Wednesday, October 14, 2009

အသေ၀နာစဗာလာနံမသိတဲ့ ကျွန်တော်လူမိုက် - ကိုဉာဏ် (ပန်းလောင်မြေ)


(၁)
"ဟဲ့ကောင်မ… နင့်ပါးစပ်ကို ပိတ်ထားစမ်း"
"မပိတ်နိုင်ဘူးဟဲ့….. မပိတ်နိုင်ဘူး… ပြောစရာရှိတာတော့ပြောရမှာပဲ"
"နင့်ကို ပါးစပ်ပိတ်တော့လို့ ငါပြောနေတယ်နော်… ငါ.. လက်ပါတော့မယ်…"
"တော်လက်ပါရင်.. ကျုပ်မှာလည်း လက်ပါတာပဲ… လာစမ်းပါ… ရှင်လုပ်သမျှ ငြိမ်ခံနေမယ်မထင်နဲ့"
"ဟာ… ဒီမိန်းမ အတော်အာကျယ်နေပါ့လား… ဒီလောက်တောင်ဖြစ်လှတာ ကဲဟာ… ကဲဟာ…"
"ဟီး… ဟီး… ဟီး… ရိုက်ပါ၊ ရိုက်စမ်းပါ… သေအောင်သာ ရိုက်လိုက်စမ်းပါ… သေသွားတာကမှ အေးသေးတယ်.. မပေါင်းနိုင်ဘူး၊ ရှင့်ကို လုံးဝမပေါင်းနိုင်ဘူး.. ကွာမယ်…"
"အေး.. မပေါင်းနဲ့ကွာ၊ ငါကလည်း နင့်လိုကောင်မမျိုးကို စိတ်ကုန်လွန်းလို့"

ထုံးစံအတိုင်း မနက်စောစောစီးစီး မျက်နှာချင်းဆိုင်တိုက်ခန်းက လင်မယားရန်ဖြစ်သံပါ။ ရောက်ခါစကဆိုရင် ဘယ်လိုမှကို နေလို့ထိုင်လို့မရနဲ့ အတော်ကို စိတ်ညစ်ရပါတယ်။ အခုတော့လည်း အတော်လေး အသားကျသွားပါပြီ။ ဘယ်လောက်များ အသားကျသွားသလဲဆိုရင် သူတို့လင်မယား ရန်ဖြစ်တဲ့အသံဟာ ကျွန်တော့်အတွက် နံနက်ချိန်ခါ တေးသံသာတစ်ခုလိုကို ဖြစ်နေပါပြီ။ အိပ်ယာထဲကနေ သူတို့လင်မယား ရန်ဖြစ်တာကို နားထောင်ရင်း နှပ်ရတာကိုက အရသာတစ်ခုလိုတောင် ဖြစ်နေပါပြီ။

ကျွန်တော့်သူငယ်ချင်း ညီမောင်နဲ့ကျွန်တော်က နှစ်ယောက်ပေါင်းပြီး တိုက်ခန်းလေးတစ်ခန်း ငှားထားတာပါ။ ရရာအလုပ်လုပ်ရင်း ၀မ်းရေးကိုကျောင်းနေရတာဆိုတော့ ပိုက်ဆံများများစားစား ဘယ်မှာတတ်နိုင်ပါ့မလဲ။ အဲဒီတော့ စပေါ်ပေးစရာမလိုတဲ့ ပေါပေါပဲပဲ တိုက်ခန်းလေးတစ်ခုကိုပဲ နှစ်ယောက်ပေါင်းပြီး ငှားနေကြတာပါ။ အဲဒီလိုတိုက်ခန်းမှာ နေတာဖြစ်တဲ့အတွက် စောစောကလို ရန်ဖြစ်သံတွေ၊ ညကြီးအချိန်မတော် အော်ကြီးဟစ်ကျယ် မူးပြီးသီချင်းအော်ဆိုတာတွေ၊ ကလေးတွေတရုံးရုံးနဲ့ ဆူညံပွက်လောရိုက်နေတာတွေကို နေ့စဉ်ကြုံရတာပေါ့။

"ဒီလင်မယားတွေကလည်းကွာ… နေ့တိုင်းကြီးတော့ မဟုတ်တော့ဘူးထင်တယ်…"
"မင်းကလဲကွာ… အထူးအဆန်းလုပ်မနေစမ်းပါနဲ့၊ အချိန်တန်ရင် ပြီးသွားကြတာပဲ မဟုတ်လား"
"အေး… သူတို့က အချိန်တန်ရင် ပြီးသွားတာဟုတ်တယ်ကွ၊ ငါက နေ့တိုင်းအိပ်ရေးပျက်ရတယ်၊ ညပိုင်း အိပ်ရာဝင်တာနောက်ကျလို့ မနက်အထိ အိပ်ရေးဝအောင် အိပ်ရမလားအောက်မေ့ပါတယ်… သူတို့လင်မယားကြောင့် နေ့တိုင်းစိတ်ညစ်နေရတယ်"
"ငါတို့နေတာက ၀င်ဒါမီယာလိုနေရာမဟုတ်ဘူးလေကွာ… ဒီလောက်တော့ သည်းခံရမှာပေါ့"
"မဆိုင်ပါဘူးကွာ… လူ့ပတ်ဝန်းကျင်နဲ့နေတာပဲ… အလိုက်သိရမှာပေါ့၊ အခုဟာက သူတို့ရန်ဖြစ်တာက အရေးမကြီးဘူး၊ ပတ်ဝန်းကျင်က နေ့တိုင်း သူတို့ဆဲသမျှ ဆိုသမျှကို ခံနေရတယ်"

ပြောပြောဆိုဆို ညီမောင် မထချင်ထချင်နှင့် အိပ်ယာထဲမှ ထထိုင်ပြီး ညကသောက်လက်စ ဆေးပေါ့လိပ်တိုကို မီးညှိလိုက်သည်။ ဆေးလိပ်နံ့ပြင်းပြင်းက ထောင်းကနဲ့ နှာခေါင်းထဲဝင်လာသည်။ ကျွန်တော်ဘယ်လိုမှ အိပ်ယာထဲမှာ နှပ်နေလို့ မရတော့။ အခန်းကျဉ်းကျဉ်းလေးထဲမှာ မီးခိုးတွေက ခဏချင်းမှာပဲ နေရာအနှံ့ကို မင်းမူသွားသည်။

"အဟွတ်"

ကျွန်တော်ချောင်းတစ်ချက်ဆိုးသွားသည်။ ဒါကို ဟိုကောင် ညီမောင်က လှမ်းကြည့်သည်။ မင်းကလည်း ပိုကိုပိုတယ်ဆိုတဲ့ မျက်နှာပေးနဲ့။ ကျွန်တော်ဘာမှ မပြောတော့ဘူး။ အိပ်ယာခေါက်ပြီး မျက်နှာသစ်ဖို့ ထွက်လာခဲ့သည်။ တစ်နေ့တာဝမ်းရေးအတွက် ဘ၀တိုက်ပွဲတွေက စောင့်ကြိုနေလောက်ပြီ။ ဘာပဲဖြစ်ဖြစ် အသက်ရှင်ရပ်တည်နေနိုင်ဖို့အတွက်တော့ ရုန်းကန်နေရဦးမှာပဲလေ။

(၂)
အိပ်ယာကနိုးလာတော့ မနက်ခင်းက တစ်ခုခုလိုနေသလို ခံစားမိသည်။ ဘာဖြစ်တာပါလိမ့်။ အိပ်ရေးမ၀တာလည်း မဖြစ်နိုင်။ ညကလည်း ပုံမှန်အစောကြီး အိပ်ယာဝင်ခဲ့သည်ပဲ။ ဘေးကိုကြည့်တော့လည်း ဟိုကောင် ညီမောင်က ဟောက်များတောင် နေသေးသည်။ ဒီကောင်က ညပိုင်းညဥ့်နက်တဲ့အထိ စာဖတ်တဲ့လူဆိုတော့ ဒီလိုအချိန်ဆိုရင် မထတတ်သေး။ ဒါက သူ့အကျင့်။ ထားတော့။ အခု ကျွန်တော်ဘာဖြစ်နေပါလိမ့်။ အိပ်ရေးလည်းဝရဲ့သားနဲ့ လူကတစ်ခုခုကို အလိုမကျသလို၊ လစ်ဟာနေသလိုမျိုး ခံစားနေမိသည်။ အိပ်ယာခေါက်နေရတာလည်း စိတ်နဲ့လူနဲ့မကပ်။ ငါဘာဖြစ်နေပါလိမ့်ဆိုပြီး စဉ်းစားနေမိသည်။ ဖျားတာလည်း လုံးဝမဟုတ်။
"သမီး… အ၀တ်လဲတော့နော်… ကျောင်းနောက်ကျမယ်"
"ဟုတ်ကဲ့ ဖေကြီး… သမီးလဲနေပါပြီ"
မျက်နှာချင်းဆိုင်ခန်းကအသံ။ ဟုတ်ပြီ။ ကျွန်တော်ချက်ချင်း သဘောပေါက်လိုက်သည်။ ဒီနေ့ ကျွန်တော့်ရဲ့ နံနက်ချိန်ခါတေးသံသာလေး ပျောက်ဆုံးနေခဲ့တာကိုး။ နည်းနည်းတော့ ထူးဆန်းသွားမိသည်။ ခါတိုင်း ဒီအချိန်ဆိုရင် ဒီရှေ့ခန်းက လင်မယား ရန်ဖြစ်နေကျပါ။ ဒီနေ့ကျမှ ဘယ်လိုဖြစ်တာလဲ။ စဉ်းစားစရာတွေက ပိုများသွားသည်။ သိချင်စိတ်က ဘယ်လိုမှကို ထိန်းလို့မရ။ ကျွန်တော်လည်း လူသားထဲက လူတစ်ယောက်ပဲ မဟုတ်လား။

(၃)
ညနေ ကျွန်တော်အလုပ်ကပြန်လာတော့ အမှတ်မထင်ဘဲ လမ်းထိပ်မှာ မျက်နှာချင်းဆိုင်အခန်းက ကိုကျော်ကြီးကို တွေ့ရသည်။ ဒီလူ့ကိုကြည့်ရတာ တစ်မျိုးကြီးဖြစ်နေသည်။ တစ်ခုခု ထူးဆန်းနေသလို ဖြစ်နေသည်။ ဘာမှန်းတော့မသိ။ ကျွန်တော်သူ့ကို သေချာစိုက်ကြည့်နေတာကို သတိထားမိဟန်တူသော ကိုကျော်ကြီးက နှုတ်ဆက်စကားဆိုရင်း ကျွန်တော့်ဆီသို့ ကပ်လာသည်။
"ဘယ်လိုလဲ အလုပ်ကပြန်လာပြီလား"
"ဟုတ်ကဲ့"
"အလုပ်ရော အဆင်ပြေရဲ့မဟုတ်လား"
"ဟုတ်ကဲ့ ပြေပါတယ်၊ ဒီလိုပါပဲ"
"အေးပေါ့ကွာ… မင်းနဲ့ကိုယ်လည်း အခန်းချင်းသာ မျက်နှာချင်းဆိုင်နေတယ်၊ တစ်ခါမှကို ဟုတ်တိပတ်တိ စကားမပြောဖူးသေးဘူးနော်"
"သြော်… အင်း… ဟုတ်ကဲ့"
"စောစောက မင်း.. ငါ့ကို သေချာစိုက်ကြည့်နေတာ တွေ့ပါတယ်ကွ၊ ဘာတွေစိတ်ဝင်စားနေလို့လဲ"
"ဗျာ…. သြော်…. ဘာရယ်တော့မဟုတ်ပါဘူး… ဒီလိုပါပဲ..."
"မင်းမပြောပေမယ့် ကိုယ်သိပါတယ်ကွာ၊ ကိုယ်ဒီနေ့ အရက်မသောက်ထားဘူးကွ"
"ဗျာ… အာ… ဟုတ်သားပဲ၊ ကျွန်တော့်စိတ်ထဲမှာ ကိုကျော်ကြီးကို တစ်ခုခုတော့ ထူးဆန်းနေတယ်လို့ ထင်နေတာ၊ ဘာမှန်းမသိလို့ စဉ်းစားနေမိတာ၊ အခုမှပဲ အဖြေသိတော့တယ်၊ ဟုတ်တယ်… ဟုတ်တယ်…."
"အေး… ကိုယ်.. နောက်လည်း သောက်ဖြစ်တော့မှာ မဟုတ်ပါဘူး၊ ကိုယ့်သမီးလေးက အရွယ်ရောက်လာပြီကွ… သိလာပြီ"
"ကောင်းပါတယ်အစ်ကိုရာ…. ၀မ်းသာပါတယ်…"
"မင်း ၀မ်းသာတာက မနက်စောစော ငါတို့ရန်ဖြစ်တဲ့ဒဏ်ကို မခံရတော့မှာမို့ နားပူသက်သာမှာမို့ မဟုတ်လား"
"အာ… မဟုတ်ပါဘူး အစ်ကိုရာ… အစ်ကိုတို့ ရန်ဖြစ်တဲ့အသံက အသားကျနေပါပြီ၊ မနက်ကဆို အစ်ကိုတို့ လင်မယား ရန်ဖြစ်သံမကြားလို့ စိတ်ထဲမှာ တစ်မျိုးကြီးတောင် ဖြစ်မိတယ်၊ သြော်… အဲဒီလို ပြောလို့ ကျွန်တော့်ကို တစ်မျိုးမထင်ပါနဲ့နော်… ကျွန်တော်ဆိုလိုတာက အမြဲတမ်းကြားနေကျဖြစ်နေတော့…."
"အေးပါ… ကိုယ်သိပါတယ်ကွာ… ကိုယ်လည်း ပြန်စဉ်းစားကြည့်မိရင် ရှက်မိပါတယ်… ကိုယ်တို့လင်မယားကြောင့် ဘေးပတ်ဝန်းကျင်ကလူတွေ ဘယ်လောက်တောင် စိတ်အနှောင့်အယှက် ဖြစ်ရမလဲဆိုတာ တွေးမိပါပြီ၊ ကိုယ့်ညီတို့ကိုလည်း တောင်းပန်ပါတယ်"
"အာ… ရပါတယ်အစ်ကိုရာ၊ တောင်းပန်စရာမလိုပါဘူး၊ အစ်ကို အခုလို ပြောင်းလဲသွားတာကိုပဲ ကျွန်တော်က အံ့သြနေမိတာ"
"ကိုယ့်သမီးကြောင့် ဆိုပါတော့ကွာ"
"ဟုတ်ကဲ့ပါ အစ်ကို၊ ကျွန်တော်နားလည်ပါတယ်"

(၄)
ညနေဖက် ညီမောင်ပြန်လာတော့ ရှေ့ခန်းက ကိုကျော်ကြီးတို့ လင်မယားအကြောင်းကို ကျွန်တော်ပြောပြမိတယ်။ ဒီကောင်က သိပ်ပြီး စိတ်ဝင်စားပုံမရဘူး။ ဒါပေမယ့် တစ်ခုတော့ပြောတယ်။
"အေး.. ကောင်းတာပေါ့ကွာ… ပတ်ဝန်းကျင်အတွက် အနှောင့်အယှက်မဖြစ်တော့ဘူးပေါ့… ငါလည်း မနက်ဆိုရင် အိပ်ရေးဝအောင် အိပ်လို့ရတာပေါ့"
"ညီမောင်… မင်းဆေးလိပ်မဖြတ်သေးဘူးလား…"
ဒီကောင်ကြောင်သွားတယ်။ လက်ထဲက သောက်လက်စ ဆေးလိပ်ကိုငုံ့ကြည့်ရင်း ကျွန်တော့်ကို ပြန်မေးတယ်။
"ဘာဖြစ်လို့လဲကွ၊ ငါ့ဘာသာငါ ဆေးလိပ်သောက်တာပဲ"
"ဟုတ်ပါတယ်.. မင်းဘာသာသောက်တာပါ၊ မင်းပိုက်ဆံနဲ့မင်း မင်းကြိုက်လို့သောက်တာပဲ ငါ့အနေနဲ့ အနေသာကြီးပါ၊ ဒါပေမယ့် ဆေးလိပ်ကြောင့် မင်းရောဂါ…"
"တော်စမ်းပါကွာ.. မင်းကလည်း ဒီဓာတ်ပြားဟောင်းကြီးကို ဖွင့်ဦးမယ်… မင်းမကြိုက်လို့ မင်းဆေးလိပ်မသောက်ဘူး၊ ငါကြိုက်လို့ ငါသောက်တယ်၊ ပြီးပြီပေါ့ကွာ.."
"မပြီးဘူးကွ…၊ မင်းကကြိုက်လို့သောက်တာဆိုပေမယ့် ငါက ဆေးလိပ်ဆိုရင် အနံ့လုံးဝခံနိုင်တာမဟုတ်ဘူး၊ မင်းကို အားနာလို့သာ မပြောဘဲကြည့်နေရတာ၊ မင်းဆေးလိပ်သောက်တိုင်း ငါဘယ်လောက်ဒုက္ခရောက်တယ်ဆိုတာ မင်းမှမသိဘဲ"
"သိတော့ သိပါတယ်ကွာ… ဒါပေမယ့် ငါကလည်း ဆေးလိပ်မဖြတ်နိုင်သေးဘူးကွ… နှစ်နဲ့ချီပြီးလုပ်လာတဲ့ အလုပ်ဖြစ်တဲ့အတွက် ငါတော်တော်နဲ့ ဖြတ်လို့ရမှာ မဟုတ်သေးဘူး၊ နောက်ဆိုရင် မင်းရှိတဲ့အချိန် ငါဆေးလိပ်သောက်တာ ဆင်ခြင်ပါ့မယ်"
ကျွန်တော် ဘာဆက်ပြောရမှန်းမသိ။ တော်ကြာဆက်ပြောနေလျှင် ဒီကောင်က သူ့ကို ပြဿနာရှာနေတယ်ဟု ထင်သွားမှာစိုးရသည်။ တိုက်ခန်းတစ်ခုတည်းမှာ လေးနှစ်လောက်အတူတူ ရုန်းကန်လာတဲ့ သူငယ်ချင်းအချင်းချင်း ဘာမဟုတ်တာလေးတစ်ခုကြောင့် စကားများရန်ဖြစ်ရလျှင် မကောင်းဟု ယူဆသည့်အတွက် ဆက်မပြောတော့ဘဲ လုပ်စရာရှိတာ လုပ်နေလိုက်မိသည်။ ညီမောင်သောက်နေသည့် ဆေးလိပ်ငွေ့ကတော့ ကျွန်တော့်နှာခေါင်းကို လာရောက်ပွတ်သပ် ကလူနေပြန်လေသည်။

(၅)
ကိုကျော်ကြီးကတော့ အရက်လုံးဝပြတ်သွားပြီဟု သိရသည်။ သူ့မိန်းမနှင့်လည်း အတော်လေးကို အဆင်ပြေသွားသည်။ အလုပ်အကိုင်လည်း အတော်လေးကို ချောင်လည်လာသည်ဟု သိရသည်။ ၀မ်းသာမိပါသည်။ မနက်ဆိုရင် အရင်ကလို လင်မယားရန်ဖြစ်သံတွေကို မကြားရတော့။ ကိုကျော်ကြီးက သူ့သမီးကို ကျောင်းသွားဖို့ နှိုးဆော်တိုက်တွန်းနေသည့် အသံ၊ ကိုကျော်ကြီးအမျိုးသမီး၏ သမီးငယ်ကို ဝေယျာဝစ္စလုပ်ပေးနေသံများကိုသာ ကြားရတော့သည်။ ဘေးကိုကြည့်လိုက်တော့ ညီမောင်က နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျလျက်။ အရင်ကလို "ပတ်ဝန်းကျင်ကို အားမနာတဲ့ လင်မယား၊ လူမှုရေးမသိတဲ့ ကလေကချေတွေ" စတဲ့ ဒေါသသံတွေကို သူ့ပါးစပ်က မကြားရတာ အတော်ကြာပြီ။

ထိုင်နေရင်းနဲ့ ဘယ်လောက်တောင် အတွေးနယ်ချဲ့နေမိတယ်မသိဘူး၊ ညီမောင် လူလွန့်လာမှ သတိပြန်ဝင်လာမိတယ်။ ညကအိပ်ယာစောစောဝင်ပုံရသည်။ ဒီကောင် စောစောစီးစီးတွေဘာတွေ နိုးလို့ပါလားပေါ့။
"ဟေ့ကောင် မင်းနိုးနေပြီလား"
"အေး.. မင်းရော အစောကြီးနိုးလို့ပါလား"
"ဟုတ်တယ်.. ညက စောစောအိပ်ယာဝင်လိုက်လို့၊ ဘယ်လိုလဲ ရှေ့ခန်းက ပတ်ဝန်းကျင်ကို ဒုက္ခပေးတဲ့လင်မယား ဘာသံမှမကြားရတော့ပါလား"
"အေးဟုတ်တယ်၊ သူတို့လင်မယားရန်မဖြစ်တာ ကြာပြီကွ"
ဒီလောက်ပဲပြောဖြစ်သည်။ ဒီကောင်က အခြားလူတွေအကြောင်းကို စိတ်ဝင်စားတတ်သူမဟုတ်၊ စပ်စပ်စုစုလည်း မလုပ်တတ်၊ သူ့အလုပ်သူလုပ်သည်၊ အဲ.. သူ့ကို စပ်စပ်စုစု လာလုပ်လျှင်လည်း ကြိုက်သူမဟုတ်။
"ကောင်းတာပေါ့ကွာ၊ ပတ်ဝန်းကျင် အေးချမ်းတာပေါ့"
ပြောပြောဆိုဆို ကျေးဇူးရှင်က ဟိုကြည့်ဒီကြည့်နှင့် လိုက်ရှာနေသည်။ ဘာရှာနေပါလိမ့်။ တစ်နေရာကိုရောက်တော့ သူပျော်သွားတာမြင်ရသည်။ လှမ်းကြည့်လိုက်တော့ ခေါင်းရင်းနို့ဆီခွက်ဟောင်းပေါ်မှာ တင်ထားသည့် ဆေးလိပ်တိုနှင့် မီးခြစ်။ ဘုရား.. ဘုရား… ကျွန်တော့်နှာခေါင်းထဲမှာ ဆေးလိပ်မီးခိုးနံ့တွေ အလိုလိုရလာသည်။ ကမန်းကတန်းထပြီး မျက်နှာသစ်ရန် ပြေးထွက်သွားမိသည်။ ချက်ချင်းပဲ ကိုကျော်ကြီးမျက်နှာကို ပြေးမြင်လိုက်သည်။ ပြီးတော့ နှုတ်က အလိုလို သာဓုခေါ်လိုက်မိသည်။
"သာဓု… သာဓု… သာဓု"

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၁၁ နာရီ ၀၄ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics