Sunday, September 02, 2007

ဒီကောင်ဘယ်သူတုန်း


မရေးတော့ဘူးလို့ နေတာပါပဲ။ ဒါပေမယ့် မရေးတော့ မသိဘူးထင်နေမှာစိုးလို့ပါ။ မြန်မာပရိသတ်ဟာ ဘာမှ မသိဘူး။ သူတို့ရိုက်ပြသမျှ ရုပ်ရှင်တွေကိုပဲ ကြည့်နေရတယ်။ ငါတို့ရိုက်ချင်ရာရိုက်မယ်၊ ပိုက်ဆံရပြီးရောဆိုပြီး လုပ်နေကြမှာစိုးလို့ပါ။ အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်အဆင့်အတန်းဟာ အခြား ခေတ်မီတိုးတက်တဲ့ နိုင်ငံတွေရဲ့ ဗွီဒီယိုအဆင့်၊ ဒီဗီဒီ အဆင့်ကိုတောင် မီအောင်မလုပ်နိုင်သေးပါဘူး။ ဒီလိုပြောတဲ့ အတွက် ကိုယ့်လူမျိုးကို အထင်သေးပြီး အခြားလူမျိုးကိုမှ အထင်ကြီးတယ်လို့ ထင်စရာရှိပါတယ်။ ဘာပဲလုပ်လုပ် ကိုယ့်မြန်မာဆိုရင် အကုန်ကောင်းတယ်ဆိုပြီး မျက်ကန်းမျိုးချစ် လုပ်နေလို့ မရတော့ပါဘူး။ ခေတ်စနစ်ကြီးက အဲဒါကိုလည်း ခွင့်မပြုတော့ပါဘူး။ မကောင်းတာကို မကောင်းပြော၊ ပြင်သင့်တာကို ပြင်မှ တိုးတက်မှာပါ။ ကျွန်တော်ပြောတဲ့ အဆင့်မမီဘူးဆိုတာဟာ သရုပ်ဆောင်အရည်အသွေးကို မဆိုလိုပါဘူး။ ကျွန်တော်တိှု့ဆီမှာ သရုပ်ဆောင်ကောင်းတဲ့ အနုပညာရှင်တွေ အများကြီးရှိပါတယ်။ စက်မှုပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ၊ အတတ်ပညာပိုင်းဆိုင်ရာ တွေမှာသာ တိုးတက်လာမယ်ဆိုရင် ဟောလီးဝုဒ်နဲ့ ရင်ဘောင်မတန်းနိုင်စရာ မရှိပါဘူး။ ဟိုတစ်နေ့က ကြည့်လိုက်ရတဲ့ ထိုင်းက ရိုက်ကူးတဲ့ Mercury Man ဆိုရင် အတော်လေးကို အဆင့်အတန်းမီတာ တွေ့ရပါတယ်။ သူတို့ကလည်း ကြေငြာထားပါတယ်။ အဲဒီဇာတ်ကားဟာ ဟောလီးဝုဒ်ဈေးကွက်ကို ထိုးဖောက်ဖို့ ပါတဲ့။ တကယ်လည်း အဆင့်မီတယ်လို့ ကျွန်တော်ထင်ပါတယ်။ Super Man, Spider Man တို့လို ဇာတ်လမ်းပါပဲ ဒါပေမယ့် ထိုင်းလိုနိုင်ငံက အဲဒီလိုဇာတ်ကားတွေ ရိုက်နေတဲ့အချိန်မှာ ကျွန်တော်တို့ မြန်မာတွေကရော ဘာတွေ ရိုက်ကူးနေသလဲ တစ်ချက်ကြည့်လိုက်တော့…။

ကြည့်ဖြစ်တဲ့ကားက ``ဒီကောင် ဘယ်သူတုန်း´´။ သရုပ်ဆောင်တွေကတော့ စာရင်းရေးပြရင် အတော်ကို လေးစားသွားမယ်။ အတော်လည်း စိတ်ဝင်စားသွားမယ်။ ကျွန်တော်လည်း အဲဒီ သရုပ်ဆောင်နာမည်တွေကို ကြည့်ပြီး အတော်ကိုကြီးတဲ့ မျှော်လင့်ချက်ကြီးနဲ့ သွားကြည့်ခဲ့တာကိုး။ သရုပ်ဆောင်တွေက -

နေတိုး၊ အိန္ဒြာကျော်ဇင်၊ မော့စ်၊ မေတ္တာ၊ ခင်စိုးပိုင်၊ မိုးဒီ၊ ကင်းကောင်၊ ကျော်ထူး၊ အခြားဟာသသရုပ်ဆောင်တွေ အများကြီး ပါသေးတယ်ဗျ။ ဘယ်လောက်များ အားရဖို့ကောင်းသလဲဗျာ။ ကျွန်တော်လည်း အတော်ရယ်ရမယ် ဆိုပြီး သွားတာပေါ့။

ဇာတ်လမ်းအဖွင့်ကတော့ မဆိုးပါဘူး။ နေတိုးကို သူ့မိထွေးက အလုပ်ခိုင်းတဲ့အကြောင်းတွေ၊ သူတို့ စကားပြောပုံ တွေကို ပြတယ်။ မိထွေးလုပ်တဲ့လူက တစ်ခုပြီးတစ်ခုခိုင်းတယ် နေတိုးက ဘာမှမလုပ်ဘဲ အိပ်ပျော်သွားတာကို ပရိသတ်ကို ရယ်ခိုင်းပါတယ်။ အဲဒီအခန်းမှာ ပြောစရာတွေက အများကြီးပေမယ့် မြန်မာကားပဲဆိုပြီး လျစ်လျူရှု လိုက်ပါတယ်။ လျစ်လျူရှုလို့မရတာက အဲဒီအခန်းရဲ့ နောက်ဆုံးစကားပြောခန်းမှာ နေတိုးပြောတဲ့ စကားပါ။ သူ့မိထွေးက မြို့ထဲသွားရင်းနဲ့ ဓာတ်ပုံဝင်ရွေးခဲ့ဖို့ မှာပါတယ်။ အဲဒီမှာ နေတိုးက ဘာပြန်မေးလဲဆိုတော့ ``ဓာတ်ပုံက တစ်ကိုယ်လုံးပေါ်တဲ့ပုံလား´´တဲ့။ မေးပြီးတော့ ထွက်ပြေးသွားတယ်။ ကောင်းရောဗျာ။ ယဉ်ကျေးလိုက်ကြတာ။ ပြောတော့ဖြင့် နေတိုးက အဲဒီဇာတ်ကားမှာ မိထွေးကို အမေအရင်းတစ်ယောက်ကို ချစ်ပါသတဲ့။

ထားပါတော့ဗျာ။ အဲဒီအထိ ဇာတ်လမ်းက ကြည့်လို့ရနေသေးတယ်။ စတာက နေတိုးက လမ်းလျှောက်အလာ အိန္ဒြာကျော်ဇင် နဲ့ တွေ့တဲ့အခန်းပါ။ နေတိုးက ပေတိပေစုတ်၊ အိန္ဒြာကျော်ဇင်က ပန်းရောင်းနေတာလည်း မြင်ရော။ ကျွန်တော်ဖြင့် တစ်ခါတည်းကို ထွက်ပြီးပြန်ချင်တော့တာပါပဲ။ ကျွန်တော်ကြည့်ပြီးသား ဇာတ်လမ်း ဇာတ်ကွက်တွေက မျက်စိထဲမှာ အလိုလိုကို ပေါ်လာတယ်လေဗျာ။ ကျွန်တော်ကြည့်ထားဖူးတာက ကမ္ဘာကျော် ဟာသပညာရှင် Charlie Chaplin ရဲ့ City Lights ဇာတ်ကားပါ။ တကယ့်ကို တသွေမတိမ်း အဲဒီဇာတ်ကားရဲ့ ဇာတ်ကွက်တွေအတိုင်းပါပဲဗျာ။ ဘာပြီးရင် ဘာလာမယ်ဆိုတာ ကျွန်တော်က ကြိုတွေးလိုက်၊ ရုပ်ရှင်ကလည်း အဲဒီအတိုင်းပြလိုက်ဆိုတော့ စဉ်းစားသာကြည့်ဗျာ။ ပြီးတော့ သရုပ်ဆောင်တဲ့နေတိုးက ချာလီချက်ပလင် ကို မီဖို့မပြောနဲ့ နည်းနည်းလေးမှတောင် တူအောင် သရုပ်မဆောင်နိုင်ဘူး။ ကျွန်တော်တို့ ကြည့်ဖူးတဲ့ ချာလီချက်ပလင် ရဲ့ City Lights ဟာ ဘယ်လောက်ကောင်းသလဲဆိုရင် အခုထိ ကျွန်တော်တို့ မှတ်မိနေတာသာ ကြည့်ပေါ့ဗျာ။ ပြီးတော့ အဲဒီဇာတ်ကားမှာ ချာလီချက်ပလင်ဟာ ဟာသကိုသာမက အလွမ်းအဆွေးတွေကိုပါ ပိုင်ပိုင်နိုင်နိုင် ဘယ်လိုသရုပ်ဆောင်ပြထားတယ်ဆိုတာ ကြည့်ဖူးတဲ့သူတိုင်း သိမှာပါ။ မှတ်မှတ်ရရ အဲဒီ City Lights ကို ကြည့်တုန်းက ချာလီချက်ပလင်နဲ့ ပန်းရောင်းတဲ့ကောင်မလေး ခွဲခွာတဲ့အခန်းမှာ သနားလွန်းလို့ ကလေးဖြစ်တဲ့ ကျွန်တော်တောင် မျက်ရည်တွေဝဲခဲ့ရပါသေးတယ်။

ဇာတ်လမ်းကို ပြန်ပြီး မြန်မာမှုပြုတာပဲ ဘာဖြစ်လဲဆိုရင်တော့ ထားပါတော့ဗျာ။ ဒါပေမယ့် အဲဒီဇာတ်ကားတစ်ခုလုံး မှာ ဇာတ်လမ်းသာ ပြီးသွားတယ်။ Charlie Chaplin ရဲ့ City Lights ကို ပြန်လည်ခံစားပါသည်တို့၊ ပြန်လည် ရေးဖွဲ့ပါသည်တို့၊ မြန်မာမှုပြုပါသည်တို့ ဆိုတဲ့ အညွှန်းလေးတစ်ချက်တောင် မပါတာကိုတော့ အတော့်ကို ဘ၀င်မကျ ဖြစ်မိပါတယ်။ ကိုယ်က ဇာတ်ကျောရိုးကိုသာယူပြီး ကိုယ့်ဘာသာ ဇာတ်ကွက်ဆင်ရိုက်တာဆိုရင်တော့ ထားပါတော့ဗျာ။ အခုတော့ အဲဒီလိုလည်း မဟုတ်ပါဘူး။ မူရင်းဇာတ်ကားထဲကအတိုင်း ဇာတ်ကောင် Character တွေရော၊ ဇာတ်လမ်း Plot တွေရော၊ Flow တွေရောကို အကုန်တစ်ပုံစံတည်း ကူးချထားပြီး ဘာမှမရေးထားတော့ ဘယ်လိုနားလည်ရမှန်းကို မသိဘူးဗျာ။ အဖွင့်မှာ ရေးထားတာက ``ညီညီထွန်းလွင် ရေးတဲ့ဇာတ်လမ်း´´ တဲ့။ သေရောပေါ့ဗျာ။ မသိရင် ချာလီချက်ပလင်ကပဲ သူ့ဇာတ်လမ်းကို ခိုးပြီးရိုက်ထားသလိုလိုနဲ့။ ကျွန်တော်တို့ မြန်မာတွေလုပ်ပုံ ပြောပါတယ်။ သူကိုယ်တိုင်ရေးထားတဲ့ ဇာတ်လမ်းတစ်ခုကို နိုင်ငံခြားကားတစ်ခုမှာများ ယူပြီး ရိုက်ထားမိရင် သူဘယ်လိုပြောမလဲ၊ ဘယ်လိုလုပ်မလဲဆိုတာကို အလွန်အင်မတန် စိတ်ဝင်စားမိပါရဲ့ဗျာ။

ဆောင်းဦးလှိုင် သီချင်းတစ်ပုဒ်ကို ချက်ချင်းသတိရတယ်ဗျ။ ``x x x သူတို့သီချင်းတွေ ဗီစီဒီလေးအောင်မြင်တော့ တချို့က ခိုးကူးသတဲ့ x x x ဒါကိုတော့မခံနိုင်ဘူး x x x သူများသီချင်းတွေယူဆိုတုန်း အရသာဟာ တကယ်ကို ရှိသတဲ့ x x x ´´ အခုလည်း အဲဒီလိုပါပဲဗျာ။ ကိုယ် ပိုက်ဆံရရင်ပြီးရော ရုပ်ရှင်တစ်ကားဖြစ်ရင်ပြီးရော လုပ်တာတော့ မကောင်းဘူးလို့ ထင်မိပါတယ်။

နောက်တစ်ခုက အထက်မှာ ကျွန်တော်ပြောခဲ့သလို ဇာတ်ပို့ဇာတ်ရံ စာရင်းဟာ အတော်ကို အားရဖို့ကောင်းတဲ့ အမည်စာရင်းပါ။ တကယ်တမ်းဇာတ်လမ်းထဲမှာကျတော့ သူတို့အားလုံးဟာ ဇာတ်ဝင်ခန်း တစ်ခန်းစီလောက်နဲ့ သရုပ်ဆောင်ပြီး ပျောက်သွားကြတာပါ။ မေတ္တာဆိုရင် သွားဆရာဝန်အဖြစ် တစ်ခန်းသရုပ်ဆောင်ရတယ်၊ မိုးဒီ ဆိုရင် ဆပ်ပြာခဲနဲ့ ဒိန်ခဲ မှားပြီးစားမိတဲ့အခန်း တစ်ခန်းပဲ သရုပ်ဆောင်ရတယ်၊ ခင်စိုးပိုင်ဆိုရင်လည်း ပထမဆုံး တစ်ခန်းပဲ မိထွေးနေရာက သရုပ်ဆောင်ပြီး ဘယ်ရောက်သွားမှန်းကို မသိဘူး။ အဲဒီတော့ဗျာ သူတို့နာမည်တွေ သုံးပြီး လူဝင်အောင်လုပ်တဲ့သဘောသက်သက်ကလွဲပြီး အခြားဘာမှ ဇာတ်လမ်းကို အထောက်အကူမဖြစ်တာကို သတိထားမိတဲ့လူတိုင်း သိကြတာပေါ့ဗျာ။

နောက်ပြီးတော့ နိုင်ငံရပ်ခြားဟာသအများစုကို ဇာတ်လမ်းသဘောလေးတွေ ထည့်ပြီး ရယ်ခိုင်းတဲ့ကိစ္စပါ။ အတော်ကို ဆိုးဆိုးဝါးဝါးနိုင်တယ်လို့ ကျွန်တော်က မြင်ပါတယ်။ ဖတ်ဖူးပြီးသားလူတွေအတွက် ဘယ်လောက်တောင် မအီမလည်ကြီး ဖြစ်မယ်ဆိုတာ စဉ်းစားသာကြည့်ဗျာ။ ဥပမာဗျာ သွားနုတ်ပြီး ပြန်ထွက်လာတော့ သွားဆရာဝန်က ဒီသွားကို လွန်ခဲ့တဲ့ ၂ လ လောက်ကတည်းက နှုတ်ပစ်ခဲ့သင့်တယ်လို့ ပြောတယ်။ အဲဒီမှာ မော့စ်က ဒါဆိုရင် ကျွန်တော်နဲ့ မဆိုင်ဘူး၊ ကျွန်တော်နဲ့ရတာက ၁ လလောက်ပဲရှိသေးတယ်။ အဲဒီအတွက် ဒီသွားနှုတ်ခကို သူ့အဖေဆီကပဲတောင်း၊ သူမပေးနိုင်ဘူး ဆိုတာမျိုးပေါ့။ နောက်ရှိသေးတယ်။ ယမကာ ဟာသများထဲကတစ်ပုဒ်။ မော့စ်က မူးပြီး လမ်းလျှောက်လာတဲ့ကောင်မလေးတစ်ယောက်ကို ညီမလေး နာမည်ဘယ်သူလဲလို့မေးတယ်။ အဲဒီ မေးမိတဲ့ညီမလေးဟာ သူ့မိန်းမဖြစ်နေတဲ့အတွက် စိတ်ဆိုးပြီး မော့စ်နဲ့ ကွဲမလိုဖြစ်၊ အိမ်ပေါ်က ဆင်းသွားတဲ့ ဇာတ်ကွက်မျိုးပါ။ အခြားဟာသဖြစ်အောင် ရိုက်လို့ရတဲ့ မြန်မာ့လူနေမှု အဖြစ်အပျက်တွေ အများကြီးပါဗျာ။ ဘာလို့ သူများတွေဟာကိုပဲ အလွယ်တကူယူပြီး သုံးနေကြသလဲဆိုတာကို ကျွန်တော်တော့ မစဉ်းစားတတ်တော့ပါဘူး။

ဇာတ်သိမ်းခန်းမှာလည်း ချာလီချက်ပလင်နဲ့ တမင်ကွဲအောင်လုပ်လိုက်သလား မှတ်ရအောင်ကို ဒါရိုက်တာက ပညာသားပါပါကို လုပ်ပြသွားပါတယ်ဗျာ။ အနားမှာသာ ဒါရိုက်တာရှိရင် ချက်ချင်းကို ပြောလိုက်ချင်တယ်။ ခင်ဗျားဗျာ ဒီလောက်ကောင်းတဲ့ဇာတ်လမ်းကို တိုက်ရိုက်လည်း ကူးချသေးတယ်။ ပြီးတော့ ဇာတ်သိမ်းပိုင်း ကိုလည်း ရသပျက်အောင် လုပ်ပစ်လိုက်တယ်လို့။

ကဲ နိဂုံးချုပ်ရရင် ``ဒီကောင်ဘယ်သူတုန်း´´ ဇာတ်ကားကို ကြည့်ပြီး ကျွန်တော့်မှာ မရယ်ရတဲ့အပြင် ပြန်မေးတဲ့ သူငယ်ချင်းတွေကို ဘယ်လိုပြောရမှန်းမသိလို့ အီးမှန်တဲ့မျက်နှာနဲ့ ``ဒီလိုပါပဲကွာ´´လို့ ဖြေရတာ မအီမလည်ကြီး ဗျ။ ချာလီချက်ပလင်ဇာတ်ကားကို ရည်ညွှန်းထားခြင်းမရှိ၊ တောင်းပန်ထားခြင်းမရှိဘဲနဲ့ ညီညီထွန်းလွင် ရေးတဲ့ ဇာတ်လမ်းဆိုပြီး ရိုက်ကူးထားတဲ့ ဒါရိုက်တာကို ``ဒီကောင်ဘယ်သူတုန်း´´လို့ ကျွန်တော်ကတော့ မမေးတော့ပါဘူး။ သူဘယ်သူလဲဆိုတာ ကျွန်တော်သိနေပြီပဲ။ မိတ်ဆွေတို့လည်း ``ဒီကောင်ဘယ်သူတုန်း´´ သိချင်ရင် အဲဒီဇာတ်ကားသာ ပြေးကြည့်ပါတော့ဗျာ။ ဒါပေမယ့် ချာလီချက်ပလင်ရဲ့ City Lights ကိုတော့ မကြည့်ထားနဲ့လို့ ကြိုတင်မှာလိုက်ချင်တာပါပဲ။ ချမ်းမြေ့ကြပါစေ…။

စာကြွင်း။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ နစ်နာစေအောင်ရေးသားမှု လုံးဝမဟုတ်ပါကြောင်း ပြောလိုပါသည်။ ကျွန်တော် မည်သည့် ရုပ်ရှင်ဇာတ်လမ်းကိုမျှ ရိုက်ကူးနိုင်သည့် အဆင့်အတန်း၊ ရုပ်ရှင်ပညာ မရှိပါ။ သို့သော် ကိုယ့်မြန်မာ ရုပ်ရှင်ဇာတ်ကားတွေကို ကောင်းစေချင်သောစိတ်၊ ရုပ်ရှင်လောကကြီး တိုးတက်စေလိုသောစိတ်၊ မြန်မာရုပ်ရှင် ကားများ နိုင်ငံတကာသို့ ထိုးဖောက်နိုင်စေလိုသောစိတ်ကတော့ အပြည့်ရှိကြောင်းကို ကြိုက်သည့်နေရာတွင် သစ္စာဆိုဝံ့ပါကြောင်း။

...

......

....................................................

1 comment:

  1. Anonymous6:30 PM

    I do not know if it's just me or if perhaps everyone else experiencing problems with your blog. It appears as if some of the text within your content are running off the screen. Can someone else please provide feedback and let me know if this is happening to them too? This could be a issue with my web browser because I've had this happen previously.

    Thank you

    my page; removal prices

    ReplyDelete

 
Web Statistics