Thursday, August 30, 2007

မာဒေးကားဗိုလ်လုပွဲရောက် မြန်မာ(၂၀၀၇)


မာဒေးကား ဖလား (၂၀၀၇) နှင့် မြန်မာအသင်း

မလေးရှား ၃း ၁ မြန်မာ

---

သူငယ်ချင်း ကျော်ခိုင်ရေ…

မာဒေးကားဖလားပွဲကတော့ ပြီးသွားပြန်ပြီနော်။ အားလုံးသိတဲ့အတိုင်းပဲ မြန်မာအသင်း ရှုံးသွားတယ်လေ။ ဘောလုံးကန်တဲ့နေရာမှာ အရှုံးအနိုင်ဆိုတာ ရှိစမြဲမို့ စိတ်မကောင်းတာကလွဲရင် ရလာတဲ့အရှုံးကို လက်ခံရပါမယ်။ ဒါပေမယ့် အခုပြီးသွားတဲ့ ဖိုင်နယ်မှာ မြန်မာအသင်းဟာ ဘောလုံးတင်မဟုတ်ဘူး၊ ဂုဏ်သိက္ခာပါ ရှုံးသွားခဲ့ပါတယ်။ မင်းလည်း မနေ့က ဘောလုံးပွဲကြည့်ရင်း ငါ့လိုပဲ အံတကျိတ်ကျိတ် ဖြစ်နေမယ်လို့ ငါထင်ပါတယ်။ ဟုတ်တယ် သူငယ်ချင်းရေ မြန်မာအသင်းလုပ်ပုံက ငါတို့ မြန်မာတွေဟာ အရှုံးကို လုံးဝရင်မဆိုင်ရဲတဲ့၊ ရှုံးပြီဆိုရင် တကယ့်ကို ကလေးဆိုးကြီးတွေလို လုပ်တတ်တဲ့ လူမျိုးတွေလို့ အခြားလူမျိုးတွေ ထင်သွားတော့မှာပဲဆိုတဲ့စိတ်နဲ့ အတော်ကို ဘ၀င်မကျဖြစ်ရ၊ စိတ်တိုရတာပေါ့ကွာ။

သူငယ်ချင်းလည်း ကြည့်ခဲ့ရပေမယ့် ဘောလုံးပွဲလေးကို နည်းနည်းပြန်ပြောပြချင်သေးတယ်ကွ။ မင်းသိတဲ့အတိုင်း ပထမပိုင်းမှာ မြန်မာအသင်းဟာ တစ်ဂိုးအရှုံးနဲ့ ကစားခဲ့ရတယ်။ ၁၂ မိနစ်မှာ အသွင်းခံထားရတဲ့ဂိုးကို ပထမပိုင်း တစ်ခုလုံးမှာ ပြန်မချေပနိုင်ခဲ့ဘူး။ ဒါပေမယ့် ဒုတိယပိုင်းဆိုတာကြီး ရှိနေသေးတဲ့အတွက် အားလုံးရင်ထဲမှာ အဲဒီ ရလဒ်ကို ဘာမှ အလေးအနက်ထားကြလိမ့်မယ်မဟုတ်ဘူးဆိုတာကို ငါသေချာကို သိနေတယ်။ ဟုတ်တယ် သူငယ်ချင်း ငါလည်း အဲဒီလိုပဲ မျှော်လင့်ခဲ့တာပါပဲ။ ငါတို့မြန်မာဟာ ဒုတိယပိုင်းမှာ ချေပဂိုးသွင်း ပြီးရင် အနိုင်ဂိုးတွေဆက်သွင်းပြီး ဖလားကို ရအောင်ယူမယ်လို့ ငါတို့အားလုံးက မျှော်လင့်ခဲ့ကြတာလေ။

ပထမပိုင်းတစ်ပိုင်းလုံးမှာ မြန်မာအသင်းကစားတာ ပြောစရာမရှိဘူးလို့ ပြောလို့မရပေမယ့် အများအားဖြင့်တော့ လက်ခံလို့ရတဲ့အဆင့်မှာရှိပါတယ်။ အရင်တုန်းက ကစားခဲ့တဲ့ ကစားကွက်တွေ၊ နေရာယူပုံတွေနဲ့ နှိုင်းယှဉ်လိုက် ရင် အများကြီး တိုးတက်လာတယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်းကို မြင်သာပါတယ်။ အပေးအယူတွေလည်း အတော်ကို ကောင်းလာတယ်။ အရင်က ငါတို့ အမြဲတမ်းကန်လာခဲ့တဲ့ ကန်တင်ပြေး စနစ်ကနေ အခု မြန်မာ အသင်းကို နည်းပြနေတဲ့ မားကို့စ် လက်ထက်မှာ ဘရာဇီးလ်ဟန် အပေးအယူ၊ အချိတ်အဆက်၊ ကစားပုံလေးတွေ နဲ့ အစားထိုးလာတာကို မြင်ရတာ အားရစရာပါ။ ရောက်ချင်ရာရောက် ကန်တင်နေတဲ့ မြန်မာဘောလုံးသမားလေး တွေက အခုဆိုရင် လူဖွင့်ကစားတာတို့၊ ကစားကွက်ဖော်တာတို့၊ အပေးအယူလှလှပပကစားတာတို့ကို မြင်ရတော့ အတော်ကို သဘောကျမိတယ်။ ဒါပေမယ့် သူငယ်ချင်းသိတဲ့အတိုင်းပဲ ဘောလုံးပြိုင်ပွဲဆိုတာက လက်ဝှေ့ပွဲတွေ မှာလို သရေကျရင် ဒိုင်လူကြီးတွေက အမှတ်နဲ့ ဆုံးဖြတ်တာမျိုးမဟုတ်လေတော့ ဘယ်လောက်ပဲ ကစားကွက် ကောင်းကောင်း၊ ဘောလုံးပိုင်ဆိုင်မှု များများ နောက်ဆုံးမှာ ဂိုးများများ သွင်းထားတဲ့အသင်းက အနိုင်ရတာပဲ မဟုတ်လား။ ငါတို့မြန်မာအသင်းရှေ့တန်းလူတွေ ဂိုးမသွင်းနိုင်ခဲ့ကြဘူး။ ဂိုးသွင်းခွင့်မရအောင် မလေးရှားက ပိတ်ဆို့ကစားလို့ဆိုတဲ့ အကြောင်းပြချက်ကလည်း ဘောလုံးမှာ မှန်ကန်တဲ့ဆင်ခြေမဟုတ်ပြန်ဘူးကွာ။ အထူး သဖြင့် Goal Luck မရှိတဲ့ ရန်ပိုင်ကို အားကိုးနေတာဟာ ငါတို့မြန်မာအသင်းရဲ့ အားနည်းချက်တစ်ခုလို့ ငါတော့ မြင်မိတာပါပဲ။ ပထမပိုင်းတစ်ခုလုံးမှာ ရန်ပိုင်ဟာ ထိရောက်တဲ့ ခြိမ်းခြောက်မှုဆိုလို့ တစ်ခုမှ မလုပ်နိုင်ခဲ့ဘူး။ ပိုပြီး စိတ်တိုဖို့ ကောင်းတာက သူ့ဆီကို ဘောလုံးပေးတဲ့အခါတိုင်းမှာ တစ်ပုံစံတည်း နောက်ကို ပြန်ပြီးပေးတဲ့ ကစားဟန်ကိုပါပဲ။ သူဟာ ရှေ့တန်းလူတစ်ဦး၊ ဂိုးသွင်းရမယ့်လူတစ်ဦးဖြစ်ပါလျက်နဲ့ တစ်ဖက်နောက်တန်းတွေကို လိမ်ခေါက်ပြီး ကျော်ယူမယ်၊ Skill ပြပြီး လှည့်ထွက်မယ်၊ အတင်းတိုးပြီး အခြားလူတွေအတွက် နေရာလွတ်တွေ ဖြစ်အောင် လုပ်ပေးမယ်လို့ စိတ်ကူးရှိခဲ့ရင်တောင် တစ်ခုမှကို လုပ်မပြနိုင်ခဲ့တာ မင်းလည်း ကြည့်ခဲ့ရမှာပါ။

ငါတို့ မြန်မာရှေ့တန်းအကြောင်းပြောတော့ တစ်ဖက်အသင်းက ရှေ့တန်းကစားသမားနဲ့ နှိုင်းယှဉ်ကြည့်မိတယ်။ မလေးရှားက နံပါတ် ၁၈ ဟာ မနေ့ကပွဲမှာတော့ Man of the Match ပါပဲ။ သူ့ကို မထိန်းနိုင်တာဟာ မြန်မာအသင်းရဲ့ ရှုံးရခြင်း အကြောင်းခံပဲဖြစ်မယ်လို့ ငါတော့ ထင်မိတယ်ကွာ။ မလေးရှားအသင်းဟာ အိမ်ရှင် အသင်းဆိုပေမယ့် အုပ်စုတွင်းမှာ ရှုံးထားတဲ့ရှုံးကြွေး၊ မြန်မာအသင်းရဲ့ သမိုင်းဂုဏ်တွေကြောင့် အတော်ကို ဂရုစိုက်ပြီး ကစားခဲ့တာကို တွေ့ရတယ်။ အဲဒီအကျိုးကိုလည်း သူတို့တွေ ခံစားခဲ့ရပြီလေကွာ။ မြန်မာအသင်း ကစားသင့်တဲ့ ခံစစ်ကစားပြီး Counter ကနေတစ်ဆင့် ဂိုးသွင်းခွင့်တွေရအောင် ကစားတဲ့ကစားကွက်ကို သူတို့ အသင်းက ပိုင်ပိုင်နိုင်နိုင် ကစားသွားနိုင်ခဲ့တယ်။ မြန်မာအသင်းဟာ ငါတို့သေချာပေါက်နိုင်မှာပဲဆိုတဲ့ စိတ်နဲ့အတူ အနည်းငယ်တော့ ပေါ့လျော့ပြီးကစားခဲ့တယ်၊ အနည်းငယ် ဘ၀င်မြင့်ပြီးကစားခဲ့တယ်လို့ ငါထင်မိတာပါပဲကွာ။ အဲဒီအတွက် ခံစားရတဲ့ အကျိုးကတော့အတော်ကို ခါးသီးတယ်ဆိုတာ မင်းလည်းအသိပါပဲကွာ။

သူများအသင်းကို အထင်ကြီးတာလည်းမဟုတ်ဘူး၊ နှိမ်ချတာလည်း မဟုတ်ဘူးကွာ။ ငါပြောချင်သေးတယ်။ မနေ့က ကစားခဲ့တဲ့ ကစားကွက်အရ မလေးရှားအသင်းကစားတာဟာ ဘာမှ စွဲမက်ဖို့မကောင်းတာကို တွေ့ရပါတယ်။ ငါက မြန်မာအသင်းဖက်ကနေပြီး မြန်မာမျက်စိနဲ့ ကြည့်လို့လဲ ဖြစ်ချင်ဖြစ်မှာပေါ့ကွာ။ သူတို့ ကစားကွက်ဟာ ၁-၉-၁ ကစားကွက်လို့ ပြောရလောက်အောင်ကို ခံစစ်ကို ကစားခဲ့ကြတယ်။ ဒါပေမယ့် သူတို့ အတွက် ကံကောင်းတာက သူတို့ထားခဲ့ ရှေ့ဆုံးက ၁ ဟာ မြန်မာတွေပြောတဲ့စကားနဲ့ပြောရရင် စစ်သည် တစ်သိန်းအားနဲ့ ညီတယ်ဆိုသလိုပါပဲ။ အဲဒီ နံပါတ် ၁၈ တစ်ယောက်တည်းနဲ့ မြန်မာနောက်တန်းတစ်ခုလုံးကို ကျော်ဖြတ်သွားခဲ့ပါတယ်။ ဂိုးတွေသွင်းပြခဲ့ပါတယ်။ ရန်ပိုင်အနေနဲ့ အဲဒီ နံပါတ် ၁၈ ကန်တာကို ပြန်ပြန်ကြည့်ပြီး ရှေ့တန်းဆိုတာ ဒီလိုပါလားဆိုပြီး သင်ခန်းစာတွေ ယူသင့်ပါတယ်။ အဲဒီလိုတွေ မြင်ရတော့ ငါတို့ ကြည့်ခဲ့၊ မြင်ခဲ့၊ အားပေးခဲ့ရတဲ့ မျိုးလှိုင်ဝင်းတို့၊ သန်းတိုးအောင်တို့၊ တင်မြင့်အောင်တို့၊ ၀င်းအောင်တို့၊ စိုးနိုင်တို့ကို လွမ်းမိတယ်ကွာ။ နောက်တစ်ခု ချီးကျူးဖို့ကောင်းတာက မလေးရှားကစားသမားတွေဟာ ရလာတဲ့ ဘောလုံးတွေကို အဲဒီ နံပါတ် ၁၈ ဆီကို ရောက်အောင် ပေးပို့နိုင်တာပါပဲ။

သူငယ်ချင်း ကျော်ခိုင်ရေ… ဒုတိယပိုင်းမှာလည်း ငါတို့တွေကသာ မျှော်လင့်ထားတယ်။ မြန်မာအသင်းကတော့ သိတဲ့အတိုင်းပဲ ကစားကွက်တက်လာတာကလွဲလို့ ဂိုးပေါက်ပျောက်နေခဲ့တုန်းပဲကွာ။ ဟိုအချိန်သွင်းနိုးနိုး၊ ဒီအချိန် သွင်းနိုးနိုး ငါတို့တွေက ရင်တခုန်ခုန်နဲ့စောင့်၊ တကယ်ထပ်သွင်းသွားတာက မလေးရှား။ ကောင်းရောပေါ့ကွာ။ မင်းရော၊ ငါရော၊ မြန်မာပရိသတ်တွေ အားလုံးရော အဲဒီအချိန်မှာ ဘယ်လိုတွေ ခံစားနေရမလဲဆိုတာ ဗေဒင် မေးစရာမလိုပါဘူးကွာ။ ပဉ္စမအကြိမ် ချန်ပီယံဖြစ်မယ့် အခွင့်အရေးတစ်ခုတော့ ဆုံးရှုံးသွားခဲ့ပြီ ဆိုတာကို တတိယဂိုး ပေးလိုက်ရတဲ့အချိန်မှာ ငါသိလိုက်တယ်။

ကိုယ့်အသင်း မနိုင်တော့တဲ့အတွက် စိတ်မကောင်းစွာ ထိုင်ကြည့်ဖို့ပဲ ရှိတော့တာပေါ့ကွာ။ ဒါပေမယ့် ငါတို့ ထင်မှတ်မထားတဲ့ အဖြစ်အပျက်တွေက ဖြစ်လာခဲ့တယ်လေ။ မြန်မာအသင်းဟာ ၃ ဂိုးပေးလိုက်ရတဲ့နောက် ဘယ်လို ဖြစ်သွားတယ်မသိဘူး။ ကစားကွက်က ဖရိုဖရဲ၊ ကန်တာက တောရောက်တောင်ရောက်၊ ပိုဆိုးတာက ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့တာပါပဲ။ ကိုယ်ရှုံးထားတဲ့ ဂိုးတွေကို ပြန်ချေပမယ်လို့ အားမထုတ်ဘဲ တစ်ဖက် ကစားတွေ နာကျင်အောင်၊ ဒေါသဖြစ်အောင် မလိုအပ်ဘဲ အတင်းဝင်၊ အတင်းဖျက်၊ ပြစ်ဒဏ်ဘောတွေ လုပ်နေကြတာဟာ အတော်ကို အရုပ်ဆိုး အကျည်းတန်တယ်ကွာ။ အဲဒီနေရာမှာ တလက်စတည်း အသင်း အုပ်ချုပ်သူတွေကို ငါဝေဖန်ချင်တယ်။ ကိုယ့်အသင်းကို မထိန်းနိုင်ကြတာလား၊ ဒီအတိုင်းကို လွှတ်ပေးထားတာ လား၊ သူတို့ကိုယ်တိုင်ကကို အရှုံးကို ရင်မဆိုင်ရဲကြတာလားဆိုတာကိုပါ။ နောက်ပြီး ဆိုးဝါးတာတစ်ခုက မြန်မာအသင်းက နောက်ခံလူဟာ အနီကဒ် ထိလို့ ကွင်းပြင်ထွက်လာတော့ ဦးကြည်လွင်က လာခေါ်တာကို ကောင်းကောင်းမွန်မွန်မလိုက်ဘဲ ပခုံးပေါ်တင်ထားတဲ့လက်ကို ပုတ်ချတာပါပဲ။ ကင်မရာကလည်း အဲဒီအချိန်မှာ သူ့ကို ရိုက်ပြနေတော့ ထင်ထင်ရှားရှားကြီးကို မြင်လိုက်ရတာပါ။ ဦးကြည်လွင်ဟာ သူတို့ကို သင်ပေးနေတဲ့ နည်းပြဆရာဖြစ်သလို၊ သူတို့တွေ အားကျခဲ့ရတဲ့ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းကြီးပါ။ အဲဒီ ကစား သမားရဲ့ စိတ်ကို ဘယ်လိုမှကို ခန့်မှန်းလို့ မရပါဘူး။ ဒါဟာ နဂိုကတည်းက အလိုလိုက်ခဲ့တဲ့ ဆရာတွေကြောင့် လား၊ ကစားသမားတွေကိုယ်တိုင်ကကို ယဉ်ကျေးမှုမရှိတဲ့အတွက်လားဆိုတာတော့ ကာယကံရှင်တွေ ကိုယ်တိုင်ပဲ သိမှာပါ။

ဒုတိယပိုင်း ရဲ့ မိနစ် ၃၀ လောက်ကတော့ မြန်မာအသင်းအနေနဲ့ ရှက်ဖွယ်လိလိ အဖြစ်အပျက်တွေကို ဖန်တီး နေတာနဲ့ပဲ အချိန်ကုန်ခဲ့တယ်လို့ ပြောရမှာပါပဲကွာ။ သူများရသွားရင် ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်တယ်။ ပြစ်ဒဏ်ဘောတွေပေးရရင် ဒိုင်လူကြီးကို ပြန်ပြောတယ်၊ တစ်ဖက်ကစားသမားကို မခံချင်အောင်တွေ ပြောတယ်၊ အမူအရာအားဖြင့် ရန်လိုတဲ့အပြုအမူတွေပြတယ် စတဲ့လုပ်ရပ်တွေဟာ ကျွန်တော်တို့ မြန်မာအသင်းအတွက် ဘယ်မှာလာပြီး အပေါင်းလက္ခဏာ ဆောင်နိုင်ပါတော့မလဲ။ သူတို့လောက် မြန်မာ့လက်ရွေးစင်အဖြစ် ကန်ကြတာလဲ သူတို့ပဲ ရှိတယ်။ သူတို့လောက် မတိုးတက်တာ၊ မရင့်ကျက်တာလည်း သူတို့ပဲ ရှိမယ် ထင်ပါရဲ့ကွာ။ တစ်ဖက်မလေးရှားအသင်းရဲ့ ကစားကွက်ထဲကို တန်းတန်းကြီးကို လိုက်ဝင်သွားကြတော့တာပဲ။ မလေးရှားအသင်းဟာ နိုင်နေတဲ့အသင်း ဖြစ်တဲ့အတွက် အချိန်ဆွဲတာတွေ၊ လက်ပစ်ဘောတွေကို မပစ်ဘဲ လူလွှဲနေတာတွေ၊ မလိုအပ်ဘဲ မြက်ခင်းပြင်ကို ဟိုနင်းဒီနင်းလုပ်နေတာတွေ၊ ဘောလုံးကို အကြာကြီး တည်နေတာတွေ လုပ်မှာပါပဲ။ ဒါဟာ ဘောလုံးလောကမှာ ဘာမှ မထူးဆန်းတဲ့ အလုပ်တွေပါ။ ဒီအပေါ်မှာ စိတ်တိုနေဖို့၊ အဲဒါတွေကို ကြမ်းတမ်းမှုတွေနဲ့ တုန့်ပြန်ဖို့ မလိုပါဘူး။ ကိုယ်ရှုံးနေတဲ့ ဂိုးတွေကို ချေပနိုင်အောင် ကြိုစားရမယ့်အစား လူချကစားဖို့ကိုပဲ အာရုံထဲမှာ ရှိနေတော့ ဘယ်လိုလုပ်ပြီး ဂိုးသွင်းနိုင်ပါတော့မလဲကွာ။ ကိုယ့်အသင်း အနိုင်ရနေတဲ့အချိန်တွေမှာလည်း ကိုယ်တွေဆိုရင် ဒီလိုပဲ အချိန်ဆွဲတာတွေ၊ မကြာကြာအောင် လုပ်တာတွေ လုပ်ကြမှာပါပဲ။ ဒါကို နားမလည်ဘဲ ခံစားချက်ကို ရှေ့တန်းတင်ပြီး လုပ်ချင်ရာတွေ လုပ်ကြတော့ မြန်မာအသင်းဟာ အမဲစက်တစ်စက် ထပ်ပြီး ရေးခြစ်မိတာက လွဲလို့ တခြားဘာမှ ရမလာပါဘူး။ စင်ကာပူမှာ ခြစ်ခဲ့တဲ့အမဲစက်တောင် မပျက်သေးဘူး၊ နောက်ထပ်အမဲစက်တစ်စက်က ထပ်ပြီး ရေးမိပြန်ပြီလေ။ မြန်မာတွေ ဟာ ဒီလိုပဲ ရှုံးရင် လူချတတ်တယ်၊ ညစ်တတ်တယ်၊ ကြမ်းတမ်းတယ်လို့ ပြောလာမယ့် စကားတွေကို ကျွန်တော်တို့တစ်တွေ လက်ခံကြရုံပဲ ရှိတော့တာပေါ့ဗျာ။ ကိုယ့်အသင်းကလည်း အဲဒီလို အပြောခံရအောင်ကို လုပ်ခဲ့ကြတာကိုး။

ကျော်ခိုင်ရေ…စာလည်း အတော်ရှည်သွားပြီကွ။ ငါလည်း ကိုယ့်မြန်မာအသင်း အောင်မြင်မှုရတာတွေကိုပဲ ပြောချင်တာပါကွာ။ ဒါပေမယ့် မြန်မာအသင်းကလည်း အကောင်းပြောစရာထက် အဆိုးပြောစရာများအောင်ကို လုပ်ကြတယ်ကွာ။ အရင်တစ်ခါ ဖိတ်ခေါ်ပြိုင်ပွဲ ဗထူးမှာ လုပ်တုန်းက ကိုယ့်မြန်မာနှစ်သင်း ဗိုလ်လုပွဲရောက်အောင် လုပ်ပြီး ကစားသွားကတည်းက အစာမကြေတဲ့ ငါဟာ အခုမာဒေးကားဗိုလ်လုပွဲကို ကြည့်ပြီးတဲ့အချိန်မှာ စည်းကမ်းဆိုတဲ့ စကားလုံး၊ ဂုဏ်သိက္ခာဆိုတဲ့ စကားလုံးကို သူတို့တွေ ဘယ်လိုနားလည်သလဲလို့ မေးချင်လိုက်တာမှ ပါးစပ်ကို ယားနေတာပါပဲကွာ။ ဘောလုံးပွဲတစ်ပွဲဟာ သူ့နိုင်ငံရဲ့ အဆင့်အတန်း၊ သူ့နိုင်ငံရဲ့ စိတ်ဓာတ်၊ သူ့နိုင်ငံရဲ့ စည်းကမ်းတွေကို ဖော်ကြူးနေတယ်လို့ ငါကပြောရင် မင်းက ကြီးကြီ။ကျယ်ကျယ်ကွာလို့ ပြောဦးမှာပါ။
နိဂုံးချုပ်အနေနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က လူတွေကို ငါတစ်ခုတော့ မေးချင်တယ်ကွာ။ ``မြန်မာနိုင်ငံမှာ ဘောလုံးသမား ဒီလောက်ရှားသလားလို့။´´ အချိန်တန်ရင် ငါတို့ပဲ ကန်ရမှာပါဆိုတဲ့စိတ်နဲ့ ကစားနေကြတဲ့ ကစားသမားတွေရဲ့ အထင်တွေ မှန်နေသရွေ့တော့ မြန်မာ့ဘောလုံးလောကကြီး တိုးတက်လာဖို့ မမြင်ပါကြောင်း သူငယ်ချင်း ကျော်ခိုင်ရေ…။ ကျန်းမာပါစေကွာ…။

မင်းရဲ့

ကိုဉာဏ် (ပန်းလောင်မြေ)

No comments:

Post a Comment

 
Web Statistics