Monday, June 30, 2008

ရုပ်ပြနှင့်ပြယုဂ်-လူထုစိန်ဝင်း


ရုပ်ပြ နှင့် ပြယုဂ်
လူထုစိန်ဝင်း

ကျောင်းသား - မိန်းကလေးတွေ ဆံပင်တိုထားတာနဲ့ ဘောင်းဘီဝတ်တာကို သဘောကျအားပေးတယ်လို့ ဆရာ တစ်ခါက အတန်းထဲမှာ ပြောဖူးတယ်နော်။

ဆရာ - ဟုတ်တယ်…။ ပြောဖူးတယ်။ အတန်းထဲမှာတင် မဟုတ်ဘူး။ ဆောင်းပါးလည်း ရေးဖူးပါတယ်။ ဘာဖြစ်လို့လဲ။

ကျောင်းသား - မိန်းကလေးတွေ ဆံပင်တိုထားပြီး ဘောင်းဘီတိုဝတ်တာကို အားပေးတယ်ဆိုတော့ ဆရာဟာ ရှေးဆန်ပြီး ခေတ်နောက်ကျန်ရစ်တဲ့သူတစ်ယောက် မဟုတ်ဘူးလို့ ယူဆမိပါတယ်။ အဲဒီတော့ ဒီခေတ်မှာ မိန်းကလေးတွေ စကတ်ဘေးခွဲ၊ ရှေ့ခွဲ၊ နောက်ခွဲတွေ ၀တ်ကြတဲ့အပေါ်မှာ ဆရာ့အမြင်များ ဘယ်လိုရှိလေမလဲ။ စိတ်ဝင်စားမိလို့ပါ။

ကျောင်းသူ - ဆရာ့အမြင်ကို မမေးခင် ရှင့်အမြင်ကို အရင် ပြောဦးမှပေါ့။

ကျောင်းသား - ကောင်းပြီလေ။ ကျွန်တော့်အမြင်ကို ပြောခိုင်းရင် မိန်းကလေးတစ်ယောက်အနေနဲ့ ခင်ဗျားရဲ့ အမြင်ကိုလည်း ပြောရမယ်နော်။

ကျောင်းသူ - ကျွန်မက ၃၀ ကျော်နေပါပြီ။ ဆရာမတောင် ဖြစ်နေပြီဆိုတော့ ကျွန်မရဲ့အမြင်ကတော့ ခေတ်မမီတော့ပါဘူး။ နိုင်ငံတကာအဆင့်မီ ခေတ်မီတဲ့ အဖြေကိုကြားချင်ရင်တော့ အဲဒီအကွဲတွေနဲ့ မိန်းကလေးတွေကို သွားမေးကြည့်လေ။

ကျောင်းသား - ဒါတော့ ခင်ဗျားက “ထမင်းရည်ပူလာ လျှာလွှဲ” လုပ်လိုက်တာပဲ။ ကျွန်တော်လည်း ၃၀ ကျော်လို့ ဆရာဝန်ဖြစ်နေပါပြီ။ ဆရာလည်း ၆၀ ကျော်နေပါပြီ။ ကိုယ့်အမြင်ကိုယ်ထုတ်ပြောကြတဲ့ ကိစ္စမှာတော့ အသက်အရွယ်နဲ့ ကန့်သတ်ထားဖို့ မလိုဘူးထင်ပါတယ်။

ကျောင်းသူ - ဟုတ်ပါတယ်။ လက်ခံပါတယ်။ လူတစ်ယောက်ရဲ့ အတွေးအမြင်ကို ကန့်သတ်ဘောင်ခတ် ထားလို့လည်း မရပါဘူး။

ဆရာ - ဟုတ်ပါ့ဗျာ။ လူတစ်ယောက်ကို ဟိုလိုမ၀တ်နဲ့။ ဒီလိုမ၀တ်နဲ့လို့ စည်းကမ်းတွေထုတ်ပြီး ချုပ်ချယ် ထားလို့လည်း မရပါဘူး။

ကျောင်းသား - ကန့်သတ်ချုပ်ချယ်ဖို့ မဟုတ်ပါဘူးခင်ဗျာ။ ဆံပင်တိုထားတဲ့ကိစ္စ၊ ဘောင်းဘီဝတ်တဲ့ကိစ္စ တုန်းကလို ဆရာ့အမြင် ဆရာ့သဘောထားကို သိချင်ရုံသက်သက်ပါ။

ကျောင်းသူ - ဆရာ… ခဏလေး နေပါဦးနော်။ ရှင့်သဘောထားကို အရင်ပြောလေ။

ကျောင်းသား - အင်း… ရှောင်လွှဲလို့ မရဘူးဆိုမှတော့ ပြောရတော့မှာပေါ့လေ။ ဆရာဝန်တစ်ယောက် အဖို့တော့ ခြေသလုံးသားလေးပေါ်သွားတာ၊ ပေါင်ကလေးပေါ်သွားတာလောက်က ဘာမှ မထူးဆန်းလှပါဘူး။ အဲဒါကြောင့် ဘေးကွဲ၊ နောက်ကွဲ၊ ရှေ့ကွဲ ကြိုက်သလိုသာ ကွဲကြ၊ ကန့်ကွက်စရာ မရှိပါဘူး။ အဲ… အဲ… ဒါပေမယ့် ကျွန်တော့်နှမတွေသာဆိုရင်တော့ ကြိမ်လုံးကြီးကြီးနဲ့ ရိုက်ပစ်မိမှာ သေချာတယ်။

ကျောင်းသူ - ဒါဆိုရင် ရှင်က အကွဲတွေကို မကြိုက်ဘူးလို့ ယူဆရမှာပေါ့။

ကျောင်းသား - အင်း… ယူဆမယ်ဆိုရင်လည်း ရပါတယ်။

ကျောင်းသူ - မိန်းကလေးတွေ ရေကူးနေတဲ့အခါ ရေကူးဝတ်စုံ ၀တ်ကြတာကိုရော ရှင် ဘယ်လို သဘောထားလဲ။

ကျောင်းသား - ဒါက မတူဘူးလေဗျာ။ အားကစားလုပ်တဲ့အခါတော့ တစ်မျိုးပေါ့။

ကျောင်းသူ - အားကစားလုပ်တဲ့အခါ ခြေသလုံးမက၊ ပေါင်လယ်လောက်မက ပေါ်တဲ့ ဘောင်းဘီတိုလေးတွေ ၀တ်တာကျတော့ လက်ခံတယ်ဆိုပြီး အခြားအချိန်မှာတော့ ခြေသလုံးလေးပေါ်တာတောင် အပြစ်မြင်တယ်ဆိုတော့ ရှင့်သဘောထားကို ဘယ်လို ယူရမလဲ။ အားကစားပွဲကြည့်တဲ့အခါ မျက်စိတစ်မျိုးနဲ့ ကြည့်ပြီး တခြားအချိန်တွေမှာကျတော့ နောက်မျက်စိ တစ်မျိုးနဲ့ ကြည့်လို့ရသလား။

ကျောင်းသား - ဟာ… ဆရာမကလည်းဗျာ…။

ကျောင်းသူ - တမင်တကာ ကပ်ဖဲ့ပြောတာမဟုတ်ဘူး။ ရှင့်ရဲ့ သဘောထားအမှန်ကို သိချင်လို့ ဆန်းစစ်ကြည့်တာပါ။

ဆရာ - စိတ်ပညာဆရာမ ပီသပါပေ့ကွယ်။ သူ့သဘောထားကို မင်းတွေ့ရတဲ့အတိုင်း ပြောပါဦး။

ကျောင်းသူ - တကယ်တော့ သူသဘောကျပါတယ် ဆရာရဲ့။ သူ့ရဲ့ ပင်ကိုအဖိုစိတ်က မိန်းကလေးတွေရဲ့ ခြေသလုံးသားလေးတွေ၊ ပေါင်သားလေးတွေပေါ်တာကို သဘောကျပါတယ်။ ဒါ သဘာဝပါ။ ရှက်စရာ ကိစ္စ မဟုတ်ပါဘူး။ သူ့နှမတွေဝတ်ရင်တော့ လက်မခံဘူး။ ကြိမ်လုံးကြီးကြီးနဲ့ ရိုက်ပစ်မယ်ဆိုတာက သူ့ပင်ကိုစိတ် မဟုတ်ပါဘူး။ ပြုပြင်ပုံသွင်းခံထားရတဲ့စိတ်နဲ့ ပြောတာပါ။

ဆရာ - ဘယ်လို ပြုပြင်ပုံသွင်းခံရတဲ့ စိတ်မျိုးလဲကွဲ့။

ကျောင်းသူ - သူက ဗမာမဟုတ်လားဆရာရဲ့။ ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ ရိုးရာအစဉ်အလာ ယဉ်ကျေးမှုထုံးဓလေ့တွေအရ မိန်းကလေးများဟာ သိုသိုသိပ်သိပ်၊ ပိပိပြားပြား၊ ဗိုင်းကောင်းကျောက်ဖိ ရှိရမယ်လို့ “မိစဉ်ဖဆက်” သွန်သင်ဆုံးမခဲ့ကြတာ ဖြစ်လေတော့ သူလည်း ဒီစကားတွေကြားမှာ ကြီးပြင်း လာခဲ့ရတယ်လေ။ အဲဒီအစဉ်အလာ ယဉ်ကျေးမှုပေတံနဲ့တိုင်းပြီး ပတ်ဝန်းကျင်က ကဲ့ရဲ့စကားပြောတာ ခံရမှာစိုးလို့သာ သူက သဘောမကျဘူး ပြောနေတာပါ။ သူ့ပင်ကိုစိတ်က သဘောကျပါတယ်။ ဟုတ်တယ် မဟုတ်လား။ ရှင်မညာနဲ့နော်။

ကျောင်းသား - ခင်ဗျားလို တစ်ခါမှ လေးလေးနက်နက် စဉ်းစားတွေးခေါ်မကြည့်ဖူးးတော့ မပြောတတ်တော့ဘူးဗျာ။

ကျောင်းသူ - ကဲ… ဒီလိုဆို ကျွန်မမေးမယ်။ ရှင် အမှန်အတိုင်း ပြော။

ကျောင်းသား - မေးပါဗျာ၊ မေးပါ။

ကျောင်းသူ - ရှေ့ကွဲ၊ နောက်ကွဲ မိန်းကလေးတွေနဲ့ ဆုံတဲ့အခါ ရှင် မျက်နှာလွှဲပစ်လိုက်သလား။ မကြည့်ဘဲ နေသလား။

ကျောင်းသား - ကြည့်တော့ ကြည့်မိတာပေါ့ဗျာ။ ဒါပေမယ့်…

ကျောင်းသူ - ဒါပေမယ့်တွေဘာတွေ လုပ်မနေနဲ့။ ကြည့်တော့ ကြည့်လိုက်တာပဲ။ နောက်မှ ပတ်ဝန်းကျင်ကို တွေးမိပြီး မျက်မှာလွှဲချင်ယောင် ဆောင်လိုက်တယ်ပေါ့။ မိန်းကလေးတွေက အဲဒီ သဘောတရားကို မွေးရာပါ “မစိတ်”နဲ့ သိကြတယ်လေ။ တကယ်တော့ သူတို့ကလည်း ကြည့်စေချင်လို့ ၀တ်ကြတာပဲ။ ကြည့်လို့ စိတ်မဆိုးဘူး။ မကြည့်ရင်သာ စိတ်ဆိုးမှာ။

ကျောင်းသား - တကယ်…။

ကျောင်းသူ - တကယ်ပါ။ အစဉ်အလာယဉ်ကျေးမှုထုံးဓလေ့တွေကို ဆန်းစစ်ကြည့်နိုင်လောက်အောင် အသိဉာဏ်အဆင့်အတန်း မြင့်မားခြင်းမရှိတဲ့ မိန်းကလေးတိုင်းက အလှအပဟာ မိန်းမတို့ရဲ့လက်နက် ဖြစ်တယ်လို့ ဒီခေတ်ကြီးထဲထိ ယုံကြည်လက်ခံနေကြဆဲ ဖြစ်တယ်လေ။ အလှနဲ့ဆွဲဆောင်နိုင်မှ ယောက်ျားကောင်းရမယ်။ ယောက်ျားကောင်းရမှ ဘ၀အတွက် ခိုင်လုံစိတ်ချရတယ်လို့ ယူဆတဲ့ မိန်းကလေးတွ အများကြီးရှိနေသေးတယ်။ “ဘူးကောင်းတော့ စင်ခံ၊ လင်ကောင်းတော့ စံ” ဆိုတဲ့ စကားကို ဒီနေ့ထိ လက်ကိုင်ပြုနေကြဆဲပဲ။

ကျောင်းသား - ဆရာမစကားတွေ နားထောင်ရတာ ကောင်းပါတယ်။ စဉ်းစားစရာတွေလည်း အများကြီး ရပါတယ်။ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ခင်ဗျားရဲ့ အမြင်ကို မပြောရသေးဘူးနော်။

ကျောင်းသူ - ရှင်မှန်းကြည့်လို့ မရလောက်သေးဘူးနော်။

ကျောင်းသား - စောစောက ပြောခဲ့တာတွေကို လေးလေးနက်နက် စဉ်းစားရဦးမှာမို့ ထပ်ပြီး ဦးနှောက်အလုပ် မရှုပ်ပါရစေနဲ့တော့ဗျာ။ ကိုယ်တိုင်ပဲ ပြောလိုက်ပါတော့။

ကျောင်းသူ - ကောင်းပြီလေ။ ဒီလိုဆိုလည်း ပြောရတာပေါ့။ ကျွန်မကတော့ အလှသိပ်ပြင်တဲ့ မိန်းကလေးတွေနဲ့ သိတ်ခေတ်ဆန်ပြီး သိပ်စတန့်လုပ်ချင်တဲ့သူမျိုးဆို မိန်းကလေးဖြစ်ဖြစ်၊ ယောက်ျားလေး ဖြစ်ဖြစ် အသိဉာဏ် အဆင့်အတန်း သိပ်ပြီးနိမ့်ကျတဲ့သူတွေပဲလို့ သတ်မှတ်ပြီး သနားမိတယ်။ အ၀တ်အစားလှဖို့ထက် စိတ်လှဖို့၊ ပညာလှဖို့ ကြိုးစားနေသူမျိုးကိုမှ ကျွန်မက အထင်ကြီးတာ။

ကျောင်းသား - မိန်းကလေးတစ်ယောက်အတွက် အိမ်ထောင်ဖက်လေးကောင်းကောင်းရဖို့ အရေးမကြီးဘူးလား။

ကျောင်းသူ - အဲဒါက ဟိုးရှေးပဒေသရာဇ်ခေတ်က အတွေးအခေါ်တွေပါ။ ဒီခေတ်မှာ မိန်းမဆိုတာ ယောက်ျားတွေရဲ့ အလုပ်အကျွေးမှီခိုသူ မဟုတ်တော့ပါဘူး။ မိန်းမလည်း အလုပ်လုပ်ပြီး အိမ်ထောင့်တာဝန် “ဦးပဲ့ထမ်း” နေကြတာမဟုတ်လား။ ဒီတော့ကာ ယောက်ျားတွေ သဘောကျအောင်၊ ကျေနပ်အောင် လိုက်လုပ်နေဖို့ မလိုပါဘူး။ ရုပ်ပြစားတဲ့ခေတ် မဟုတ်တော့ပါဘူး။ ဒီခေတ် မိန်းကလေးများရဲ့ ပြယုဂ်က ပညာဖြစ်ပါတယ်။ ရုပ်အလှ မဟုတ်တော့ဘူးလေ။

ကျောင်းသား - မိန်းကလေးတစ်ယောက်အနေနဲ့ အချက်အပြုတ်၊ အချုပ်အလုပ်တို့၊ အိမ်ထောင်ထိန်းသိမ်းမှုတို့ တတ်ဖို့ကော မလိုဘူးလား။

ကျောင်းသူ - ထမင်းရောင်းစားတဲ့သူ၊ စက်ချုပ်စားတဲ့သူ လုပ်ဖို့မဟုတ်ဘူးဆိုရင် ဒါတွေတတ်မထားလို့ ဘာမှ မဖြစ်ပါဘူး။ ပညာတတ်ဖို့က ပိုအရေးကြီးပါတယ်။ အိမ်ထောင်ထိန်းသိမ်းရေးဆိုတာက မိန်းမ တစ်ယောက်တည်းက တာဝန်ယူရမှာ မဟုတ်ပါဘူး။ အိမ်ထောင်ရှင်နှစ်ဦးစလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ “မောင်တစ်ထမ်း မယ်တစ်ရွက်” ဆိုတဲ့ ရှေးစကား အရှိသားပဲ။ တာဝန်ကို ခွဲဝေယူရမှာပေါ့။

ကျောင်းသား - အတွေးအခေါ်တွေကတော့ ခေတ်ရှေ့ကို အများကြီး ရောက်ပါတယ်။ ရှေ့ကွဲနောက်ကွဲ ကိစ္စကို ပြောပါဦး။

ကျောင်းသူ - တည့်တည့်ပြောမှ ရိပ်မိတော့မယ်ဆိုတော့ တည့်တည့်ပဲပြောရတော့မှာပေါ့။ ကျွန်မ အနေနဲ့တော့ ရှေ့ကွဲနောက်ကွဲခွဲကြတဲ့ မိန်းကလေးတွေတင်မက ယောက်ျားတန်မဲ့ လက်ကောက်ဝတ်ပြီး နားကွင်းစွပ်တဲ့လူတွေအားလုံးကိုပါ အပေါ်ယံကြောလေး စတန့်ထွင်ဖို့လောက်သာ တတ်သိနားလည်တဲ့၊ အသိဉာဏ်အဆင့် နိမ့်ကျလှတဲ့လူတွေပဲဆိုပြီး သနားမိတယ်လို့ ပြောလိုက်ချင်ပါတယ်။ ကဲ… ရှင်းပလား။

ကျောင်းသား - ဟုတ်ကဲ့.. ရှင်းပါပြီဗျာ။ တွေးစရာတွေ ပေးသွားတဲ့အတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်။ ဆရာ့အမြင်ကိုတော့ နောက်များမှပဲ ဆက်ပြီး မေးပါတော့မယ်။

( ၂၀၀၈ ခုနှစ် ဧပြီလထုတ် Youth မဂ္ဂဇင်း၊ အတွဲ(၃)၊ အမှတ်(၄) မှ ပြန်လည်ကူးယူ ဖော်ပြပါသည် )

No comments:

Post a Comment

 
Web Statistics