Sunday, October 18, 2009

အင်္ဂလိပ်စကားပြောတတ်ချင်သူများအတွက် - လူထုစိန်ဝင်း


"ကျွန်တော့်သမီးက အင်္ဂလိပ်စာအဓိကနဲ့ ဘွဲ့တော့ရပြီးပါပြီ။ ဒါပေမယ့် စကားလည်းမပြောနိုင်၊ သတင်းစာတွေ၊ မဂ္ဂဇင်းတွေလည်း မဖတ်နိုင်ပါဘူး။ သံရုံးတွေကဖွင့်တဲ့ သင်တန်းတွေလည်း တက်နေတာပဲ။ ဒါပေမယ့် ထင်သလောက် တိုးတက်မလာဘူး။ အဲဒါဘာဖြစ်လို့လဲ"

အနှစ် ၂၀ လုံးလုံး စကားပြောသင်တန်းဆရာလုပ်လာတဲ့ ကာလတစ်လျှောက်မှာ ဒီစကားမျိုး နေ့တိုင်းကြားခဲ့ရပါတယ်။ သင်တန်းလာတက်ကြတဲ့လူ အားလုံးလိုလိုလည်း ဒီအတိုင်းပါပဲ။ အင်္ဂလိပ်စာသင်တဲ့ ဆရာမတော့ လုပ်နေပါရဲ့၊ အင်္ဂလိပ်စကားလည်းမပြောတတ်၊ အင်္ဂလိပ်စာအုပ်တွေလည်း မဖတ်တတ်ပါဘူး။ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေတော့ ဖြစ်လာပါရဲ့။ နိုင်ငံခြားသားတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါကျတော့ ပြောတတ်ဖို့ဆိုတာထား၊ သူပြောတာကိုတောင်မှ သေသေချာချာ နားလည်သဘောပေါက်နိုင်စွမ်း မရှိကြပါဘူး။

မကြိုးစားကြလို့လားဆိုတော့လည်း မဟုတ်ပါဘူး။ ဒီခေတ်ကလေးတွေလောက် တပင်တပန်း ကြိုးစားအားထုတ်ကြတာမျိုးတွေတောင် မတွေ့ဖူးပါဘူး။ ကိုယ့်ခေတ်၊ သူတို့မိဘတွေခေတ်တုန်းက သူတို့လိုသင်တန်းတကာ၊ ကျူရှင်တကာ လည်တက်နေရတာမျိုး မရှိခဲ့ပါဘူး။ သူတို့ခမျာတွေကျတော့ တစ်နေ့တစ်နေ့ ကျူရှင်တွေနဲ့သာ အချိန်ကုန်နေကြရရှာတာပါ။ အိမ်ဆိုတာ အိပ်ဖို့နေရာလေးတစ်ခုလောက်သာ သူတို့အတွက် အဓိပ္ပါယ်ရှိပါတော့တယ်။ စားတာလည်း ကျူရှင်တစ်ခုနဲ့တစ်ခုကြား အားတဲ့အချိန်တိုလေးမှာ ထမင်းဘူးဖွင့်ပြီး ၀မ်းဗိုက်ပြည့်ပြီးရော ဆိုတဲ့သဘောနဲ့ ကတိုက်ကရိုက် စားကြရရှာတာပါ။ မြန်မာကလေးတွေရဲ့ ပင်ကို ဉာဏ်ရည်ဉာဏ်သွေးကလည်း မညံ့ပါဘူး။ ထုံထုံထိုင်းထိုင်းအစားထဲက မဟုတ်ကြပါဘူး။ ဒါတောင်မှ ဘာဖြစ်လို့ ဒီခေတ်ကလေးတွေ အင်္ဂလိပ်ဘာသာစကား အပြောအဆို၊ အရေးအဖတ်မှာ မစွမ်းကြတာလည်းဆိုတာကို လေ့လာသုံးသပ်ကြည့်ဖို့ ကောင်းပါတယ်။

နှစ်ပေါင်း ၂၀ ကျော် အင်္ဂလိပ်စကားပြောသင်တန်းလေးဖွင့်ပြီး သင်ကြားလာတဲ့အတွေ့အကြုံအရ သုံးသပ်ကြည့်မိတာကတော့ သူတို့သင်ယူပုံသင်ယူနည်း မှားနေတယ်လို့ထင်ပါတယ်။ ဒီနေ့ ကလေးတွေက ဆရာနဲ့ကျူရှင်ကို သိပ်အားထားလွန်းပါတယ်။ ကိုယ်တိုင်အားထုတ်လုပ်ကိုင်မှုအပိုင်းက အားနည်းပါတယ်။ ကျောင်းနဲ့ကျူရှင်တွေမှာသာ အချိန်ကုန်နေလေတော့ ကိုယ်တိုင်အားထုတ်လုပ်ကိုင်ဖို့ အချိန်ရယ်လို့ သိပ်များများစားစား မကျန်တော့ပါဘူး။

ပညာတစ်ရပ်ကို တတ်မြောက်ကျွမ်းကျင်ဖို့ရာမှာ ဆရာသင်တာနဲ့တင် မပြီးပါဘူး။ ကိုယ်တိုင်အလေ့အကျင့်လုပ်ဖို့ လိုပါတယ်။ စက်ချုပ်တာ၊ ဆံပင်ညှပ်တာလို ကိစ္စမျိုးတောင် များများလေ့ကျင့်မှ လက်ရာကောင်းလာတာမျိုး မဟုတ်လား။ ကိုယ့်သင်တန်းမှာ ဆယ်တန်းအဆင့်ကို အနိမ့်ဆုံးထားပြီး လက်ခံတာကြောင့် မြန်မာပြည်က ဆယ်တန်းအဆင့်ကလေးများဟာ အလုပ်ခွင်မှာ အသုံးချရုံလောက် အင်္ဂလိပ်စာအခြေခံကိုတော့ လုံလောက်အောင် သင်ယူခဲ့ကြပြီးဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ လုပ်ငန်းခွင်အသုံးချရုံသက်သက်ဆိုရင် သူတို့သင်ယူခဲ့ရတဲ့ သဒ္ဒါအခြေခံနဲ့တင် လုံလောက်ပါတယ်။ ထပ်ပြီး အချိန်ဖြုန်းသင်ယူနေဖို့ မလိုတော့ပါဘူး။ ဆယ်တန်းသင် သဒ္ဒါလောက်နဲ့ နေ့စဉ်ထုတ် သတင်းစာတို့၊ မဂ္ဂဇင်းတို့ ဖတ်လို့ရပါတယ်။

မပြောတတ်ဘူး၊ မရေးတတ်ဘူး၊ မဖတ်တတ်ဘူးလို့ ညည်းတွားနေသူတွေကို ဘယ်လောက်များများ ပြောခဲ့၊ ရေးခဲ့၊ ဖတ်ခဲ့ဖူးလဲလို့ မေးခွန်းထုတ်ကြည့်ပါ။ တကယ်တမ်းကျတော့ ဘယ်သူမှ ပြောဖို့၊ ဖတ်ဖို့၊ ရေးဖို့ အလေ့အကျင့် လုံလုံလောက်လောက် မလုပ်ကြဘူးဆိုတာ တွေ့ရပါလိမ့်မယ်။ မပြောဘဲနဲ့ ဘယ်လိုလုပ်ပြောတတ်မှာလဲ။ မရေး၊ မဖတ်ဘဲနဲ့လည်း ဘယ်လိုလုပ် ရေးတတ်၊ ဖတ်တတ်မှာလဲ။

တကယ်က ဆယ်တန်းအခြေခံလောက်ရှိထားပြီးဆိုရင် စာဖတ်တတ်အောင်၊ ရေးတတ်အောင် ကျူရှင်ထပ်တက်ဖို့ မလိုပါဘူး။ ကိုယ့်ဘာသာ အိမ်မှာနေရင်း အဖတ်ကျင့်၊ အရေးကျင့်နေရင် ရပါတယ်။ ကိုယ်နားလည်နိုင်တဲ့ အရေးအသားမျိုးနဲ့ ရေးထားတဲ့ ကျောင်းသားဖတ် ပုံပြင်စာအုပ်တွေ၊ ၀တ္ထုစာအုပ်တွေ အများကြီးရှိပါတယ်။ သံရုံးစာကြည့်တိုက်တွေမှာ စာလုံးရေ ၁၅၀၀၊ ၂၀၀၀ လောက်နဲ့ ရေးထားတဲ့ စာအုပ်မျိုးကစပြီး စာလုံးရေး သုံးလေးငါးထောင်အထိ အဆင့်လိုက် ရေးထားတဲ့စာအုပ်တွေ အများကြီးရှိပါတယ်။ ဂန္ထ၀င်စာကြီးပေကြီးတွေကို ကျောင်းသားလေးတွေ ဖတ်နိုင်အောင် သူတို့အရွယ်အသီးသီးနဲ့ ကိုက်တဲ့ဝေါဟာရလောက်နဲ့ ရေးသားပေးထားကြပါတယ်။ ဒီစာအုပ်မျိုးတွေ ဖတ်သားရပြီးပြီဆိုရင် မူရင်းဝတ္ထုစာအုပ်ကြီးတွေ ဖတ်တဲ့အခါ သိပ်အခက်အခဲ မဖြစ်တော့ဘူးပေါ့။ ဇာတ်လမ်းသဘောက နားလည်ပြီးသားဆိုတော့ အင်္ဂလိပ်စာအရေးအသားနဲ့ စကားလုံးဝေါဟာရတွေကို စဉ်းစားဖို့ လွယ်ကူသွားပြီဖြစ်ပါတယ်။ အဲဒါကြောင့် သင်တန်းသားများကို စာဖတ်နိုင်သလောက် များများကြီးဖတ်ပေးကြဖို့ အမြဲအကြံပေးပါတယ်။ အင်္ဂလိပ်စာကိုဖတ်ပြီး အသေအချာနားလည်ပြီဆိုရင် ပြန်ရေးဖို့မခက်လှတော့ပါဘူး။

စာရေးလေ့ကျင့်ဖို့လည်း 'How to write' စာအုပ်မျိုးတွေဖတ်ပြီး ကျက်မှတ်နေဖို့မလိုပါဘူး။ ကိုယ်တစ်နေ့တာ လုပ်ခဲ့သမျှတွေကို အင်္ဂလိပ်လို ဒိုင်ယာရီရေးတဲ့အကျင့်လေး လုပ်ထားရင် ပြီးတာပါပဲ။ စာကို အင်္ဂလိပ်လို စရေးခါစမှာတော့ ကိုယ်ပြောချင်တာကိုလိုက်ရေးဖို့ အခက်တွေ့မှာပါ။ ဒါပေမယ့် မရှက်မကြောက် ကိုယ်ရေးတတ်သလိုသာ ဆက်ပြီးရေးဖြစ်အောင် ရေးပါ။ ဒိုင်ယာရီဆိုတာ တခြားသူဖတ်တာမှ မဟုတ်တာပဲ။ ကိုယ့်ဘာသာဖတ်တာဆိုတော့ မှားလည်း ရှက်စရာမရှိဘူးမဟုတ်လား။ တစ်လကိုးသီတင်း နေ့စဉ်မပျက်ရေးပြီးပြီဆိုရင် ရေးစက အခက်အခဲ ဖြစ်နေတာလေးတွေကို အခုအခါ အလွယ်တကူနဲ့ ရေးချနိုင်တာကို တွေ့ရပါလိမ့်မယ်။ ဒိုင်ယာရီရေးလို့ အတော်လေးသွက်လာပြီဆိုရင် အက်ဆေးလေးတွေ ရေးကြည့်ပါ။ မကြောက်ပါနဲ့။ အင်္ဂလိပ်စကားပြောတဲ့ အင်္ဂလိပ်လူမျိုး၊ အမေရိကန်လူမျိုးတွေထဲမှာလည်း ကိုယ့်လောက်တောင် အင်္ဂလိပ်စာ မဖတ်တတ်၊ မရေးတတ်သူတွေ ရှိနေပါလားဆိုတာကို အမြဲခေါင်းထဲမှာ ထည့်ထားပါ။ ဒီနေ့ကမ္ဘာမှာ ထိပ်တန်းရောက်နေတဲ့ ဂျပန်လူမျိုးအများစုဟာ မြန်မာတွေလောက် အင်္ဂလိပ်စကား၊ အင်္ဂလိပ်စာမတတ်ကြပါဘူး။ မပြောတတ်ဘူး၊ မပြောတတ်ဘူးဆိုတဲ့ မြန်မာတွေ နိုင်ငံခြားရောက်သွားတဲ့အခါမျိုးမှာ ကိုယ်လိုချင်တာ၊ လုပ်ချင်တာကို တစ်ဖက်သား နားလည်အောင်လောက်တော့ ပြောတတ်ပါတယ်။ ဂျပန်တွေ မပြောတတ်ဘူးဆိုရင် တကယ်ကို ဘာဆိုဘာမှ မပြောတတ်တာပါ။ အဲဒီလိုမပြောတတ်ပေမယ့် ဂျပန်တွေကို လူတကာက တလေးတစား ဆက်ဆံနေကြရတယ် မဟုတ်လား။

အရေးအဖတ်တတ်ဖို့ ကျူရှင်တက်စရာမလိုပါဘူး။ ကိုယ့်ဘာသာ များများဖတ်ကျင့်၊ ရေးကျင့်လုပ်ရင် ရပါတယ်။ အင်္ဂလိပ်စကားပြောဖို့ကျတော့ အဖော်များများလိုပါတယ်။ တစ်ယောက်တည်း စာအုပ်ဖတ်ပြီး အလွတ်ကျက်ရုံနဲ့ မပြောတတ်ပါဘူး။ သိပ်တတ်ချင်လွန်းလို့ တစ်ယောက်တည်း ဆရာကို အိမ်ခေါ်သင်လည်း မပြောတတ်ပါဘူး။ စာအုပ်ထဲမှာပါတဲ့ အပြန်အလှန် စကားပြောခန်းတွေကြည့်ပြီး ဆရာတစ်လှည့်၊ ကိုယ့်တစ်လှည့် ပြောနေရုံနဲ့ မရပါဘူး။ အဲဒီလိုလုပ်လို့ ပြောနည်းကိုသာ သိနိုင်ပါတယ်။ အသံထွက်မှန်အောင်သာ ဆရာက ပြင်ပေးနိုင်ပါတယ်။ ရောက်တတ်ရာရာ အကြောင်းအရာတွေကို နှုတ်သွက်အာသွက် ပြောထွက်လာအောင်တော့ ဆရာက မတတ်နိုင်ပါဘူး။ ဒီလိုဖြစ်ဖို့ ပြောဖက်အဖော်များများရှိဖို့ လိုပါတယ်။ အဖော်များတော့ တစ်ယောက်တစ်ပေါက်နဲ့ ရောက်တတ်ရာရာတွေ ပြောဖြစ်ကြပါတယ်။ အားလုံးက မတတ်သေးလို့ တတ်အောင်လေ့ကျင့်နေကြသူချည်းဆိုတော့ ရှက်ရွံ့နေစရာလည်း မလိုဘူးလေ။ ကိုယ့်ထက်အားနည်းသူက သူပြောချင်တာ မပြောတတ်လို့၊ ဝေါဟာရမသိလို့မေးရင် ကိုယ်က ရှင်းပြပေးနိုင်သလို ကိုယ့်ထက်အားကောင်းသူနဲ့တွေ့တော့လည်း ကိုယ်ကမေးနိုင်တာပေါ့။ မေးတာပဲဖြစ်ဖြစ်၊ ဖြေတာပဲဖြစ်ဖြစ် ကိုယ့်ပါးစပ်ကစကားတွေ ပြောနေရတယ်မဟုတ်လား။ တစ်ခုတော့ရှိပါတယ်။ စကားဝိုင်းမှာ မြန်မာလို လုံးဝမပြောရဆိုတဲ့စည်းကမ်းတော့ ချထားဖို့လိုပါတယ်။ အင်္ဂလိပ်စကားပြောလေ့ကျင့်တယ်ဆိုပြီး မြန်မာလိုတွေ ပြောနေလို့တော့ အလကားပဲ ဖြစ်မှာပေါ့။

နှုတ်သွက်လျှာသွက်ဖြစ်ဖို့သာ အဖော်များများလိုတာပါ။ ကျန်တာတွေက ကိုယ့်ဘာသာ အလေ့အကျင့်လုပ်လို့ ရပါတယ်။ နားလေ့ကျင့်တာလည်း အိမ်မှာ ရုပ်ရှင်ကားတွေကြည့်ရင်း၊ သီချင်းတွေဖွင့်နားထောင်ရင်း လုပ်လို့ရပါတယ်။ အင်္ဂလိပ်စကားပြောအခွေတွေ ဈေးကြီးပေးဝယ်ပြီး နားထောင်ဖို့မလိုပါဘူး။ ဒီလိုအခွေတွေ နားထောင်ရတာကြာတော့ ပျင်းပြီး နားမထောင်ချင်တော့ပါဘူး။ သီချင်းခွေဆိုတော့ အကြိမ်ရာထောင် နားထောင်လည်း ငြီးငွေ့တယ်မရှိဘူးလေ။ သီချင်းဆိုလိုက်တာဟာ အသံထွက်မှန်ဖို့ လေ့ကျင့်ရာလည်း ရောက်ပါတယ်။ ပညာဆိုတာ ယူတတ်ရင် ရုပ်ရှင်ကလည်း ရပါတယ်။ သီချင်းကလည်း ရပါတယ်။ ဆေးညွှန်းစာရွက် ဖတ်ရင်းလည်း ယူလို့ရပါတယ်။ ဆယ်တန်းအခြေခံလောက် သင်ယူထားပြီးသူတစ်ယောက်ဟာ အင်္ဂလိပ်စကားကို အလုပ်ဖြစ်ရုံလောက်သာ လိုအပ်တာဖြစ်ရင် ကျူရှင်တွေ၊ ကျောင်းတွေ ထပ်တက်နေစရာမလိုပါဘူးဆိုတာ ထပ်ပြီးပြောချင်ပါတယ်။ အလုပ်ဖြစ်ရုံလောက် မဟုတ်ဘဲ၊ အင်္ဂလိပ်စကား၊ အင်္ဂလိပ်စာကို အဓိကထားပြီး လုပ်ရတဲ့အလုပ်မျိုးဆိုရင်တော့ ထပ်ပြီးသင်ယူဖို့လိုပါတယ်။ ပညာဆိုတာ ဘယ်ပညာမဆို သင်ယူလို့ ကုန်သွားတယ်မရှိပါဘူး။ အသက်ထက်ဆုံး သင်နေဖို့လိုအပ်တာချည်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သင်ယူတယ်ဆိုတာမှာ ကျူရှင်တက်မှ၊ ကျောင်းတက်မှ ဖြစ်တာမဟုတ်ပါလားဆိုတာ အမြဲသတိပြုသင့်ပါတယ်။ ဘာမဆို ကိုယ်လုပ်မှ ကိုယ်ရပါတယ်။ ကျူရှင်တွေ ဘယ်လောက်တက်တက်၊ ဆရာတွေ ဘယ်လောက်သင်သင်၊ ကိုယ်တိုင်အလေ့အကျင့် မလုပ်လို့ကတော့ ဘယ်တော့မှ ကျွမ်းကျွမ်းကျင်ကျင် ဖြစ်မလာနိုင်ဘူးဆိုတာလည်း အမြဲသတိပြုသင့်ပါတယ်။

နောက်ဆုံးနိဂုံးချုပ်ပြောလိုက်ချင်တာကတော့ အင်္ဂလိပ်စာဖတ်တတ်ချင်ရင် အင်္ဂလိပ်စာများများဖတ်။ အင်္ဂလိပ်စာ ရေးတတ်ချင်ရင် အင်္ဂလိပ်စာ များများရေး။ အင်္ဂလိပ်စကားပြောတတ်ချင်ရင် အင်္ဂလိပ်စကား များများပြော။ ဒီနည်းသုံးနည်းကလွဲပြီး တခြားနည်းလမ်းမရှိဘူးဆိုတာပဲ ဖြစ်ပါတယ်။

( မျှော်လင့်ချက်မဲ့အခြေအနေဆိုတာမရှိဘူးစာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည် )

No comments:

Post a Comment

 
Web Statistics