Sunday, October 18, 2009

နှလုံးသားရဲ့စေညွှန်ရာ - ကိုဉာဏ် (ပန်းလောင်မြေ)


(၁)
သူငယ်ချင်းဖြစ်သူ ကိုကိုမောင်က အကူအညီတောင်း၍သာ လာခဲ့ရသည်။ ဒီနယ်မြေက သူကျွမ်းကျင်သည့်အရပ် မဟုတ်။ အသိမိတ်ဆွေလည်းမရှိ။ ဒီလိုပဲ ဟိုမေးဒီမေးနှင့် ပါးစပ်ပါရွာရောက်ဆိုသည့်ထုံးကိုပဲ နှလုံးမူတော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။

(၂)
ကိုကိုမောင်နှင့်ကျွန်တော်က အင်မတန်မှချစ်ခင်သည့် ငယ်သူငယ်ချင်းတွေ။ တစ်ရပ်ကွက်တည်း၊ တစ်လမ်းတည်းမှာ နေလာကြသည့် တကယ့်ငယ်ပေါင်းရောင်းရင်းတွေ။ မူလတန်းကတည်းက ကျောင်းသွားအတူ၊ ကစားအတူ နေလာခဲ့ကြသည်။ ဆယ်တန်းအောင်တော့ ဒီကောင်က အမှတ်ကောင်းသည်။ သို့သော် ကျွန်တော်နှင့်အတူ ကျောင်းတက်လိုသည်ဟုဆိုတာ ကျွန်တော့်လိုပဲ မြန်မာစာမေဂျာကို ယူသည်။ ထုံးစံအတိုင်း သွားအတူ၊ လာအတူ၊ စားအတူ တတွဲတွဲပေါ့။ မသိတဲ့လူတွေဆိုလျှင် ကျွန်တော်တို့နှစ်ယောက်ကို ညီအစ်ကိုလို့တောင် ထင်ကြသည်။ ဘယ်အချိန်ကြည့်ကြည့် ဒီနှစ်ယောက်က တပူးတတွဲတွဲရှိနေတတ်တာကိုး။ အခုလည်း တက္ကသိုလ်နောက်ဆုံးနှစ်ရောက်ပြီး မကြာခင် ဘွဲ့ရတော့မည်။ အခုချိန်ထိ ကျွန်တော်ရော ကိုကိုမောင်ရောမှာ မူးလို့ရှူစရာမရှိသေး။ ရှူးဆေးဘူးကို ပြောတာမဟုတ်ပါ။ ချစ်သူရည်းစားကို ပြောလိုခြင်းဖြစ်သည်။ ဒီလိုဆိုတော့ ချစ်သူရည်းစားဆိုတာ ရှူးဆေးဘူးလိုပဲ မူးရင်ရှူရတဲ့အရာလားလို့တော့ လာမမေးစေချင်ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့လည်း သေသေချာချာမသိသောကြောင့် ဖြစ်ပါသည်။ သူငယ်ချင်းတွေ ပြောတဲ့စကားနှင့်ပြောရလျှင်တော့ မစွံသေးဘူးပေါ့ဗျာ။

(၃)
အခုလည်း ကိုကိုမောင်က ၀မ်းကိုက်နေသဖြင့် သူ့ကိုယ်စား ပစ္စည်းတစ်ခုကို လူကြုံသွားပေးခိုင်းခြင်းဖြစ်သည်။ အစကတော့ နှစ်ယောက်အတူသွားပေးမလို့ပါ။ သူ့အဖေ အညာကပြန်လာတော့ အဲဒီကအမျိုးတွေက လက်ဆောင်တွေအမျိုးမျိုး ထည့်ပေးလိုက်ကြသည်။ အဲဒီအထဲမှာမှ သူ့အဒေါ်အတွက်ဟုဆိုကာ အညာကအမျိုးတွေက သနပ်ခါးတုံးကြီးတွေထည့်ပေးလိုက်သဖြင့် သူ့အဒေါ်အိမ်ကို သွားပေးစရာရှိတာကို သွားပေးရန်ဖြစ်သည်။ သူ့အဖေပြန်ရောက်တာလည်း ကြာနေပြီဆိုတော့ တော်ကြာ အမျိုးတွေက သူ့အဒေါ်ထံဖုန်းဆက်လို့ သနပ်ခါးတုံးကြီးတွေ မရောက်သေးတာသိလျှင် တစ်မျိုးထင်နေကြမည် စိုးသောကြောင့် ဖြစ်သည်။ ကြည့်ရတာ သူတို့အိမ်နှင့် သူ့အဒေါ်ကလည်း သိပ်အစေးကပ်ပုံမရပေ။ မေးထူးခေါ်ပြောသာ ဖြစ်ပုံရသည်။ သူများကိစ္စဖြစ်သဖြင့် မစပ်စုတော့ဘဲ သွားပေးရန် သဘောတူလိုက်သည်။ ကိုကိုမောင်က သွားပေးရမည့် လိပ်စာကို ရေးပေးသည်။ မြို့မအရှေ့ရပ်ကွက်ထဲမှာ ဖြစ်သည်။

(၄)
ဘယ်လောက်တောင် တွေးနေမိတယ်မသိဘူး။ နောက်ကကားက ဟွန်းတီးမှ လန့်ပြီးအတွေးတွေ ပျောက်သွားတယ်။ ပြီးတော့ စက်ဘီးကို လမ်းဘေးချပေးလိုက်တယ်။ ဟုတ်သားပဲ ကိုယ်က အတွေးလွန်ပြီး ကားလမ်းအလယ်လောက်ထိတက်ပြီး စီးနေမိတာကိုး။ ဘဏ်ရှေ့ရောက်တော့ လမ်းခွဲနှစ်ခုတွေ့သည်။ အနားမှာ မေးစရာလူလည်းမတွေ့သဖြင့် မှားရင်လည်း ပြန်ကွေ့လာလို့ရတာပဲလို့ ဆုံးဖြတ်ကာ ဘယ်ဖက်လမ်းသွယ်ထဲကို ချိုးဝင်လိုက်သည်။ အဲဒီမှာပဲ ဇာတ်လမ်းကစတာ ဖြစ်သည်။ ဟုတ်သည်။ ကိုကိုမောင်ရေးပေးလိုက်သည့် လိပ်စာထဲမှ အိမ်နံပါတ်ကိုအလွတ်ရထားပြီး ဖြစ်သဖြင့် အိမ်တံခါးတွေမှာရေးထားသည့် နံပါတ်တွေကို လိုက်ဖတ်နေမိသည်။ အချို့နံပါတ်တွေက အပင်တွေနှင့် ကွယ်နေသဖြင့် သေချာဖတ်မှမြင်ရသည်။ လမ်းဘယ်ဖက်က အိမ်တံခါးတွေကိုကြည့်လိုက်၊ ညာဘက်က အိမ်တံခါးတွေကိုကြည့်လိုက်နဲ့ ခေါင်းနဲ့မျက်လုံးက ဟိုကြည့်ဒီကြည့် ယိမ်းထိုးနေတာပေါ့။
"အို… အမေ့"
"ဟိုက်၊ တိုက်ပြီဟ"
"အား… ကျွတ်.. ကျွတ်.. ကျွတ်၊ ရှင်စက်ဘီးကို ဘယ်လိုစီးနေတာလဲ၊ လူတစ်ယောက်လုံး လမ်းလျှောက်လာနေတာကို မမြင်ဘူးလား"
"ဗျာ…. ကျွန်တော်…. ကျွန်တော်…."
"ဘာဗျာတွေ၊ ကျွန်တော်တွေ လုပ်နေတာလဲ၊ ရှင့်ကိုမေးနေတယ်လေ… လူတစ်ယောက်လုံးကို မမြင်ဘူးလားလို့၊ မမြင်ရင်လည်း မျက်မှန်လေးဘာလေးတပ်လေ…."
"ဟို… ကျွန်တော်… ကျွန်တော်…"
"ဘယ်လိုလူလဲမသိဘူး.. အူကြောင်ကြောင်နဲ့"
"………"
"သွားပါပြီ၊ ထမင်းဘူးတော့ ကုန်ပါပြီ၊ ဟင်းရည်တွေလည်း အကုန်ဖိတ်ကုန်ပြီ"
"………"
"စောစောစီးစီး အဆင်မပြေချင်ရင် အဲဒီလိုပဲ၊ ရုံးတောင်နောက်ကျနေပြီလားမသိပါဘူး"
ကောင်မလေးက သူ့ဟာသူပြောရင်း လွတ်ကျသွားသည့် စာရွက်ဖိုင်များနှင့် ထမင်းချိုင့်လေးကို ကောက်ကာ ထွက်သွားသည်။ ကျွန်တော့်မှာသာ အခုအချိန်ထိ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိသေး။ ထွက်သွားသည့်ကောင်မလေးကို လိုက်ကြည့်နေမိသည်။ လမ်းလျှောက်သွားပုံလေးကိုက အတော်ကဗျာဆန်သည်ဟု ဆိုရမည်ထင်သည်။ ရှက်သွားတဲ့မျက်နှာ၊ စိတ်တိုသွားတဲ့ မျက်ဝန်း၊ ပြောလာတဲ့ စကားသံ၊ လမ်းလျှောက်သွားဟန်တွေအားလုံးဟာ အပိုအလိုမရှိ ရေးစပ်ထားတဲ့ ကဗျာတစ်ပုဒ်လို ရသတွေထုံမွှမ်းနေသည်။ ခါးထိအောင်ရှည်လျားတဲ့ဆံပင်တွေဟာလည်း ကာရန်တစ်ခုပါပဲ။ သနပ်ခါးပါးပါးလိမ်းထားတဲ့အောက်မှာ မြင်နေရတဲ့ သူမရဲ့ပါးပြင်ပေါ်က သွေးကြောစိမ်းလေးတွေ၊ ကြည်လင်စိုပြည်တဲ့ သူမရဲ့ မျက်လုံးလေးတွေ၊ နှင်းဆီဖူးလေးလို ပြည့်ဖောင်းနေတဲ့ သူမရဲ့ နှုတ်ခမ်းလေးတွေ၊ စနစ်ကျတဲ့ကောက်ကြောင်းတွေနဲ့ အချိုးအစားကျလှတဲ့ ခန္ဓာကိုယ်ဟန်အနေအထားတွေဟာ ကျွန်တော့်မျက်ဝန်းထဲမှာ အနှေးပြကွက်နဲ့ အကြိမ်ကြိမ်ပြန်မြင်နေမိသည်။ လှလိုက်တာဟုသာ ပါးစပ်ကတိုးတိုးလေး ညည်းမိသည်။ ကျွန်တော့်ရင်တွေ ခုန်နေသည်။ ဓာတ်ခဲထုတ်ထားတဲ့ အရုပ်တစ်ရုပ်လို ကျွန်တော့်မှာ ခွန်အားတွေပျောက်ဆုံးသွားသည်။ အသိစိတ်တွေ ကင်းမဲ့သွားသည်။ ကျွန်တော့်စိတ်တွေအားလုံးက အဲဒီဆံရှည်မလေးရဲ့နောက်ကို ပါသွားကြပြီထင်သည်။ ဟုတ်တယ်။ ကျွန်တော့်ရဲ့ စိတ်တွေအားလုံး သူမဆီမှာ ပါသွားကြပြီ။

(၅)
"တီ…တီ…တီ…တီ….တီ…တီ…တီ…တီ…တီ.."
နှိုးစက်မြည်သံက ဗုံးတစ်လုံးပေါက်ကွဲသလို မြည်လာသည်။ အိပ်ပျော်နေရာမှ လန့်နိုးသွားသည်။ ပြီးတော့ ချက်ချင်းသတိရလိုက်မိသည်။
"ငါ.. အိပ်မက် မက်နေတာပဲ၊ သွားပါပြီ"
အလိုက်ကမ်းဆိုးမသိထမြည်သည့် နှိုးစက်နာရီကို ကြည့်မိသည်။
"ဟာ… ၈ နာရီတောင် ထိုးနေပြီပဲ"
အိပ်ယာကနေ ကမန်းကတန်းထရသည်။ ဟိုကောင် ကိုကိုမောင်နဲ့ အပြင်သွားဖို့ ချိန်းထားသည်။ တော်ကြာ… နောက်ကျနေလျှင် ကိုယ်တော်ချောက ဆုံးမစကားတွေပြောတာ ခံနေရဦးမည်။ အလျင်အမြန် မျက်နှာသစ်၊ သွားတိုက်၊ အ၀တ်လဲ လုပ်လိုက်ရသည်။ မနက်စာကို ကိုကိုမောင်နဲ့အတူစားဖို့ မနေ့ကတည်းက ပြောထားပြီးသားဆိုတော့ ဘာမှစားမနေတော့။
"အမေ… သား ကိုကိုမောင်တို့အိမ်သွားလိုက်ဦးမယ်"
"အေးအေး"
အမေ့ကို ပြောရင်း စက်ဘီးထုတ်ကာ အမြန်နင်းလာမိသည်။ ကိုကိုမောင်က ချိန်းထားတာ နောက်ကျရင် ကြိုက်တာမဟုတ်ဘူး။ အချိန်ဆိုတာ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတဲ့ စကားလုံးတွေနဲ့တော့ အပေါက်ခံလို့မဖြစ်။ ကိုကိုမောင်အိမ်ရောက်တော့ တံခါးဖွင့်ထားတာ တွေ့ရသည်။ စက်ဘီးကိုရပ်ထားခဲ့ပြီး အိမ်ထဲကို ၀င်လာခဲ့သည်။ ကိုယ်တော်က ဧည့်ခန်းက ထိုင်ခုံမှာ ငြိမ်ငြိမ်လေးထိုင်နေတာတွေ့သည်။
"ဟေ့ကောင်….လာ၊ မင်းကိုစောင့်နေတာ"
"အေး… ငါအိပ်ယာထ နောက်ကျသွားလို့"
"အေးပါကွာ…. ထုံးစံအတိုင်းပေါ့ ဟုတ်တယ်မလား"
"ဟဲ…ဟဲ…"
"အေး.. ငါလည်း ၀မ်းကိုက်နေလို့ကွ မနက်ကပဲ ဆေးခန်းမှာဆေးထိုးပြီး ပြန်လာရတာ"
"ဟေ"
"ဟေ့ကောင်… ဘာဖြစ်တာလဲကွ…. အလန့်တကြားနဲ့"
ကျွန်တော့်ရဲ့ ဟေဆိုတဲ့ အံ့သြသံဟာ ဘယ်လောက်တောင် ကျယ်လောင်သွားတယ်မသိဘူး။ ကိုကိုမောင်တောင် အတော်လန့်သွားတယ်။
"ဘာမှ မဖြစ်ပါဘူးကွာ၊ ဒီလိုပါပဲ"
"အေးကွာ… ဒီနေ့မင်းနဲ့အတူ ငါ့အဒေါ်အိမ်ကို ပစ္စည်းသွားပေးမလို့ မင်းကိုချိန်းလိုက်တာကွ"
"ဟေ"
"ဟာ… ဟေ့ကောင်… မင်းဘာတွေဖြစ်နေတာလဲ… ငါပြောတဲ့အထဲမှာ ဘာတွေများ အံ့သြစရာပါနေလို့လဲ"
"ဘာမှ မဖြစ်ပါဘူးကွာ… ဒီလိုပါပဲ"
"မင်းဟာက ဟုတ်တော့မဟုတ်သေးပါဘူး၊ ငါပြောသမျှကို အံ့သြထိတ်လန့်နေတဲ့ပုံစံနဲ့ ဘာတွေဖြစ်နေတာလဲ"
"ဘာမှမဖြစ်ပါဘူးကွာ"
ဒီကောင့်ကို ညကအိပ်မက်အကြောင်း ပြောပြလိုက်ရင် ကောင်းမလားလို့ စိတ်ကူးလိုက်တယ်။ ဒါပေမယ့် ဒီကောင်က အိပ်မက်တွေဘာတွေကို ယုံတဲ့ကောင်မဟုတ်ဘူး။ တော်ကြာ မင်းကတော်တော်အရူးထတဲ့ အကောင်ဆိုပြီး ကောင်းချီးပေးနေလျှင် ခက်နေဦးမည်။ မပြောဘဲနေလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
"ဟေ့ကောင်.. သတိုး…ငါပြောတာ ကြားရဲ့လား"
"ဟေ… ဘာပြောလိုက်တာလဲ"
"အာ… မင်းကလည်း ဘာတွေဖြစ်နေတာလဲ၊ စရောက်ကတည်းက ငါကြည့်နေတာ တစ်ခုခုတော့ တစ်ခုခုပဲ"
"မဟုတ်ပါဘူးကွာ၊ ညကအိပ်ရေးနည်းနည်းပျက်သွားလို့ပါ၊ စာဖတ်တာ ညဥ့်နက်သွားလို့ပါ… မင်းဘာပြောလိုက်တာလဲ"
"ငါ့အဒေါ်အိမ်ကို ပစ္စည်းလူကြုံသွားပေး ပေးစမ်းပါလို့၊ ငါ့အဖေအညာကပြန်လာတော့ အညာကအမျိုးတွေက အဒေါ့်အတွက်ဆိုပြီး သနပ်ခါးတုံးတွေ ထည့်ပေးလိုက်လို့၊ အဲဒါ ငါတို့လည်း မအားတာနဲ့ နည်းနည်းကြာနေပြီဆိုတော့ အဖေကလည်း အားနာနေလို့၊ ငါကလည်း ဒီနေ့ကျမှ ၀မ်းကိုက်နေတော့ မသွားနိုင်ဘူးဖြစ်နေလို့"
"သနပ်ခါးတုံးတွေ"
"အေးလေ… ဘာဖြစ်လို့လဲ… "
"ဟို…ဟို… ဘာမှ မဖြစ်ပါဘူး၊ ငါသွားပေးပါ့မယ်"
"အေး… ငါလိပ်စာရေးပေးလိုက်မယ်၊ မြို့မအရှေ့ထဲမှာကွ"
"မြို့မအရှေ့ထဲမှာ"
ဒီတစ်ခါတော့သတိထားပြီး စိတ်ထဲကပဲ တိုးတိုးလေးရွတ်မိတယ်။ တော်ကြာ ကိုကိုမောင်က ဘာတွေဖြစ်နေတာလဲလို့ မေးဦးမည်။ ပြီးတော့ အလွတ်ရနေတဲ့ သူ့အဒေါ်လိပ်စာကိုလည်း တိုးတိုးလေး ရွတ်ကြည့်နေမိတယ်။
"ဟေ့ကောင်… ရော့… အဲဒါ ငါ့အဒေါ်အိမ်လိပ်စာပဲ"
"အေး…အေး"
သူရေးပေးတဲ့ လိပ်စာစာရွက်လေးကို လှမ်းယူရင်း မရဲတရဲနဲ့ ဖတ်ကြည့်လိုက်မိတယ်။ အသေအချာပါပဲ ကျွန်တော်အလွတ်ရနေတဲ့ လိပ်စာပါ။ လုံးဝကို အမှားအယွင်းမရှိပါ။ ကျွန်တော့်မျက်လုံးထဲမှာ ဆံရှည်မလေးရဲ့ မျက်နှာက အလိုလိုပေါ်လာတယ်။ ရင်ဘတ်တွေနွေးသွားတယ်။ နှလုံးခုန်သံတွေ မြန်လာတယ်။ ပါးစပ်ကလည်း ရေငတ်သလို ဖြစ်လာတယ်။
"ရော့ သတိုး၊ ဒါမင်းသွားပေးရမယ့် သနပ်ခါးတုံးတွေပဲ၊ နည်းနည်းတော့လေးတယ်၊ သေချာသယ်သွားဦး"
"အေး…အေး"
သနပ်ခါးတုံးတွေကို စက်ဘီးရှေ့ခြင်းထဲမှာ ထည့်ပြီး စီးထွက်လာခဲ့မိတယ်။ စက်ဘီးနဲ့ မြေကြီးရောထိရဲ့လားလို့ ပြန်ကြည့်ရသေးတယ်။ ရင်ထဲမှာ ဘလောင်ဆူနေပြီ။ ဘာတွေဖြစ်နေမှန်းလည်း မသိပါဘူး။ ကြောက်ရွံ့နေတာလား။ ရင်ခုန်နေတာလား။ ပျော်ရွှင်နေတာလား။ ဘာဆိုဘာမှ မကွဲပြားလှပါဘူး။ အချစ်ရဲ့ နိဒါန်းတစ်ခုလို့ ကိုယ့်ဘာသာကိုယ် နာမည်တပ်လိုက်တယ်။ ရင်ထဲမှာအေးသွားသလို၊ နွေးသွားသလိုကြီး။ ပြောရခက်လိုက်တာ။

(၆)
သူငယ်ချင်းဖြစ်သူ ကိုကိုမောင်က အကူအညီတောင်း၍သာ လာခဲ့ရသည်။ ဒီနယ်မြေက သူကျွမ်းကျင်သည့်အရပ် မဟုတ်။ အသိမိတ်ဆွေလည်းမရှိ။ ဒီလိုပဲ ဟိုမေးဒီမေးနှင့် ပါးစပ်ပါရွာရောက်ဆိုသည့်ထုံးကိုပဲ နှလုံးမူတော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ စက်ဘီးကို ပုံမှန်နင်းလာရင်း ဘဏ်ရှေ့ကိုရောက်လာသည်။ လမ်းခွဲနှစ်ခုတွေ့သည်။ ဘဏ်ရှေ့မှာ ပိုက်ဆံထုတ်ဖို့စောင့်နေဟန်တူသည့် လူအချို့ကို တွေ့ရသည်။ ခပ်လှမ်းလှမ်းမှာက ကျားထိုးနေသည့် ဆိုက်ကားသမားတွေရှိနေသည်။ ကွမ်းယာသည်ကလည်း ၀ယ်သူနှင့်စကားပြောရင်း လက်ကစက်ရုပ်တစ်ရုပ်လို ကွမ်းယာကိုယာနေသည်။ တစ်ယောက်ယောက်ကို ဘယ်လမ်းသွားရမလဲဆိုတာ မေးရမည်ဟု ဆုံးဖြတ်လိုက်သည်။ သို့သော် မေးချင်စိတ်မရှိတာ၊ မေးမှာမဟုတ်တာကို အလိုလိုသိနေသည်။ ကျွန်တော်ဘယ်လမ်းသွယ်ထဲကို ချိုးဝင်ရမလဲဆိုတာကို ဘယ်သူ့ကိုမှ မေးနေစရာမလို။ ဟုတ်သည်။ ကျွန်တော် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါသည်။

(၇)
အို… အဆွေစာဖတ်သူ။ သတိုးဆိုတဲ့ လူတစ်ယောက်ကို မတွေ့လိုက်ဘူးလားလို့ ဘဏ်ပတ်ဝန်းကျင်ကလူတစ်ချို့ကို သွားမေးကြည့်စမ်းပါ။ စက်ဘီးတစ်စီးပေါ်တွင် အပျော်တွေအပြည့်၊ ရင်ခုန်သံတွေအပြည့်၊ မျှော်လင့်ချက်တွေအပြည့်နှင့် အချစ်သီချင်းတစ်ပုဒ်ညည်းကာ နင်းသွားသည်ကို တွေ့လိုက်ရသည်ဟု သတိထားမိသည့်လူတွေက ပြောလာကြပါလိမ့်မည်။ ဘယ်လမ်းသွယ်ထဲကို ၀င်သွားသည်ဆိုသည်ကတော့ မေးစရာမလိုအောင် စာဖတ်သူသိပြီးဖြစ်နေလိမ့်မည်ဟု ယုံကြည်ပါသည်။ ဒီတစ်ခါကတော့ အိပ်မက်မဟုတ်တာ သေချာပါသည်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၇ ရက်၊ စနေနေ့။
ညနေ ၇ နာရီ ၃၉ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics