Friday, July 13, 2012

Myanmar or Burma? မြန်မာလား၊ ဗမာလား


ကျွန်တော်တို့နိုင်ငံ ခေတ်သစ်ရောက်ပြီဟု အချို့က ကြွေးကြော်ကြသည်။ အချို့ကလည်း နောက်ပြန်လှည့်နိုင်သေးတယ်လို့ ပြောကြပြန်သည်။ သေချာတာကတော့ ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ရောက်နေပြီ၊ လျှောက်နေပြီ ဆိုသည့်အချက် ဖြစ်ပါလိမ့်မည်။ ကျွန်တော်ကိုဉာဏ်လည်း လူသားတစ်ဦး ဖြစ်သည့်အားလျော်စွာ နိုင်ငံရေးသတ္တ၀ါအဖြစ် ခံယူလိုက်သည်။ နိုင်ငံရေးကို လေ့လာဖြစ်သည်။ နိုင်ငံရေးစာပေတွေ ရှာဖတ်ဖြစ်သည်။ သူပြောငါပြော နိုင်ငံရေးတွေကိုလည်း နားထောင်ဖြစ်သည်။ မတောက်တခေါက် အသိလေးတွေဖြင့် ဟိုရေးဒီရေး ရေးဖြစ်ခဲ့သည်။

ယခုနောက်ပိုင်း နိုင်ငံရေးပါတီများ အားကောင်းလာသည့်အတွက် သူတို့တွေကို စိတ်ဝင်တစား လေ့လာဖြစ်သည်။ တတ်သိနားလည်သည့် ရှေ့မီနောက်မီ လူကြီးများက ပြောတတ်ကြသည်။ ပါတီနိုင်ငံရေးဆိုတာ သိပ်ရှုပ်ထွေးတယ်၊ ကိုယ့်ပါတီ အနိုင်ရဖို့အတွက် ကိုယ့်ဖအေကိုတောင် အပုပ်ချဖို့ ၀န်မလေးရဘူးတဲ့။ ကျွန်တော်ဖျားသွားတယ်။ ဗိုလ်ချုပ်အောင်ဆန်း ပြောဖူးတာကို ကျွန်တော်ဖတ်ဖူးတယ်လေ။ နိုင်ငံရေးဆိုတာ အဲဒီလို အလုပ်မျိုး မဟုတ်ဘူး၊ သိပ်ကို မြင့်မြတ်တဲ့အလုပ်၊ ဘုရားအလောင်းလို ပုဂ္ဂိုလ်မျိုးတွေသာ လုပ်နိုင်တဲ့အလုပ်တဲ့။ ကျွန်တော့်ခေါင်းတွေ အလုပ်များသွားကြတယ်။

ဟံသာဝတီ ဦးဝင်းတင်ကို ကျွန်တော်ကြားဖူးတာကြာပြီ။ အင်တာနက်ပေါ်မှာ ဟိုးလေးတကြော် ဖြစ်တာကြောင့်ပါ။ အထူးသဖြင့် တစ်ချိန်တုန်းက သတင်းစာတွေပေါ်ကနေ အတိအလင်း ရှုံ့ချတာ ခံခဲ့ရဖူးတဲ့ မီဒီယာတွေက ကြော်ငြာပေးတာ ကောင်းမှုကြောင့် ဆိုပါတော့။ သူ့ရဲ့ စာအုပ်တွေလည်း အတော်ကောင်းတယ်လို့ ညွှန်းသူက ညွှန်းကြတယ်။ ကျွန်တော် မဖတ်ဖြစ်ခဲ့။ ဒါက အမှန်အတိုင်း ၀န်ခံခြင်းပါ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ထက် အသက်အားဖြင့်၊ ၀ါအားဖြင့်၊ အတွေ့အကြုံအားဖြင့် အများကြီး သာလွန်တယ်ဆိုပြီး ဘာမှတ်ချက်မှ မပေးဖြစ်ခဲ့ဘူး။ သည်းသည်းလှုပ် မဖြစ်ခဲ့တာတော့ အမှန်။

ကျွန်တော်တို့ နိုင်ငံရဲ့ ဂျာနယ်ရေစီးကြောင်းကြီး အားကောင်းမောင်းသန် စီးဆင်းနေတဲ့အချိန်မှာ ကျွန်တော်လည်း ပျော်ပျော်ကြီး ကူးခတ်ပစ်လိုက်တယ်။ ဟိုနားကရေကို ခပ်သောက်လိုက်၊ ဒီနားက ရေကို ခပ်သောက်လိုက်ပေါ့။ အဲဒီလိုနဲ့ D-Wave ဒီလှိုင်း ဆိုတဲ့ မြစ်ငယ်လေးတစ်စင့် မီဒီယာရေစီးထဲကို စီးဝင်လာတယ်။ ကျွန်တော် စောင့်ဖတ်ဖြစ်တယ်။ ပထမဆုံး ဂျာနယ်အမှတ်စဉ် ၂ ခုလောက်နဲ့တင် ကျွန်တော် သူတို့ကို နားလည်သွားတယ်။ တစ်ချိန်တုန်းက သူတို့ကိုယ်တိုင် မကောင်းဘူး၊ မဖြစ်သင့်ဘူး၊ အဓိပ္ပါယ်မရှိဘူး၊ အရေမရအဖတ်မရ၊ ကိုယ့်ဘက်ကိုယ်ယက်ထားတာ၊ မဲပြာပုဆိုး စသည်ဖြင့် ဝေဖန်ရေး ပုံစံအမျိုးမျိုး၊ စကားလုံး သောင်းပြောင်းထွေလာနဲ့ အစိုးရသတင်းစာတွေ၊ အစိုးရမီဒီယာတွေကို ဝေဖန်ပုတ်ခတ်ခဲ့ဖူးတဲ့ အလုပ်တွေကို အခုသူတို့ကိုယ်တိုင် တပျော်တပါးကြီး၊ မြိန်ရည်ရှက်ရည်၊ အရှက်မရှိ လုပ်နေကြတယ်။ မကောင်းဘူးလို့ ကိုယ်ဝေဖန်ခဲ့တဲ့ အလုပ်တစ်ခုကို ကိုယ်တိုင် လုပ်တာဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးလို့ ကျွန်တော်မြင်တယ်။ ဥပမာပြောပါရစေ... ကျွန်တော့်ကို လူတစ်ယောက်က အလကားနေရင်း ပါးလာရိုက်မယ်ဆိုရင် ကျွန်တော်လုံးဝ ကြိုက်မှာ မဟုတ်ဘူး။ အဲဒီအတွက် ကျွန်တော်လည်း ဘယ်သူ့ကိုမှ အလကားနေရင်း ပါးသွားမရိုက်ဘူး။ ကျွန်တော်မကြိုက်တဲ့အလုပ်ကို အခြားသူလည်း ကြိုက်မှာမဟုတ်ဘူးလို့ ကျွန်တော်တွေးတယ်။ အခုကျတော့ သူတို့မကြိုက်တဲ့အလုပ်ကို လုပ်တယ်ဆိုပြီး ဝေဖန်ခဲ့တယ်၊ သူတို့ကျတော့ မျက်နှာပြောင်တိုက်ပြီး အဲဒီပုံစံအတိုင်း တစ်သွေမတိမ်း လိုက်လုပ်နေတယ်။ အံ့သြကုန်နိုင်ဖွယ်ပါပဲ။ ဒါက သူတို့ဂျာနယ်ရဲ့ တင်ဆက်မှုပုံစံကို ပြောခြင်းသက်သက်ပါ။ အချို့သော နိုင်ငံရေးဆောင်းပါးတွေ၊ ဥပဒေဆောင်းပါးတွေကိုတော့ ကျွန်တော်ကြိုက်တာ ၀န်ခံပါတယ်။ တလေးတစားလည်း ဖတ်မှတ် သိမ်းဆည်းထားပါတယ်။ ဂျာနယ်တင်ဆက်ပုံကို မကြိုက်တာနဲ့ စာမကြိုက်တာကို ကျွန်တော် မရောထွေးပါ။

ဒီလှိုင်းဂျာနယ်မှာ ကျွန်တော်မကြိုက်ဆုံးနဲ့ စိတ်အညစ်ဆုံးက ဟံသာဝတီ ဦးဝင်းတင်ပါပဲ။ အိုကြီးအိုမနဲ့ ဘာတွေလုပ်နေမှန်း မသိဘူးလို့ ပြောမိရင် ကျွန်တော့်မှာ အကုသိုလ်များ ဖြစ်မလား မသိပါဘူး။ သေချာတာကတော့ ဟံသာဝတီ ဦးဝင်းတင်ရဲ့ စာတွေကို ဖတ်လိုက်မိတိုင်း အင်တာနက်ပေါ်မှာ ကျွန်တော်ဖတ်ရတဲ့ စာတွေကို ပြေးပြေးမြင်မိပြီး အူလှိုက်သည်းလှိုက် ရယ်မိတာပါပဲ။ ကျွန်တော်တို့ ငယ်ငယ်က ကလေးဘာဝ စကြနောက်ကြသလိုမျိုး "ဟေ့ကောင်ချက်ကြီးရာ၊ မင်းပြောတဲ့ မြွေကြီးက အိမ်တိုင်လောက် ရှိတယ်ဆိုလို့ သွားကြည့်တာ တီကောင်ပဲ တွေ့ခဲ့တယ်" ဆိုသလိုပါပဲ။ ဒီလှိုင်းဂျာနယ်ကို ဖတ်မိတိုင်း ဟံသာဝတီ ဦးဝင်းတင်ဆိုတဲ့ တီကောင်ကြီးကိုပဲ တွေ့တွေ့နေရတော့တာပါပဲ။ ဆရာကြီး လူထုစိန်ဝင်း မသေခင်ကသာ ကျွန်တော်တွေ့ခွင့်ရလိုက်ရင် သေချာပေါက် မေးမိမယ့် မေးခွန်းကတော့ "ဟံသာဝတီ ဦးဝင်းတင် ရေးသားနေတာတွေဟာ မီဒီယာကျင့်ဝတ်နဲ့ ကိုက်ညီရဲ့လား၊ လူတွေအတွက် အကျိုးဖြစ်စေရဲ့လား၊ သူ့ဒေါသတွေ၊ မကျေနပ်တာတွေ ဖော်ထုတ်တာကို ကျွန်တော်တို့ စာဖတ်သူတွေက ပိုက်ဆံပေးပြီး ၀ယ်ဖတ်ရတာ ထိုက်တန်ရဲ့လား" ဆိုတာပါပဲ။ လူထုစိန်ဝင်းလည်း ဟံသာဝတီ ဦးဝင်းတင်နဲ့ကျမှ လက်လျှော့ခဲ့ရတယ် ထင်ပါရဲ့ဗျာ။

ကဲ... စကားတွေက တောင်ရောက်မြောက်ရောက်၊ ကျွန်တော့်မိတ်ဆွေတွေလည်း ခေါင်းအတော်ခြောက် ရော့မယ်။ လိုရင်းကို သွားကြပါစို့။ ဒီအပတ်ထုတ် ဒီလှိုင်းဂျာနယ် အတွဲ (၁)၊ အမှတ် (၂၅)၊ စာမျက်နှာ (၃) မှာ ကျွန်တော့်ရဲ့ တီကောင်ဆရာကြီးက "စည်းဟဲ့ ကမ်းဟဲ့ ဆိုတာတွေ ပတ်ကြမ်းမတိုက်ပါစေနဲ့ အကြီးဟဲ့ အကြပ်ဟဲ့ ဆိုတာတွေ ထပ်ထပ်မကြမ်းပါစေနဲ့" ဆိုတဲ့ ခေါင်းစဉ်မဟာတပ်ပြီး သကာလ ဖတ်သူအပေါင်းကို စိတ်နှလုံးရွှင်လန်းစေမယ့်၊ နိုင်ငံရေးစိတ်တွေ တဖွားဖွား နိုးကြားသွားစေမယ့်၊ ဗဟုသုတဖြစ်စေမယ့်၊ နှောင်းလူတွေ အရေးတယူပြု မှတ်သားရစေမယ့် စာတစ်ပုဒ်ကို ရေးသားခဲ့ပါတယ်ဗျာ။

ဆောင်းပါးကို စပြီဆိုကတည်းက "ဟီး.... ဟီး.... ဟဲ.... ဟဲ..... ဟား... ဟား... ဟင်း... ဟင်း...." ဆိုတာနဲ့ ဖွင့်တယ်ဗျာ။ ကဲ... ဘယ်လောက်များ ခန့်ညားလိုက်သလဲ။ ကဲ... တော်ပါပြီဗျာ။ အခြားဟာတွေ ထပ်မံထုတ်နုတ်ပြရင် ဖတ်ရတဲ့လူတွေအတွက် အလကားနေရင်း စိတ်တိုနေရပါဦးမယ်။ အဲဒီလို ရေးရင်းနဲ့ တီကောင်ဆရာကြီးက ဘာပြောသလဲဆိုတော့ အောက်မှာကျွန်တော် တင်ပေးထားတဲ့ မြန်မာ သို့မဟုတ် ဗမာ ဆိုတဲ့ အသုံးအနှုန်းကို ရေးပြထားပါသဗျ။ စာဖတ်သူများ ကိုယ်တိုင်သာ ဖတ်ရှုကြပါကုန်။ မှားသည် မှန်သည် ကျွန်တော် မပြောလိုပါ။ သို့သော် ကျွန်တော့်သူငယ်ချင်း တိုင်းရင်းသားများ ရှိကြပါသည်။ သူတို့ရှေ့မှာသွားပြီး ကျွန်တော်က "ဒါ ဗမာနိုင်ငံကွ၊ ဗမာနိုင်ငံ" လို့ ပြောမိလျှင်ဖြင့် ကျွန်တော့်ကို မျက်လုံးစိမ်းများ၊ မျက်လုံးနီများ၊ မျက်လုံးဝါများ၊ မျက်လုံးပြာများဖြင့် ကြည့်လိုက်ကြမည့်ဖြစ်ခြင်းဟု ကျွန်တော်တွေးနေမိပါသည်။

ကျွန်တော်တို့လူမျိုးသည် ပုဂ္ဂိုလ်စွဲ အင်မတန်ကြီးလွန်းပါသည်။ လူတစ်ယောက်ကို ချစ်မိလျှင် ထိုသူ ဘာပဲလုပ်လုပ် အကောင်းချည်း ဖြစ်နေတတ်ပါသည်။ ချစ်လွန်းတော့ အပြစ်မမြင်ဆိုသလို အမှားကိုပင် ထောက်မပြ၊ မဝေဖန်တော့ဘဲ ရေငုံနှုတ်ပိတ် နေလိုက်ကြပါသည်။ ယခုလည်း ထိုနည်းနှင်နှင်ပင်။ Myanmar ပဲခေါ်ခေါ်၊ Burma ပဲ သုံးသုံး ကျွန်တော်တို့နိုင်ငံက တစ်လက်မမျှ ပွန်းပဲ့သွားတာ မဟုတ်တာကို ကျွန်တော်နားလည်ပါသည်။ သို့သော် အခြေအနေနှင့် အချိန်အခါအရ မည်သည့်အရာက ပိုမိုသင့်လျော်သည်ကို စဉ်းစားသင့်ကြပါသည်။

ကျွန်တော်ကိုဉာဏ် သမိုင်းပညာရှင် မဟုတ်ပါ။ မြန်မာဟူသည်၊ ဗမာဟူသည် စသည့်စကားလုံးများ၏ မူရင်းဇာစ်မြစ်ကို မသိပါ။ သို့သော် ယနေ့အချိန်အခါတွင် Burma, Burma ဟုပြောမည့်အစား၊ ဗမာနိုင်ငံ၊ ဗမာနိုင်ငံဟု ပြောမည့်အစား Myanmar ဟူသည့်စကားလုံး၊ မြန်မာဟူသည့် အသုံးအနှုန်းက ပိုမိုသင့်လျော်ပြီး ဆီလျော်သည်ဟု ယုံကြည်ပါသည်။

ယနေ့ နိုင်ငံရေးလုပ်နေကြသူအားလုံးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အရိပ်အာဝါသအောက်တွင် လုပ်ကိုင်နေကြခြင်း ဖြစ်ပါသည်။ မည်သည့်အလုပ်ပင်ဖြစ်စေ အခြေခံဥပဒေပုဒ်မ (  ) အရဆိုပြီး ကိုးကားပြောဆိုရသည့် အချိန်အခါ၊ ခေတ်ကာလ ဖြစ်နေပြီဖြစ်ပါသည်။ မျက်ခြေမပြတ်ကြစေလိုပါ။ အိပ်ချင်ယောင် မဆောင်ကြစေလိုပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့် နိုင်ငံသားများ၏ မူလအခွင့်အရေးများ ရရှိရေးဟု ကြွေးကြော်နေပါလျက်၊ တောင်းဆိုနေပါလျက် ထိုဥပဒေတွင်ပင် ပြဋ္ဌာန်းထားသည့် "ပုဒ်မ ၂။ နိုင်ငံတော်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည်။" ဆိုသည့်အချက်ကိုကျမှ အဘယ့်ကြောင့် မလိုက်နာချင်ရသနည်း ဆိုသည်ကိုမူ ကာယကံရှင်များသာ နားလည်ကြပါလိမ့်မည်။ ကျွန်တော်ကိုဉာဏ် တွေးဆနိုင်ခြင်း မရှိပါ။ စကားလုံးများ၏နောက်သို့ လိုက်လွန်းလျှင် ပွတ်တိုက်မှုများ မကြာခဏ ဖြစ်လာနိုင်ကြောင်း စေတနာသတိပေးလိုပါသည်။

အောက်တွင်-
၁။ ဟံသာဝတီဦးဝင်းတင်၏ ဒီလှိုင်းဂျာနယ်ပါ ဆောင်းပါးမှ ကောက်နုတ်ချက်။
၂။ တစ်ချိန်က ဗိုလ်ချုပ်အောင်ဆန်း တင်ခဲ့ဖူးသည့် အဆိုကောက်နုတ်ချက်။
၃။ မြန်မာ့အလင်းသတင်းစာပါ မြန်မာဝေါဟာရ သမိုင်းကြောင်းဆောင်းပါး
တို့ကို ဖော်ပြထားပါသည်။ တွေးဆဆင်ခြင်ကြပါကုန်။


(ဤဓာတ်ပုံကို Myanmar Express မှ ကူးယူထားပါသည်။)

မြန်မာဝေါဟာရသမိုင်းကြောင်း ဆောင်းပါးကို ဤနေရာတွင် ကူးယူဖတ်ရှုနိုင်ပါသည်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်၊ အင်္ဂါနေ့တွင် စတင်ရေးသား၍
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်၊ သောကြာနေ့ နံနက် ၀၀ နာရီ ၃၈ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics