Sunday, October 18, 2009

ဆင်ဆိုသည်မှာနှင့် နိုင်ငံရေးခေါင်းဆောင် - မောင်စူးစမ်း


လေးစခန်းဖြတ်

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ဆီလျော်ရာအကြောင်းအရာတို့ ပေါ်လာလေရာ ထိုအထဲ၌ ခေါင်းဆောင်သူ၏ အခန်းကဏ္ဍက အရေးပါအရာရောက်နေသည်။ အကြောင်းမူ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအပြီးကာလတို့သည် မြင်ကွင်းသစ်၊ ရှုကွင်းသစ် ဖြစ်ပေါ်မည်ဖြစ်သောကြောင့် ဖြစ်သည်။ ခေါင်းဆောင်တို့သည် မြန်မာနိုင်ငံ၏ တတိယပုံစံဒီမိုကရေစီ၌ သမားရိုးကျအတွေးအမြင် Conventional Wisdom တို့ဖြင့် အလုပ်လုပ်နိုင်ကြမည်မဟုတ်ပေ။ အိုင်ဒီယာအသစ်တို့ဖြင့် စခန်းသွားရဖို့ရှိသည်။

 

မြန်မာနိုင်ငံသည် (၁) လစ်ဘရယ်ဒီမိုကရေစီ (၁၉၄၈-၆၂)၊ (၂) ဆိုရှယ်လစ်ဒီမိုကရေစီ (၁၉၆၂-၈၈)၊ (၃) တပ်မတော်အစိုးရ (၈၈-၂၀၁၀) နှင့် (၄) လမ်းညွှန်ဒီမိုကရေစီ (စစ်ဘက်မှ ပါဝင်ပတ်သက်မှုရှိသော ဒီမိုကရေစီ) စသည်ဖြင့် နိုင်ငံရေးစနစ်မျိုးစုံကို ဖြတ်သန်းခဲ့ရသည်။ ယခုနောက်ဆုံး လမ်းညွှန်ဒီမိုကရေစီကို ဖြတ်သန်းရတော့မည်။

 

ဗီဇကို ကျိုးကြောင်းလုပ်

ခေတ်ပြိုင်မြန်မာ့နိုင်ငံရေးသမိုင်းတွင် ခေါင်းဆောင်တို့သည် ဗီဇစိတ် Instinct နှင့် သူသိ၊ ငါသိ၊ အများသိစိတ် Commonsense တို့ဖြင့် ဆောင်ရွက်ကြတာများသည်။ လေးနက်သော စိစစ်သုံးသပ်ချက် Analysis တို့ဖြင့် ဆောင်ရွက်ခြင်းနည်းသည် တစ်ခါတစ်ရံ လေးနက်သော သုံးသပ်မှုဖြင့် ဆောင်ရွက်သည်ဟု ထင်စရာပေါ်သည်။ နိုင်ငံရေးသိပ္ပံပညာရှင်တို့၏ အဆိုအရ လေးနက်သော စိစစ်မှုဖြင့် ဆောင်ရွက်သည်ဟုထင်ရသော ပေါ်လစီသည် စင်စစ်အားဖြင့် ဗီဇစိတ်ကို ကျိုးကြောင်းဆီလျော်အောင်ပြုခြင်း Rationalization of Instinct သာဖြစ်သည်။ ဗီဇကို ယုတ္တိဖော်ခြင်းဟု ပြောနိုင်သည်။

 

ဂျပန်ရွေးကောက်ပွဲတွင် အာဏာရအယ်လ်ဒီပီပါတီ အရေးနိမ့်သွားရသည့် အကြောင်းတို့အနက် တစ်ကြောင်းက စိတ်ဝင်စားစရာကောင်းသည်။ အာဏာရနိုင်ငံရေးပါတီသည် ပေါ်လစီတို့ကို ပါတီအနေဖြင့် မချမှတ်။ ဗျူရိုကရေစီက ပေါ်လစီတို့ကို ဒီဇိုင်းဆွဲပေးသည့်အတိုင်း ဆောင်ရွက်သည့်အချက်ဖြစ်သည်။ မူဝါဒပေါ်လစီ ချမှတ်ရေးတွင် ဗျူရိုကရေစီကို အားကိုးလွန်းခြင်းဖြစ်သည်။

 

ဆင်ဆိုသည်မှာ

မြန်မာ့နိုင်ငံရေးသမိုင်းတွင် အာဏာရခေါင်းဆောင်တို့သည် အများသိရုံသိစိတ်၊ ဗီဇစိတ်အပြင် တစ်ရေးနိုးလို့ပေါ်သောအကြံ Whims တို့ဖြင့်လည်း ဆောင်ရွက်တတ်ကြသည်။ လေးလေးနက်နက် ကျယ်ကျယ်ပြန့်ပြန့် စိစစ်မှုနှင့် သုတေသနပြုမှုတို့ကို အခြေခံကြသည်မဟုတ်ပေ။ နိုင်ငံရေးခေါင်းဆောင်တို့သည် စိစစ်သုံးသပ်မှုအပိုင်း၌ အလွန်အားနည်းသည်။ ပေါ်ပင်ရေတိုဖန်စီကြည့်ပြီး နိုင်ငံရေးလုပ်ကြသည်။

 

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအပြီးကာလတို့တွင် နိုင်ငံရေးခေါင်းဆောင်တို့သည် ခေါင်းဆောင်မှုစတိုင်လ် ပြောင်းရမည်ဟု ထင်သည်။ လေးနက်သောစိစစ်သုံးသပ်မှုတို့ကို အခြေခံ၍ သင့်ရာပေါ်လစီများ ရွေးချယ်ချမှတ်သင့်သည်။ သို့သော် လမ်းညွှန်ဒီမိုကရေစီကို ယခုမှ ပထမဦးဆုံး ကြုံတွေ့ရမည်ဖြစ်၍ လေးနက်သောစိစစ်သုံးသပ်မှုသည် အကန့်အသတ်နှင့် ရှိနေဦးမည်ဖြစ်သည်။ ပထမဦးဆုံး နိုင်ငံရေးစနစ်သစ်၏ အဆောက်အအုံဖွဲ့စည်းပုံကို မျက်ကန်းလေးယောက် ဆင်ဆိုသည်မှာဆိုပြီး ဆင်ကိုယ်ကြီးကိုစမ်းကြည့်သလို စမ်းကြည့်နေရဦးမည်။ နိုင်ငံရေးစနစ်၊ ပါဝါစနစ်၏ အဆောက်အအုံကို လေ့လာရင်း လက်တွေ့က သင်ပေးသွားမည့်သဘော ရှိသည်။ ဤအချက်က လက်တွေ့ပလေယာတို့အတွက် ဖြစ်သည်။

 

ဒီမိုကရေစီတွင် ပညာရှင်တို့၏ ဉာဏ်အား တောင့်တင်းရန်လိုသည်။ သူတို့က စိစစ်သုံးသပ်မှုတို့ ပြုလုပ်ပေးပြီး ပံ့ပိုးကူညီနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။ ဗီဇဆိုသည်ထက် စိစစ်သုံးသပ်မှုကို ပို၍ အားကိုးရန် အချိန်လိုမလားမသိပေ။

 

(ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ ၅၊ အမှတ် ၃၈ တွင်ပါရှိသည့် နိုင်ငံရေးအထူးအချပ်ပိုမှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics