Friday, July 11, 2008

တကယ်လုပ်အဟုတ်ဖြစ်သည် - ကောင်းသန့်


တေကယ်လုပ်အဟုတ်ဖြစ်သည်
ကောင်းသန့်

လောကတွင် မဖြစ်နိုင်တာမရှိ။ မဖြစ်သေးတာပဲရှိသည်။ လူတို့သည် ကိုယ်လိုချင်တာ၊ ကိုယ်ဖြစ်ချင်တာကို တကယ်လုပ် အဟုတ်ဖြစ်ပါသည်။ တကယ်လုပ် အဟုတ်ဖြစ်ရန်အတွက် အချက်(၄)ချက်နှင့် ပြည့်စုံရန်တော့ လိုသည်။

ပြင်းပြသော စိတ်ဆန္ဒရှိရမည်
လူတွင် မွေးရာပါ စွမ်းရည်သတ္တိထူးတွေ ရှိ၏။ ထိုစွမ်းရည်ကို လူတို့သည် သာမန်အချိန်တွင် အပြည့်အ၀ အသုံးမချပေ။ ဘေးအန္တရာယ်နှင့် ကြုံသည့်အချိန်၊ အခက်အခဲ၊ အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်မျိုးတွင် ထိုစွမ်းရည်ထူးတွေ ဖြစ်ပေါ်လာတတ်၏။ စိတ်ဆန္ဒပြင်းပြသောအချိန်မျိုးတွင် ထိုစွမ်းရည်သတ္တိထူးကြောင့် မဖြစ်နိုင်တာတွေ ဖြစ်တတ်ကြကုန်၏။

ခိုင်မာသောဆုံးဖြတ်ချက်ရှိရမည်
မိမိဖြစ်ချင်၊ လုပ်ချင်သောကိစ္စတို့ကို ပြင်းပြသော စိတ်ဆန္ဒရှိရုံနှင့်မပြီး၊ မဖြစ်မနေလုပ်မည်ဟူသော ခိုင်မာသော ဆုံးဖြတ်ချက် ချမှတ်ရန် လိုသည်။ ဆုံးဖြတ်ချက်ခိုင်မာလျှင် နောက်ဆုံးတွင် လိုချင်တာ ရတတ်စမြဲ ဖြစ်သည်။

ဇွဲ၊ လုံ့လ၊ ၀ီရိယ ရှိရမည်
ပြင်းပြသော စိတ်ဆန္ဒ၊ ခိုင်မာသောဆုံးဖြတ်ချက်နှင့်အတူ ဇွဲ၊ လုံ့လ၊ ၀ီရိယ ရှိရန်လည်း လိုသည်။ ပြင်းပြသော အလိုဆန္ဒရှိနေသောအခါ ဇွဲ၊ လုံ့လ၊ ၀ီရိယတို့သည်လည်း မဖြစ်မနေ ရှိနေရတော့၏။

ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရမည်
ဘာပဲလုပ်လုပ် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိမှသာ အောင်မြင်နိုင်သည်။ မိမိကိုယ်မိမိ ယုံကြည်ခြင်းသည် ကိစ္စတစ်ခုကို ၅၀% ပြီးမြောက်စေနိုင်သည်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိလျှင် ဘာပဲလုပ်လုပ် အလွဲလွဲ အချော်ချော် ဖြစ်တတ်၏။ ထို့ကြောင့် အောင်မြင်ရန်အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရန် လိုအပ်သည်။

အထက်ပါ အချက်လေးချက်နှင့် ပြည့်စုံလျှင် လောက၌ မဖြစ်နိုင်တာ မရှိပေ။ မဖြစ်သေးတာပဲ ရှိသည်။ ထို့ကြောင့် တကယ်ဖြစ်ချင်လျှင် တကယ်လုပ်ပါ။ ဤအချက်လေးချက်နှင့်ညီလျှင် မဟုတ်ဖြစ်ပါလိမ့်မည်။

( ဆရာကောင်းသန့် ၏ စေတနာစကား စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည် )

No comments:

Post a Comment

 
Web Statistics