Tuesday, July 31, 2012

The VOICE ဂျာနယ်အတွက် ဆုတောင်း


နိဒါန်း
ကိုယ့်အလုပ်နဲ့ကိုယ်မို့ နှစ်ရက်လောက် အင်တာနက် မသုံးဖြစ်ဘူး။ ဒီနေ့တော့ အလုပ်လေးတွေ ပါးလျသွားတာမို့ အင်တာနက်သုံးဖြစ်ပါတယ်။ ဘလော့ဂ်ကိုကြည့်၊ ဧည့်အရေအတွက်ကြည့်၊ အီးမေးလ်စစ် လုပ်တာနဲ့ နာရီဝက်လောက် ကြာသွားတယ်။ သတင်းတွေ ဖတ်မယ်ဆိုပြီး Facebook စာမျက်နှာတွေ ဖွင့်လိုက်တဲ့ အချိန်ကျတော့ ဖတ်ရတဲ့သတင်းတစ်ပုဒ်ကြောင့် ရင်ထဲမှာ အတော်ကြီးကို ဆို့သွားတယ်။ တစ်ဆက်တည်း အဲဒီသတင်းအပေါ် အောက်ကနေ ကွန်းမန့်ပေးထားသူတွေရဲ့ စာတွေကိုလည်း အစအဆုံး လိုက်ဖတ်ဖြစ်တယ်။ ပြီးတော့ ကျွန်တော့်အတွေးတွေ၊ စိတ်တွေကို လွှတ်ပေးလိုက်တယ်။ တွေးစမ်း၊ ထင်စမ်း၊ သုံးသပ်စမ်း၊ ဆန်းစစ်စမ်း။ သတင်းကို ဖတ်ရတဲ့ အခိုက်အတန့်လေးမှာ ဖြစ်နေတဲ့စိတ်နဲ့ ချက်ချင်းရေးလိုက်ရင် အမှားများမှာ စိုးတဲ့အတွက် သေသေချာချာကို စဉ်းစားသုံးသပ်ပါတယ်။ ဖြစ်သင့်တာကို အနီးစပ်ဆုံးဖြစ်အောင် စဉ်းစားတွေးခေါ်ယူပါတယ်။ ၃၆၀ မပြည့်ပေမယ့် ရနိုင်သလောက်အထိ လှည့်ပတ်တွေးခေါ်ပါတယ်။ အဲဒီနောက် အောက်ကစာတွေကို ကျွန်တော်ကိုဉာဏ် ရေးပါတယ်ခင်ဗျား။ အမြင်မတူရင်၊ သဘောမကျရင်၊ လွန်တာရှိရင် ၀န္ဒာမိပါခင်ဗျားလို့ ဦးစွာတောင်းပန်လိုက်ပါရဲ့ဗျာ။

ဖတ်ရတဲ့ သတင်း
ချမှတ်ထားတဲ့ စာပေစိစစ်ရေးမူဝါဒတွေနဲ့ မကိုက်ညီတဲ့အတွက် The VOICE Weekly ဂျာနယ်ကို ဒီအပတ်ကစပြီး ထုတ်ဝေခွင့် ရပ်ဆိုင်းထားလိုက်တယ်တဲ့။ ဘယ်နှပတ် ပိတ်ပင်တယ်၊ ဘာအကြောင်းကြောင့် ဆိုတာကိုတော့ အတိအကျ ဖော်ပြထားခြင်း မရှိဘူး။ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ ပြောတဲ့စကားကို ကိုးကားပြီးရေးထားတဲ့ သတင်းတွေ၊ အောက်မှာ ရေးထားကြတဲ့ ကွန်းမန့်တွေအရတော့ မျက်နှာဖုံးမှာ ဖော်ပြထားတဲ့ သတင်းနှစ်ပုဒ်ကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ကြတယ်။

ကျွန်တော့်ခံစားချက်
အဲဒီသတင်းကို ဖတ်ဖတ်ချင်းမှာ စိတ်ထဲမှာ ဘယ်လိုကြီး ဖြစ်သွားမိမှန်း မသိဘူး။ အပတ်စဉ် မပျက်မကွက် စောင့်ဖတ်ရတဲ့၊ ဂျာနယ်တွေထဲမှာ ဘယ်သူနဲ့မှမတူတဲ့ သူ့မူဝါဒနဲ့သူ သွားနေတဲ့၊ စာဖတ်သူအတွက် စေတနာကြီးတဲ့၊ စတဲ့ စတဲ့ The VOICE ဂျာနယ်ကို ထုတ်ဝေခွင့် ပိတ်လိုက်တယ်ဆိုတော့ ကျွန်တော်အတော်ကြီးကို ၀မ်းနည်းသွားမိတယ်။ ထို့အတူ ကွယ်လွန်သူ ဆရာ အောင်ထွဋ် ကိုလည်း သတိရမိတယ်။ ဆရာအောင်ထွဋ်သာရှိရင် ဒီလို အပိတ်ခံရရင်တောင် သူ့သဘောထား ဘယ်လိုရှိသလဲဆိုတာကို ကျွန်တော်တို့ စိတ်ဝင်စားအောင် ပြောပြဦးမှာ အသေအချာပဲလို့ တွေးမိတယ်။ သူတို့ မှားသွားခဲ့ရင်လည်း မှားသွားပါတယ်လို့ ပြောဖို့ ဆရာအောင်ထွဋ်ဆိုရင် ၀န်လေးမှာ မဟုတ်ဘူး။ အဲဒီ အယ်ဒီတာတွေလည်း တော်ကြပါတယ်၊ စေတနာ ထားကြပါတယ်။ ဒါပေမယ့် သူတို့တွေရဲ့ တုံ့ပြန်မှုတွေက သိပ်အားရစရာ မကောင်းဘူး။ ကြည့်ရတာတော့ သူတို့ကိုယ်သူတို့ ဘာကြောင့် အပိတ်ခံရတယ်ဆိုတာကို သေသေချာချာ မသိတဲ့ပုံစံမျိုးပဲ။ ကျွန်တော့်အထင်ကတော့ အပိတ်ခံရနိုင်တာ အများအပြား ရှိတဲ့အထဲက ဘယ်ဟာကို ခေါင်းတည်ပြီး ပိတ်လိုက်သလဲဆိုတာကို မသိတာဖြစ်ပါလိမ့်မယ်။ ကိုယ့်ထည့်ထားတဲ့ ဘယ်သတင်း၊ ဘယ်စာမူဟာ ဘယ်လို ငြိနိုင်တယ်ဆိုတာ ဂျာနယ်လုပ်နေသူတိုင်း မသိစရာ မရှိပါဘူး။

အများအထင်၊ အများအမြင်
သတင်းတွေ၊ ကွန်းမန့်တွေအရ အများထင်ကြတာ နှစ်ခုရှိတယ်။ ၀န်ကြီး ၅ ဦး အပြောင်းအလဲ လုပ်မယ်ဆိုတဲ့သတင်းနဲ့ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ဆွဲထားတဲ့ ကာတွန်းကို မျက်နှာဖုံးမှာ ဖော်ပြထားတဲ့ ဓာတ်ပုံကြောင့်။

ကျွန်တော့်အထင်၊ ကျွန်တော့်အမြင်
ဝန်ကြီးတွေ အပြောင်းအလဲလုပ်မယ့်သတင်းကို ထည့်တဲ့အတွက် ပိတ်တယ်လို့တော့ ကျွန်တော် မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီလို သတင်းမျိုးဟာ ဂျာနယ်သတင်းထောက်က အလကားနေရင်း ရနိုင်တာမျိုးမှ မဟုတ်ဘဲ။ ဘယ်လောက်ပဲလိုက်လိုက် အဲဒီလို သတင်းမျိုးဆိုတာ ထုတ်ပြန်ခြင်း မပြုသေးသရွေ့ ဘယ်သူမှ သိခွင့်ရတာမျိုး မဟုတ်ဘူး။ အခုလို သိခွင့်ရတယ်ဆိုရင် အဲဒါဟာ ဂျာနယ်ရဲ့ အပြစ်မဟုတ်ဘူး။ တာဝန်ရှိသူတွေရဲ့တာ မလုံတာ၊ ပေါက်တာသာဖြစ်တယ်။ အဲဒီလို သတင်းမျိုးကို ဦးဦးဖျားဖျား ပြောနိုင်တဲ့လူသာ အဝေးကြီးကလူ မဖြစ်နိုင်ဘူး။ အစိုးရနဲ့ နီးစပ်တဲ့သူ၊ သို့မဟုတ် အစိုးရအဖွဲ့ဝင်ကိုယ်တိုင်၊ သို့မဟုတ် အစိုးရအဖွဲ့ဝင်တွေရဲ့ မိသားစုတွေ၊ သို့မဟုတ် အစိုးရအဖွဲ့ ၀န်ထမ်းတွေက တစ်ဆင့်သာ သိနိုင်တာမျိုးဖြစ်တယ်။

ပြီးတော့၊ ၀န်ကြီးတွေ အပြောင်းအလဲလုပ်မယ့်သတင်းကို စိတ်ဝင်စားတာ၊ သတင်းအဖြစ် ဖော်ပြတာဟာ ကောင်းတဲ့အလုပ်လို့ မြင်တယ်။ မင်းသားနဲ့ မင်းသမီး ဘယ်မှာသွားပြီး ဘယ်လိုပလူးပလဲထတာ၊ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တက်ရင်း အားလပ်ချိန်မှာ လ္ဘက်ရည်သောက်တာ၊ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဘယ်နေရာမှာ အိမ်ငှားနေတာ စတဲ့ သတင်းတွေထက် အများကြီး တန်ဖိုးရှိတယ်လို့ ကျွန်တော်မြင်တယ်။ အထက်မှာ ကျွန်တော်ပြောခဲ့တဲ့ သတင်းတွေက ဘာအဖိုးမှ မတန်ဘူး။ အဲဒီသတင်းတွေကို သိတဲ့အတွက် ကျွန်တော်တို့အတွက် ဘာအကျိုးမှ မဖြစ်ဘူး။ ခေတ်ကာလ အချိန်အခါအရ ဈေးကွက်လိုအပ်ချက်အရ ထည့်နေတာတွေချည်းပဲ။ ရှင်းရှင်းပြောရရင် ဂျာနယ်တွေရဲ့ ရင်ထဲကမပါဘဲ စောင်ရေတက်အောင် ရိုက်စားလုပ်တဲ့ သတင်းတွေချည်းပဲ။ အခုသတင်းကတော့ မြန်မာပြည်သူပြည်သားတွေအတွက် စိတ်ဝင်စားသင့်တယ်လို့ ထင်မိတယ်။ ကိုယ့်ဝန်ကြီးတွေကို ကိုယ်စိတ်ဝင်စားတာ ဂုဏ်ယူဖို့တောင် ကောင်းသေးရဲ့။ ကိုယ်တွေရဲ့ ကိုယ်စား အလုပ်လုပ်နေတဲ့ လူတွေ ဘယ်ဝန်ကြီးဌာနကို ပြောင်းရွှေ့မလဲ၊ ဒါဆိုရင် ဘယ်လိုမူဝါဒတွေ ပြောင်းလဲသွားနိုင်သလဲ၊ စီးပွားရေးအပေါ်၊ လူမှုရေးအပေါ် ဘာတွေ ရိုက်ခတ်လာနိုင်သလဲ စသည်ဖြင့် အကျိုးတွေ အများကြီးရှိတယ်လို့ မြင်မိတယ်။ ဥပမာပြောရရင် ဥိးကျော်ဆန်းကို အခြားဝန်ကြီးဌာနတစ်ခုကို ပြောင်းရွှေ့ပြီး သူ့နေရာကို ဦးစိုးသိန်း ၀င်လာမယ်ဆိုပါတော့။ သေချာတာကတော့ စာပေစိစစ်ရေးမူတွေ၊ ပြန်ကြားရေးမူတွေ ပြောင်းလဲသွားမှာ အသေအချာဗျ။ မီဒီယာသမားတွေ၊ စာနယ်ဇင်းသမားတွေ စိတ်ဝင်စားမှာ အသေအချာပေါ့ဗျာ။ အခုလည်း အဲဒီလိုပါပဲ။ သတင်းထွက်နေတဲ့ ၀န်ကြီးတွေထဲမှာ လူတွေ စိတ်ဝင်စားနေတဲ့လူတွေ ပါနေလို့ ဖြစ်မှာပါ။ မဟုတ်ကဟုတ်က သတင်းတွေ၊ အတင်းအဖျင်းတွေကို စိတ်ဝင်စားတာထက် ကိုယ့်အစိုးရသတင်းကို စိတ်ဝင်စားတာက ပိုကောင်းတယ်လို့ ကျွန်တော်က မြင်မိကြောင်းပါ။

နောက်တစ်ခုက ကာတွန်းကိစ္စ။ အများစုကလည်း အဲဒီကာတွန်းကို ပိတ်ကွက်တစ်ခုအဖြစ် ရှုမြင်ကြတယ်။ ကျွန်တော်လည်း သေသေချာချာ စဉ်းစားကြည့်တယ်။ ဘယ်လိုမှကို ပိတ်ပင်စရာ မလိုတဲ့ ကာတွန်းလို့ မြင်မိတယ်။ ဂျာနယ်ထဲမှာပါတဲ့ သတင်းအရဆိုရင် အဲဒီကာတွန်းဟာ ဆရာရွှေဘိုရဲ့ လက်ရာဖြစ်လိမ့်မယ်။ ပြခွင့်မရတဲ့ ကာတွန်းနှစ်ကွက်ထဲက တစ်ခု ဖြစ်နေတာကိုး။ ကျန်တစ်ခုက တရားစီရင်ရေးမဏ္ဍိုင်ကို သရော်ထားတာတဲ့။ ထားပါလေ။ လိုရင်းကို ဆက်ရရင် မီဒီယာ လွတ်လပ်ခွင့် မရှိတဲ့သဘောကို ကာတွန်းမှာ ဖော်ပြထားတာနဲ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စာပေစိစစ်ရေးကို စော်ကားတယ်လို့တော့ မမှတ်ယူစေသင့်ဘူး။ ပြီးတော့ ကျွန်တော့်အမြင်အရ အဲဒီကာတွန်းရဲ့ အတွေးဟာ ဘုံအမှန်တရားတစ်ခုလို့ သတ်မှတ်တယ်။ ဥပမာပြောရရင် "အထက်လူကြီးဆိုတာ ကိုယ့်အမျိုးအတွက် မကြည့်ရဘူး၊ ကိုယ့်အမျိုးသားတွေအတွက် ကြည့်ရမယ်" ဆိုတာမျိုးပေါ့။ ကျွန်တော်ပြောချင်တာက အဲဒီလို အတွေးတွေဟာ တရုတ်လူမျိုးအတွက်လည်း တွေးခွင့်ရှိတယ်၊ မှန်လည်းမှန်တယ်၊ အမေရိကန်တွေလည်း တွေးခွင့်ရှိတယ်၊ မှန်လည်းမှန်တယ်၊ ပြင်သစ်ကာတွန်းဆရာကလည်း တွေးခွင့်ရှိတယ်၊ မှန်လည်းမှန်တယ်။ စသဖြင့်ပေါ့လေ။ ကျွန်တော်ပြောတာ အားနည်းမှုကြောင့် ဆိုလိုရင်းကို ဆ၀ါးနိုင်ခြင်းမရှိရင် ကျွန်တော်ညံ့လို့ပါ၊ ခွင့်လွှတ်ပါ။ မျက်နှာဖုံးမှာ ဖော်ပြထားတဲ့ ကာတွန်းဟာ အခြားနိုင်ငံက ကာတွန်းဆရာတွေလည်း ဆွဲနိုင်တာမျိုးပဲ။ မီဒီယာတွေဟာ လွတ်လပ်ခွင့်ဆုံးရှုံးရင် စိတ်ရှိတိုင်း မရုန်းနိုင်ဘူးဆိုတာ မြန်မာတစ်နိုင်ငံတည်းအတွက် မှန်တာမှ မဟုတ်တာဘဲ။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် မီဒီယာလွတ်လပ်ခွင့် မရှိရင် စိတ်ထင်တိုင်း မရုန်းနို်င်တာ အမှန်တရားပဲ။ ဒါက ကျွန်တော့်အတွေး။ နောက်တစ်ခုက အဲဒီကာတွန်းကို မကြိုက်ရင်တောင် ဖြေတွေး တွေးလို့ရသေးတယ်။ နေပြည်တော်က ဆင်ဖြူတော်ကြီးတွေကို ဒီအတိုင်း လွှတ်ပေးထားတာမှ မဟုတ်တာပဲ။ ခြေချင်းတွေနဲ့ ခတ်ထားတာပဲ။ ဘာကြောင့် ခတ်ထားတာလဲ။ ကျွန်တော် ဘာကိုပြောချင်သလဲဆိုတာ ဘလော့ဂ်ဖတ်သူ တွေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

သူများတွေ မထင်တဲ့ဘက်ကနေ ကျွန်တော်ထင်တာတွေက အများကြီးပဲ။ ဂျာနယ်ထဲမှာ ငြိမယ်ဆိုရင် ငြိလောက်တဲ့ သတင်းတွေ၊ သတင်းဆောင်းပါးတွေ အများကြီးမှ အများကြီးပဲ။ ဥပမာတွေ ထုတ်ပြပါ့မယ်။
  • (မြစ်သားမြို့က ပန်းလောင်မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့) စမုံရေလွှဲဆည် သဲထုတ်ရေထိန်းတံခါး လူထုဆန္ဒပြပွဲ မလုပ်မီ နှစ်ရက်အလိုတွင် ဖွင့်လှစ် ဆိုတဲ့ သတင်းခေါင်းစဉ်မျိုး (သတင်းက မှန်ပေမယ့် တပ်ထားတဲ့ခေါင်းစဉ်က အဓိပ္ပါယ်တစ်မျိုး ထွက်နေစေတယ်လေ၊ အစိုးရ၊ ၀န်ကြီးဌာနဲ့ ပြည်သူကို ရန်တိုက်ပေးသလို ဖြစ်မနေဘူးလား၊ ဒါမျိုး မရေးသင့်ဘူး၊ အခမ်းအနားတစ်ခု ဖွင့်တယ်ဆိုတာ နေ့ချင်းညချင်း ကောက်လုပ်လို့ ရတာမဟုတ်ဘူးဆိုတာ အားလုံးသိနေတာပဲ၊ လနဲ့ချီပြီး ကြိုတင်စီစဉ်ရတာမျိုးကို၊ ဆန္ဒမပြခင် ငါးရက်လောက်ကြိုတင်တာနဲ့ သွားနှိုင်းယှဉ်ပြတာမျိုးက မလုပ်သင့်ဘူးလို့ မြင်မိတယ်)၊
  • The VOICE ဂျာနယ်ကို ဘယ်ပုဒ်မနဲ့ တရားစွဲထားသလဲဆိုတာ မသိဘူးလို့ တရားလိုပြသက်သေက တရားရုံးမှာ ထွက်ဆိုတယ်ဆိုတဲ့ သတင်းမျိုး (ဘာကိုဆိုလိုတယ်ဆိုတာ လူတိုင်းသိနေတာမို့ မရှင်းပြတော့ပါဘူး)
  • ပွင့်ဖြူမြို့နယ် NLD ပါတီဝင် အသတ်ခံရ ဆိုတဲ့ သတင်းခေါင်းစဉ်မျိုး (တကယ်ဆိုရင် မှုခင်းသတင်းပဲ၊ သတင်းထည့်ချင်ရင် ဘယ်မြို့မှာ ဘယ်သူ အသတ်ခံရတယ်၊ သေသွားတဲ့လူဟာ ဘယ်ပါတီဝင်တစ်ဦး ဖြစ်တယ် စသည်ဖြင့် ထည့်ရမှာပေါ့၊ အခုတော့ ခေါင်းစဉ်မှာ ဖော်ပြထားပုံကြီးက NLD ပါတီဝင်မို့ပဲ အသတ်ခံရသလို ဖြစ်နေပါတယ်။ အဲဒါမျိုးကိုတော့ ကျွန်တော်ရှုံ့ချပါတယ်၊ ဒါဟာ ရန်တိုက်ပေးတဲ့သဘောတွေ၊ လှုံ့ဆော်ပေးတဲ့ သဘောတွေအထိ သက်ရောက်သွားစေတယ်လို့ မြင်ပါတယ်)

ထားပါတော့လေ၊ အဲဒီလိုသာ မြင်ကြကြေးဆိုရင် ဂျာနယ်တစ်ခုလုံး ဘယ်နေရာမှ လွတ်မှာ မဟုတ်ပါဘူး။ ဟိုလိုလို ဒီလိုလိုတွေချည်းပါပဲ။ အလုပ်မရှိ အလုပ်ရှာပြီး မပြောတော့ပါဘူးဗျာ။

သတင်းတွေကြောင့်၊ ဓာတ်ပုံတွေကြောင့် ဂျာနယ်ကို ရပ်နားထားတယ်ဆိုပေမယ့် အခြားသော စာကောင်းပေမွန်တွေကို စောင့်မျှော်ဖတ်ရှုနေသူတွေအတွက် တကယ့်ကို နစ်နာမှုပါပဲ။ အင်တာနက် သုံးနိုင်တဲ့လူတွေအတွက် အတိုင်းအတာ တစ်ခုအထိ ဖတ်ခွင့်ရနေသေးပေမယ့် ဂျာနယ်ကိုပဲ အားကိုးနေရတဲ့ လူတွေအတွက်တော့ တကယ့်ကို နစ်နာမှုပါပဲ။

တောင်းပန်စကား
သက်ဆိုင်ရာ တာဝန်ရှိသူများခင်ဗျား..........။
  • ဂျာနယ်ပါ သတင်းဓာတ်ပုံတွေ၊ သတင်းတွေဟာ စာပေစိစစ်ရေးမူတွေနဲ့ မကိုက်ညီခဲ့တာ ရှိချင်ရှိပါလိမ့်မယ်၊ ဒါပေမယ့် အယ်ဒီတာ့အာဘော်ကနေ သမ္မတကြီးနဲ့ မြန်မာပြည်ဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်ပြီး ပြတ်ပြတ်သားသား ရေးသားခဲ့တဲ့ မျက်နှာကို ထောက်သင့်ပါတယ်၊။
  • သတ်မှတ်စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်မိတာ ရှိကောင်းရှိပါလိမ့်မယ်၊ ဒါပေမယ့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ အခြားသူတွေရဲ့ အမုန်းခံပြီး တစ်တပ်တစ်အား ရှိသမျှ စွမ်းအားနဲ့ တွန်းကူခဲ့တဲ့ မျက်နှာကို ထောက်သင့်ပါတယ်။
  • အချို့သော အစိုးရအဖွဲ့က တာဝန်ရှိသူတွေက ဂျာနယ်အပေါ် မကျေနပ်တာတွေ၊ စိတ်တိုတာတွေ ဖြစ်ကောင်းဖြစ်ကြပါလိမ့်မယ်၊ ဒါပေမယ့် နိုင်ငံတော်ကြီးလည်း ပန်းတိုင်ရောက်၊ ပြည်သူတွေလည်း ပန်းတိုင်ရောက်စေချင်တဲ့စိတ်နဲ့ သေတဲ့အထိ နိုင်ငံ့အကျိုးတွေ ထမ်းဆောင်သွားတဲ့ ဆရာအောင်ထွဋ် ခေါ် ဒေါက်တာနေ၀င်းမောင်ရဲ့ မျက်နှာကို ထောက်ပေးသင့်ပါတယ်။
  • ဒီမိုကရေစီ ရောင်ခြည်သန်းတဲ့ကာလမှာ စာဖတ်ပရိသတ်တွေကို သိစေချင်တဲ့ စေတနာတွေကြောင့် ခွင့်မပြုတဲ့ သတင်းတွေ၊ မူဝါဒနဲ့ မကိုက်ညီတဲ့ သတင်းတွေ ထည့်ခဲ့၊ ဖော်ပြခဲ့တာ ရှိကောင်းရှိပါလိမ့်မယ်၊ ဒါပေမယ့် ပါတီဂျာနယ်မဖြစ်အောင်၊ လူပုဂ္ဂိုလ်ကြော်ငြာတဲ့ဂျာနယ် မဖြစ်အောင် ရပ်တည်ခဲ့တဲ့ မျက်နှာတွေကို ထောက်သင့်ပါတယ်။
  • အစိုးရအတွက် အမျက်ထွက်စရာ သတင်းတွေ၊ ဓာတ်ပုံတွေ ပါရှိကောင်း ပါရှိပါလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော်တို့ စာဖတ်ပရိသတ်တွေ အမြဲစောင့်ဖတ်နေရတဲ့ ဆောင်းပါးတွေ၊ အတွေးအမြင်တွေလည်း ပါနေတယ်ဆိုတဲ့ မျက်နှာလေးတော့ ထောက်သင့်ပါတယ်။

ဆုတောင်း
ဆုတောင်းတွေကို ကျွန်တော်မယုံဘူး။ ဘယ်အရာပဲဖြစ်ဖြစ် ကိုယ်လုပ်မှ ကိုယ်ရတာလို့ ခံယူတယ်။ ဘာမှမလုပ်ဘဲ အိပ်ရာထဲကနေ ဆုတောင်းနေရုံနဲ့ ဖြစ်လာတဲ့အရာ ဒီကမ္ဘာပေါ်မှာ ဘာတစ်ခုမှ မရှိဘူး။ ဒါပေမယ့် အခုအချိန်မှာ ကျွန်တော်လုပ်နိုင်တာဆိုလို့ ဆုတောင်းတာ တစ်ခုပဲရှိတယ်။ "The VOICE ဂျာနယ် အမြန်ဆုံး ပြန်လာနိုင်ပါစေ" လို့။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်၊ အင်္ဂါနေ့။
ည ၁၁ နာရီ တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics