Monday, December 15, 2008

ပြင်ဦးလွင်ပန်းပွဲတော်နှင့်ဂီတပွဲတော်ကိုယ်တွေ့


တစ်နေ့က ပြင်ဦးလွင် ပန်းပွဲတော်နှင့် ဂီတပွဲတော်ကို ရောက်ပါသည်။ ပန်းပွဲတော်ကို သွားသည်ထက် ဂီတပွဲတော်ကို သွားသည်ဟုဆိုလျှင် ပိုမှန်ပါမည်။ ပထမနှစ်ရက်ကတည်းက ကြည့်ချင်နေသော်လည်း ဘယ်လိုမှ
မအားသည့်အတွက် ကြည့်ခွင့်မရခဲ့ပါသည်။ ဂီတပွဲတော် နောက်ဆုံးနေ့တွင်တော့ ဘယ်လိုပဲဖြစ်ဖြစ် ရောက်အောင်သွားမည်ဟုဆိုကာ သွားခဲ့သဖြင့် ရောက်ခဲ့ရခြင်းဖြစ်ပါသည်။ ကျွန်တော်ရယ် သူငယ်ချင်း ယဉ်ထွန်းရယ်၊ ဇော်လှိုင်ထွန်းရယ် သုံးယောက်သွားကြပါသည်။ အနယ်နယ်အရပ်ရပ်မှ တက်လာကြသော ပရိသတ်များဖြင့် စည်းကားသည်ကို တွေ့ရပါသည်။ ပထမဆုံး National Landmark ကိုသွားပါသည်။
ထိုနေရာတွင် မြို့မတီးဝိုင်းဖြင့် ဖျော်ဖြေရန် ပြင်ဆင်ထားသည်ကို တွေ့ရပါသည်။ ကျွန်တော်တို့ရောက်တာ စောနေသေးသည့်အတွက် အစီအစဉ်များ မစသေးပါ။ ထို့ကြောင့် ဂီတပွဲတော်ကျင်းပရာ ကန်တော်ကြီးသို့ ချီတက်ကြပါသည်။ ဆိုင်ကယ်များ၊ ကားများဖြင့် ရှုပ်ရှက်ခတ်နေသောကြောင့် အတော်ကို သတိထားပြီး
ဆိုင်ကယ်စီးရပါသည်။ ၀င်ပေါက်ကိုရောက်တော့ ဆိုင်ကယ်အပ်ရပါသည်။ တစ်စီးလျှင် ၁၀၀၀ိ/- ပေးရပါသည်။ ပုံမှန် ဆိုင်ကယ်အပ်ခတစ်စီးလျှင် ၂၀၀ိ/- သာပေးရပါသည်။ ဘယ်လိုဖြစ်ပြီး...........။ ကျွန်တော်ဆက်မတွေးတော့ပါ။ ပေးလိုက်ပါသည်။ ကန်တော်ကြီးထဲသို့ ၀င်ခွင့်လက်မှတ်ဝယ်ရပါသည်။ ဥယျာဉ်တွင်းသို့ ၀င်ကြေးသက်သက်ဟု ဆိုပါသည်။ ဂီတပွဲတော် စတေ့ခ်ျရှိုးကြည့်ဖို့က လက်မှတ်သတ်သတ်ဝယ်ရမည်ဟု ဆိုပါသည်။ ဟုတ်ကဲ့ပါပေါ့။ ၀င်ကြေးက တစ်ဦးလျှင် ၁၀၀၀ိ/- ပေးရပါသည်။ ပေးလိုက်ပါသည်။ လမ်းကျတော့ ဂီတပွဲတော်လက်မှတ်ရောင်းသော နေရာလေးတစ်ခု တွေ့ရပါသည်။ လက်မှတ်တစ်စောင်လျှင် ၃၀၀၀ိ/- ပေး၍ ၀ယ်ရပါသည်။ ယနေ့ နောက်ဆုံးနေ့အဖြစ် Hip Hop ဖျော်ဖြေပွဲဖြစ်သည်ဟု သိရပါသည်။ ဘာပဲဖြစ်ဖြစ် ကြည့်ရတာပေါ့လေ။ ဂီတပွဲတော် ကျင်းပြပြုလုပ်သည့်နေရာက ကန်တော်ကြီးအတွင်းရှိ မျှော်စင်အောက်မှာ ဖြစ်ပါသည်။ ပြင်ဦးလွင်တစ်မြို့လုံးကို မြင်နိုင်သော မျှော်စင်အောက်တွင် စင်ထိုး၍ ပြုလုပ်ခြင်းဖြစ်ပါသည်။ Main စပွန်ဆာအဖြစ် ဒဂုံဘီယာမှ ပံ့ပိုးပေးထားသည်ဟု သိရပါသည်။ ကျွန်တော်တို့ရောက်တော့ အနည်းငယ်စောနေသဖြင့် ပွဲမစသေးပါ။ ပရိသတ်လည်း အတော်နည်းနေသည်ကို တွေ့ရပါသည်။ ဘယ်လိုဖြစ်တာလဲပေါ့။ မေးမြန်းကြည့်ရာ ပရိသတ်က အဓိက စိုင်းစိုင်းခမ်းလှိုင်ကို လာကြည့်ကြခြင်းဖြစ်ကြောင်း။ စိုင်းစိုင်းက နောက်ဆုံးမှ ဖျော်ဖြေမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ကြောင့် ပရိသတ်များက အေးအေးဆေးဆေးမှ လာကြမည်ဖြစ်ကြောင်း သိရပါသည်။ သြော် ဂလိုကိုးဟုသာ မှတ်ချက်ချရပါသည်။ တကယ်လည်း နောက်ပိုင်းတွင် ကွင်းတစ်ခုလုံးအပြည့် ပရိသတ်များဝင်လာသည်ကို တွေ့ခဲ့ရပါသည်။ နေ့လည် ၁ နာရီတွင် ပွဲစမည်ဟု လက်မှတ်တွင်ရေးထားသော်လည်း ၁၀ မိနစ်ခန့်နောက်ကျပြီးမှ ပွဲကိုစတင်ပါသည်။
ကျွန်တော်ကိုယ်တိုင်က ဟစ်ဟော့ပ်နှင့် အလှမ်းဝေးသူမို့ ဘယ်သူတွေ တက်ဆိုနေကြမှန်း သေချာမသိပါ။ သေသေချာချာ သိသည်ကတော့ မြန်မာလူမျိုးများ၏ အကျင့်စရိုက်ဖြစ်ပါသည်။ စင်ပေါ်သို့ ရေသန့်ဗူးများ၊ တုတ်ချောင်းများ၊ ခဲလုံးများဖြင့် ပစ်ပေါက်ကြခြင်း ဖြစ်ပါသည်။ အတော်ကို အကြည့်ရဆိုးပါသည်။ ထို့ထက်ပိုဆိုးသည်က ရန်ပွဲများဖြစ်ပါသည်။ ကျွန်တော်ရေတွက်ခဲ့တာ မမှားလျှင် အနည်းဆုံး ရန်ပွဲ ခုနစ်ပွဲလောက် ကြည့်ခဲ့ရပါသည်။ မည်ကာမတ္တရန်ပွဲများမဟုတ်ပါ။ နှာခေါင်းကျိုး၊ ခေါင်းကွဲ၊ ဒူးပြဲ၊ နားထင်ပေါက်နှင့် တကယ့်ကို သွေးသံရဲရဲဖြင့် ဖြစ်ကြသော ရန်ပွဲများဖြစ်ပါသည်။ သို့သော် မည်သည့်လုံခြုံရေးမှ လာရောက်ဖျန်ဖြေခြင်း၊ ဖျန်ဖြေပေးခြင်း၊ ဖမ်းဆီးအရေးယူခြင်း ပြုလုပ်သည်ကို မတွေ့ရပါ။ အတော်လေးအံ့သြမိပါသည်။ ဖြစ်နေကျပဲလေဟု သဘောထားကြလေသလား မတွေးတတ်ပါ။ သေချာသည်ကတော့ ဘေးမှ ငြိမ်းချမ်းစွာ အားပေးနေသော ပရိသတ်ကိုတော့ ထိခိုက်သည်မှာ အမှန်ဖြစ်ပါသည်။ ရန်ဖြစ်ပြီဆိုသည်နှင့် ဟိုပြေးရဒီပြေးရ၊ သူတို့ပစ်ပေါက်သော တုတ်ချောင်းများ၊ ခဲများကိုလည်း ရှောင်ရတိမ်းရနှင့် အတော်ကို အနေအစားပျက်ရပါသည်။ ထားပါတော့။ ဖျော်ဖြေပွဲကို ပြန်ဆက်ပါမည်။ ဘယ်သူတွေမှန်းမသိ တစ်ဖွဲ့ပြီးတစ်ဖွဲ့ တက်လာကြ၊ ဆိုကြ၊ ဆင်းသွားကြဖြစ်ပါသည်။ ထိုအထဲတွင် ပြင်ဦးလွင်သားနှစ်ယောက်အဖွဲ့ဆိုပြီး တက်ဆိုသော နှစ်ယောက်ကိုတော့ အတော်ကို မျက်မုန်းကျိုးသွားပါသည်။ စင်ပေါ်သို့ တက်လာကတည်းက သူများတွေလို မင်္ဂလာပါ ဘာညာမပြောဘဲ အင်္ဂလိပ်လို ဆဲဆိုပြီး တက်လာပါသည်။ သူတို့ကို ဘယ်သူတွေမှန်း ကျွန်တော်မသိပါ။ ကျွန်တော်သိသည်က လက်ထဲတွင် မိုက်ကရိုဖုန်းရသွားသည်နှင့် သူတို့လုပ်ချင်ရာကို လုပ်ခွင့်ရပြီဆိုသည့်ပုံစံနှင့် သီချင်ဆိုသွားသည်ကို တွေ့ရပါသည်။ ဘာတွေဆိုမှန်းလည်းမသိပါ။ တစ်ခါမှလည်း မကြားဖူးပါ။ ဘေးက လူငယ်တွေကို မေးကြည့်တော့လည်း သူတို့လည်း ထိုအဖွဲ့ကို မသိကြောင်း။ ထိုသီချင်းကို တစ်ခါမှ မကြားဖူးကြောင်း သိရပါသည်။ အတော်လေးကို ရိုင်းစိုင်းသည့်အဖွဲ့ဖြစ်ပါသည်။ စင်ပေါ်မှ ဆင်းကာနီးတွင် တစ်ခါထပ်ဆဲသွားပါသေးသည်။ ကျွန်တော့်မှာ စင်ပေါ်သို့တက်၍ ပြေးထိုးချင်စိတ်ကို အတော်ကိုထိန်းရပါသည်။
ကျွန်တော်သိသော အဆိုတော်များ တက်လာတော့ လူက နည်းနည်းတော့လန်းသွားပါသည်။ သီချင်းလေးတွေ လိုက်ဆိုလို့ရသည်။ စည်းချက်ဝါးချက်နှင့်အညီ လိုက်လှုပ်လို့ရသည်ကိုး။ ငယ်ငယ်က သီချင်း (၄)ပုဒ်ဆိုသွားသည်။ ဂျင်းနီက (၄)ပုဒ်။ ပြီးတော့ ဒီဂျေဂျေးက သီချင်း (၄)ပုဒ်ကို ဒီဂျေပွတ်ပြီး ပရိသတ်ကို ကခိုင်းသည်။ သူ့ဟာနဲ့သူတော့ ဟုတ်နေကြသည်။ ရဲလေးတက်လာတော့ ပရိသတ် နည်းနည်းလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ရဲလေးပရိသတ်အတော်များကြောင်း တွေ့ရသည်။ ရဲလေးဆိုသမျှကို အောက်ကနေ လိုက်ဆိုကြသည်။ ရဲလေးပြီးတော့ ဂျောက်ဂျက်ဆိုတာ တက်လာသည်။ စတက်လာကတည်းက အငြိမ်တက်မလာ။ ခုန်ပေါက်ပြီး ထွက်လာတာ တွေ့ရသည်။ ပရိသတ်ကလည်း အတော်လေးအားပေးသည်ကို တွေ့ရသည်။ ကျွန်တော့်မှာ အမှန်အတိုင်းပြောရလျှင် ဂျောက်ဂျက်ဆိုသည့်အဆိုတော် ရှိမှန်းပင်မသိ။ သူ့သီချင်းတွေ ကြားဖူးဖို့ဆိုတာ ဝေလာဝေး။ သို့သော် ပရိသတ်က သူဆိုသမျှ လိုက်ဆိုကြသည်ကိုတွေ့ရသည်။ ဟုတ်လှချည်လားပေါ့။ သူ့သီချင်းများတွင် စကားလုံးကြမ်းကြမ်းတမ်းတမ်းများ ပါနေသည်ကိုတွေ့ရသည်။ လူငယ်တွေက ထိုစကားလုံးတွေကိုပဲ ခုံမင်နေသလားဟု ရင်လေးစွာတွေးရင်း ဘုရားတမိသည်။ ပရိသတ်က ယောက်ျားလေးတွေချည်းပဲ မဟုတ်။ မိန်းကလေးပရိသတ်တွေလည်းအများကြီး။ သူဆိုသည့် စကားလုံးတွေက သေချာပေါက် မောင်နှင့်နှမ၊ သားနှင့်အမိ နားထောင်လို့ရသော စကားလုံးများမဟုတ်ချေ။ ခေတ်ကိုပဲ ပုံချရတော့မည်ထင်သည်။ ကျွန်တော်တို့တွေကိုက ခေတ်မမီတော့တာ ဖြစ်မည်။ နောက်ဆုံးဖျော်ဖြေသူက စိုင်းစိုင်းခမ်းလှိုင်။ ပရိသတ်အားလုံး ၀ရုန်းသုန်းကား အားပေးကြသည်။ စိုင်းစိုင်းခမ်းလှိုင်က သစ္စာတော် (၇) ဖြင့် စတင်ဖွင့်လှစ်သည်။ ထို့နောက် ကြေငြာရန်မလိုဖြင့် ပရိသတ်ကို လီဗာမြှင့်သည်။ သူ့သီချင်းတွေအားလုံးနီးပါးက လူတိုင်းရကြတော့ လိုက်ဆိုကြ ကကြနှင့် ပျော်စရာကြီးပဲဖြစ်သည်။ တစ်ခုရှိသည်က သူနှင့်အတူဆိုသည့် တစ်ယောက်က ယခင်ဆိုသည့် Litကောင်းမြတ်လို အဆိုမညက်ညောခြင်းဖြစ်သည်။ သူ့အသံကြီးက စူးပြီးထွက်ထွက်လာတော့ သီချင်းကို ခံစားရတာ အတော်ကို ရသပျက်စေသည်။ ထို့နောက် စိုင်းစိုင်းခမ်းလှိုင် နောက်ထွက်မည့် အဲဗားဂေါ်လီစီးရီးထဲက တိမ်တွေပေါ်မှာ သီချင်းကို ဆိုပြသည်။ သီချင်းအသစ်ဖြစ်သည့်အတွက် ပရိသတ်က ငြိမ်သွားသည်။ ဒါကို စိုင်းစိုင်းခမ်းလှိုင်က လူကြမ်းလေး သီချင်းဖြင့် ပြန်ဆွဲတင်သွားသည်။ `ပြင်ဦးလွင်နှင့် SAI ´ ဆိုပြီး ပရိသတ်ကို အော်ခိုင်းသွားသည်။ စိုင်းစိုင်းခမ်းလှိုင်က ``ကဲအားလုံး ထော်လာဂျီပေါ် တက်ကြမယ်´´ ဟု ပြောလိုက်တော့ ကွင်းတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ဘယ်လိုမှ ထိန်းမရတော့။ တစ်ကွင်းလုံး အားလုံးကကုန်သည်။ ကျွန်တော်တို့နောက်နားတွင် ရေသန့်ဗူးခွံလိုက်ကောက်နေသော ကလေးတွေအားလုံး အိတ်တွေကိုပစ်ပြီး ပြေးထွက်လာကြသည်။ ဟိုက်ရှားပါ။ ကျွန်တော်အတော်ကို မျက်လုံးပြူးသွားသည်။ အံ့သြသွားသည်။ ကလေးတွေက သီချင်းကို အပီအပြင်လိုက်ဆိုပြီး ကနေကြသည်မှာ ကွေးနေသည်။ တစ်ချိန်က ဗဒင်၏ နေရာစီးရီးအောင်မြင်မှုကို ပြန်တွေးမိသည်။ ယခုဟာက ထို့ထက် ပိုသည်ထင်သည်။ စိုင်းစိုင်း၏ တောဂေါ်လီသည် ကလေးရောလူကြီးပါမကျန် လိုက်ဆိုနိုင်သော Icon သီချင်းတစ်ပုဒ်ဖြစ်နေပြီလားဟု ကျွန်တော်တွေးမိသည်။ စိုင်းစိုင်းက သီချင်းတွေဆက်ဆိုနေသည်။ အားလုံးပြီးမှထွက်လျှင် ဘယ်လိုမှ ဒီလူအုပ်နှင့်တိုးလို့မရနိုင်မှန်း သိသဖြင့် ကြည့်ချင်သေးသော်လည်း ပြန်ထွက်လာခဲ့ရသည်။ လမ်းမှကြားနေရသည်။ စိုင်းစိုင်းက ပရိသတ်နှင့် မိုက်တယ်၊ မိုက်တယ်တို့ အော်နေသံများ။ ပန်းပွဲတော်အတွက် ပြင်ဆင်ထားသည်များမှာ အင်မတန်လှပပါပေသည်။ ဂီတပွဲတော်အတွက် ဖျော်ဖြေမှုများကလည်း အဆင့်မီပါပေသည်။ သို့သော် ကျွန်တော်တို့ မြန်မာလူမျိုးများ၏ ပွဲလမ်းသဘင်တွင် ပြုမူတတ်သော အပြုအမူများ၊ အပြောအဆိုများကမူ အဆင့်မီရန် များစွာလိုအပ်နေပါသေးသည်။ ပိုက်ဆံရလျှင်ပြီးရောသဘောဖြင့် ပွဲစီစဉ်ရုံသက်သက်မလုပ်ဘဲ ပွဲကြည့်ပရိသတ်အားလုံး စိတ်အေးချမ်းသာစွာ ကြည့်ရှုခံစားနိုင်ရန်အတွက် လုံခြုံရေးအစီအမံများ သေသေချာချာပြုလုပ်၍ ထိန်းသိမ်းပေးလျှင် အရုပ်ဆိုးအကျည်းတန်သော မြင်ကွင်းများ ပပျောက်၍ ပိုမိုအဆင့်အတန်းမြင့်မားသော ဖျော်ဖြေပွဲများ၊ ပွဲလမ်းသဘင်များ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မိပါကြောင်း။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)

No comments:

Post a Comment

 
Web Statistics