ရခိုင်သူမြတ် ၏ ကိုယ်ကျင့်လမ်းညွှန်
(လောကသာရပျို့ပါ)
(လောကသာရပျို့ပါ)
အသက်ရှည်စွာ၊ အနာမဲ့ကြောင်း၊ ကောင်းလှစေချင်၊ ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား၊ မိဘဆရာ၊ စကားနာ၍၊ ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့၊ ပေါ်လွင်မပြု၊ ကောင်းရာတုလျက်၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင် ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း။
သက်ကြီးမိဘ၊ ဆရာစသား၊ စိုးရသခင်၊ ကျေးဇူးရှင်တို့၊ ပြစ်တင်မောင်းမဲ၊ ရိုက်ပုတ်ဆဲလည်း၊ ၀မ်းထဲယုံ့ယုံ့၊ ယုန်လျှင်ကျုံ့သို့၊ ဆိုတုံ့မ၀ံ့၊ စောမာန်ညံ့၍၊ ကြောက်ရွံ့ရိုသေ၊ သည်းခံထွေဖြင့်၊ ကောင်းတေနှလုံး ရှည်စေမင်း။
ဆန္ဒာဒေါသ၊ ဘယာမောဟ၊ အပါယ်ကျသား၊ ဓမ္မလေးမည်၊ ဂတိတည်၍၊ ပါဏာတိပါတ်၊ မသတ်သူ့သက်၊ မယူသေစာ၊ အိမ်ယာမမှား၊ မုသားမဆို၊ ကိုယ့်ကိုနှိမ်ချ၊ စောင့်သီလနှင့်။
မိခင်ဖခင်၊ ကျေးဇူးရှင်ကို၊ ချင်ခင်မြတ်နိုး၊ ဂူပုထိုးသို့၊ ရှိခိုးဦးတင်၊ ကြည်လင်မြတ်လေး၊ သိမ်းမြန်းမွေး၍၊ လုပ်ကျွေးခယ၊ ရိုတုပ်ကွလျက်။
ဘေးဘိုးစဉ်ဆက်၊ မပျက်သုံးစွဲ၊ ကျင့်မြဲလေ့လ၊ စာရိတ္တဖြင့်၊ မိဘအလိုက်၊ စရိုက်ကျင့်ရိုး၊ အမျိုးနွယ်လျဉ်၊ စောင့်စည်းကြဉ်၍၊ အယှဉ်အပေါင်း၊ ခင်ပွန်းကောင်းနှင့်၊ သူဟောင်းသက်ကြီး၊ ထုံးသီးနည်းကို၊ မငြီးမငွေ့၊ မှတ်ကျက်လေ့၍၊ ချောသွေ့စကား၊ စပ်ကြားသူပျက်၊ ကုန်းတိုက်ဖျက်လည်း၊ ရက်ရက် မယုံလွယ်စေမင်း။
ပျူပျူငှာငှာ၊ လူတကာကို၊ သာသာချိုချို၊ ချစ်ဖွယ်ဆို၍၊ စိုးစိုပြည်ပြည်၊ ကျင့်မူနည်ဖြင့်၊ လည်လည်ပတ်ပတ်၊ လောက၀တ်၌၊ ပြတ်ပြတ်သားသား၊ အခြားခြားလျှင်၊ မှုများခပ်သိမ်း၊ ဆောင်တိုင်းငြိမ်းလျက်၊ သူစိမ်းသူကျက်၊ ပေါင်းဖက်သရွေ့၊ မိဘတွေ့သို့၊ မွေ့မွေ့လျော်လျော်၊ ပျော်ပျော်ပါးပါး၊ နှုတ်ချိုပျားနှင့်၊ ၀တ်စားပေးပံ့၊ ဖြည့်ဖြူးနှံ့လျက်၊ အလွှံ့ကျွန်ကျေး၊ ဆွေသားမြေးကို၊ ကျွေးမွေး မညှိုးငယ်စေမင်း။

No comments:
Post a Comment