Monday, November 26, 2007

မြန်မာ့သွေး ပြန်လာပြီ


မြန်မာ့သွေးမိတ်ဆွေများအားလုံး မင်္ဂလာပါခင်ဗျာ...
ကာလအတော်ကြာအောင် အင်တာနက်နှင့် အဆက်ပြတ်ခဲ့ရပါသည်။ ထို့အတွက် မြန်မာ့သွေး စာမျက်နှာများ၊ မြန်မာ့သွေး အီးမေးလ်များကို တင်ဆက်ပေးနိုင်ခဲ့ခြင်း မရှိပါ။
ဒီနေ့မနက်တော့ အင်တာနက်သုံးစွဲရန် အဆင်ပြေသည်နှင့် ၀မ်းသာအားရ မြန်မာ့သွေးဘလော့ဂ်ကို ဖွင့်ကြည့်မိပါသည်။ ခေါင်းစီးဖလက်ရှ်ဖိုင်လေး မပေါ်တော့သည်မှလွဲ၍ ကျန်သည့်စာများ၊ ပို့စ်များကို မြင်ရသည့် အတွက် အတော်ကို ၀မ်းသာသွားပါသည်။ သို့သော် စီဘောက်ဟုခေါ်သော ပြောချင်ရာပြောနေရာကို မြင်ရသည့် အခါတွင်တော့ အတော့်ကို ရင်စို့သွားပါသည်။ မြန်မာလူမျိုးတစ်ယောက်ရေးထားတာမှ ဟုတ်ပါလေစဟု တွေးမိအောင်ပင် လွန်စွာရိုင်းစိုင်းသော အသုံးအနှုံးများဖြင့် ဆဲဆိုထားသော စာများကို တွေ့ရပါသည်။ ထို့ထက် ဆိုးသည်မှာ အဆိုပါစာများသည် ကျွန်တော်တို့ မြန်မာ့သွေးဘလော့ဂ်ကို ရည်ရွယ်ခြင်းမဟုတ်ဘဲ အခြား စာမျက်နှာ တစ်ခုကို ရည်ရွယ်ပြီး ဆဲဆိုရေးသားထားခြင်းပင် ဖြစ်ပါသည်။ တကယ်ဖြစ်သင့်သည်က အဆိုပါ စာမျက်နှာကို မကျေနပ်လျှင်၊ သို့မဟုတ် မုန်းတီးလျှင် သက်ဆိုင်ရာ စာမျက်နှာသို့ သွားရောက်၍သာ ရေးသားသင့်ပါသည်။ သို့သော် ထိုသို့ ဆိုသဖြင့် ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွာ ပြောဆိုခြင်းကို အားပေးခြင်းမဟုတ်ပါ။ မိမိအတွက်သော်လည်းကောင်း၊ သူတစ်ပါးအတွက်သော်လည်းကောင်း အကျိုးမရှိသော စကားဟူသမျှကို မပြောဆိုခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။ နောက်ဆုံး မနေနိုင်လျှင် သက်ဆိုင်ရာနေရာတွင် သွားရောက်ဆဲဆိုပါ။ အခုတော့ ဘာမဆိုင်ညာမဆိုင် ကျွန်တော်တို့ ဘလော့ဂ်လေးမှာ လာဆဲထားကြတာ ရစရာပင်မရှိပါ။ တကယ်ကို ၀မ်းနည်းမိပါသည်။
မူလကတည်းက ကြေငြာထားသည့်အတိုင်း ကျွန်တော်တို့အဖွဲ့သည် မည်သည့်နိုင်ငံရေးကိစ္စများ၊ ကိုယ်ရေးကိုယ်တာကိစ္စများတွင်မှ ပါဝင်မည်မဟုတ်သလို အားပေးခြင်းလည်း မရှိ၊ ကန့်ကွက်ခြင်းလည်း မရှိပါ။ ကိုယ်မှန်သည်ထင်သည့်အလုပ်ကို ကိုယ်လုပ်နေကြသည်ကို မည်သို့မျှ မပြောလိုပါ။ ထို့အတူ ကျွန်တော်တို့လည်း ၀ါသနာအရင်းခံအရ ကိုယ်တတ်စွမ်းသမျှလေးဖြင့် လုပ်ကိုင်နေခြင်းကို အနှောက်အယှက် မပေးစေလိုပါ။
ထပ်မံ ကြေငြာလိုပါသည်။ ကျွန်တော်တို့ မြန်မာ့သွေးအဖွဲ့သည် မည်သည့်အဖွဲ့အစည်း၊ မည်သူတစ်ဦးတစ်ယောက်၏မျှ သြဇာခံမဟုတ်ပါ။ မိမိဆုံးဖြတ်ချက်၊ မိမိဝါသနာ၊ မိမိစေတနာတို့ဖြင့်သာ အဖြူထည်သက်သက် လုပ်ကိုင်နေသော အဖွဲ့လေးဖြစ်ပါသည်။
အခြေအနေအရ လွန်စွာရုပ်ဆိုး အကျည်းတန်သဖြင့် စီဘောက်ကို ဖယ်ရှားလိုက်ရပါသည်။ သို့သော် အဆိုပါ စီဘောက်တွင် ရေးထားသူများ၊ ရေးထားသောစာများကို မခံနိုင်၍၊ မကျေနပ်၍၊ မုန်းတီး၍ ဖယ်ရှားလိုက်ခြင်း မဟုတ်ပါ။ မြန်မာ့သွေးဘလော့ဂ်ကို လာရောက်ဖတ်ရှုကြသော အခြားသော လူငယ်များနှင့် အမျိုးကောင်း သားသမီးတို့ကို အားနာ၍သာ ဖြစ်ပါသည်။
မြန်မာ့သွေး အဖွဲ့၏ လုပ်ငန်းများ ပြန်လည်စတင်ပြီ ဖြစ်ပါသည်။
ကျွန်တော်တို့ ဉာဏ်စွမ်းရှိသမျှ ဖန်တီးတင်ဆက်သွားပါဦးမည်။
မြန်မာ့သွေး ပရိသတ်များကို ကျေနပ်မှုတွေ ပေးပါဦးမည်။
မြန်မာ့သွေးသည် မြန်မာအားလုံးအတွက် ဖြစ်ပါသည်။
လေးစားစွာဖြင့်
အယ်ဒီတာ

1 comment:

  1. Anonymous11:18 AM

    You are right. I'm a member of Myanmarthway Group. But I didn't accept email form Myanmarthway group for a long time. I think after changing the editors. I wanna read email from our group.

    ReplyDelete

 
Web Statistics