Friday, November 21, 2008

Grand Royal Challenge Cup 2008


ဂရင်းရွိုင်ရယ်ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကြီးကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ အဲဒီလို ပြီးဆုံးသွားတဲ့ နေရာမှာ ဘာတွေအမြတ်ကျန်ခဲ့သလဲ၊ ဘာတွေပညာရလိုက်သလဲ စသည်ဖြင့် သင်ခန်းစာဖော်ထုတ်တာကို တာဝန်ရှိသူတွေအနေနဲ့ လုပ်ဖြစ်အောင် လုပ်ကြမယ်လို့ မျှော်လင့်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အနေနဲ့ ပြန်လည်သုံးသပ်တာတွေ၊ အားသာချက်၊ အားနည်းချက်ဖော်ထုတ်တာတွေကို မဖြစ်မနေ လုပ်ဆောင်သွားမယ်လို့ ယုံကြည်မိပါတယ်။
..........................................................................
ဂုဏ်ယူပါတယ် မြန်မာ
ပထမဆုံး နောက်ဆုံး ဗိုလ်လုပွဲမှာ အင်ဒိုနီးရှားအသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရဗိုလ်စွဲသွားတဲ့ မြန်မာအသင်းကို ချီးကျူးပါတယ်။ ဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံမှာ ကျင်းပခဲ့သမျှ ဂရင်းရွိုင်ရယ်ဖိတ်ခေါ်ပြိုင်ပွဲအားလုံးမှာ ဗိုလ်စွဲထားတဲ့ မြန်မာအသင်းအတွက် ဂုဏ်ယူပါတယ်။ ဘယ်လိုပဲ ထောက်ပြစရာ၊ ပြောပြစရာတွေပဲ ရှိခဲ့ရှိခဲ့ပါ။ ဒီဖိတ်ခေါ်ပြိုင်ပွဲ ပြုလုပ်သမျှအကြိမ်တိုင်းမှာ ဗိုလ်စွဲခဲ့တယ်ဆိုတဲ့ အစဉ်အလာဟာ အခုအထိတော့ ဂုဏ်ယူစရာ ဖြစ်တယ်လို့ ကျွန်တော်က ခံယူပါတယ်။ အဲဒီအတွက် ဂုဏ်ယူပါတယ်။
............................................................................
ဗိုလ်လုပွဲ သို့လှမ်းခဲ့သောလမ်း
မြန်မာအသင်းဟာ အုပ်စု (က)မှာ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့အတူ ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
အုပ်စု တစ်ပွဲနိုင်၊ တစ်ပွဲသရေ (၄)မှတ်နဲ့ အုပ်စုပထမ ရခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို သရေကစားပြီး၊ အင်ဒိုနီးရှားကို အနိုင်ကစားခဲ့တာပါ။
အုပ်စု (ခ)မှာတော့ ဗီယက်နမ်ယူ-၂၃(လက်ရှိမာဒေးကားချန်ပီယံ)၊ မလေးရှားအသင်းနဲ့ ကိုရီးယားက အူလ်ဆန် ဟွန်ဒိုင်းကလပ်အသင်းတို့ ပါဝင်ခဲ့ကြပါတယ်။ ကိုရီးယားအသင်းက တစ်ပွဲနိုင်၊ တစ်ပွဲသရေ (၄)မှတ်၊ မလေးရှား အသင်းကလည်း တစ်ပွဲနိုင်၊ တစ်ပွဲသရေ (၄)မှတ်ရရှိခဲ့ပေမယ့်လည်း ဂိုးကွာခြားချက်အသာနဲ့ အူလ်ဆန်ဟွန်ဒိုင်း အသင်းက အုပ်စုပထမရရှိခဲ့ပြီ၊ မလေးရှားအသင်းက အုပ်စုဒုတိယ ရရှိခဲ့ပါတယ်။
ပထမအကြိုဗိုလ်လုပွဲမှာ မြန်မာအသင်းက မလေးရှားအသင်းကို လေးဂိုး တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲကို တက်လှမ်းခဲ့ပါတယ်။
ဒုတိယအကြိုဗိုလ်လုပွဲမှာတော့ မြန်မာအသင်းကို ရအောင်ရှောင်ခဲ့တဲ့ ကိုရီးယားကလပ်အသင်း အူလ်ဆန်ဟွန်ဒိုင်းအသင်း ကံမကောင်းခဲ့ပါဘူး။ ပွဲကစားချိန်အတွင်း သရေကျနေတဲ့အတွက် ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ အင်ဒိုနီးရှားအသင်းကလည်း ထိုက်ထိုက်တန်တန်ကို အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။
(ကျွန်တော့်ရဲ့ စိတ်ကူးကိုပြောရရင် မြန်မာအသင်းနဲ့ ကိုရီးယားအသင်းကို ဗိုလ်လုပွဲမှာ တွေ့စေချင်တာပါ။ နိုင်မှာ ရှုံးမှာမသေချာပေမယ့် အတွေ့အကြုံတွေရမှာကတော့ အသေအချာပါပဲ။ ကိုရီးယားကလပ်အသင်း တစ်သင်းနဲ့ ခြေစမ်းခွင့်ရမယ့် အခွင့်အရေးကို မြန်မာအသင်းလက်လွတ်ခဲ့ရတယ်လို့ ဆိုချင်ပါတယ်။)
..............................................................................................
ဗိုလ်လုပွဲ (မြန်မာ နှင့် အင်ဒိုနီးရှား)
မြန်မာအသင်းက အနီရောင်ဝတ်စုံ၊ အင်ဒိုနီးရှားအင်းက အင်္ကျီအဖြူရောင်နဲ့ ဘောင်းဘီအစိမ်းရောင်ဝတ်စုံကို ၀တ်ဆင်ပြီး ကစားခဲ့ပါတယ်။ ပွဲစတာနဲ့ မြန်မာအသင်းက လျင်လျင်မြန်မြန်ပဲ ထိုးဖောက်ကစားတဲ့အတွက် အင်ဒိုနီးရှားတို့ တောက်လျှောက်ပဲ ခံစစ်ကစားနေရပါတယ်။ မြန်မာတို့အတွက် အဖွင့်ဂိုးကိုတော့ ပွဲစပြီး ၅ မိနစ်အကြာမှာရတဲ့ ပြစ်ဒဏ်ဘော ဖရီးကစ်တင်ပေးတာမှတဆင့် စိုးမြတ်မင်းက ခေါင်းလှန်တိုက်ပြီး သွင်းယူခဲ့ပါတယ်။ စိုးမြတ်မင်းရဲ့ Goal Luck လို့ ပြောရင်ပိုမှန်ပါတယ်။ အဲဒီဂိုးရသွားတာဟာ မြန်မာအတွက် အများကြီး အပြောင်းအလဲဖြစ်သွားပါတယ်။ အင်ဒိုနီးရှားတို့က ခံစစ်ကစားနေရာကနေ တိုက်စစ်ပြန်ဖွင့်ပြီး တစ်သင်းလုံးတက်၊ တစ်သင်းလုံးဆင်း ကစားလာတဲ့အတွက် မြန်မာတို့ ဘောလုံးမထိရသလောက်အထိ ဖိကစားခံလာရပါတယ်။ အထူးသဖြင့် ကွင်းလယ်မှာ အဖျက်အားနည်းတဲ့အတွက် မလိုအပ်ဘဲ ဂိုးဧရိယာထဲအထိ ရောက်သွားတာကို တွေ့ရပါတယ်။ မြန်မာညာနောက်ခံလူဘက်ကနေ အထူးသဖြင့် ထိုးဖောက်ကစားတာကို တွေ့ရပါတယ်။ ဆက်တိုက် အဖိခံနေရတဲ့ မြန်မာတို့အတွက် အားလုံးထင်မြင်ထားတဲ့အတိုင်းပဲ ပထမပိုင်းမှာတင် ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။ ဒီဂိုးကိုတော့ မြန်မာညာနောက်ခံလူ မဖျက်ထုတ်နိုင်ဘဲ ကျွံထွက်သွားတဲ့ ဘောလုံးကို အင်ဒိုနီးရှား ဘယ်တောင်ပံက မတင်ပေးလိုက်ရာမှာ အောင်အောင်ဦး ထွက်ပုတ်ပြီး နောက်ခံလူ မိုးဝင်းကိုထိကာ ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။ Own Goal ပေးလိုက်ရတဲ့အတွက် မြန်မာအသင်းဟာ ကစားအား ပြန်တက်လာရမယ့်အစား အင်ဒိုနီးရှားတို့ရဲ့ ကစားကွက်ထဲမှာပဲ မျောနေခဲ့ပါတယ်။ အင်ဒိုနီးရှားဘက်က တိုက်စစ်မှူးတွေ ဂိုးပေါက်ပျောက်နေခဲ့တဲ့အတွက်သာ မြန်မာအသင်း ကံကောင်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းဘက်မှာ ရှေ့တန်းက စိုးမြတ်မင်းနဲ့ အလယ်တန်းက ရာဇာဝင်းသိန်း နှစ်ယောက်ကိုပဲ အားထား ကစားနေတာကို တွေ့ရပါတယ်။ အင်ဒိုနီးရှားအသင်းကလည်း ဒီအကွက်ကို သိပြီးဖြစ်ပုံရပါတယ်။ စိုးမြတ်မင်းနဲ့ ရာဇာဝင်းသိန်းကို ပြစ်ဒဏ်ဘောအဖြစ်ခံပြီးကို ဖျက်ထုတ်ဟန့်တားတာကို တွေ့ရပါတယ်။
ဒုတိယပိုင်းမှာတော့ မြန်မာအသင်းဟာ ပထမပိုင်းကအတိုင်းပဲ ကစားကွက်ကို မပြောင်းလဲနိုင်ခဲ့ပါဘူး။ အင်ဒိုနီးရှားအသင်းရဲ့ ဖိအားပေးမှုတွေကို ခံခဲ့ရပါတယ်။ ရှေ့တန်းမှာ ကျော်သီဟအစား အောင်ကျော်မိုး၊ နောက်တန်းက မင်းသူအစားအခြားတစ်ယောက်နဲ့ လူစားလဲ ကစားခဲ့ပါတယ်။ မြန်မာတို့အတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် မိနစ် ၇၀ ခန့်မှာ ပြစ်ဒဏ်ဘောရတာကို ကန်တင်ပေးတာတစ်ဆင့် စိုးမြတ်မင်းကပဲ ခေါင်းတိုက် သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ တကယ့် ဂိုးပေါက်ထောင့်ကျဉ်းကျဉ်းလေးကို ချိန်သားကိုက် တိုက်နိုင်ခဲ့တဲ့အတွက်သာ ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ မြန်မာအသင်းဘက်က ဘယ်တောင်ပံကစားသမား မျိုးမင်းထွန်း ခြေမှန်ပြန်ပေါ်လာတဲ့အတွက် ပြန်ပြီး ဖိအားပေးနိုင်လာတာကို တွေ့ရပါတယ်။ အင်ဒိုနီးရှားအသင်းအနေနဲ့ ဘယ်တောင်ပံက မျိုးမင်းထွန်းနဲ့ ညာတောင်ပံက ရာဇာဝင်းသိန်းကို အတော်ပဲ ထိန်းခဲ့ရပါတယ်။ အထူးသဖြင့် ဘောလုံး Skill ကောင်းပြီး ကစားပုံငြိမ်တဲ့ ရာဇာဝင်းသိန်းဟာ အင်ဒိုတို့အတွက် တကယ့်အန္တရာယ်ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ၁၈ ကိုက်ထိပ်ကနေ ဂိုးကန်ချက် ဂိုးတန်းထိပြီး ထွက်သွားခဲ့တာရယ်၊ ရာဇာဝင်းသိန်းနဲ့ မျိုးမင်းထွန်းအပေးအယူလုပ်ပြီး မျိုးမင်းထွန်းအပြင်းကန်သွင်းတဲ့ကန်ချက် ဂိုးတန်းထိပြီးထွက်သွားတာတွေရယ်ကြောင့်သာ မြန်မာအသင်း ဂိုးပြတ်အနိုင်မရခဲ့တာပါ။ျ
........................................................................................................
ပရိသတ်တွေရဲ့ အားသာချက်၊ အားနည်းချက်
ဒီနေ့ဗိုလ်လုပွဲမှာ မြန်မာပရိတ်သတ်တွေဟာ လေးဘက်လေးတန်ကွင်းလုံးပြည့် လာရောက်ကြည့်ရှုအားပေးကြ တာကို တွေ့ရပါတယ်။ ဒါဟာ တကယ့်ကို ဂုဏ်ယူလေးစားစရာကောင်းသလို၊ မြန်မာအသင်းအတွက်လည်း တကယ့်ကို ခွန်အားဖြစ်စေပါတယ်။ ဘောလုံးကွင်းတစ်ခုလုံး မြန်မာနိုင်ငံအလံတွေ ရဲရဲနီနေတာကို ကြက်သီး မွေးညင်းထပြီး မကျေနပ်မယ့် နိုင်ငံသားဘယ်မှာရှိပါ့မလဲဗျာ။ ပြောရမယ်ဆိုရင်တော့ ဗိုလ်လုပွဲမှာ မြန်မာအသင်းဟာ ၁၂ ယောက်နဲ့ ကန်သွားခဲ့တာပါ။ ပရိသတ်တွေဟာ ၁၂ ယောက်မြောက် ကစားသမားပါ။
အဲဒီလို ဂုဏ်ယူတာလေးတွေကို တစ်ဝက်တစ်ပျက်ကနေ ရပ်သွားစေခဲ့တာကတော့ စည်းကမ်းမဲ့ ပရိသတ်အချို့ရဲ့ လုပ်ရပ်ကြောင့်ပါ။ မြန်မာအသင်းက တစ်ဂိုး ဂိုးမရှိနဲ့ နိုင်နေတဲ့အချိန်တုန်းက အိုးစည်ဗုံမောင်း တွေတီးပြီး ပျော်ရွှင်နေတဲ့ မြန်မာတွေဟာ တစ်ဂိုးစီသရေဖြစ်သွားပြီးတဲ့နောက် ချက်ချင်းပြောင်းသွားပါတယ်။ ကိုယ့်မြန်မာအသင်းကို နိုင်စေချင်တာ မြန်မာတိုင်းရဲ့ဆန္ဒပါ။ ဒါကို နားလည်ပါတယ်။ ဒါပေမယ့် မှန်ကန်မျှတတဲ့ အနိုင်ကို လိုချင်ဖို့တော့ လိုပါတယ်။ ကိုယ့်ခြေအဆင့်အတန်း၊ ကိုယ့်အခြေအနေနဲ့ ကမ္ဘာ့ဖလားလောက်ကို လိုချင်နေလို့တော့ မရပါဘူး။ ဒါက သဘောကိုပြောတာပါ။ ဗိုလ်လုပွဲမှာ ဖြစ်ခဲ့တာကတော့ ကျွန်တော်ပြောခဲ့သလို သရေကျသွားတဲ့အချိန်မှာ ပရိသတ်တွေထဲကနေ ရေသန့်ဘူးတွေ၊ ရေထုတ်တွေနဲ့ ပစ်ပေါက်ခဲ့တာပါပဲ။ အဲဒီလိုပစ်ပေါက်ရင် မြန်မာအသင်းနိုင်မယ်လို့ ဘယ်သူကများပြောသလဲဗျာ။ အခုတော့ သေချာပါတယ်။ ပြောကြတော့မယ်။ မြန်မာအသင်းပရိသတ်တွေဟာ စည်းကမ်းတကျအားမပေးတတ်ကြဘူး။ အရှုံးကို လက်မခံတတ်ကြဘူးလို့။ ကိုယ့်မြေမှာ ဖိတ်ခေါ်ပြိုင်ပွဲလုပ်ပြီး ကိုယ့်ဆီကို လာကန်တဲ့ ဧည့်သည်တွေကို ရေသန့်ဗူးနဲ့ပေါက်တာဟာ ကောင်းတယ်မကောင်းဘူးဆိုတာကို အဲဒီပရိသတ်တွေ စဉ်းစားမိပါလေစလို့ ကျွန်တော် တွေးမိပါတယ်။
ကျွန်တော့်အနေနဲ့ အကြံပြုရရင် ပထမဆုံး အဲဒီလိုပစ်ပေါက်တဲ့လူတွေရဲ့ဘေးက ပရိသတ်တွေက အဲဒီလူတွေကို မလုပ်ဖို့ တားမြစ်သင့်ခဲ့ပါတယ်။ ကိုယ်တစ်ယောက်တည်းအတွက် တခြားစည်းကမ်းတကျလာအားပေးတဲ့ ပရိသတ်အားလုံးကို ထိခိုက်မှာမျိုး မဖြစ်စေရပါ။ တားမြစ်လို့မရရင် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ကျကို သတင်းပို့ပြီး တာဝန်ရှိသလို ဆက်လုပ်ရပါမယ်။ အခုတော့ ဖြစ်ပြီးသွားပြီဖြစ်တဲ့အတွက် ဘာမှပြောလို့ မရတော့ပါ။ ဒါပေမယ့် အဲဒီလို ရေသန့်ဗူးတွေပစ်ပေါက်ခဲ့တဲ့လူတွေကို ဖော်ထုတ်ပြီး အရေးယူပေးသွားမယ်ဆိုရင် နောင်ပြိုင်ပွဲတွေမှာ စည်းကမ်းမဲ့လုပ်ရပ်တွေ နည်းပါးသွားမယ်၊ ပပျောက်သွားမယ်လို့ ကျွန်တော်က မြင်မိပါတယ်။
ကောင်းတာနဲ့ ဆိုးတာမှာ ဆိုးတာက ပိုပြီးပျံ့နှံ့လွယ်ပါတယ်။ အခုလို ဖိတ်ခေါ်ပြိုင်ပွဲကြီးတစ်ခုလုံးကို အောင်အောင်မြင်မြင်ဖြစ်အောင် ကျင်းပနိုင်ခဲ့တာကို ပြောချင်မှပြောပါလိမ့်မယ်။ ဒါပေမယ့် ရေသန့်ဗူးနဲ့ ပေါက်တတ်တဲ့အကျင့်ရှိတယ်ဆိုပြီး မြန်မာပရိသတ်တွေကို မှတ်ချက်ချပြောကြမှာကတော့ အသေအချာပါပဲ။ နောင်နိုင်ငံတကာပြိုင်ပွဲတွေမှာ မြန်မာပရိသတ်တွေ တစ်ခုခုဖြစ်ခဲ့ရင် ဒီဖြစ်ရပ်တွေကို ပြန်ပြီး နောက်ကြောင်းပြန် ပြောကြပါလိမ့်မယ်။ အင်္ဂလန်ပရီးမီးယားလိဂ်က ပရိသတ်တွေ စည်းကမ်းတကျအားပေးကြတာကို ပြောကြသူ ရှားပါတယ်။ ဒါပေမယ့် အင်္ဂလန်ပရိသတ်ဆိုရင် လူဆိုးတွေလို့ မြင်ကြ၊ ပြောကြ၊ ရေးကြတဲ့လူက ပိုများပါတယ်။ အဲဒီလိုပါပဲ။ ဗိုလ်လုပွဲမှာ လေးဘက်လေးတန်အပြည့် လာအားပေးကြတဲ့ ပရိသတ် ထောင်ပေါင်းများစွာထဲက လက်တစ်ဆုပ်စာ လူလေး ၁၄-၅ယောက်ကြောင့် မြန်မာပရိသတ်တွေကို အခြားလူတွေ အထင်အမြင်သေးမှာကို ကျွန်တော် စိတ်မကောင်းပါဘူး။ ၀ိုင်းဝန်းအဖြေရှာကြဖို့လိုပြီလို့ ထင်မြင်မိပါတယ်။
.................................................................................................
ဘာပဲပြောပြော အားလုံးမျှော်မှန်းထားသလို မြန်မာအသင်း ဗိုလ်စွဲခဲ့ပါပြီ။
ဒီပြိုင်ပွဲက အတွေ့အကြုံကောင်းတွေကို အခြေခံပြီး ဆူဇူကီးပြိုင်ပွဲမှာ ဆက်လက်အောင်မြင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။Justify Full

No comments:

Post a Comment

 
Web Statistics