Tuesday, October 13, 2009

ဘုရားပေးတဲ့လက်ပိုင်ရှင်အတွက် ဘုရားပေးတဲ့ လက်ဆောင်အမှတ်များ


ဘောလုံးပရိသတ်တွေအားလုံး သိတဲ့အတိုင်းပဲ ဘောလုံးအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ အာဂျင်တီးနားတို့အတွက် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားမှသွားရပါ့မလားဆိုတဲ့ စိတ်တွေနဲ့ ဗလောင်ဆူနေခဲ့ရတာပေါ့။ အာဂျင်တိုင်းတွေအတွက် ပိုပြီးခံရခက်စေတာက အခုအသင်းကို နည်းပြနေတာက သူတို့ရဲ့ ထာဝရဘောလုံးသူရဲကောင်း မာရာဒိုနာလေ။ မာရာဒိုနာဆိုတာကလည်း ကမ္ဘာတစ်ခုလုံးက ဘောလုံးပရိသတ်တွေ မသိတဲ့လူမရှိတဲ့ တကယ့်ဂန္တ၀င်တစ်ယောက်။ အဲဒီလိုက နည်းပြလုပ်ကာမှ အာဂျင်တီးနားအသင်း ၂၀၁၀ ခြေစစ်ပွဲမအောင်ရင်တော့ ဘယ်တော့မှကို ပြောလို့ဆုံးမှာ မဟုတ်တော့တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာမှာ အသေအချာပါပဲ။ ပိုဆိုးတာက ဒေသတွင်းမဟာပြိုင်ဘက် ဘရာဇီးလ်အသင်းက ၂၀၁၀ ကမ္ဘာ့ဖလားကို သွားမယ့်လက်မှတ်ကို အစောကြီးကတည်းက ကြိုဖြတ်ပြီးသားဖြစ်နေတာပဲ။ ပြိုင်ဆိုင်မှုကြီးမားလှတဲ့ ဒီဘောလုံးနှစ်သင်းရဲ့ ပရိသတ်တွေအတွက် ခံစားချက်တွေ ဘယ်လောက်ကွားခြားနေမလဲဆိုတာ စဉ်းစားသာကြည့်။

အုပ်စုအဆင့်ခြေစစ်ပွဲစဉ်တွေပြီးဆုံးဖို့ နှစ်ပွဲပဲလိုတော့တဲ့အချိန်မှာ အာဂျင်တီးနားက အုပ်စု ပဉ္စမနေရာမှာ။ တိုက်ရိုက်ခြေစစ်ပွဲအောင်မှာက ၄ သင်းတည်း။ အဲဒီအတွက် အားလုံးက နံပါတ် ၄ နေရာလောက်ကိုတော့ ရောက်စေချင်ကြတယ်။ ဒါပေမယ့် နံပါတ်လေးနေရာမှာ ရှိနေတာက အီကွေဒေါ။ မန်ယူအသင်းက တောင်ပံကစားသမား ဗလင်စီယာရဲ့အသင်းပေါ့။ သူတို့က အိမ်ကွင်းမှာ ဥရုဂွေးနဲ့ ကန်ရမှာဆိုတော့ အခြေအနေတွေက သူတို့ဘက်မှာ။ သူတို့ကလည်း သူတို့ရထားတဲ့ နံပါတ် ၄နေရာကို လွယ်လွယ်ဖယ်ပေးချင်မှာ မဟုတ်ဘူး။ အဲဒီအချိန်မှာ အာဂျင်တီးနားက ပီရူးနဲ့တွေ့တယ်။ အားပေးတဲ့လူတွေအတွက် အီကွေဒေါ ခြေချော်လက်ချော်ဖြစ်ပါ့မလားဆိုတာထက် သူတို့ရဲ့ အာဂျင်တီးနား နိုင်ပါ့မလားဆိုတာက ပိုပြီးစိုးရိမ်စရာ။ ပွဲဆက်ရှုံးနေတာများနေတဲ့အတွက် ဖိအားတွေကလည်း အပြည့်နဲ့။

အီကွေဒေါက အိမ်ကွင်းမှာ မထင်မှတ်ဘဲ ဥရုဂွေးကို နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးသွားတယ်။ အာဂျင်တီးနားတို့ပဲ နိုင်ဖို့လိုတော့တယ်။ ဒါပေမယ့် အာဂျင်တိုင်းတွေက အသေအလဲ ရုန်းကန်နေရတယ်။ တစ်ဂိုးစီသရေနဲ့ ပြီးတော့မယ်လို့ အားလုံးက ထင်မှတ်နေကြတဲ့အချိန်မှာပဲ လူစားဝင်တိုက်စစ်မှူး ပါလာမိုက အနိုင်ဂိုးကို သွင်းပေးလိုက်တယ်။ နာကျင်အချိန်ပိုကိုရောက်နေပြီဆိုတော့ အာဂျင်တိုင်းပရိသတ်အားလုံး စိတ်လျှော့ထားတဲ့အချိန်မှာပေါ့။ အနိုင်ဂိုးသွင်းလိုက်နိုင်တဲ့ အာဂျင်တီးနားအသင်း ဘယ်လောက်ပျော်သွားမယ်ဆိုတာ စာဖွဲ့လို့ရမှာမဟုတ်တာ အသေအချာပါပဲ။

maradonamyanmarthwaycoc.jpg

maradonamyanmarthwaycoc.jpg

အဲဒီပွဲအနိုင်နှင့်အတူ အာဂျင်တီးနားဟာ အုပ်စုစတုတ္ထနေရာကို ရောက်သွားတယ်။ ရမှတ် ၂၅ မှတ်နဲ့ပေါ့။ နောက်ဆုံးပွဲစဉ်အဖြစ် အဆုံးအဖြတ်ကန်ရမှာက ရမှတ် ၂၄ မှတ်နဲ့ ပဉ္စမနေရာကနေ ဖိအားပေးနေတဲ့ ဥရုဂွေးနဲ့ကန်ရမှာ။ ဥရုဂွေးအိမ်ကွင်းမှာ ဖြစ်တဲ့အတွက် အာဂျင်တိုင်းတို့ မလွယ်တာ အသေအချာပါပဲ။ နိုင်တဲ့အသင်း ခြေစစ်ပွဲအောင်မှာဆိုတော့ ဘယ်လောက်ပြိုင်ဆိုင်မှုပြင်းထန်မလဲဆိုတာ မေးစရာလိုမယ်မထင်ဘူး။

ဘာပဲဖြစ်ဖြစ် ပီရူးကိုအချိန်ပိုမှာ အနိုင်ဂိုးသွင်းပြီး အနိုင်ရသွားခဲ့တာဟာ ဘုရားပေးတဲ့လက်ပိုင်ရှင် မာရာဒိုနာအတွက် ဘုရားပေးတဲ့ လက်ဆောင် အမှတ်တွေလို့ပဲ ဆိုရတော့မလားမသိဘူး.........

ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ်၊ အောက်တိုဘာက ၁၃ ရက်၊ အင်္ဂါနေ့။
နေ့လည် ၂ နာရီ ၁၉ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics