Thursday, September 20, 2007

ချဲလ်ဆီးကိုလက်ပြသွားသောမော်ရင်ဟို



ချဲလ်ဆီးအသင်း တာဝန်ရှိသူများက နည်းပြမော်ရင်ဟို နည်းပြအဖြစ်မှ နုတ်ထွက်သွားကြောင်းကို အတည်ပြုပြောကြားခဲ့ပါသည်။

ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းတွင် မော်ရင်ဟိုသည် အသင်းမှ အဓိကကစားသမား ၅ ဦးနှင့် တွေ့ဆုံခဲ့ပြီး အသင်းမှ သူထွက်ခွာမည့်အကြောင်းကို ပြောကြားခဲ့သည်။ ထိုနေ့ ညပိုင်းတွင်ပင် ချဲလ်ဆီးအသင်း၏ နည်းပြအဖြစ်မှ သူနုတ်ထွက်ကြောင်းကို အသင်းသားအားလုံး သိခဲ့ကြရသည်။

ပီတာကီယွန်၊ ဘရုစ်ဘက်နှင့် အေဗရာမိုဘစ်ခ်ျ တို့ အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပြီး အသင်း၏ လက်ရှိအခြေအနေနှင့် အနာဂတ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

အစ္စရေးအသင်း၏ နည်းပြဟောင်း၊ ယခု ချဲလ်ဆီးအသင်း၏ အားကစား ဒါရိုက်တာအဖြစ် တာဝန်ယူနေသူ ဂရန့် အနေဖြင့် ယခုအပတ်တွင် ယှဉ်ပြိုင်ကစားမည့် မန်ယူအသင်းနှင့်ပွဲအတွက် ချဲလ်ဆီးအသင်းကို တာဝန်ယူ ယှဉ်ပြိုင်ကစားမည်ဟု မျှော်မှန်းရသည်။

မော်ရင်ဟို သည် ချဲလ်ဆီးအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် နှစ်ကြိမ် ပို့ဆောင်ပေးခဲ့သော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲများတွင်မူ အောင်မြင်မှုရအောင် မစွမ်းဆောင်နိုင်ခဲ့ချေ။ ယမန်နှစ်ကလည်း ပရီးမီးယားလိဂ်၏ လက်ရှိချန်ပီယံဘွဲ့ကို မန်ချက်စတာယူနိုက်တက် အသင်းအား လွှဲပြောင်းပေးခဲ့ရသည်။ ယခုနှစ်တွင်လည်း ရာသီအစပိုင်း အမှတ်ပေးပွဲစဉ်များတွင် ရလဒ်မကောင်းသဖြင့် ဝေဖန်ခံခဲ့ရသည်။ အင်္ဂါနေ့က ယှဉ်ပြိုင်ကစားခဲ့သော ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အိမ်ကွင်း၌ ရိုဇင်ဘော့ဂ် အသင်းကို သရေကျခဲ့ပြီးနောက် သူ၏ အနာဂတ်အတွက် မေးခွန်းများစွာ ထွက်ပေါ်လာခဲ့သည်။ ကလပ်အသင်းနှင့် သူ့အကြား နားလည်မှုယူ၍ နုတ်ထွက်ပေးခဲ့ခြင်းဖြစ်ကြောင်း မော်ရင်ဟိုက ပြောကြားခဲ့သည်။ သူနုတ်ထွက်ချိန်တွင် ချဲလ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းမှာ ၃ နှစ် ကျန်ရှိသေးသည်။

ချဲလ်ဆီးအသင်းသည် လက်ရှိအမှတ်ပေးဇယားတွင် ဦးဆောင်သူ အာစင်နယ် အသင်း၏နောက် ၂ မှတ်အကွာဖြင့် ပဉ္စမနေရာတွင် ရပ်တည်လျက် ရှိသည်။

No comments:

Post a Comment

 
Web Statistics