Thursday, September 25, 2008

တောင်ရောက်မြောက်ရောက်


တောင်ရောက်မြောက်ရောက် ဆိုသည့်အတိုင်း ရောက်ချင်သည့်နေရာကို ရောက်ပါမည်။ ပြောချင်သည့် အ ကြောင်းအရာကို ပြောပါတော့မည်။ ပထမဆုံး နည်းနည်းလေးတော့စကားပလ္လင်ခံလိုက်ချင်ပါသေးသည်။ ပုံမှန်အားဖြင့်တော့ ကျွန်တော့်အနေဖြင့် ဖတ်ရှုပြီးသောစာများထဲမှ ကြိုက်နှစ်သက်သည်များကို ဘလော့ဂ်မိတ်ဆွေများလည်း ဖတ်ရှုပါစေတော့ဟူသော ရည်ရွယ်ချက်ဖြင့် ပြန်လည်ကူးယူကာ တင်ပေးမြဲဖြစ်ပါသည်။ စာဖတ်ချင်စိတ်ရှိသူ၊ ၀ါသနာပါသူတွေအတွက် ဘယ်လိုပဲစဉ်းစားစဉ်းစား အကျိုးရှိမည်ကို သိပြီးဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်ကိုယ်တိုင် စာကောင်းတွေကို တခုတ်တရ ခက်ခက်ခဲခဲ ရှာဖွေဖတ်ရှုရသော ကာလများကို ကြုံခဲ့ဖူးသောကြောင့် ဖြစ်ပါသည်။
လွန်ခဲ့သော ၅ နှစ်ကျော် ၆ နှစ်ဝန်းကျင်ကာလဆီလောက်ကဆိုလျှင် ယခုကဲ့သို့ ဘလော့ဂ်ရွှေခေတ် မဖြစ်သေးပါ။ အင်တာနက်တွင် မြန်မာစာလုံးဖြင့် ဖတ်နိုင်ဖို့ဆိုသည်မှာ အင်မတန်မှ ရှားပါးသော အခွင့်အရေးဖြစ်ပါသည်။ အများအားဖြင့် မြန်မာစာလုံးများကို ဓာတ်ပုံအသွင်ပြောင်းကာ အင်တာနက် စာမျက်နှာများတွင်သာ တင်ကြသောကာလများဖြစ်ပါသည်။ ယခုနောက်ပိုင်းကျမှသာ အယ်လ်ဖာမန္တလေး၏ ကျေးဇူးဖြင့် ဇော်ဂျီကုဒ်ဆိုပြီး ပေါ်လာပြီး ဘလော့ဂ်တွေကလည်း အလျှိုလျှို ဖတ်၍မကုန်၊ လေ့လာ၍မခန်း၊ ရသအစုံစုံ၊ သုတအဖုံဖုံဖြင့် ပေါ်ပေါက်လာကြခြင်း ဖြစ်ပါသည်။ မှတ်မှတ်ရရ အဖြစ် စာအုပ်ဖတ်ချင်လွန်း၍ အင်တာနက်တွင် သူငယ်ချင်းများနှင့်တွေ့တိုင်း မေးဖြစ်သည်မှာ စာအုပ်အသစ် ဘာတွေရှိသေးလဲ။ မြန်မာအီးဘွတ်ခ်တွေရနိုင်တဲ့နေရာ ဘယ်မှာရှိလဲဆိုတာသာ ဖြစ်ပါသည်။ အီးမေးလ်ဖြင့် ပို့ကြ၊ ဖရီးရသော စာမျက်နှာများတွင် စာအုပ်တွေတင်ပေးကြနှင့် ထိုစဉ်က ကာလလေးကို လွမ်းမိပါသေးသည်။ နောက်တော့ မြန်မာပြည်သားတို့၊ ချယ်ရီသစ္စာတို့ကျေးဇူးဖြင့် မြန်မာစာအုပ်တွေရော၊ အခြားဘာသာများဖြင့် စာအုပ်တွေပါ စုံစုံလင်လင် ဖတ်ရှုခွင့်ရခဲ့သည်။ ဘယ်သူတွေဦးစီးလုပ်ကိုင်သည်၊ ဘယ်နေရာကနေ လုပ်နေခဲ့သည်ကို ဂဃနဏ ကျွန်တော်မသိခဲ့ရိုးအမှန်ဖြစ်သော်လည်း ယနေ့ထိ ဖတ်၍ မကုန်သေးသော မြန်မာအီးဘွတ်ခ် များအတွက် ဆောင်ရွက်ခဲ့သူအားလုံးကို ကျေးဇူးတင်လျက်ရှိပါသေးသည်။
ယခုအခါ ဘလော့ဂ်ဆိုသော စကားလုံးသည် မြန်မာတို့အတွက် အတော်ပင်ယဉ်ပါးနေပြီဟု ဆိုရမည်ဖြစ်ပါသည်။ ဘလော့ဂ်ဆိုသည်ကို ဘာမှန်းသာ သေသေချာချာ မသိလျှင်ရှိပေမည်။ ထိုစကားလုံးကိုတော့ ကြားဖူးကြသည်သာများပါသည်။ အချို့လည်း ဘလော့ဂ်ဟုဆိုလိုက်သည်နှင့် နှာခေါင်းရှုံ့ကြသည်များရှိပါသည်။ ဘာပဲပြောပြော မြန်မာတို့အတွက် ဘလော့ဂ်ဆိုသော စကားလုံးသည် အသစ်အဆန်းမဟုတ်တော့တာတော့ သေချာပါသည်။ အခုလို ဘလော့ဂ်ကို ရူးရူးမူးမူး ဖြစ်ကြသလို တစ်ချိန်ဆီကတော့ ရူးရူးမူးမူး ဖြစ်ခဲ့ကြသည်က ဖိုရမ်များ ဖြစ်ပါသည်။ အမြင်ကျဉ်းလို့ဟု ဆိုချင်လည်း ဆိုကြပါစေတော့။ ကျွန်တော့်အမြင်ကို ထုတ်ဖော်လိုပါသည်။ ထိုကဲ့သို့ ဖိုရမ်များ ခေတ်စားစဉ်က ကာလကရော၊ ယခုလို ဘလော့ဂ်များ ခေတ်စားစဉ်ကာလတွင်ပါ ကျွန်တော်မြင်မိသည်က ကျွန်တော်တို့ မြန်မာများသည် သက်ဆိုင်ရာကဏ္ဍများတွင် အခြားလူမျိုးများထက် မနိမ့်ကျသည့်အပြင် သာပင်သာချေသေးသည်ဟူ၍။
ဖိုရမ်ရွှေခေတ်က မြန်မာဖိုရမ်ရော၊ အခြားဘာသာများဖြင့် ဖိုရမ်များကိုပါ ထမင်းမေ့၊ ဟင်းမေ့ ကျွန်တော် လိုက်ဖတ်ခဲ့ဖူးပါသည်။ တစ်ခါတစ်ရံ ညမအိပ်ဘဲ ဖိုရမ်ထဲမှာ လမ်းသလားနေခဲ့ရသည့် ရက်တွေက မှတ်ပင် မထားမိတော့ပါ။ ထိုနေရာတွင် တစ်ခုတွေ့ရသည်က ကျွန်တော်တို့ ကိုရွှေမြန်မာတွေ၏ ဖိုရမ်များသည် အင်မတန်မှပင် အံ့သြစရာကောင်းလောက်အောင် အကြောင်းအရာစုံ၊ ရသစုံခြင်းပင် ဖြစ်ပါသည်။ အချို့သော နာမည်ကြီး နည်းပညာဖိုရမ်များမှလွဲ၍ ကျန်သည့်ကဏ္ဍအားလုံးတွင် ကျွန်တော်တို့မြန်မာတွေသည် ထိပ်ဆုံးတန်းမှ ရှိခဲ့သည်ဟု ကျွန်တော်ကဆိုချင်ပါသည်။ အမှန်အတိုင်းပြောရလျှင် မြန်မာဖိုရမ်တွေကို ကျော်လွန်ကာ ကျွန်တော့်ကိုပို၍ ဟဒယဖြစ်စေသည့်ဖိုရမ်ဆို၍ အိန္ဒိယဖိုရမ်များသာ ရှိပါသည်။ နည်းပညာလည်း ကျွမ်းကျင်၊ ပညာရှင်လည်းများ၊ လူကလည်းအဖုံဖုံအစုံစုံဖြင့် တင်ထားသော အိန္ဒိယ ဖိုရမ်များ ပြီးလျှင် မြန်မာဖိုရမ်များသည် ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်သည့် ရွှေတွင်းများ ဖြစ်ကြပါသည်။
(ဤနေရာတွင် ကြိုတင်စကားခံခဲ့သည့်အတိုင်း ကျွန်တော်လက်လှမ်းမီသမျှ၊ ကျွန်တော့်လက်ဖြင့် ဆုပ်ကိုင်မိသမျှထဲမှ နှိုင်းယှဉ်ခံစားထားခြင်းဖြစ်ပါသည်။ ကျွန်တော်လက်လှမ်းမမီခဲ့သော၊ သစ်ရွက်များကြားတွင် ကျွန်တော်မမြင်မိလိုက်သော အလုံးလှလှ၊ အရသာချိုချိုဆိုသည့် သစ်သီးကြီးများလည်း သေချာပေါက် ရှိမည်သာ ဖြစ်ပါသည်။)
ယခုဘလော့ဂ်ရွှေခေတ်တွင်လည်း မြန်မာတွေရဲ့ ဘလော့ဂ်တွေက အခြားဘလော့ဂ်များနှင့် တူကိုမတူပါ။ ပထမဆုံး ဘလော့ဂ်ကို လှပအောင်ပြုပြင်ခြင်း၊ စိတ်ဝင်စားဖွယ်ဖြစ်အောင် တင်ဆက်ခြင်း စသည်တို့တွင် မြန်မာတို့သည် အင်မတန်မှပင် အနုစိတ်ကြပါသည်။ အင်မတန်မှလည်း စိတ်ရှည်ကြပါပေသည်။ အင်မတန်မှလည်း ကြိုးစားကြပါပေသည်။ အခုမှ ဘလော့ဂ်လုပ်သူတစ်ယောက်ဆို၍လည်း ပြီးစလွယ် လုပ်ထားသည်ကိုတွေ့ရမည်ဟု မယူဆပါနှင့်။ အနည်းဆုံးတော့ သိသူ၊ တတ်သူကို မေးမြန်းပြီး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားသည်ကို တွေ့ရပါလိမ့်မည်။ ကျွန်တော့်အမြင်ကို ထပ်ပြောရလျှင် အခြားလူမျိုးများသည် ဘလော့ဂ်ရေးခြင်းကို မှတ်တမ်းမှတ်ရာတစ်ခုအနေဖြင့်သာ ရေးခြင်းဖြစ်ပါသည်။ သူတို့ ပြောချင်တာ၊ စိတ်ထဲမှာဖြစ်တာကို ရေးချင်ရာရေးသည်။ ဖတ်ချင်သည့်လူက ဖတ်ပေါ့။ မဖတ်လို့လည်း ဘာမှမဖြစ်။ ကိုယ်စိတ်ထဲထင်ရာ ကိုယ်ရေးသည်။ ကိုယ့်အယူအဆကို ကိုယ်ထုတ်ဖော်သည်။ ဒါပဲ။ ပြီးပြီ။ အမလေး ကျွန်တော်တို့ မြန်မာများကတော့ အံ့သြစရာကောင်းလောက်အောင် ရှားမှရှား။ ကိုယ့်ဘလော့ဂ်ကို လူစိတ်ဝင်စားအောင် နည်းမျိုးစုံနှင့် သတင်းပေးသည် (ကြော်ငြာသည်ဟု ကျွန်တော်မသုံးပါ)၊ ဖိတ်ခေါ်သည်။ ကိုယ့်ဘလော့ဂ်ကိုလည်း ပြီးစလွယ်မဟုတ်။ ကမ္ဘာပေါ်မှာအကောင်းဆုံးဘလော့ဂ်ဖြစ်ချင်ကြသည်။ အမျိုးစုံစွာ ပါစေချင်သည်။ လူများများလာကြည့်စေချင်သည်။ အခြားလူမျိုးတွေကတော့ ဘလော့ဂ်ကို ဘယ်လိုခံစားသလဲ ဘယ်လိုခံယူသလဲ ကျွန်တော်မသိပါ။ ကျွန်တော်တို့ မြန်မာတွေကတော့ ဘလော့ဂ်ရေးခြင်းသည် အလုပ်တစ်ခု ဖြစ်ပါသည်။ ဘလော့ဂ်ကို သေချာရေးခြင်းသည် အလုပ်ကို သေချာလုပ်ခြင်း ဖြစ်ပါသည်။ ၀ါသနာပါလို့ ဘလော့ဂ်ရေးတာပါဟု ဆိုလာလျှင် ကျွန်တော်က ရယ်ချင်ပါသည်။ ဘလော့ဂ်ဆိုတာ မပေါ်ပေါက်လျှင် ထိုသို့ ပြောသူသည် ဘာတွေကို ၀ါသနာပါနေမည်လည်း မသိဘူးဆိုပြီး ပြုံးရသည်။ လက်ခံသည်၊ လက်မခံသည်က သက်ဆိုင်သူတို့၏ အပိုင်းဖြစ်ပါသည်။ ကျွန်တော့်အမြင်ပြောရလျှင်တော့ မြန်မာတွေဘလော့ဂ်ရေးခြင်းသည် အလုပ်တစ်ခုအနေဖြင့် အချိန်ပေးပြီး သေသေချာချာကို လုပ်ခြင်းဖြစ်သည်ဟု ဆိုချင်ပါသည်။
ပထမဆုံးအပိုဒ်တွင်ဆိုခဲ့သလို ဖတ်ခဲ့ပြီးသမျှထဲမှ ကျွန်တော်ကြိုက်သည်များကို အခြားသူများလည်း ဖတ်မိပါစေတော့၊ ဖတ်နိုင်ပါစေတော့ဟု ရည်ရွယ်ကာ ပို့စ်တွေ ကျွန်တော်တင်ပေးနေဦးမည်သာ ဖြစ်ပါသည်။ ထို့ပြင် ရဲရဲဝံ့ဝံ့အာမခံလိုက်ချင်ပါသေးသည်။ မြန်မာ့သွေးဘလော့ဂ်ပေါ်ရောက်ပြီးသား ပို့စ်ဆိုသည်နှင့် ဖတ်သူအတွက် တစ်ခုခုတော့ ကျန်ခဲ့ရမည်ဟူသော အရည်အသွေးဖြစ်ပါသည်။ ကျွန်တော့်ဦးနှောက်ကို လာဆွသော စာများဆိုလျှင် အင်မတန်သဘောကျပါသည်။ ထို့ကြောင့်လည်း ကျွန်တော်တင်ပေးသော ပို့စ်များသည် ဘလော့ဂ်ဖတ်သူအတွက် ဦးနှောက်ကိုသော်လည်းကောင်း၊ နှလုံးသားကိုသော်လည်းကောင်း နည်းနည်းလေးဖြစ်ဖြစ် လာဆွမည်မှာ အသေအချာပင် ဖြစ်သည်ဟု ကျွန်တော်ဆိုချင်ပါသည်။
၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်
၀၁း၃၈ နာရီပြီး၏။

No comments:

Post a Comment

 
Web Statistics