Friday, July 11, 2008

ဖေဖေပေးခဲ့မယ့်အမွေများ-၁၇


လေ့ကျင့်ခန်း

လေ့ကျင့်ခန်းက မင်းတို့ရဲ့ နှလုံးနဲ့ ကိုယ်ခန္ဓာအတွက် အကျိုးရှိစေတယ်။ တကယ်လို့ မင်းတို့ လေ့ကျင့်ခန်း အစီအစဉ်တစ်ခုအတိုင်း ပုံမှန်လိုက်နာလေ့ကျင့်မယ်ဆိုရင် အကျိုးကျေးဇူးတွေ မှတ်မှတ်ရရ ဖြစ်ထွန်း လာတာ တွေ့ရလိမ့်မယ်။

မင်းတို့ရဲ့စိတ်တွေ ပိုပြီး ကြည်လင်လာမယ်။ စဉ်းစားတွေးခေါ်မှု ပိုပြီး ထက်မြက်လာမယ်။ မင်းတို့ရဲ့ ဦးနှောက်ထဲကို အောက်ဆီဂျင်ဓာတ်ပိုဝင်ပြီး မင်းတို့ပိုပြီး ထက်မြက်သန်စွမ်းလာလိမ့်မယ်။

နေလို့ထိုင်လို့ ပိုကောင်းပြီး လန်းလန်းဆန်းဆန်းနဲ့ ပိုကြည့်ကောင်းလာမယ်။ လူများစုဟာ ကျန်းမာ သန်စွမ်းပုံပေါက်တဲ့ လူတွေနဲ့သာ ပေါင်းသင်းဆက်ဆံချင်ကြတယ်ဆိုတာ မင်းတို့ တွေ့လာလိမ့်မယ်။ လူများစုဟာ ကျန်းမာရေးချို့တဲ့ပုံပေါက်နေတဲ့ လူတွေနဲ့တွေ့ရင် သူတို့အတွက် စိတ်မကောင်းဖြစ်ပြီး စိတ်မသက်မသာ ဖြစ်တတ်ကြတယ်။

မင်းတို့ရဲ့ ကိုယ်ခန္ဓာ ပိုပြီး သန်စွမ်းလာတော့ ဖျားနာမှုကို မြန်မြန်တိုက်ဖျက်နိုင်တာပေါ့။ ပြီးတော့ စားကောင်း၊ သောက်ကောင်း ဖြစ်လာမယ်။

မင်းတို့ အသက်ရှည်ရှည်နေသင့်တယ်။ ကျန်းမာသန်စွမ်းတဲ့ လူတစ်ယောက်ဟာ ပုံမှန်အားဖြင့် သူ့ရဲ့ ခေတ်ပြိုင်အပေါင်းအသင်း အများအပြားထက် ပိုပြီး အသက်ရှည်တတ်ပါတယ်။ မင်းတို့အနေနဲ့ မင်းတို့ရဲ့ မြေးတွေ မြစ်တွေနဲ့ ဆော့ကစားရတဲ့ ပျော်ရွှင်မှုမျိုးကို ခံစားချင်လိမ့်မယ်လို့ ဖေဖေယုံကြည်တာပေါ့။

မင်းတို့ အောင်မြင်မှုကို ပျော်ရွှင်ခံစားကြလိမ့်မယ်။ အောင်မြင်မှုဆိုတာ အဲဒီအောင်မြင်မှုကို ပျော်ပျော်ရွှင်ရွှင် ခံစားနိုင်လောက်အောင် ကျန်းမာရေးကောင်းမှ ကောင်းတာကွယ့်။ လူအတော်များများဟာ သူတို့ရဲ့ စီးပွားရေးအောင်မြင်မှုတွေကို ဆေးကုစရိတ်အတွက် သုံးစွဲပစ်ကြရတယ်လေ။

မနက်ပိုင်း၊ ဒါမှမဟုတ် ညနေပိုင်း ဒါမှမဟုတ် အိမ်က အပြေးလေ့ကျင့်စက်ပေါ်မှာပဲ ဖြည်းဖြည်းမှန်မှန် အပြေးလေ့ကျင့်ပါ။ လက်ထောက်မှောက် လေ့ကျင့်ခန်းကို အနည်းဆုံး အကြိမ် ၂၀ နေ့စဉ် ပြုလုပ်ပါ။ လူသားမျိုးနွယ်အတွက် အကောင်းဆုံးလေ့ကျင့်ခန်းကတော့ ရေကူးခြင်းပဲ။ ရေထုက မင်းတို့ရဲ့ ကိုယ်ခန္ဓာကို နှိပ်နယ်ပေးတယ်လေ။

လေ့ကျင့်ခန်းမလုပ်ဘဲ နေ့တစ်နေ့ကို ဘယ်တော့မှ မ၀င်ပါနဲ့။
တစ်နေ့တစ်ရက်တိုင်းက အဆိုးနဲ့အကောင်းဖြစ်ရပ်တွေကို ခေါ်ဆောင်လာမှာဆိုတော့ မင်းတို့ပိုပြီး ကောင်းကောင်းအသက်ရှူစားသောက်၊ တွေးတော၊ စကားပြောပြီး စိတ်ကြည်ကြည်လင်လင်နဲ့ အဲဒီ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်အောင် လေ့ကျင့်ခန်းကို မြူးပျော်စွာလုပ်ပါ။ နှစ်ပေါင်းများစွာ မပျက်မကွက် လေ့ကျင့်ခန်းလုပ်လာတဲ့အခါ အစစအရာရာ အလိုအလျောက် အဆင်ပြေလာလိမ့်မယ်။ ဒါကြောင့် နေသာသာ၊ မိုးရွာရွာ၊ ပျော်ချင်ပျော်၊ ၀မ်းနည်းချင်နည်း နေ့စဉ်နေ့တိုင်း မပျက်မကွက် လေ့ကျင့်ခန်းလုပ်ပါ။

No comments:

Post a Comment

 
Web Statistics