လစ်လပ်နေသော ဒုတိယသမ္မတရာထူးအတွက် တပ်မတော်သားကိုယ်စားလှယ်များ အစုအဖွဲ့က ဦးမြင့်ဆွေ (လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်) ကို အမည်စာရင်း တင်သွင်းခဲ့ကြောင်း သိရှိရသည်။
ထုံးစံအတိုင်း ဝေဖန်မှုအမျိုးမျိုး ပြောကြ၊ ရေးကြပါလိမ့်ဦးမည်။ အထူးသဖြင့် မကြာသေးခင်က ဖြစ်ပျက်ခဲ့သော ရခိုင်အရေးနှင့် ပတ်သက်၍ မီဒီယာသမားများအား ခေါ်ယူသတိပေး မှာကြားမှုများကို အဓိကထားကာ ပြောဆိုဝေဖန်ကြလိမ့်မည်ဟု ကျွန်တော်ထင်ပါသည်။ မဆီမဆိုင် ငယ်ငယ်တုန်းက အတွေးကို ပြန်သတိရမိသည်။ အရိုက်ကြမ်းသည့် ဆရာကို ကြောက်ရွံ့တတ်ပြီး၊ မရိုက်တတ်သည့် ဆရာကိုတော့ သဘောကောင်းသူအဖြစ် ချစ်တတ်ကြခြင်း ဖြစ်ပါသည်။ ဆိုင်သည် မဆိုင်သည်ဟု ကျွန်တော်ပြောလိုခြင်း မဟုတ်ပါ။ ကျွန်တော့်အတွေးသက်သက်ကိုသာ ပြောဆိုခြင်းရယ်ပါ။
မည်သို့ပင်ဖြစ်စေ သေချာသည်ကတော့ အမည်စာရင်း တင်သွင်းလိုက်သည့် ဦးမြင့်ဆွေသည် တပ်မတော်သားများကရော၊ အစိုးရကပါ လိုလားအားကိုးသည့်သူ ဖြစ်သည်ဆိုသည့်အချက် ဖြစ်ပါသည်။ တပ်မတော်နှင့် ဆက်ဆံရေးအဆင်ပြေသလို နိုင်ငံတော်သမ္မတကြီးအတွက်လည်း လက်ရုံးအဖြစ် အားကိုးရမည့်သူဟု ယုံကြည်မျှော်လင့်ကာ ရွေးချယ်၍ အမည်စာရင်း တင်သွင်းခဲ့ကြသည်ဟု နားလည်မိပါသည်။
အခုလို အမည်စာရင်း တင်သွင်းပြီး ဖြစ်သည့်အတွက် ဘာတွေ ဆက်လုပ်ရမလဲ ဆိုသည်ကတော့ လွှတ်တော်၏ ကိစ္စရပ် ဖြစ်ပါသည်။ ကျွန်တော်နားလည်သလို ပြောပြရလျှင်ဖြင့် ပြည်ထောင်စုလွှတ်တော် ကျင်းပသည့်နေ့တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က အမည်စာရင်း တင်သွင်းသည့် ဒုတိယသမ္မတလောင်း၏ အမည်စာရင်းကို နာယကက လွှတ်တော်သို့ အသိပေးတင်ပြမည်။ ထို့နောက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တပ်မတော်သားကိုယ်စားလှယ်များ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များပါဝင်သည့် စိစစ်ရေးကော်မတီဖြင့် ဒုတိယသမ္မတလောင်းအား သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံခြင်းရှိမရှိ စစ်ဆေးကြမည်ဖြစ်သည်။ ထို့နောက် အရည်အချင်း ပြည့်မီကြောင်း စစ်ဆေးတွေ့ရှိပါက ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ပြန်လည်တင်ပြကြမည်။ နာယကက ပြည်ထောင်စုလွှတ်တော်သို့ အသိပေးတင်ပြပြီး သဘောတူညီချက် ရယူကာ ဒုတိယသမ္မတအဖြစ် အတည်ပြုခန့်အပ်သွားမည် ဖြစ်သည်။ အကယ်၍ စိစစ်ရေးအဖွဲ့က သတ်မှတ်အရည်အချင်းများနှင့် မကိုက်ညီကြောင်း အကျိုးအကြောင်းဖော်ပြကာ တင်ပြလာပါက နာယကသည် လွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူကာ တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့အား ဒုတိယသမ္မတလောင်းတစ်ဦး၏ အမည်စာရင်းအား ထပ်မံရွေးချယ် တင်ပြရန် ဆုံးဖြတ်မည်ဖြစ်သည်။ ဒါက ကျွန်တော်နားလည်သမျှ လုပ်ငန်းစဉ်ဖြစ်သည်။
ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Tanasak Patimapragorn ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်ခဲ့ပြီး ဇူလိုင်လ ၉ ရက်နေ့က နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံခဲ့သည်။
ဒါများ ဘာထူးဆန်းတဲ့သတင်းမို့လဲ၊ တခြားနိုင်ငံတွေကလည်း ဒီလိုပဲ လာနေကြတာပဲဟု ပြောချင်ပြောကြပါလိမ့်မည်။ ကျွန်တော့်အတွက်မူ စိတ်ဝင်စားမိပါသည်။ စိတ်ဝင်စားစရာတွေလည်း ရှိနေ၍ ဖြစ်ပါသည်။
ပထမဆုံးအချက်က နိုင်ငံတော်သမ္မတကြီးနှင့် တွေ့ဆုံသည့် အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့သည့်အတွက် ဖြစ်ပါသည်။ ကျွန်တော်သာ အမှတ်သညာ မမှားဘူးဆိုလျှင် အခြားနိုင်ငံများမှ လာရောက်သော ဧည့်သည်တော်များကို သမ္မတကြီး လက်ခံတွေ့ဆုံသည့် အခမ်းအနားများတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်လေ့ မရှိပါ။ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်လေမည်လားဟု ကျွန်တော်တွေးနေမိပါသည်။ မှားနေလျှင် ကျွန်တော့်ကို ထောက်ပြစေလိုပါသည်။ အခြားသော အခမ်းအနားများသို့ သမ္မတကြီးနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ အတူတကွ တက်ရောက်ကြသည်ကို မကြာခဏ မြင်တွေ့ခဲ့ဖူးပါသည်။ ယခုကဲ့သို့ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခြင်းတွင်မူ သတိမထားခဲ့မိဘူးပါ။ အများအားဖြင့် သမ္မတကြီးနှင့် သူ၏အစိုးရအဖွဲ့သာ တွေ့ဆုံကြသည် များပါသည်။ တစ်ခုတော့ရှိပါသည်။ ယခုကိုယ်စားလှယ်အဖွဲ့က ထိုင်းတပ်မတော်၏ အကြီးအကဲကိုယ်တိုင် လာရောက်သည့်အတွက် အတူတကွ တွေ့မြင်ရခြင်းလည်း ဖြစ်ပါလိမ့်မည်။ ဒါက အရေးမကြီးပါ။ ကျွန်တော့်အတွက် အလုပ်မရှိ အလုပ်ရှာသည့် စိတ်ဝင်စားစရာ အချက်တစ်ခု သက်သက်မျှသာ ဖြစ်ပါသည်။
ဒုတိယအချက်ကတော့ ထိုင်းနိုင်ငံဝန်ကြီးချုပ် မြန်မာပြည်သို့ လာရောက်သည်ထက် ယခုခရီးစဉ်ကို ပိုမို စိတ်ဝင်စားမိပါသည်။ ထိုင်းဝန်ကြီးချုပ်က စီးပွားရေးကိစ္စနှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကိစ္စကို အဓိကထား၍ လာရောက်ပါလိမ့်မည်။ ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်မူ ထို့ထက် အရေးကြီးသော အကြောင်းအရာများ ပါလာလိမ့်မည်ဟု ကျွန်တော်ယူဆပါသည်။ နှစ်နိုင်ငံနယ်စပ် လုံခြုံရေးကိစ္စများ၊ နယ်စပ်ဖြတ်ကျော် မှုခင်းကိစ္စရပ်များ၊ နယ်စပ်ဒေသရှိ ဒုက္ခသည်စခန်း အမည်ခံ နေရာဒေသများ၊ စသည်ဖြင့် အကြောင်းအရာ အမျိုးမျိုး အဖုံဖုံကို ဆွေးနွေးလိမ့်မည်ဟု တွေးဆမိပါသည်။ ကျွန်တော့်အမြင် ပြောရပါလျှင်မူ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြားရှိ ဒုက္ခသည်စခန်းများ အရေးကိစ္စသည် ယခုအချိန်မျိုးတွင် မရှိသင့်တော့သော အကြောင်းအရာဟု ထင်မြင်ပါသည်။ ထိုင်းတို့သာ အိမ်နီးချင်းကောင်း ပီသပါမူ ထိုင်းနယ်စပ်ဒေသများတွင် အခြေချပြီး မြန်မာတို့၏ လုံခြုံရေးကို ခြိမ်းခြောက်နေသော ကိစ္စရပ်များကို အားပေးအားမြှောက် မပြုလုပ်သင့်တော့ပါ။ အမှန်ကန်ဆုံး နည်းလမ်းကို ရွေးချယ်၍ အကောင်းမွန်ဆုံး ဖြေရှင်းနိုင်ကြလိမ့်မည်ဟု ယုံကြည်မိပါသည်။
တတိယအချက်ကတော့ အခုတလော ထိုင်းတွေ မြန်မာနိုင်ငံကို အင်မတန်မှ အရေးတယူ ရှိနေသည့် အချက်ဖြစ်ပါသည်။ စိတ်ဝင်စားစရာ၊ စဉ်းစားစရာ ကောင်းသလို ရယ်ချင်စရာလည်း ကောင်းပါသည်။ ဘာတွေ ဘယ်လို စိတ်ဝင်စားစရာကောင်းပြီး ဘာတွေရယ်ချင်စရာ ကောင်းသည်ကိုတော့ စာဖတ်သူများနှင့် အတွေးမတူနိုင်သည့်အတွက် မတင်ပြလိုတော့ပါ။ ကိုယ့်အတွေးနှင့်ကိုယ်သာ ရှိကြစေလိုပါသည်။ တတ်လည်းတတ်နိုင်တဲ့ ထိုင်းတွေဟုသာ မှတ်ချက်ချလိုပါတော့သည်။
နစ်မြုပ်နေသော ဓမ္မစေတီခေါင်းလောင်းတော်ကြီး ပြန်လည်ဆယ်ယူရေးအတွက် နိုင်ငံတော်အဆင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ကြသည်။
ကျွန်တော်တို့မြန်မာတွေအတွက်လည်း ဓမ္မစေတီခေါင်းလောင်းတော်ကြီးဟာ ဒဏ္ဍာရီလိုလို ပုံပြင်လိုလိုနဲ့ ဘယ်လိုပြောရမှန်း မသိအောင်တောင် ဖြစ်ရပါတယ်ဗျာ။ ကိုယ်တိုင်ကိုယ်ကျ တွေ့ခဲ့ပါတယ်လို့ ပြောတဲ့လူကပြော၊ ခြေထောက်နဲ့ နင်းခဲ့ပါတယ်လို့ ဆိုတဲ့သူကဆို၊ ဘယ်နားမှာရှိတယ်ဆိုတာ ဂြိုဟ်တုဓာတ်ပုံတွေအရ အတိအကျ သိတယ်လို့ ပြောတဲ့ပညာရှင်ကပြော၊ နည်းပညာအကူအညီပေးမယ်လို့ ကမ်းလှမ်းတဲ့နိုင်ငံကကမ်းလှမ်း၊ ပြည်ပအားကိုး လုပ်စရာမလိုဘူး၊ သိုးဆောင်းတွေကို အကူအညီတောင်းစရာမလိုဘူး၊ မျက်နှာဖြူတွေ၊ မျက်နှာနီတွေ ၀င်ပါစရာမလိုဘူး၊ ကိုယ့်မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ဆယ်ယူမယ်လို့ ကြွေးကြော်သူက ကြွေးကြော်နဲ့ တကယ့်ကို မရိုးနိုင်တဲ့ သတင်းတစ်ပုဒ်ပါပဲဗျာ။ ကျွန်တော်တို့အတွက် ယဉ်ကျေးမှုအမွေအနှစ်၊ သမိုင်းအမွေအနှစ်အဖြစ် အရေးကြီးတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ခက်နေတာက အားလုံးက အပြောပဲ ပြောနေကြပြီး အခုထက်ထိ အလုပ်ဖြစ်အောင် မလုပ်နိုင်ကြသေးတာပါပဲ။
နှစ်ပေါင်းများစွာ နစ်မြုပ်နေတဲ့ ခေါင်းလောင်းတော်ကြီးဟာ မပျက်မစီးဘဲ မူလအတိုင်း တည်ရှိနေသလားဆိုတာကို ကျွန်တော်ကိုဉာဏ် မကြာမကြာ တွေးမိတယ်။ နစ်တဲ့နေရာမှာရော မရွေ့မလျားဘဲနဲ့ တည်ရှိနေဦးမလား၊ နှစ်ပေါင်းဒီလောက်အများကြီး ရေအောက်မှာ နုံးတွေဖို့၊ မြေတွေမို့နဲ့ မြင်ရောမြင်ရဦးမလား စသည်ဖြင့်ပေါ့လေ။ အထူးစိတ်ဝင်စားမိတာကတော့ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ဆယ်ယူပေးမယ်ဆိုတဲ့ မြန်မာအမျိုးသားကြီးတစ်ဦးရဲ့ ကြုံးဝါးသံကိုပါ။ သက်ဆိုင်ရာကပဲ ခွင့်မပြုသလိုမျိုး ဖတ်ရကြားရတော့လည်း တစ်မျိုးတော့ ဖြစ်မိတာ အမှန်ပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်၊ အင်္ဂါနေ့။
ည ၁၀ နာရီ ၄၅ မိနစ်တွင်ပြီး၏။
No comments:
Post a Comment