Monday, May 12, 2008

ချန်ပီယံမန်ယူ



၂၀၀၇-၀၈ ဘောလုံးရာသီ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးပွဲစဉ်များကို ၁၁-၅-၂၀၀၈ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ပွဲစဉ်-၃၇ ပြီးတဲ့အထိ ၈၄ မှတ်တူနဲ့ ချန်ပီယံဆုအတွက် အပြိုင်ဖြစ်ခဲ့ကြတဲ့ မန်ယူ အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ပွဲစဉ်တွေဟာ တစ်ကမ္ဘာလုံးက ဘောလုံးဝါသနာရှင်တွေ အတွက် စောင့်ကြည့်ရင်ခုန်ခဲ့ကြရတဲ့ ပွဲစဉ်တွေဖြစ်ခဲ့သလို တန်းဆင်းဇုန်ကလွတ်မြောက်ဖို့အတွက် ရှိသမျှကို ညှစ်ပြီး ကစားခဲ့ကြတဲ့ အောက်ဆုံးနားက အသင်းတွေရဲ့ ယှဉ်ပြိုင်မှုကလည်း ပရိသတ်တွေကို ဖျော်ဖြေမှုအပြည့် ပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။
ဇယားထိပ်ဆုံးကို ဆုပ်ကိုင်ထားခဲ့တဲ့ မန်ယူအသင်းဟာ ၀ီဂန်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင် ကစားခဲ့ရတာ ဖြစ်ပါတယ်။ သူတို့အတွက် တစ်ခုအားသာတာကတော့ ၀ီဂန်အသင်းကို အနိုင်ကစားနိုင်တာနဲ့ ချဲလ်ဆီးအသင်းရဲ့ ရလဒ်ကို စောင့်စရာမလိုဘဲ ချန်ပီယံဖြစ်ခွင့်ရရှိမှာပဲ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကတော့ အိမ်ကွင်းစတန်းဖို့ဘရစ်မှာ ဘော်လ်တန်ကို လက်ခံကစားခဲ့ရတာဖြစ်ပါတယ်။
မန်ယူနဲ့ ၀ီဂန်နဲ့ပွဲဟာ အင်မတန်စိတ်လှုပ်ရှားဖို့ကောင်းလောက်အောင်ကို ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ကြပါတယ်။ အထူးသဖြင့် ၀ီဂန်အသင်းဟာ အမှတ်မလိုတော့ပေမယ့် ပရော်ဖက်ရှင်နယ်ပီသစွာပဲ သူတို့အသင်းကို အလွယ်တကူအနိုင်ယူပြီး မန်ယူချန်ပီယံဖလားယူသွားတာမျိုး အဖြစ်မခံဘဲ ကစားပြခဲ့ပါတယ်။ အဲဒီပွဲမှာ ကစားသွားခဲ့တဲ့ ၀ီဂန်ရဲ့ ကစားပုံဟာ ချီးကျူးစရာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အောင်မြင်မှုကို ဆာလောင်နေကြတဲ့ မန်ယူအသင်းသားတွေနဲ့ ပရိသတ်တွေရဲ့ နိုင်လိုစိတ်ကိုတော့ ၀ီဂန်တို့ မယှဉ်နိုင်ခဲ့ပါဘူး။ ပထမပိုင်းမှာ ပင်နယ်တီကတစ်ဆင့် စီရိုနယ်လ်ဒိုက ပရီးမီးယားလိဂ်မှာ သူ့ရဲ့ ၃၁ ဂိုးမြောက်အဖြစ် သွင်းယူပြီး ဦးဆောင်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ချဲလ်ဆီးအသင်းကတော့ ဘော်လ်တန်နဲ့ ဂိုးမရှိသရေကစားလျက် ရှိပါတယ်။
ဒုတိယပိုင်းမှာ ချဲလ်ဆီးက လူစားဝင်ကစားတဲ့ ရှက်ဖ်ချင်ကိုက ဂိုးသွင်းယူလိုက်တဲ့အတွက် ချန်ပီယံလုပွဲဟာ ပြန်ပြီးအသက်ဝင်လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဖက်မှာ ကန်နေရတဲ့ မန်ယူအသင်းဟာ ၀ီဂန်ရဲ့ တန်ပြန် ထိုးဖောက်တိုက်စစ်ဆင်မှုတွေကြောင့် ဂိုးပေးရလုအခြေအနေတွေ မကြာခဏ ဖြစ်နေခဲ့လို့ပါ။ ကြည့်နေတဲ့ ပရိသတ်တွေအားလုံးဟာလည်း ရင်ခုန်သံအပြည့်နဲ့ အသံတွေတောင် တိတ်နေခဲ့ရပါတယ်။ တစ်ဖက်က ချဲလ်ဆီးက တစ်ဂိုးသွင်းပြီး နိုင်နေပြီဖြစ်တဲ့အတွက် မန်ယူအနေနဲ့ သရေကျလို့မရတော့တဲ့ အခြေအနေဟာ အင်မတန်မှပဲ ပွဲကြည့်ပရိသတ်တွေအတွက် ရင်တမမ ဖြစ်စေခဲ့ရပါတယ်။ မိနစ် ၆၀ ကျော်တဲ့ အချိန်မှာတော့ မန်ယူနည်းပြဖာဂူဆန်ဟာ ကွင်းလယ်က အ၀ါထိထားပြီး ဒိုင်လူကြီးစတိဘန်းနတ်ရဲ့ နောက်ဆုံး အကြိမ်သတိပေးခြင်းကို ခံထားရတဲ့ ပေါလ်စခိုးနေရာမှာ အိုဝင်ဟားဂရေ့စ် နဲ့ ပက်ဂျီဆန် နေရာမှာ မန်ယူအသင်းအတွက် ပွဲအများဆုံးကစားတဲ့စံချိန်တင်မယ့် ရွိုင်ယန်ဂစ်တို့ကို လူစားလဲကစားခဲ့ပါတယ်။ ဖာဂူဆန် ရဲ့ လူစားလဲကစားတာ မှန်ကန်မှုကြောင့် မိနစ် ၈၀ ကျော်မှာ ရွန်းနေ ဖန်တီးပေးတာကတစ်ဆင့် ရွိုင်ယန်ဂစ်က မန်ယူအသင်းကို ချန်ပီယံအဖြစ်သေချာစေမယ့် အနိုင်ဂိုးကို အပိုင်ကန်သွင်းပေးခဲ့ပါတယ်။
မန်ယူအသင်းက ဒုတိယဂိုးသွင်းလိုက်တာနဲ့ တစ်ပြိုင်နက် ချဲလ်ဆီးကွင်းမှာ အားပေးနေကြတဲ့ ပရိသတ်တွေ အားလုံး ငြိမ်ကျသွားပါတယ်။ ရေဒီယိုကနေနားထောင်နေကြတဲ့ ဘောလုံးပွဲကြည့် ချဲလ်ဆီးပရိသတ်ဟာ သူတို့ အသင်း ချန်ပီယံဖြစ်နိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်အလင်းရောင် ကုန်ဆုံးသွားပြီဆိုတာကို သိလိုက်ကြပါတယ်။ ဒါပေမယ့် ချန်ပီယံဖြစ်တဲ့ မန်ယူအသင်းနဲ့ အမှတ်တူ ဂိုးကွာခြားချက်အသာကြောင့်သာ ဒုတိယနေရာကို ရလိုက်တယ်ဆိုတဲ့ ဖြေတွေးလေးတွေကို ရင်မှာပိုက်ပြီး သူတို့အသင်းကို အားပေးနေခဲ့ကြပါတယ်။ အံ့သြစရာကောင်းလောက်အောင်ပဲ ပွဲပြီးခါနီး မိနစ်ပိုင်းအလိုမှာ ဘော်လ်တန်အသင်း က ချေပဂိုးတစ်ဂိုး သွင်းယူပြီး ချဲလ်ဆီးအသင်းနဲ့တကွ အားပေးသူပရိသတ်အားလုံးကို ဆွံ့အသွားစေခဲ့ပါတယ်။
ဘော်လ်တန်က ချေပဂိုးသွင်းလိုက်တဲ့အချိန်မှာ မန်ယူနဲ့ ၀ီဂန်ပွဲဟာ မပြီးဆုံးသေးပါဘူး။ ဒါပေမယ့် မန်ယူနည်းပြ ဖာဂူဆန်ဟာ ဘော်လ်တန်ဂိုးသွင်းလိုက်တယ်လို့ သိလိုက်တာနဲ့ တစ်ပြိုင်နက် လက်ဆန့်တန်းပြီး အောင်ပွဲခံခဲ့ ပါတယ်။ မန်ယူအသင်းချန်ပီယံဖြစ်သွားပြီဆိုတာ သေချာသွားခဲ့မှန်း သူသိသွားခဲ့ပါတယ်။
၂၀၀၇-၀၈ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံအဖြစ် မန်ချက်စတာယူနိုက်တက်အသင်းက ၂-နှစ်ဆက်တိုက် ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ မန်ယူနည်းပြ ဖာဂူဆန်အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖလားကို ၁၀ ကြိမ်မြောက် ရရှိတာ ဖြစ်ပြီး၊ မန်ယူအသင်းအနေနဲ့တော့ အင်္ဂလန် အမှတ်ပေးပြိုင်ပွဲ ချန်ပီယံဖလားဆုကို ၁၇ ကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းထက် တစ်ကြိမ်ပိုပြီး ရထားတဲ့ လီဗာပူးလ် ၁၈ ကြိမ်ပြီးရင် မန်ယူအသင်းဟာ အမှတ်ပေးပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ အောင်မြင်မှုအရှိဆုံး အသင်းအဖြစ် ဆက်လက် သမိုင်းမှတ်တမ်း ရေးထိုးနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်အဖြစ် စတင်ကျင်းပခဲ့တဲ့ ပြိုင်ပွဲတွေကိုပဲ တွက်မယ်ဆိုရင်တော့ မန်ယူအသင်းဟာ ပြိုင်ဘက်မရှိ အများဆုံးဗိုလ်စွဲထားနိုင်တဲ့ အသင်းဖြစ်ပါတယ်။
အခြားသော ပွဲစဉ်တွေမှာတော့ အံ့သြစရာ ရလဒ်တွေအများကြီး ထွက်ပေါ်ခဲ့ပါတယ်။
ဒီရာသီကုန်ရင် အသင်းကနေ ထွက်ရတော့မယ်လို့ နာမည်ကြီးနေတဲ့ အဲရစ်ဆင်ရဲ့ မန်စီးတီးအသင်းဟာ အဝေးကွင်းမှာ မစ်ဒယ်ဘရော့အသင်းကို စံချိန်တင်အရှုံးအဖြစ် ၈ ဂိုး ၁ ဂိုး နဲ့ မရှုမလှ ရှုံးနိမ့်ခဲ့ရပါတယ်။
အောက်တန်းဆင်းဖို့ သေချာနေတဲ့ ဒါဘီအသင်းကို ရီးဒင်းအသင်းက ၄ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပေမယ့် တန်းဆင်း ပြိုင်ဖက် ဖူလ်ဟမ်အသင်းက အံ့သြဖွယ်ရာ အဝေးကွင်းမှာ ပို့စ်မောက်ကို အနိုင်ကစားခဲ့တဲ့အတွက် အမှတ်တူ ဂိုးကွာခြားချက်နဲ့ တန်းဆင်းသွားခဲ့ရပါတယ်။
တန်းဆင်းသွားခဲ့ရတဲ့ အသင်း(၃)သင်းကတော့-
(၁) ဒါဘီ
(၂) ဘာမင်ဂမ်
(၃) ရီးဒင်း တို့ပဲ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရသွားတဲ့အသင်းတွေကတော့
(၁) မန်ယူ
(၂) ချဲလ်ဆီး
(၃) အာစင်နယ်
(၄) လီဗာပူးလ် တို့ ဖြစ်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေ အပတ်စဉ် စောင့်မျှော်ကြည့်ရှု အားပေးခဲ့ရတဲ့ စိတ်လှုပ်ရှားဖွယ်ရာအပြည့်၊ ပြိုင်ဆိုင်မှုအပြည့်နဲ့ ၂၀၀၇-၀၈ အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးကတော့ ပြီးဆုံး သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်မှာ မန်ယူအသင်းဟာ ချန်ပီယံအသင်းအဖြစ် ပေါ်ထွက်ခဲ့ပြီး တောင်ပံကစားသမား စီရိုနယ်လ်ဒိုကလည်း ရှိသမျှသော အကောင်းဆုံးဆုတွေနဲ့ ဂိုးသွင်းအများဆုံးဆုကိုပါ ရရှိသွားခဲ့ပါတယ်။
နောက်နှစ်တွေမှာလည်း ပရီးမီးယားလိဂ်ရဲ့ ပုံစံအတိုင်း ဘယ်သူတွေ ပြိုင်ဆိုင်မှုပြင်းထန်စွာနဲ့ ချန်ပီယံဆုဖလား ကို လက်လှမ်းကြမလဲဆိုတာကို စောင့်ကြည့်ရင်ခုန်ကြရဦးမှာ အသေအချာပါပဲ..............။


No comments:

Post a Comment

 
Web Statistics