Wednesday, March 04, 2009

Important Report for Buddhism


ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆဋ္ဌအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေး၌ မိန့်ကြားတော် မူအပ်သော သဘာပတိ၊ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ မဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရ မကွေးဆရာတော်ဘုရားကြီး၏ သာရဏီယသြ၀ါဒကထာမှာ အောက်ပါအတိုင်းဖြစ်သည်-





[၁၃၇၀ ပြည့်နှစ်၊ တပေါင်းလဆန်း ၅ ရက်၊ ၂၈-၂-၂၀၀၉ ရက် (စနေနေ့)]



ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်နယ်၊ တိုင်းအသီးသီးတို့မှ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဦးတည်ချက်ဖြင့် ထက်သန်တက်ကြွသော သာသနာပြုစိတ်ဓာတ်အပြည့်အ၀ထားကာ ကြွရောက်တော်မူလာကြကုန်သော သာသနာ့ဦးသျှောင် ဖြစ်တော်မူကြသည့် နိုင်ငံတော်သြ၀ါဒါစရိယဆရာတော်ဘုရားကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်အရှင်မြတ်တို့ဘုရား။

ဆရာတော်အရှင်မြတ်တို့ သက်တော်ရာကျော်ရှည်တော်မူကြလျက် ကိုယ်စိတ်နှစ်ဖြာ ကြည်သာရွှင်လန်း ချမ်းမြေ့စွာဖြင့် သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားတိုးတက်အောင် ဆောင်ရွက်တော်မူနိုင်ကြပါစေဟု ပတ္ထနာပြုလျက် နှုတ်ခွန်းဆက်သပါသည်ဘုရား။

ဆရာတော်ဘုရားများနှင့် ယခုလိုတစ်နှစ်လျှင် တစ်ကြိမ်ကျ စုံညီတွေ့ဆုံကြရ၍ သာသနာတော်အတွက် အရေးကြီးသောကိစ္စများကို တိုင်ပင်ညှိနှိုင်းဆွေးနွေးကြရ၊ အသိအမြင်ချင်း ဖလှယ်ကြရသောကြောင့် သာသနာတော် အတွက် အထူးပင်နှစ်သက် ၀မ်းမြောက်ရပါကြောင်း ထပ်လောင်းလျှောက်ထားပါသည်ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား-

ဗုဒ္ဓမြတ်စွာသည် “ပဉ္စိမာနိ ဘိက္ခဝေ အနာပတဘယာနိ ဧတရဟိ အသမုပ္ပန္နာနိအယတိံ သမုပ္ပဇ္ဇိဿန္တိ တာနိဝေါ ပဋိဗုဇ္ဈိတွာ စ တေသံ ပဟာနာယ ၀ါယမိတဗ္ဗံ”

(အံ-၂-၉၃၊ ၉၅)

“ရဟန်းတို့ ဤအနာဂတ်ဘေးငါးပါးတို့သည် ယခုအခါမဖြစ်ပေါ်သေးကုန် နောင်အခါ၌ ဖြစ်ပေါ်ကုန်လိမ့်မည်၊ ထိုအနာဂတ်ဘေးတို့ကို သင်တို့ကြိုတင်သိထားကြရမည် (ကြိုတင်သိထားအောင် လေ့လာစုံစမ်းထောက်လှမ်းထားကြ ရမည်)။ ကြိုတင်သိထားပြီး၍လည်း ထိုဘေးတို့ကို သုတ်သင်ပယ်ရှားတားမြစ်နိုင်အောင် ကြိုးစားအားထုတ်ကြရမည်” စသည်ဖြင့် အနာဂတ်ကာလ၌ဖြစ်ပေါ်လာမည့် ဘေးငါးမျိုးတို့ကို ဟောကြားတော်မူခဲ့ပါသည်ဘုရား။

ထိုအနာဂတ်ကာလ၌ ဖြစ်ပေါ်လာမည့် ဘေးငါးမျိုးတို့ကို အကျဉ်းချုပ်၍ လျှောက်ထားပါမည်ဘုရား-

(၁) ကာယာနုပဿနာကို ပွားများပြီးမဟုတ်ကြကုန်သော၊ သီလကိုပွားများပြီး မဟုတ်ကြကုန်သော၊ သမာဓိစိတ်ကို ပွားများပြီး မဟုတ်ကြကုန်သော၊ ပညာကို ပွားများပြီးမဟုတ်ကြကုန်သော ဥပဇ္ဈာယ်ရဟန်းတို့သည် မိမိတို့ကိုယ်တိုင် ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကို ပွားများပြီး မဟုတ်ကြပါဘဲလျက် အခြားတပည့်လူသာမဏေတို့ကို ပဉ္စင်းခံပေးကြလိမ့်မည်။

(၂) ထိုကဲ့သို့သော ရဟန်းတို့က နိဿရည်းဆရာလုပ်၍ တပည့်မွေးကြကုန်လိမ့်မည်။ ထိုဥပဇ္ဈာယ်ဆရာ၊ နိဿရည်း ဆရာတို့၏ တပည့်အဆက်ဆက်တို့သည်လည်း ကာယာနုပဿနာကို မပွားများကြကုန်၊ သီလကိုမပွားများကြ ကုန်၊ သမာဓိစိတ်ကို မပွားများကြကုန်၊ သီလကိုမပွားများကြကုန်၊ သမာဓိစိတ်ကို မပွားများကြကုန်၊ ပညာကို မပွားများကြကုန်၊ တပည့်အဆက်ဆက်တို့ကိုလည်း ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကို ပွားများအောင် ဆုံးမခြင်းငှာ စွမ်းနိုင်ကြလိမ့်မည်မဟုတ်ကုန်။

ဤနည်းအားဖြင့် ဓမ္မပျက်စီးကွယ်ပခြင်းကြောင့် ၀ိနည်းပျက်စီးကွယ်ပ၏။ ၀ိနည်းပျက်စီးကွယ်ပခြင်းကြောင့် ဓမ္မ ပျက်စီးကွယ်ပ၏။

(၃) ရဟန်းတို့သည် ဆိုအပ်ပြီးသည့်နည်းတူ ကာယ၊ သီလ၊ စိတ္တ၊ ပညာကို ပွားများပြီး မဟုတ်ကြပါဘဲလျက် အဘိဓမ္မာနှင့်စပ်သော တရားစကား၊ ဉာဏ်ပညာနှင့်စပ်သော တရားစကားတို့ကို ဟောပြောကြရင်းပင် သူတစ်ပါးတို့၏ ပျော့ကွက်၊ ဟာကွက်၊ အပြစ်အနာအဆာကဲ့ရဲ့ဖွယ်ရာတို့ကို ရှာဖွေသောအားဖြင့် ဒေသနာ လမ်းကြောင်း တစ်မျိုးပြောင်းကြကုန်သည်ဖြစ်၍ သန့်ရှင်းစင်ကြယ်သော တရားမှန်ကို မသိနိုင်ကြကုန်လတ္တံ့၊ (ဒေါသစိတ်ဖြင့် သူတစ်ပါးကို ပုတ်ခတ်လျက်လည်းကောင်း၊ ထိုတရားဓမ္မကို မိမိကိုယ်တိုင်သိသော တရားအနေအားဖြင့် သတ်မှတ်လျက်လည်းကောင်း၊ လာဘသက္ကာရကို မျှော်ကိုးလျက်လည်းကောင်း ဟောပြောသောအားဖြင့် မည်းညစ်နောက်ကျုသော အကုသိုလ်ဘက်သို့ သက်ရောက် ကူးပြောင်းသွားကြလိမ့် မည်။)

ဤနည်းအားဖြင့် ဓမ္မပျက်စီးကွယ်ပခြင်းကြောင့် ၀ိနည်းပျက်စီးကွယ်ပ၏။ ၀ိနည်းပျက်စီးကွယ်ပခြင်းကြောင့် ဓမ္မပျက်စီးကွယ်ပ၏။

(၄) ထိုရဟန်းတို့သည် ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကို ပွားများပြီး မဟုတ်ကြခြင်းကြောင့် ခက်ခဲနက်နဲကုန်၊ ခက်ခဲ နက်နဲသော အနက်အဓိပ္ပါယ်ရှိကြကုန်သော လောကုတ္တရာတရားကိုးပါးကို ဖော်ပြကုန်သော သတ္တ၀ါကောင်၊ အသက်ကောင်၊ အတ္တကောင်မှ ဆိတ်သုဉ်းသော ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ပဋိစ္စသမုပ္ပာဒ် တရားသဘော သက်သက်နှင့်သာ သက်ဆိုင်ကုန်သော ဘုရားဟောတရားတော်တို့ကို ဟောပြအပ်ကုန်သည်ရှိသော် မနာယူချင်ကြ၊ နားမထောင်ချင်ကြ၊ စိတ်ပါလက်ပါ ရှင်းရှင်းလင်းလင်း သိလိုစိတ် မရှိကြကုန်လတ္တံ့။

ထိုဘုရားဟောတရားတော်တို့ကို သင်ကြားလေ့လာဆည်းပူးထိုက်ကုန်၏ဟူ၍ မမှတ်ထင်ကြကုန်၊ သာသနာပြင်ပ ပုဂ္ဂိုလ်များ ရေးသားအပ်သော တရားသဘော အချက်အလက်များကိုသာ လိုလိုချင်ချင် နားထောင်ကြကုန်၊ စိတ်ပါလက်ပါ ရှင်းရှင်းလင်းလင်း သိလိုစိတ်ရှိကြကုန်၊ သင်ကြားဆည်းပူးထိုက်ကုန်၏ဟူ၍ မှတ်ထင်ကြကုန် လတ္တံ့။

ဤနည်းအားဖြင့် ဓမ္မပျက်စီးကွယ်ပခြင်းကြောင့် ၀ိနည်းပျက်စီးကွယ်ပ၏။ ၀ိနည်းပျက်စီးကွယ်ပခြင်းကြောင့် ဓမ္မပျက်စီးကွယ်ပ၏။

(၅) ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကို ပွားများပြီးမဟုတ်ကြကုန်သော ထေရ်ကြီးရဟန်းတို့သည် ပစ္စည်းလာဘ်လာဘ ပေါများအောင် အားထုတ်ကြကုန်၊ သိက္ခာသုံးဖြာသာသနာတော်ကို ပေါ့ပေါ့လျော့လျော့ကျင့်ကြကုန်၊ အောက် အပါယ်ဘုံသို့ရောက်ကြောင်း မကောင်းသောအကျင့်များ၌ ရှေ့သွားပဓာနထားကြကုန်၊ မဂ်ဖိုလ်ရကြောင်း ကောင်းမြတ်သောကျင့်စဉ်များ၌ တာဝန်မဲ့အားထုတ်မှု လုံ့လ၊ ၀ီရိယကို လျှော့ချထားကြကုန်လတ္တံ့။

ထိုရဟန်းတို့၏ နောင်လာနောက်သားတပည့်များလည်း ဒိဋ္ဌာနုဂတိလိုက်ကာ ဆရာ့အပြုအမူအတိုင်း ပြုကျင့်ကြလိမ့်မည်။

ဤနည်းအားဖြင့် ဓမ္မပျက်စီးကွယ်ပခြင်းကြောင့် ၀ိနည်းပျက်စီးကွယ်ပ၏။ ၀ိနည်းပျက်စီးကွယ်ပခြင်းကြောင့် ဓမ္မပျက်စီးကွယ်ပ၏။

ထိုဘေးကြီးငါးမျိုးတို့ နောင်အခါဖြစ်ပေါ်လာကြလိမ့်မည်ကို သင်တို့ကြိုတင်သိထားကြရမည်။ (ကြိုတင် သိထားအောင် လေ့လာစုံစမ်းထောက်လှမ်းထားကြရမည်။) ကြိုတင်သိထားပြီး၍လည်း ထိုဘေးတို့ကို သုတ်သင် ပယ်ရှားတားမြစ်နိုင်အောင် ကြိုးစားအားထုတ်ကြရမည်ဟု ဟောတော်မူခဲ့ပါသည်ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား- မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ထိုဘေးကြီးငါးမျိုးတို့သည် ယခုအခါ မြန်မာနိုင်ငံတော်အတွင်း၌ အနည်းအများပမာဏ ကွာခြားသော်လည်း ငါးမျိုးစလုံး ဖြစ်ပေါ်နေပါသည်ဘုရား။

ထိုငါးမျိုးတို့အနက် လွန်စွာတုန်လှုပ်ချောက်ချားဖွယ်ကောင်းလှသော ဘေးကြီးနှစ်မျိုးတို့ကို အနည်းငယ်မျှ ထုတ်ပြ လျှောက်ထားပါမည်ဘုရား။

ထိုနှစ်မျိုးတို့မှာ တတိယဘေးကြီးနှင့် စတုတ္ထဘေးကြီးများဖြစ်ပါသည်ဘုရား။ ထိုတတိယဘေးကြီး၊ စတုတ္ထ ဘေးကြီးများနှင့် ဆက်နွှယ်နေသော အဓမ္မ၀ါဒများ ရှေးအခါက ပေါ်ပေါက်ခဲ့ဖူးပါသည်ဘုရား။

ထိုပေါ်ပေါက်ခဲ့ဖူးသော အဓမ္မ၀ါဒများကို သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်း၍ ငါးနှစ်သက်တမ်းမှာပင် နိုင်ငံတော် သီးခြား ၀ိနည်းဓိုရ်အဖွဲ့များဖွဲ့စည်း၍ သုတ်သင်ပယ်ရှား တားမြစ်ခဲ့ပါသည်ဘုရား။

ထို့နောက် ဆက်လက်ပေါ်ပေါက်လာသော အဓမ္မ၀ါဒများကိုလည်း နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့များဖြင့်ပင် သုတ်သင်ပယ်ရှား တားမြစ်ခဲ့ပြီးဖြစ်ပါသည်ဘုရား။ သို့ရာတွင် ထိုသုတ်သင်ပယ်ရှား တားမြစ်ခဲ့ပြီးသော အဓမ္မ၀ါဒများ တစ်စတစ်စ ခေါင်းထောင် ထလာနေသည်ကိုလည်းကောင်း၊ ထိုအဓမ္မ၀ါဒအဖြစ် ဆုံးဖြတ်အပ်ပြီးသော စာအုပ်စာတမ်း များကို မိတ္တူကူး၍ အတိအလင်းရောင်းချနေသည်ကိုလည်းကောင်း ယခင်အစည်းဝေးများ၌ ဘုရားတပည့်တော် လျှောက်ထားခဲ့ဖူးပါသည်ဘုရား။

ယခုအခါ ထိုအဓမ္မ၀ါဒများထက်ပင်သာလွန်၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အဓမ္မ၀ါဒများကို ဟောပြောခြင်း၊ သင်တန်းပေးခြင်း၊ စာအုပ်စာတမ်း ထုတ်ဝေဖြန့်ချိခြင်း စသည်တို့ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နေသော အဓမ္မ၀ါဒီပုဂ္ဂိုလ်များ ထင်ထင်ရှားရှား မြောက်မြားစွာ ပေါ်ပေါက်နေသည်ကို ဆရာတော်ဘုရားများလည်း ကြားသိသင့်သမျှ ကြားသိနေကြပါလိမ့်မည်ဘုရား။

ထိုအဓမ္မ၀ါဒဘေးဆိုးကြီးသည် ထေရ၀ါဒဗုဒ္ဓသာသနာတော်ကြီးကို ဖြိုချဖျက်ဆီးပစ်မည့် ဘေးဆိုးကြီးဖြစ်ကြောင်း ကို အရိပ်အမြွက်မျှ လျှောက်ထားပါမည်ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား- ယခုခေတ်သည် အသစ်အဆန်းကို အထင်ကြီးကာ မြတ်နိုးတတ်သော အချို့ ရဟန်းရှင်လူများ များပြားနေသောခေတ်ဖြစ်ပါသည်။ ယင်းအချက်ကို အခွင့်ကောင်းယူကာ အဓမ္မ၀ါဒထူထောင်လိုသူ အဓမ္မ၀ါဒီများသည် မိမိတို့၏ သာသနာတော်၌ ပြုပြင်၍မရနိုင်သော အပြစ်တစ်စုံတစ်ရာ အကြောင်းတစ်မျိုးမျိုးကြောင့် ထွက်ပေါက်ရှာသောအနေအားဖြင့် ဤအဓမ္မ၀ါဒကို ဟောပြောပြသ ဖြန့်ချိလိုက်ကြလေရာ ထိုအဓမ္မ၀ါဒီများ၏ ဆောင်ရွက်ချက်သည် တစ်ဟုန်ထိုးကျယ်ပြန့် ပွားများလာခဲ့ပါသည်ဘုရား။

ထိုအဓမ္မ၀ါဒီများသည် မြတ်စွာဘုရားဟောကြားခဲ့သည့် သံဂါယနာ (၆)ကြိမ်တင် ဗုဒ္ဓပါဝစန ပါဠိတော်ကြီးများ ကိုပင် ဘုရားဟောမဟုတ်လေဟန်၊ ဗြဟ္မဏ၀ါဒ (ဟိန္ဒူဝါဒ)ဖြစ်လေဟန်လည်းကောင်း၊ ထေရ၀ါဒဗုဒ္ဓသာသနာ၌ ဘုရားဟောပါဠိတော်လောက်နီးနီး အားထားပို့ချ သင်ယူနေကြရသည့် အဋ္ဌကထာများ၏ လွဲမှားစွာဖြင့် ဖွင့်ပြမှုကြောင့် မြန်မာနိုင်ငံ၌ ဗုဒ္ဓ၀ါဒအစစ်အမှန်များ ကွယ်ပျောက်နေရသည်ဟုလည်းကောင်း ဤသို့စသော အဓမ္မ၀ါဒများကို သင်ကြား၊ ပို့ချ၊ ရေးသား၊ ဖြန့်ချိနေကြပါသည်ဘုရား။

ထိုအဓမ္မ၀ါဒဘေးဆိုးကြီးသည် ယခင်ကပေါ်ပေါက်ခဲ့ဖူးသော အဓမ္မ၀ါဒများထက်ပင် လွန်စွာတုန်လှုပ်ချောက်ချား ဖွယ်ကောင်းသော ဘေးဆိုးကြီးဖြစ်ပါသည်။

“တာနိဝေါ ပဋိဗုဇ္ဈိတဗ္ဗာနိ” “ထိုဘေးဆိုးကြီးများကို သင်တို့ ကြိုတင်သိထားကြရမည်” ဟူသော မြတ်ဗုဒ္ဓ၏ အမိန့်တော်အတိုင်း ထိုဘေးဆိုးကြီးများကို တပည့်တော်တို့ ဆရာတော်တို့ ကြိုတင်သိထားအောင် လေ့လာစုံစမ်း ထောက်လှမ်းထားကြရပါမည်ဘုရား။

“ပဋိဗုဇ္ဈိတွာစ တေသံ ပဟာနာယ ၀ါယမိတဗ္ဗံ” “ကြိုတင်သိထားပြီး၍လည်း ထိုဘေးတို့ကို သုတ်သင်ပယ်ရှား တားမြစ်နိုင်အောင် ကြိုးစားအားထုတ်ကြရမည်” ဟူသော မြတ်ဗုဒ္ဓ၏အမိန့်တော်အတိုင်း ယခုပေါ်ပေါက်နေသော သာသနာ့ဘေးဆိုးကြီးကို နိုင်ငံတော်သံဃမဟာနာယကအပါအ၀င် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များနှင့် အခြားရဟန်းပညာရှင်၊ လူပညာရှင်များ ညီညီညွတ်ညွတ် ညှိနှိုင်းတိုင်ပင်၍ သုတ်သင်ပယ်ရှား တားမြစ်နိုင်အောင် ကြိုးစားအားထုတ်ကြရန် အချိန်ကျရောက်နေပါပြီဘုရား။ ထိုသို့ အားထုတ်ကြရာ၌ သူ့တာဝန် ငါ့တာဝန်ဟု မခွဲခြားဘဲ သာသနမာမက ရဟန်းရှင်လူအားလုံး ညီညာဖြဖြ ဆောင်ရွက်ကြရန် လျှောက်ထားပါသည်ဘုရား။

ယင်းသို့ ဆောင်ရွက်ရာ၌ သံဃာထုအင်အားကို များစွာလိုအပ်ပါသည်ဘုရား။ ကိဋာဂိရိအရပ်၌ အဿဇိပုနဗ္ဗသုကမည်သော အလဇ္ဇီရဟန်းဆိုးတို့ သာသနာတော်၌ မသင့်မတော် မလျော်မလျောက်သည့် အကျင့်ဆိုး တို့ကို ပြုကျင့်နေကြသည်ကို မြတ်စွာဘုရားကြားသိတော်မူရ၍ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့ကို ခေါ်တော်မူပြီးလျှင် “သာရိပုတ္တရာ၊ မောဂ္ဂလန်တို့ …… သင်တို့သည် ကိဋာဂိရိသို့သွား၍ အဿဇိပုနဗ္ဗသုကတို့ကို ကိဋာဂိရိမှနှင်ထုတ်ကြ၊ ထိုရဟန်းများသည် သင်တို့၏ တပည့်များဖြစ်ကြသည်” ဟု စေခိုင်းတော်မူလေရာ အရှင်သာရိ ပုတ္တရာ၊ အရှင်မောဂ္ဂလာန်တို့က “ရှင်တော်မြတ်ဘုရား ….. အဿဇိပုနဗ္ဗသုက ရဟန်းများသည် ခက်ထန်ကြမ်းကြုတ် ကြပါသည်၊ ဘယ်ပုံဘယ်နည်း နှင်ထုတ်ကြရပါမည်နည်း” ဟု လျှောက်ထားသောအခါ ဘုရားရှင်က “ဒီလိုဆိုလျှင် များစွာသောရဟန်းတို့ကို ခေါ်သွားကြ” ဟု မိန့်တော်မူခဲ့ပါသည်ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား- ဤမြတ်စွာဘုရားမိန့်ကြားတော်မူသည့် နည်းအတိုင်း ယခုပေါ်ပေါက်သော သာသနာ့ဘေးဆိုးကြီးသည်လည်း သာသနာတော်နယ်ပယ်အတွင်း စိမ့်ဝင်ထိုးဖောက်၍ အတွင်းမှလှိုက်စားလျက် သာသနာတော်ကို ဖြိုချဖျက်ဆီးမှု၊ အပြင်မှ အထင်အရှားရေးသားဟောပြောခြင်း၊ ဖြန့်ချိခြင်း၊ သင်တန်းပေးခြင်း၊ စည်းရုံးခြင်း စသည်ပြုလျက် သာသနာတော်ကို ဖြိုချဖျက်ဆီးမှုတို့ဖြင့် ဘက်စုံထောင့်စုံမှ ထေရ၀ါဒ ဗုဒ္ဓသာသနာတော်မြတ်ကြီးကို အမြစ်ပါမကျန်အောင် တွန်းလှန်ဖြိုဖျက်နေသော လွန်စွာအင်အားကြီးမားသည့် သာသနာ့ ဘေးဆိုးကြီဖြစ်ရကား ထိုသာသနာ့ဘေးဆိုးကြီးကို သုတ်သင်ပယ်ရှား တားမြစ်ရာ၌ သံဃာအင်အားကို များစွာ လိုအပ်လှပါသည်ဘုရား။

သို့ဖြစ်ပါ၍ ဆရာတော်ဘုရားများသည် မိမိတို့နေရပ်ဒေသ၊ မိမိတို့ရောက်ရာဒေသ ဟူသမျှတို့၌ ထေရ၀ါဒသာသနာဝင် ရဟန်းတော်အားလုံး ဤသာသနာ့ဘေးဆိုးကြီး ပေါ်ပေါက်နေသည်ကို သဘောပေါက်လောက် အောင် ရှင်းလင်းပြောပြ၍ ထိုသာသနာ့ ဘေးဆိုးကြီးကို သုတ်သင်ပယ်ရှားတားမြစ်ရာ၌ သာသနာ့စိတ်ဓာတ် အပြည့်အ၀ဖြင့် တက်တက်ကြွကြွ ပါဝင်လာကြအောင် လှုံ့ဆော်စည်းရုံးတော်မူကြရန် တောင်းပန်လျှောက်ထားပါသည် ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား- ယခုဖြစ်ပေါ်နေသည့် သာသနာ့ဘေးဆိုးကြီးကို သုတ်သင်ဖယ်ရှားတားမြစ်ရာ၌ ဓမ္မစက်သက်သက်ဖြင့်သာ ဆောင်ရွက်၍ အောင်မြင်နိုင်မည်မဟုတ်ပါ။

“သာသနံနာမ ရာဇာနံ၊ နိဿာယ တိဋ္ဌတေဣဓ= ဤလောက၌ သာသနာတော်မည်သည် မင်းကိုမှီ၍ တည်တံရ၏” ဟူသော က၀ိထေရ်မွန်ပညာဝန်တို့၏ အဆိုအမိန့်အတိုင်း နိုင်ငံတော်အစိုးရမင်းတို့၏ အာဏာစက်နှင့် တွဲဖက်၍ ဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်ပါသည်ဘုရား။

မှန်ပါသည်ဘုရား။

သာသနာ့သမိုင်းကို လေ့လာပါလျှင် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီးကျင်းပ၍ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ဖွဲ့စည်းကာ သာသနာတော်တည်တံ့ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့သည့် ကောဇာသက္ကရာဇ် ၁၃၇၀ ပြည့်နှစ်အထိ သာသနာတော် ၂၅၅၂ ခုနှစ်အတွင်း ဓမ္မစက်၊ အာဏာစက်တွဲဖက်၍ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့သည်မှာ ခြောက်ကြိမ်မျှသာ ထင်ထင်ရှားရှား တွေ့မြင်ရပါသည်ဘုရား။

ပထမအကြိမ်

ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသည်မှ လေးလမြောက်တွင် အရှင်မဟာကဿပထေရ်သည် အဇာတသတ်မင်း၏ အကူအညီဖြင့် သုဘဒ္ဒကဲ့သို့သော ရဟန်းဆိုးများ၊ မဂဓတိုင်း၊ ရာဇဂြိုဟ်၌ ၀ါဆိုဝါကပ် မနေကြစေရန် ဉတ်ကမ္မ၀ါစာဖြင့် ပယ်ရှားတားမြစ်၍ မဂဓတိုင်း၊ ရာဇဂြိုဟ်မြို့တော် သတ္တပဏ္ဏိလိုဏ်ဂူအနီး မဏ္ဍပ်ကြီး၌ ရဟန္တာငါးရာတို့ဖြင့် ပထမသံဂါယနာ တင်တော်မူကာ ဓမ္မစက်၊ အာဏာစက်တွဲဖက်လျက် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားအောင် ဆောင်ရွက်တော် မူခဲ့ပါသည်ဘုရား။


ဒုတိယအကြိမ်

သာသနာတော်နှစ် ၁၀၀ အရောက်တွင် ၀ဇ္ဇီတိုင်းသားရဟန်းများ၏ ပြောဆိုကြေညာသည့် အဓမ္မ၀တ္ထု ၁၀ ပါးကို အကြောင်းပြု၍ အရှင်မဟာယသ အမှူးရှိသော ရဟန္တာ ခုနစ်ရာတို့သည် ကာလာသောကမင်း၏ အကူအညီဖြင့် ၀ါဠိကာရုံ ကျောင်းတိုက်၌ ဒုတိယသံဂါယနာတင်တော်မူကြ၍ ၀ဇ္ဇီတိုင်းသားရဟန်းများကို ဖယ်ရှားနှင်ထုတ်လျက် ဓမ္မစက်၊ အာဏာစက်တွဲဖက်ကာ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ကြပါသည်ဘုရား။


တတိယအကြိမ်

သာသနာတော်နှစ် ၂၃၆ ခုနှစ်တွင် မဂဓတိုင်း၊ ပါဋလိပုတ်မြို့တော် အသောကာရုံကျောင်းတိုက်၌ အရှင်မဟာ မောဂ္ဂလိပုတ္တတိဿထေရ်အမှူးပြုသော ရဟန္တာတစ်ထောင်တို့သည် သီရိဓမ္မာသောကမင်း၏ အကူအညီဖြင့် အန္ဓက ဂိုဏ်းသားအစရှိသော ရဟန်းများ၏ အဓမ္မအယူဝါဒကို ဖယ်ရှား၍ တိတ္ထိတို့ကို သာသနာတော်မှ နှင်ထုတ်ပြီးလျှင် တတိယသံဂါယနာတင်တော်မူကြ၍ ဓမ္မစက်၊ အာဏာစက်တွဲဖက်ကာ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ကြပါသည်ဘုရား။


စတုတ္ထအကြိမ်

သာသနာတော် ၁၀၆၁ ခုနှစ်၊ သက္ကရာဇ် ၄၁၉ ခုနှစ်တွင် စတင်ကြွရောက်တော်မူလာသော အရှင်အရဟံသည် အနော်ရထာမင်း၏ အာဏာစက်အကူအညီဖြင့် ပုဂံပြည်တွင် အဓမ္မ၀ါဒဟောကြားပြုမူနေကြသော အရည်းကြီးတို့ကို လူဝတ်လဲစေပြီးလျှင် ထေရ၀ါဒဗုဒ္ဓသာသနာတော် တည်စေတော်မူခဲ့ပြီး သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ပါသည်ဘုရား။


ပဉ္စမအကြိမ်

သာသနာတော် ၁၇၀၇-၁၇၄၀ ခုနှစ်တွင် သိဟိုဠ်ကျွန်း၊ ပုလတ္ထိမြို့၌ နန်းတက်သော ပရက္ကမဗာဟုမင်းလက်ထက်၌ ဒိမ္ဗုလာဂလ အရှင်မဟာကဿပအမှူးပြုသော သာရတ္ထဒီပနီဋီကာကျမ်းပြု အရှင်သာရိ ပုတ္တရာအပါအ၀င် မဟာထေရ်အရှင်မြတ်တို့သည် ပရက္ကမဗာဟုမင်း၏ အကူအညီဖြင့် အချင်းချင်းကွဲပြားနေသော မဟာဝိဟာရဂိုဏ်းကြီး၊ အဘယဂိရိဂိုဏ်းကြီး၊ ဇေတ၀နဂိုဏ်းကြီး သုံးဂိုဏ်းတို့ကို ညီညွတ်အောင်ပြု၍ အလဇ္ဇီ ရဟန်းများကို စစ်ဆေး၍ လူဝတ်လဲစေခြင်း၊ သာမဏေ၀တ်ဖြင့် နေနိုင်လောက်သူကို သာမဏေ၀တ်ဖြင့်နေစေခြင်းဖြင့် သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ကြပါသည်ဘုရား။


ဆဋ္ဌအကြိမ်

သာသနာတော် ၂၅၂၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၄၂ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် မှ ၁၄ ရက်အထိ လေးရက် တိုင်တိုင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကို ကျင်းပ၍ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းစသည်တို့ကို ပြဋ္ဌာန်းကာ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့စသော သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ဖွဲ့စည်း၍ ဓမ္မစက်၊ အာဏာစက်တွဲဖက်လျက် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့ပါသည်ဘုရား။

ဤသို့လျှင် မဇ္ဈိမဒေသ၌ သုံးကြိမ်၊ သီဟိုဠ်ကျွန်း၌ တစ်ကြိမ်၊ မြန်မာပြည်၌ နှစ်ကြိမ်အားဖြင့် (၆)ကြိမ်မျှသာ ဓမ္မစက်၊ အာဏာစက်တွဲဖက်ကာ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့သည်ကို ထင်ထင်ရှားရှား တွေ့မြင်ရပါသည်ဘုရား။

ထိုဓမ္မစက်၊ အာဏာစက်တွဲဖက်ကာ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့ရသည့် (၆)ကြိမ်တို့တွင် တတိယအကြိမ် မဇ္ဈိမဒေသ၌ ပေါ်ပေါက်ခဲ့သော သာသနာ့ဘေးဆိုးကြီးသည် အကြီးမားဆုံး ဖြစ်သည်ဟု ထင်မြင်ပါသည်ဘုရား။

ယခုမြန်မာပြည်၌ ဖြစ်ပေါ်နေသော သာသနာ့ဘေးဆိုးကြီးသည် ထိုမဇ္ဈိမဒေသ၌ ဖြစ်ပေါ်ခဲ့သော ဘေးဆိုးကြီး ကဲ့သို့ပင် အလွန်ကြီးမားသော ဘေးဆိုးကြီး ဖြစ်ပါသည်ဘုရား။ ဤမျှလောက်ကြီးမားသော သာသနာ့ဘေးဆိုးကြီးကို သာသနာမာမက အာဏာပိုင်အဖွဲ့အစည်းများနှင့် ထေရ၀ါဒဗုဒ္ဓဘာသာဝင် ရဟန်း၊ ရှင်၊ လူအပေါင်းတို့ ညီညာဖြဖြ လက်တွဲကြလျက် သုတ်သင်ပယ်ရှားတားမြစ်ကြပါစို့ဟု လေးလေးနက်နက် တိုက်တွန်းနှိုးဆော်လျက် ဘုရားတပည့်တော်၏ သာရဏီယသြ၀ါဒကထာကို နိဂုံးကမ္ပတ် အဆုံးသတ်ပါသည် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်အရှင်မြတ်တို့ဘုရား။


ဘဒ္ဒန္တ ကုမာရ

ဥက္ကဋ္ဌ

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့



( ၁၃၇၀ ပြည့်နှစ်၊ တပေါင်းလဆန်း ၆ ရက်၊ ၂၀၀၉ ခုနှစ် မတ် ၁ ရက်၊ တနင်္ဂနွေနေ့၊ အတွဲ(၄၈)၊ အမှတ်(၁၅၂) ဖြင့် ထုတ်ဝေသော မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၆ မှ ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။ )
Ko Nyan (Panlaung Myay)
4 Mar 2009 (10:58)

No comments:

Post a Comment

 
Web Statistics