Thursday, October 29, 2009

အဖေနှင့်သမီးများ (ဗီဒီယိုဇာတ်ကားအညွှန်း)


ဇာတ်ကားအမည် - အဖေနှင့် သမီးများ
ဇာတ်လမ်း၊ ဇာတ်ညွှန်း - ကိုကျော်
ဒါရိုက်တာ - ကျော်ဇောလင်း ၏ အတွေးပုံရိပ်
သရုပ်ဆောင်များ - လူမင်း၊ န၀ရတ်၊ ပြည့်ဖူးခိုင်၊ အေးမြတ်သူ၊ မေသက်ခိုင်၊ ဧရာ၊ ကိုပေါက်၊ တက္ကသိုလ်ဂွမ်းပုံ

ဇာတ်လမ်းအကျဉ်း
ဇနီးသည်ဖြစ်သူ ဆုံးပါးသွားပြီးနောက် သမီးသုံးယောက်နဲ့အတူ သူငယ်ချင်းပေါင်း ပေါင်းသင်းကာ ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်လာခဲ့သည့် ကလေးအဖေမုဆိုးဖို ကြည်မင်းခန့်တစ်ယောက် နုငယ်သွေးဆိုသည့် ပရိဘောဂလုပ်ငန်းပိုင်ရှင် မဟာဆန်ဆန်ချောမောလှပသည့် အပျိုကြီးတစ်ဦးနှင့် မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ပြီးနောက် ချစ်ခင်နှစ်သက် စွဲလန်းသွားမိခဲ့သည်။ တစ်ဖက်က ချစ်သူ၊ အခြားတစ်ဖက်က သမီးများအကြား ညှိမရပြုမရဖြစ်ကာ အခက်ကြုံရပုံကို ရိုက်ကူးတင်ပြထားခြင်းဖြစ်သည်။

သုံးသပ်ချက်
စိတ်အပန်းပြေ ပေါ့ပေါ့ပါးပါးဇာတ်လမ်းမျိုး ကြည့်ချင်သည့် ပရိသတ်များအတွက် ကြည့်သင့်သည့် ဇာတ်ကားတစ်ကားဖြစ်သည်။ လူငယ်အကြိုက်၊ လူကြီးအကြိုက် စိတ်ဝမ်းကွဲစရာမလိုဘဲ မိသားစုလိုက်လည်း စုစည်းကြည့်ရှုနိုင်သည့် ဇာတ်လမ်းကောင်းလေးဖြစ်သည်။ ဗီဒီယိုဇာတ်လမ်းကို ဗီဒီယိုဇာတ်လမ်းအဖြစ်သာ ကြည့်ကြမည့်ပရိသတ်အတွက် ကြည့်၍အဆင်ပြေမည့် ဇာတ်ကားတစ်ကားဖြစ်ကြောင်း ဆိုပါရစေ။

သူငယ်ချင်းပေါင်းပေါင်းကာ ချစ်ချစ်ခင်ခင်နေထိုင်ကြသည့် အဖေနှင့် သမီးများဇာတ်ရုပ်ကို လူမင်း၊ အေးမြတ်သူ၊ ပြည့်ဖူးခိုင်နှင့် မေသက်ခိုင်တို့ ပီပြင်အောင် သရုပ်ဆောင်သွားနိုင်သည်ကို တွေ့ရသည်။ အထူးသဖြင့် မေသက်ခိုင်သည် ဤဇာတ်ကားမှ ဇာတ်ရုပ်နှင့် အံဝင်ဂွင်ကျဖြစ်သည်ကို တွေ့ရသည်။ လူမင်းသည်လည်း သမီးများကိုချစ်သော ဖခင်တစ်ဦးအဖြစ်၊ နုငယ်သွေးကို ချစ်သော ချစ်သူတစ်ဦးအဖြစ် ပီပြင်အောင် သရုပ်ဆောင်သွားနိုင်သည်ကို တွေ့ရသည်။

အတင်းကလိထိုးပြီး ရယ်ခိုင်းသည့်ဟာသများမပါဘဲ သဘာဝကျကျ ရယ်မောပျော်ရွှင်စေမည့် ဟာသများ အများအပြားကိုလည်း ဒီဇာတ်ကားမှာ တွေ့ရသည်။ သဘာဝမကျသည့် စိတ်ကူးယဉ်အပေါစား ဇာတ်လမ်းများထက်စာလျှင်တော့ ဇာတ်အိမ်ခိုင်သည်ဟု ပြောနိုင်ကာ အချိန်ပေးကြည့်ရကျိုးနပ်သည့် ဇာတ်လမ်းတစ်ခုဖြစ်ကြောင်း ညွှန်းဆိုပါရစေ။

သြော်…. ဒါနဲ့၊ အဲဒီဇာတ်လမ်းထဲမှာ သူတို့အဖေကို လာပြီးပတ်သက်ဖို့ကြိုးစားတဲ့ အမျိုးသမီးတွေကို ပညာပေးနှိပ်ကွပ်ပြီး ကာကွယ်တတ်တဲ့ သမီးသုံးယောက်ဆိုတဲ့ သီချင်းတစ်ပိုင်းတစ်စလေးကိုတော့ အတော်လေးကို သဘောကျနေမိကြောင်းပါ။
"တို့အဖေကြီးကို ကာကွယ်မလေ၊ တို့အဖေကြီးကို ကာကွယ်မလေ" တဲ့။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၂၉ ရက်၊ ကြာသပတေးနေ့။
နံနက် ၁ နာရီ ၅၆ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics