Saturday, July 28, 2012

The VOICE Weekly ဂျာနယ်ပါ အယ်ဒီတာ့အာဘော်ကို အထူးကြိုဆို


နက်ဖြန်တွင် ဖြန်ချိမည့် The VOICE Weekly, Vol.8, No.32 ၏ အယ်ဒီတာ့အာဘော်ကို The VOICE Weekly Facebook စာမျက်နှာတွင် ဖော်ပြထားသည်ကို ဖတ်လိုက်ရသည်။ လွန်ခဲ့သော ရက်အနည်းငယ်က စိတ်ထဲတွင် အမှတ်ထင်ထင် ရှိနေပြီး၊ မကျေမနပ် ဖြစ်ခဲ့ရသော အကြောင်းအရာတစ်ခုနှင့် ပတ်သက်နေခဲ့သဖြင့် အယ်ဒီတာ့အာဘော် တစ်ခုလုံးကို စိတ်ပါလက်ပါ ဖတ်ရှုနေခဲ့မိသည်။ တစ်ခုလုံး ဖတ်ရှုပြီးစီးမှသာလျှင် သက်ပြင်းချပြီး ပြုံးသွားနိုင်ခဲ့သည်။ အပတ်စဉ် စောင့်မျှော် ဖတ်ရှုနေရသည့် အယ်ဒီတာ့အာဘော် ပီသပါပေသည်ဟုလည်း ချီးကျူးမိပါသည်။ ဆရာအောင်ထွဋ်၏ ရေးသားချက်များကဲ့သို့ပင် ယခုအချိန်အထိ ပြောင်မြောက်နေသည်ကို ဖတ်ရှုပြီး ဆရာအောင်ထွဋ်များ အပတ်စဉ် အိပ်မက်ပေးပြီး ရေးခိုင်းနေသလားဟုပင် ထင်မိပါသည်။

ပြောင်မြောက်လှပါပေသည်ဟု ဆိုရမည် ထင်ပါသည်။ ဘန်ကောက်ပို့စ်၏ ရေးသားချက်အပေါ် လက်ရှိအချိန်အထိ တုံ့ပြန်မှုများတွင် အကောင်းဆုံးစာဟု ဆိုချင်ပါသည်။ ကျွန်တော်တစ်သက်လုံး လက်ခံယုံကြည်လာခဲ့သည့် ဓားသွားထက် ကလောင်သွားထက်တယ် ဆိုသည့်အချက်ကို ပိုမိုယုံကြည်စေရန် တွန်းအားတစ်ရပ်ဟုလည်း မှတ်ထင်မိပါသည်။

ထိုင်းတို့အနေဖြင့် မြန်မာတို့ကို သိသာစွာတစ်မျိုး၊ မသိမသာတစ်ဖုံ မလိုတမာစိတ်ဖြင့် အငြိုးကြီးကြီး တိုက်ခိုက်နေသည်များကို အားလုံးအသိ ဖြစ်ပါသည်။ ယခုလည်း The VOICE က ထောက်ပြထားသကဲ့သို့ပင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိသွားမည်ကို ထိုင်းတို့အနေဖြင့် ကြည်ဖြူလိုလားခြင်း မရှိသည်မှာ မျက်ဝါးထင်ထင် ဖြစ်ပါသည်။

ကျွန်တော့်တစ်ဦးတည်း၏ ပုဂ္ဂလအမြင်ကို ပြောရမည်ဆိုလျှင် ထိုင်းနိုင်ငံသည် မြန်မာတို့အတွက် အိမ်နီးချင်းကောင်း မဟုတ်သည်မှာ သေချာပါသည်။ နယ်စပ်ဒေသတွင် ဒုက္ခသည်စခန်းများ အမည်ခံပြီး သောင်းကျန်းသူများကို လက်ခံမွေးမြူခြင်း၊ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးကို ၀င်ရောက်စီးနင်း တိုက်ခိုက်ခံရသည်အထိ အဖြစ်ခံခဲ့ခြင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ သောင်ရင်းမြစ်ကို ရေလမ်းကြောင်းပြောင်းအောင် လုပ်ဆောင်ပြီး မြန်မာ့မြေများကို အပိုင်သိမ်းလိုနေခြင်း၊ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအပေါ် လုံခြုံမှု အပြည့်အ၀ မပေးဘဲ ထိုင်းလုပ်ငန်းရှင်များနှင့် ပြဿနာ ဖြစ်ပွားပါကလည်း ထိုင်းလုပ်ငန်းရှင်များဘက်မှ အမြဲတစေ ကာကွယ်ပေးခြင်း စသည့် စသည့်လုပ်ရပ်များအတွက် ကျွန်တော့်အနေဖြင့် မနှစ်မြို့ရခြင်း ဖြစ်ပါသည်။

The VOICE Weekly ၏ အယ်ဒီတာ့အာဘော်ကို ဖတ်ပြီးသည့်အချိန်တွင် ဆရာမကြီး ဒေါက်တာမတင်ဝင်း ကို သတိရမိပါသည်။ တစ်ချိန်ဆီ မြန်မာ-ထိုင်း နယ်စပ်ပြဿနာများ ပေါ်ပေါက်ခဲ့စဉ်က ကလောင်သွားထက်ထက်ဖြင့် ဒေါက်တာ မတင်ဝင်း ရေးသားတင်ပြခဲ့သည့် ထိုင်းတို့၏ ငယ်ကျိုးငယ်နာများကို ပြန်သတိရမိပါသည်။ ထိုင်းတို့အနေဖြင့် အနာပေါ်တုတ်ကျ၊ တီကောင်ဆားတို့၊ ငါးရံ့ပြာလူး ဖြစ်ခဲ့ရသည်များကို ပြန်တွေးမိပြီး ပြုံးမိပါသည်။ ကျွန်တော်တို့နိုင်ငံတွင် ဤကဲ့သို့သော ကလောင်ရှင်များ ရှိနေသည့်အတွက်လည်း ဂုဏ်ယူရပါသည်၊ ၀မ်းမြောက်ရပါသည်၊ ပီတိဖြစ်ရပါသည်၊ အားရှိရပါသည်။

ကျွန်တော်သာ အမှတ်မမှားလျှင် The VOICE တွင် ကျွန်တော်ဖတ်ဖူးသမျှ အယ်ဒီတာ့အာဘော်များတွင် ယခု အယ်ဒီတာ့အာဘော်သည် အရှည်လျားဆုံး ဖြစ်ပါလိမ့်မည်။ ကွယ်လွန်သူ ဆရာအောင်ထွဋ်သည်လည်း ယခုကဲ့သို့ အယ်ဒီတာ့အာဘော်ကို ရှည်လျားစွာ ရေးလေ့ရေးထ မရှိခဲ့ဟု ထင်ပါသည်။ ဆောင်းပါးများကိုသာ ခပ်ရှည်ရှည် ရေးလေ့ရှိသည်ကို သတိပြုမိပါသည်။ The VOICE အနေဖြင့် စာဖတ်သူများအတွက် ပိုမိုသတိထားမိစေရန်၊ လေးနက်စေရန်၊ ဘန်ကောက်ပို့စ်၏ အယ်ဒီတာ့အာဘော်ကို တန်ပြန်ထိုးနှက်ရန်အတွက် ယခုကဲ့သို့ အယ်ဒီတာ့အာဘော်တွင် ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်ဟု ကျွန်တော်ယူဆပါသည်။

မြင်းထိန်းက ယောအတွင်းဝန် ဦးဘိုးလှိုင်ကို ချီးကျူးသကဲ့သို့ ဖြစ်နေလျှင်လည်း ဖြစ်ပါစေတော့။ ကျွန်တော့်အနေဖြင့် The VOICE Weekly ၏ စာဖတ်ပရိသတ် တစ်ဦးပီပီ အယ်ဒီတာ့အာဘော်ကို အထူးပင် ကြိုက်နှစ်သက်မိပါကြောင်းနှင့် အထူးပင် ကြိုဆိုရပါကြောင်း မှတ်တမ်းတင် ချီးကျူးဂုဏ်ပြု ရေးသားအပ်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်၊ သောကြာနေ့။
ည ၁၁ နာရီ ၂၃ မိနစ်။

No comments:

Post a Comment

 
Web Statistics