မှာတော့ ကျွန်တော့်အတွက် တော်တော်လေးကို အနေရအထိုင်ရ ခက်စေခဲ့ပါတယ်။ ပထမအချက်... ကျွန်တော့်ရဲ့ စဉ်းစားတွေးခေါ်မှုဟာ ၃၆၀ ဒီဂရီ မပြည့်ခဲ့ဘူး။ ထောင့်စေ့အောင် မတွေးနိုင်ခဲ့ဘူးပေါ့ဗျာ။ ဒါက ကျွန်တော့် ညံ့ချက်။ ဒုတိယအချက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို ကိန်းသေအဖြစ် ထားပြီး တွက်ချက်ခဲ့မိတယ်။ တကယ်တော့ တပ်မတော်သား ကိုယ်စားလှယ်တွေဟာ ကိန်းရှင်တွေမှန်း (ကျွန်တော့်အယူအဆအရဆိုရင် မသိကိန်းများ ဖြစ်ပါတယ်) အခု သိခဲ့ပါပြီ။ ဒါက ကျွန်တော်လျှော့တွက်ခဲ့တဲ့ ဒုတိယအားနည်းချက်။

မြန်မာ့သွေးမိတ်ဆွေတစ်ယောက်က မှတ်ချက်မှာ ရေးထားတာကို ဖတ်ရပါတယ်။ အခုဆိုရင် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဖြစ်လာပြီ၊ ဘာတွေ ဆက်ဖြစ်မှာလဲတဲ့။

ဟုတ်ကဲ့... ကျွန်တော်ကိုဉာဏ် နားလည်သလို၊ တွေးမိသလို၊ ဖြစ်နိုင်ဖွယ်များကို တင်ပြပါမည်။ မှန်မည်ဟု မပြောနိုင်သလို မှန်သွားခဲ့လျှင်လည်း သို့လော၊ သို့လော မတွေးကြစေလိုပါ။
၁။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကျင်းပမည်။
၂။ နိုင်ငံတော်သမ္မတက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်အား အမည်စာရင်း တင်သွင်းမည်။
၃။ လွှတ်တော်က သဘောတူလျှင် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်မည်။
၎။ ထိုအခါ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဝေလွင် ဖြစ်လာပါလိမ့်မည်။

စောင့်ကြည့်ကြပါစို့ခင်ဗျား။

Wednesday, July 11, 2012

Who will be the Chief Minister of the Yangon Region


မနေ့ကတင်ခဲ့တဲ့ current news ပို့စ်မှာကတည်းက တစ်ခါတည်း ထည့်ရေးလိုက်ရမှာ ဖြစ်ပေမယ့် ကျွန်တော့်ရဲ့ ပေါ့လျော့မှု၊ မေ့လျော့မှုကြောင့် မရေးလိုက်မိဘဲ အခုမှ ထပ်ရေးလိုက်တာပါ။ အစကတော့ မနေ့ကတင်ခဲ့တဲ့ ပို့စ်မှာပဲ ထပ်ဖြည့်ပြီး ရေးပေးမလို့ပါ။ ဒါပေမယ့် အဲဒီပို့စ်ကို ဖတ်ပြီးသားလူတွေက ပြန်မဖတ်တော့ရင် အခုပြောမယ့် အကြောင်းအရာကို မဖတ်ဖြစ်လိုက်မှာ စိုးရိမ်တဲ့အတွက် ပို့စ်အသစ်တစ်ခု ထပ်ရေးလိုက်ခြင်းပါ။

ဦးမြင့်ဆွေကို တပ်မတော်သားကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့တာဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ဘယ်သူဖြစ်လာမလဲဆိုတဲ့ မေးခွန်းကိစ္စပါ။ အမှန်တကယ်ဆိုရင်တော့ အခုကိစ္စဟာ ရေးကြီးခွင်ကျယ်လုပ် ပြောဆိုရလောက်တဲ့ အကြောင်းအရာတစ်ရပ်လို့ မထင်မိပါဘူး။

ဒါပေမယ့်လည်း... ဒါပေမယ့်လည်းပေါ့ခင်ဗျာ..... အင်တာနက်ပေါ်မှာ ရေးထားတဲ့ အမြင်မတော်တဲ့ ရေးသားချက်တွေကြောင့် ကျွန်တော့်မှာ ဘယ်လိုမှ မနေနိုင်တော့လို့ ကျွန်တော်သိနားလည်သမျှ ပြန်လည်ဝေမျှ ရေးသားလိုက်ရခြင်းပါ။ ပြည်တွင်းထုတ် နာမည်ကြီး ဂျာနယ် ၃-၄ စောင်ရဲ့ အင်တာနက် facebook စာမျက်နှာများမှာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဘယ်သူဖြစ်မယ်လို့ သတင်းများထွက်ပေါ်နေကြောင်း သတင်းရေးသား တင်ပြခဲ့တာကို ဖတ်ရတဲ့အချိန်မှာ ကျွန်တော်ဖြင့် အံ့သြလွန်းလို့ ဘာပြောရမှန်းမသိအောင် ဖြစ်ရပါတယ်။

စတုတ္ထမဏ္ဍိုင်လို့ တွင်တွင်အော်နေကြ၊ မီဒီယာလွတ်လပ်ခွင့်လို့ ကျယ်ကျယ်အော်နေကြ၊ မီဒီယာသမားကို မထိနဲ့ဆိုပြီး အမြဲဟစ်နေတတ်သူတွေက ကိုယ်ရေးတဲ့သတင်းဟာ ဘယ်လိုအဓိပ္ပါယ် သက်ရောက်တယ်၊ ကိုယ်ရေးတာဟာ မှန်တယ်၊ မမှန်ဘူးဆိုတာကို မသုံးသပ်၊ မစစ်ဆေးနိုင်လောက်တဲ့အထိ ညံ့ဖျင်းလိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မထင်ခဲ့မိပါဘူး။ အခုမှပဲ စာပေစိစစ်ရေးဆိုတာ ဘာလို့ အခုချိန်ထိ လိုအပ်နေသေးသလဲ ဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်သွားပါတယ်။ လွှတ်ပေးလို့မှ မရသေးဘဲကိုးခင်ဗျ။ မီဒီယာတွေအားလုံးကို မဆိုလိုပါဘူး။ အချို့အချို့သော မီဒီယာများကိုသာ ဆိုလိုခြင်းပါ။ ၀ါးလုံးရှည်နှင့် သိမ်းကျုံးရမ်းခြင်းဟု မမြင်ကြစေလိုပါ။ စာဖတ်သူ ပြည်သူများကို အသိပညာပေးရမည့်သူ၊ အမှန်ကို ညွှန်ပြရမည့် သူများကိုယ်တိုင်၌က ရေးချင်ရာ ရေးနေလေတော့ ကျွန်တော်ကိုဉာဏ်ဖြင့် ရင်မောမိကြောင်းပါ။

ရေးထားတဲ့သတင်းတွေက ဦးမြင့်ဆွေအစား လက်ရှိတာဝန်ထမ်းဆောင်ဆဲ တပ်မတော်က အရာရှိကြီးတစ်ဦး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဖြစ်မယ်လို့ သတင်းပြေးနေတဲ့အကြောင်း ဖြစ်ပါတယ်။ ပြည်သူတွေဆိုတာက သူတို့ထင်ချင်တဲ့လူကို ထင်မြင်ခွင့်၊ သူတို့တွေးမိသလို ပြောဆိုခွင့် ရှိပါတယ်။ ဒါပေမယ့် သတင်းပေးမယ့် မီဒီယာတွေကတော့ အဲဒီစကားဟာ မှန်၊ မမှန် ဆိုတာလောက်တော့ ဝေဖန်ဆန်းစစ်ပြီးမှ သတင်းပြန်ပေးသင့်ပါတယ်။

ကျွန်တော်တို့နိုင်ငံလူတွေ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖတ်ကြဘူး၊ မကျေညက်ဘူး၊ စိတ်မ၀င်စားဘူး၊ ဖတ်ရကောင်းမှန်း မသိကြဘူးလို့ ကျွန်တော်က အမုန်းခံပြီး ပြောလိုက်ချင်ပါတယ်။ တကယ်လည်း မဖတ်ကြလို့သာ အခုလိုသတင်းတွေ တက်လာတာ ဖြစ်ပါတယ်။ လာမယ့်ကာလတွေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကြမ်းသဘောမျှ နားမလည်ဘူးဆိုလျှင်ဖြင့် ဘာမှဆက်လုပ်လို့ ရမှာမဟုတ်ပါ။ ဟိုလူပြောတာ ဟုတ်နိုး၊ ဒီလူပြောတာ မှန်နိုးနဲ့ ထင်ရာမြင်ရာကို ပြောကြပါလိမ့်မယ်။ အခုလည်း ဘာမှမသိတဲ့ သတင်းဌာနတွေက ရေးတဲ့သတင်းကို နားမလည်တဲ့ စာဖတ်သူတွေက ဝေဖန်ပြောဆို ဆွေးနွေးနေလိုက်ကြတာများ အံ့သြဖို့မကောင်းဘဲ ရယ်ချင်စရာတောင် ကောင်းနေသေးပါရဲ့ဗျာ။

ကျွန်တော့်မိတ်ဆွေများခင်ဗျား - တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ်ကို ခန့်ချင်တဲ့လူကို ခန့်အပ်လို့ မရပါဘူးခင်ဗျာ။ နိုင်ငံတော်သမ္မတက ကြိုက်တဲ့လူကို အမည်စာရင်း တင်သွင်းမှာပေါ့လို့ မပြောကြပါနဲ့ခင်ဗျား။ သိတဲ့လူတွေကြားရင် ရှက်စရာကောင်းပါသည်။

အလွယ်ဆုံးနှင့် အရှင်းဆုံးပြောပါမည်။ ဦးမြင့်ဆွေသာ ဒုတိယသမ္မတအဖြစ် တင်မြှောက်ခံရပါက ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခံရမည့်သူမှာ အခြားလူများမဟုတ်ပါ။ ယခုလက်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထဲမှ တစ်ဦးသာ ဖြစ်ကြောင်းပါခင်ဗျား။ မဆီမဆိုင် အပြင်ကလူတွေကို လက်ညှိုးမထိုးကြပါနဲ့၊ သူ့ဟာသူနေတဲ့ တပ်မတော်က အရာရှိကြီးတွေကိုလည်း ထင်ကြေးတွေပေးပြီး မပုတ်ခတ်ကြပါနဲ့ဗျာ။ ဘယ်ဝန်ကြီးဌာနကိုမှလည်း သွားပြီး သတင်းမေးစရာ မလိုပါဘူး၊ ဘယ်အကြီးအကဲကိုမှလည်း အင်တာဗျူးလုပ်စရာ မလိုပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တိတိကျကျ ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်ခင်ဗျား။ မြန်မာစာဖတ်တတ်လျှင်၊ သို့မဟုတ် အင်္ဂလိပ်စာ ဖတ်တတ်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေဖတ်ပြီး သိနိုင်သည့် အကြောင်းအရာပါခင်ဗျ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁) တွင် ပြဋ္ဌာန်းထားသည့် အချက်ကို ထုတ်နုတ်တင်ပြပါမည်။
၂၆၁။ (ခ) နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် -
-----------(၁) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲက သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား ရွေးချယ်ရမည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အတွက် သတ်မှတ်ထားသည့် အရည်အချင်းတွေက ဘာတွေလဲဟု မေးစရာရှိပါသည်။ အထွေအထူး မဟုတ်ပါဟုသာ ဖြေလိုပါသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအတွက် သတ်မှတ်ထားသည့် အရည်အချင်းများသာ ဖြစ်ပါသည်။ ကွာခြားသည်ကတော့ အသက်ကန့်သတ်ချက်ပါခင်ဗျား။ ၀န်ကြီးချုပ်လုပ်ရန်အတွက် အသက် ၃၅ နှစ် ပြည့်ပြီးသူ ဖြစ်ရန်လိုကြောင်းပါခင်ဗျား။
မြန်မာ့သွေးမိတ်ဆွေများခင်ဗျား - ဤမျှဆိုလျှင် ကျွန်တော်ကိုဉာဏ် ဘာပြောချင်သည်၊ ဘာဆိုချင်သည်ကို သိနိုင်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ကျွန်တော်တို့အတွက် ဦးထိပ်ပန်ဆင်ရမည့်၊ ကာကွယ်စောင့်ရှောက်ရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေအား လေ့လာကြစေလိုပါကြောင်း တိုက်တွန်းလိုပါသည်။

စာကြွင်းအသက် ၃၅ နှစ် ပြည့်ပြီးသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များအားလုံးသည် ယခုအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် အလောင်းအလျာများ ဖြစ်ကြပါသည်။ အားလုံး ရင်ခုန်ကြပါကုန်။

ဒေါသသံများ ပါသွားခဲ့ပါလျှင် တောင်းပန်လိုပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၉ နာရီ ၃၂ မိနစ်။

Tuesday, July 10, 2012

Current News and My Opinions (July 10)


လစ်လပ်နေသော ဒုတိယသမ္မတရာထူးအတွက် တပ်မတော်သားကိုယ်စားလှယ်များ အစုအဖွဲ့က ဦးမြင့်ဆွေ (လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်) ကို အမည်စာရင်း တင်သွင်းခဲ့ကြောင်း သိရှိရသည်။

ထုံးစံအတိုင်း ဝေဖန်မှုအမျိုးမျိုး ပြောကြ၊ ရေးကြပါလိမ့်ဦးမည်။ အထူးသဖြင့် မကြာသေးခင်က ဖြစ်ပျက်ခဲ့သော ရခိုင်အရေးနှင့် ပတ်သက်၍ မီဒီယာသမားများအား ခေါ်ယူသတိပေး မှာကြားမှုများကို အဓိကထားကာ ပြောဆိုဝေဖန်ကြလိမ့်မည်ဟု ကျွန်တော်ထင်ပါသည်။ မဆီမဆိုင် ငယ်ငယ်တုန်းက အတွေးကို ပြန်သတိရမိသည်။ အရိုက်ကြမ်းသည့် ဆရာကို ကြောက်ရွံ့တတ်ပြီး၊ မရိုက်တတ်သည့် ဆရာကိုတော့ သဘောကောင်းသူအဖြစ် ချစ်တတ်ကြခြင်း ဖြစ်ပါသည်။ ဆိုင်သည် မဆိုင်သည်ဟု ကျွန်တော်ပြောလိုခြင်း မဟုတ်ပါ။ ကျွန်တော့်အတွေးသက်သက်ကိုသာ ပြောဆိုခြင်းရယ်ပါ။
 
မည်သို့ပင်ဖြစ်စေ သေချာသည်ကတော့ အမည်စာရင်း တင်သွင်းလိုက်သည့် ဦးမြင့်ဆွေသည် တပ်မတော်သားများကရော၊ အစိုးရကပါ လိုလားအားကိုးသည့်သူ ဖြစ်သည်ဆိုသည့်အချက် ဖြစ်ပါသည်။ တပ်မတော်နှင့် ဆက်ဆံရေးအဆင်ပြေသလို နိုင်ငံတော်သမ္မတကြီးအတွက်လည်း လက်ရုံးအဖြစ် အားကိုးရမည့်သူဟု ယုံကြည်မျှော်လင့်ကာ ရွေးချယ်၍ အမည်စာရင်း တင်သွင်းခဲ့ကြသည်ဟု နားလည်မိပါသည်။

အခုလို အမည်စာရင်း တင်သွင်းပြီး ဖြစ်သည့်အတွက် ဘာတွေ ဆက်လုပ်ရမလဲ ဆိုသည်ကတော့ လွှတ်တော်၏ ကိစ္စရပ် ဖြစ်ပါသည်။ ကျွန်တော်နားလည်သလို ပြောပြရလျှင်ဖြင့် ပြည်ထောင်စုလွှတ်တော် ကျင်းပသည့်နေ့တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က အမည်စာရင်း တင်သွင်းသည့် ဒုတိယသမ္မတလောင်း၏ အမည်စာရင်းကို နာယကက လွှတ်တော်သို့ အသိပေးတင်ပြမည်။ ထို့နောက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တပ်မတော်သားကိုယ်စားလှယ်များ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များပါဝင်သည့် စိစစ်ရေးကော်မတီဖြင့် ဒုတိယသမ္မတလောင်းအား သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံခြင်းရှိမရှိ စစ်ဆေးကြမည်ဖြစ်သည်။ ထို့နောက် အရည်အချင်း ပြည့်မီကြောင်း စစ်ဆေးတွေ့ရှိပါက ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ပြန်လည်တင်ပြကြမည်။ နာယကက ပြည်ထောင်စုလွှတ်တော်သို့ အသိပေးတင်ပြပြီး သဘောတူညီချက် ရယူကာ ဒုတိယသမ္မတအဖြစ် အတည်ပြုခန့်အပ်သွားမည် ဖြစ်သည်။ အကယ်၍ စိစစ်ရေးအဖွဲ့က သတ်မှတ်အရည်အချင်းများနှင့် မကိုက်ညီကြောင်း အကျိုးအကြောင်းဖော်ပြကာ တင်ပြလာပါက နာယကသည် လွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူကာ တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့အား ဒုတိယသမ္မတလောင်းတစ်ဦး၏ အမည်စာရင်းအား ထပ်မံရွေးချယ် တင်ပြရန် ဆုံးဖြတ်မည်ဖြစ်သည်။ ဒါက ကျွန်တော်နားလည်သမျှ လုပ်ငန်းစဉ်ဖြစ်သည်။

ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Tanasak Patimapragorn ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်ခဲ့ပြီး ဇူလိုင်လ ၉ ရက်နေ့က နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံခဲ့သည်။

ဒါများ ဘာထူးဆန်းတဲ့သတင်းမို့လဲ၊ တခြားနိုင်ငံတွေကလည်း ဒီလိုပဲ လာနေကြတာပဲဟု ပြောချင်ပြောကြပါလိမ့်မည်။ ကျွန်တော့်အတွက်မူ စိတ်ဝင်စားမိပါသည်။ စိတ်ဝင်စားစရာတွေလည်း ရှိနေ၍ ဖြစ်ပါသည်။


ပထမဆုံးအချက်က နိုင်ငံတော်သမ္မတကြီးနှင့် တွေ့ဆုံသည့် အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့သည့်အတွက် ဖြစ်ပါသည်။ ကျွန်တော်သာ အမှတ်သညာ မမှားဘူးဆိုလျှင် အခြားနိုင်ငံများမှ လာရောက်သော ဧည့်သည်တော်များကို သမ္မတကြီး လက်ခံတွေ့ဆုံသည့် အခမ်းအနားများတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်လေ့ မရှိပါ။ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်လေမည်လားဟု ကျွန်တော်တွေးနေမိပါသည်။ မှားနေလျှင် ကျွန်တော့်ကို ထောက်ပြစေလိုပါသည်။ အခြားသော အခမ်းအနားများသို့ သမ္မတကြီးနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ အတူတကွ တက်ရောက်ကြသည်ကို မကြာခဏ မြင်တွေ့ခဲ့ဖူးပါသည်။ ယခုကဲ့သို့ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခြင်းတွင်မူ သတိမထားခဲ့မိဘူးပါ။ အများအားဖြင့် သမ္မတကြီးနှင့် သူ၏အစိုးရအဖွဲ့သာ တွေ့ဆုံကြသည် များပါသည်။ တစ်ခုတော့ရှိပါသည်။ ယခုကိုယ်စားလှယ်အဖွဲ့က ထိုင်းတပ်မတော်၏ အကြီးအကဲကိုယ်တိုင် လာရောက်သည့်အတွက် အတူတကွ တွေ့မြင်ရခြင်းလည်း ဖြစ်ပါလိမ့်မည်။ ဒါက အရေးမကြီးပါ။ ကျွန်တော့်အတွက် အလုပ်မရှိ အလုပ်ရှာသည့် စိတ်ဝင်စားစရာ အချက်တစ်ခု သက်သက်မျှသာ ဖြစ်ပါသည်။

ဒုတိယအချက်ကတော့ ထိုင်းနိုင်ငံဝန်ကြီးချုပ် မြန်မာပြည်သို့ လာရောက်သည်ထက် ယခုခရီးစဉ်ကို ပိုမို စိတ်ဝင်စားမိပါသည်။ ထိုင်းဝန်ကြီးချုပ်က စီးပွားရေးကိစ္စနှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကိစ္စကို အဓိကထား၍ လာရောက်ပါလိမ့်မည်။ ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်မူ ထို့ထက် အရေးကြီးသော အကြောင်းအရာများ ပါလာလိမ့်မည်ဟု ကျွန်တော်ယူဆပါသည်။ နှစ်နိုင်ငံနယ်စပ် လုံခြုံရေးကိစ္စများ၊ နယ်စပ်ဖြတ်ကျော် မှုခင်းကိစ္စရပ်များ၊ နယ်စပ်ဒေသရှိ ဒုက္ခသည်စခန်း အမည်ခံ နေရာဒေသများ၊ စသည်ဖြင့် အကြောင်းအရာ အမျိုးမျိုး အဖုံဖုံကို ဆွေးနွေးလိမ့်မည်ဟု တွေးဆမိပါသည်။ ကျွန်တော့်အမြင် ပြောရပါလျှင်မူ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြားရှိ ဒုက္ခသည်စခန်းများ အရေးကိစ္စသည် ယခုအချိန်မျိုးတွင် မရှိသင့်တော့သော အကြောင်းအရာဟု ထင်မြင်ပါသည်။ ထိုင်းတို့သာ အိမ်နီးချင်းကောင်း ပီသပါမူ ထိုင်းနယ်စပ်ဒေသများတွင် အခြေချပြီး မြန်မာတို့၏ လုံခြုံရေးကို ခြိမ်းခြောက်နေသော ကိစ္စရပ်များကို အားပေးအားမြှောက် မပြုလုပ်သင့်တော့ပါ။ အမှန်ကန်ဆုံး နည်းလမ်းကို ရွေးချယ်၍ အကောင်းမွန်ဆုံး ဖြေရှင်းနိုင်ကြလိမ့်မည်ဟု ယုံကြည်မိပါသည်။

တတိယအချက်ကတော့ အခုတလော ထိုင်းတွေ မြန်မာနိုင်ငံကို အင်မတန်မှ အရေးတယူ ရှိနေသည့် အချက်ဖြစ်ပါသည်။ စိတ်ဝင်စားစရာ၊ စဉ်းစားစရာ ကောင်းသလို ရယ်ချင်စရာလည်း ကောင်းပါသည်။ ဘာတွေ ဘယ်လို စိတ်ဝင်စားစရာကောင်းပြီး ဘာတွေရယ်ချင်စရာ ကောင်းသည်ကိုတော့ စာဖတ်သူများနှင့် အတွေးမတူနိုင်သည့်အတွက် မတင်ပြလိုတော့ပါ။ ကိုယ့်အတွေးနှင့်ကိုယ်သာ ရှိကြစေလိုပါသည်။ တတ်လည်းတတ်နိုင်တဲ့ ထိုင်းတွေဟုသာ မှတ်ချက်ချလိုပါတော့သည်။

နစ်မြုပ်နေသော ဓမ္မစေတီခေါင်းလောင်းတော်ကြီး ပြန်လည်ဆယ်ယူရေးအတွက် နိုင်ငံတော်အဆင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ကြသည်။

ကျွန်တော်တို့မြန်မာတွေအတွက်လည်း ဓမ္မစေတီခေါင်းလောင်းတော်ကြီးဟာ ဒဏ္ဍာရီလိုလို ပုံပြင်လိုလိုနဲ့ ဘယ်လိုပြောရမှန်း မသိအောင်တောင် ဖြစ်ရပါတယ်ဗျာ။ ကိုယ်တိုင်ကိုယ်ကျ တွေ့ခဲ့ပါတယ်လို့ ပြောတဲ့လူကပြော၊ ခြေထောက်နဲ့ နင်းခဲ့ပါတယ်လို့ ဆိုတဲ့သူကဆို၊ ဘယ်နားမှာရှိတယ်ဆိုတာ ဂြိုဟ်တုဓာတ်ပုံတွေအရ အတိအကျ သိတယ်လို့ ပြောတဲ့ပညာရှင်ကပြော၊ နည်းပညာအကူအညီပေးမယ်လို့ ကမ်းလှမ်းတဲ့နိုင်ငံကကမ်းလှမ်း၊ ပြည်ပအားကိုး လုပ်စရာမလိုဘူး၊ သိုးဆောင်းတွေကို အကူအညီတောင်းစရာမလိုဘူး၊ မျက်နှာဖြူတွေ၊ မျက်နှာနီတွေ ၀င်ပါစရာမလိုဘူး၊ ကိုယ့်မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ဆယ်ယူမယ်လို့ ကြွေးကြော်သူက ကြွေးကြော်နဲ့ တကယ့်ကို မရိုးနိုင်တဲ့ သတင်းတစ်ပုဒ်ပါပဲဗျာ။ ကျွန်တော်တို့အတွက် ယဉ်ကျေးမှုအမွေအနှစ်၊ သမိုင်းအမွေအနှစ်အဖြစ် အရေးကြီးတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ခက်နေတာက အားလုံးက အပြောပဲ ပြောနေကြပြီး အခုထက်ထိ အလုပ်ဖြစ်အောင် မလုပ်နိုင်ကြသေးတာပါပဲ။

နှစ်ပေါင်းများစွာ နစ်မြုပ်နေတဲ့ ခေါင်းလောင်းတော်ကြီးဟာ မပျက်မစီးဘဲ မူလအတိုင်း တည်ရှိနေသလားဆိုတာကို ကျွန်တော်ကိုဉာဏ် မကြာမကြာ တွေးမိတယ်။ နစ်တဲ့နေရာမှာရော မရွေ့မလျားဘဲနဲ့ တည်ရှိနေဦးမလား၊ နှစ်ပေါင်းဒီလောက်အများကြီး ရေအောက်မှာ နုံးတွေဖို့၊ မြေတွေမို့နဲ့ မြင်ရောမြင်ရဦးမလား စသည်ဖြင့်ပေါ့လေ။ အထူးစိတ်ဝင်စားမိတာကတော့ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ဆယ်ယူပေးမယ်ဆိုတဲ့ မြန်မာအမျိုးသားကြီးတစ်ဦးရဲ့ ကြုံးဝါးသံကိုပါ။ သက်ဆိုင်ရာကပဲ ခွင့်မပြုသလိုမျိုး ဖတ်ရကြားရတော့လည်း တစ်မျိုးတော့ ဖြစ်မိတာ အမှန်ပါ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်၊ အင်္ဂါနေ့။
ည ၁၀ နာရီ ၄၅ မိနစ်တွင်ပြီး၏။

 
Web Statistics